← Chapters

နောက်ဆုံးသော စီစဉ်မှု

Vol. 6 Ch. 73

နောက်ဆုံးသော စီစဉ်မှု

Vol. 6 Ch. 73

“တာဝန်ခံဝူ ... ” မိုဝူကျီက ဝူခိုင်း အိမ်နေရာသို့ ရောက်လာခဲ့ သောအခါ ဝူခိုင်း၏ နေရာ အနေအထားကို နှိုင်းယှဉ် ကြည့်လိုက်လျှင် သူ၏အခန်းကား ထိုမျှ မဟုတ်ပေ။ ဝူခိုင်း၏ အိမ်သည် သူလောက် နေရာ မကျယ်ဝန်းသော်ငြား ဤနေရာတွင် ရှိ‌သော ဝိညာဉ် စွမ်းအားများသည် သူ့နေရာထက် အဆပေါင်းများစွာ ပိုများလေသည်။ ထို့ကြောင့်ပင် မိုဝူကျီက ဝိညာဉ် စွမ်းအားများကို မျှော်မှန်းထားသည့် စုစည်းမှု အခြေအနေ ရောက်ရှိအောင် လုပ်ပေးနိုင်သည့် နည်းလမ်းများ ရှိလားဟုပင် သံသယ ဖြစ်မိလေသည်။ မြေကမ္ဘာ ဂိုဏ်းအဆင့် အစေခံ တပည့်တစ်ယောက် အနေနှင့် ကောင်းကောင်း ဆက်ဆံခံရခြင်း ဖြစ်ကာ ထိပ်တန်း ဂိုဏ်းများ၏ အဓိက တပည့်များမူ ဘယ်လို ဖြစ်နေမည်နည်း ... သူတို့သည် မည်သို့သော အထူး အခွင့်အရေးများ ရရှိနေကြသနည်း ...

“ဟားဟား ညီလေးမို ... ငါ့ကို လာတွေ့ဖို့ အချိန် ဘယ်လိုများ ရလာတာလဲ ... ” ဝူခိုင်းက မိုဝူကျီ အဝေးမှ ချဉ်းကပ် လာသည်ကို မြင်သောအခါ သူစောစီးစွာ ထွက်မသွားမိခြင်းကို နောင်တ ရမိလာလေသည်။

အစေခံ တပည့်များ၏ တာဝန်ခံ တစ်ယောက် အနေနှင့် မိုဝူကျီ အလုပ်လုပ်နေသည့် ဆေးဖော်စပ်ခန်း ၁၉ ကို ဆေးလုံး သခင်ရှီက ဤမနက်တွင် အသုံးပြုကြောင်း သိထားလေသည်။ ဆေးလုံးသခင် ရှီသည် ဆေးလုံး စမ်းသပ်ခန်း ခုနစ်ကြိမ် ဆက်တိုက် ပြောင်းခဲ့ပြီး အလုပ် လုပ်နေသူများကို မောင်းထုတ်လေ့ ရှိသည်။ ယခု မိုဝူကျီက ဤနေရာသို့ ရောက်လာခြင်းမှာ ဆေးလုံးသခင်ရှီက နောက်တစ်ကြိမ် ထပ်ကျရှုံးခဲ့၍ မိုဝူကျီကို မောင်းထုတ်ခဲ့ခြင်း ဖြစ်လောက်မည်။ ဝူခိုင်းဆီမှ တခြားသော အလုပ်တစ်ခု လာတောင်းခြင်းမှာ ပြောဖို့ရာ မလိုအပ်တော့ပေ။ သို့သော်လည်း မိုဝူကျီ၏ အလိုဆန္ဒကို ပင်လယ် ကျားသစ်ပျံဥ မျက်နှာဖြင့် ဖြည့်ဆည်း ပြီးခဲ့ပြီး ဖြစ်လေ၏။ ဝူခိုင်းကား နောက်တစ်ကြိမ် အသာစီးရသော အပေးအယူမျိုး ထပ်လုပ်ချင်သေး၏။

“တာဝန်ခံဝူ ... စောစော မလာခဲ့တဲ့ အတွက် တောင်းပန်ပါတယ် ... ကျွန်တော်ရဲ့ ဒုတိယမြောက် လာတွေ့ဆုံခြင်းမှာ ဒုက္ခပေးမိတဲ့ အတွက်လည်း စိတ်မကောင်းပါဘူး ... ” မိုဝူကျီက အဝေးမှ အပြုံးလေးဖြင့် ခါးညွှတ်ကာ ပြောလိုက်လေသည်။

ထိုသည်ကို ဝူခိုင်းက မျှော်လင့် ထားသော်ငြား မိုဝူကျီ တောင်းဆိုချက်ကို ငြင်းပယ်ရန် အကြောင်းကို ရှာနေစဉ်တွင် ပြောဆိုချက် တစ်ခုကို ကြားလိုက်ရလေ၏။

“တာဝန်ခံဝူ ကျွန်တော့်မှာ စွမ်းအားဖြည့် ဆေးခြောက်လုံး ရှိပါတယ် ... ကျွန်တော့်မှာ အဆင့်နိမ့် ဝိညာဉ်ကြော ရှိတဲ့အတွက် ဒီဆေးလုံးတွေက ကျွန်တော့်အတွက် ဖြုန်းတီးမှုတစ်ခု ဖြစ်နေလိမ့်မယ် ... တာဝန်ခံဝူက ယူထားလိုက်ပါ့လား ... ” ရှီဂျွန်ဆီမှ ရထားသော ဆေးဆယ့်နှစ်လုံး အနက် ခြောက်လုံးကို သိမ်းထားရန် ရည်ရွယ် ထားလေသည်။

“စွမ်းအားဖြည့် ဆေးလုံးတွေလား ... ” အကြည့်တစ်ချက်ဖြင့် ဝူခိုင်းသည် မိုဝူကျီ ပေးလိုက်သည့် ပုလင်းကို သတိပြုမိလိုက်သည်။ သူသည် အစေခံတာဝန်ခံ ဖြစ်နေလျှင်ပင် စွမ်းအားဖြည့် ဆေးလုံးများက ရရှိရန် ခက်ခဲပေ၏။ သေမျိုးများ အတွက် ထိုဆေးလုံး ဈေးကား လန့်ဖျပ်သွားနိုင်စေကာ ဆေးခြောက်လုံး၏ တန်ဖိုးကား ဆိုစရာ မရှိတော့ပေ။ ထိုဆေးခြောက်လုံးဖြင့် သူ၏ ကျင့်ကြံဆင့်ကို နောက်တစ်ဆင့် တက်လှမ်းနိုင်လိမ့်မည်။

လက်ထဲတွင် ဆေးလုံးကို ဆုပ်ကိုင် ထားလိုက်ပြီး ဝူခိုင်းက အလျင်အမြန် မေးလိုက်လေသည်။

“ဒီဆေးတွေက ဘယ်က ရလာတာလဲ ... ”

ထိုဆေးလုံးများကို ဈေးကွက်တွင် ဝယ်ယူ၍ ရသော်လည်း ဈေးကား အဆမတန် မြင့်မားကာ တစ်ခါတစ်ရံတွင် ရွှေပြားနှင့်ပင် ပေးချေ၍ မရတတ်ချေ။ သူက ‌ဈေးကြီးခြင်းကို မမှုပေ။ သို့သော် တခြားသော ပေးချေမှုအတွက် သူ့အတွက် မဖြစ်နိုင်ချေ။ ဆေးလုံးများကို လဲလှယ်ရန် အတွက် များစွာသော ရမှတ်များ လိုအပ်သော်လည်း ဝူခိုင်းတွင် ရမှတ်များများ မရှိသည့်အတွက် စွမ်းအားဖြည့် ဆေးလုံးအပေါ်တွင် အားလုံးကို မရင်းနှီးနိုင်ပေ။

စွမ်းအားဖြည့် ဆေးခြောက်လုံးကို လက်ခံရရှိပြီး နောက်တွင် ဝူခိုင်းသည် သူများက ကူညီလျှင် သူတို့အား ပြန်လည် ကူညီမည်ဟူသော သူ၏ ဆောင်ပုဒ်အရ မိုဝူကျီကို နောက်တစ်ကြိမ် ထပ်ကူညီရန် ဆုံးဖြတ် လိုက်လေသည်။ သို့သော် သူကိုင်တွယ်ရမည့် အခြေအနေကား သေရေးရှင်ရေး တမျှ အရေးကြီးလှကာ ထိုသူများက သူ့အား နောင်တွင် အကျိုးပြု၊ မပြုနှင့်လည်း ဆိုင်သေး၏။ သို့သော် အကူအညီတစ်ခု အတွက် သူ့လဲလှယ်နှုန်းကား တစ်ကြိမ်သာလျှင် ဖြစ်၏။ အကယ်၍ တစ်ယောက်ယောက်က ဒုတိယအကြိမ် အကူအညီ တောင်းခံပါက ထပ်ပေးချေရန် လိုအပ်သေး၏။

ဝူခိုင်းက ဆေးလုံးအပေါ်တွင် လက်လျှော့မည် မဟုတ်ကြောင်း သိသောအခါ မိုဝူကျီက သူ့အကြံစည် အောင်မြင်တော့မည် ဖြစ်ကြောင်း သိလိုက်၏။

“ဒီဆေးလုံးတွေက ဆေးလုံးသခင်ရှီက ဆေးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့တဲ့ အတွက် ဆုချထားတာပါ ... သူက ကျွန်တော့်ကို သူ့နောက်လိုက်ပြီး ဆေးဖော်စပ်ဖို့ ကူညီပေးစေ ချင်တာ ဒါပေမဲ့ ခင်ဗျားလည်း သိတဲ့အတိုင်း ကျွန်တော့်မှာ စောင့်ရှောက်ရမဲ့သူ ရှိသေးတယ်လေ ... အဲဒါကြောင့် သူဘယ်သွားသွား မလိုက်နိုင်ဘူးလေ ... အဲဒါကြောင့် ကျွန်တော်က သူ့ကမ်းလှမ်းမှုကို ငြင်းလိုက်တာ ... .”

“ဘာ ... ” ဝူခိုင်းက မိုဝူကျီကို မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် စိုက်ကြည့်မိ သွားလေသည်။ အသက်ရှူနှုန်း အကြိမ်ရေ အနည်းငယ် အကြာတွင် သူက စိတ်အေးအေး ထားပြီး မေးလိုက်သည်။

“ညီလေးမို ... ဆေးလုံးသခင်ရှီက ဆေးလုံးဖော်စပ်ခန်း ၁၉မှာ အောင်မြင် သွားတယ်လို့ ပြောချင်တာလား ပြီးတော့ မင်းကို စွမ်းအားဖြည့် ဆေးလုံးတွေ ဆုချလိုက် သေးတယ်လား ... အဲဒါအပြင် သူက မင်းကို သူ့နောက်လိုက် လုပ်စေချင် နေတာကို မင်းက ငြင်းခဲ့တာလား ... ”

ဝူခိုင်းက မိုဝူကျီ ပြောသည်များကို မယုံနိုင်သော်လည်း သက်သေကား သူ့ရှေ့တွင် ရှိနေပြန်လေ၏။ အကယ်၍ ဆေးလုံးသခင်ရှီသာ သူ့ကို ဆုချတာ မဟုတ်ခဲ့လျှင် သူက ထိုဆေးလုံးများကို မည်သည့် နေရာမှ ရလာနိုင်မည်နည်း ... ထိုသို့သော ဆေးလုံးများသည် လမ်းမပေါ်က ကောက်ယူလာ၍ မဖြစ်နိုင်ချေ။ သို့သော် မိုဝူကျီ၏ ဆေးပင် သယ်ယူပို့ဆောင်ရေး တာဝန်ကြောင့် မိုဝူကျီကို သံသယမဖြစ်မိပေ။ တချို့သော အရာများသည် လိမ်ညာလျှင် အသတ်ခံရ နိုင်လေ၏။

မိုဝူကျီက ရည်ရွယ်ချက် ရှိရှိ ဆေးလုံးသခင်ရှီက သူ့ကို တန်ဖိုးထားကြောင်း ထည့်ပြော လိုက်ခြင်းမှာ ဝူခိုင်းအား သူ့တွင် နောက်ခံရှိကြောင်း သိရှိစေရန် ဖြစ်လေ၏။ ဝူခိုင်းသည် မိုဝူကျီ စကားများတွင် မှင်တက်သွားပြီး မိုဝူကျီကမူ ကျေနပ်သွားကာ တည်တည်ငြိမ်ငြိမ် ဆက်ပြောလိုက်သည်။

“တကယ်တော့ အဲဒီလို ဆိုပေမဲ့ တာဝန်ခံဝူကို ဒီနေ့တော့ ပြဿနာ လာပေးရဦးမယ် ... ”

ထိုအရာကို ကြားပြီး ဝူခိုင်းက ချက်ချင်းပင် တုံ့ပြန် လာလေသည်။ သူသည် မိုဝူကျီက ဤနေရာသို့ လာပြီး အလုပ်ပြောင်းရန် ရောက်လာခြင်း မဟုတ်သလို ဆေးလုံးသခင်ရှီ၏ တန်ဖိုး ထားမှုများကို လာပြောကြောင်းလည်း မဖြစ်နိုင်ကြောင်း သတိထား မိလိုက်သည်။ ထိုသို့ဖြင့် မိုဝူကျီသည် ချက်ချင်းပင် သူ့အတွက် အရေးကြီးသော လူပုဂ္ဂိုလ် ဖြစ်လာလေသည်။

“ညီလေးမို ငါတို့က မိတ်ဆွေကောင်းတွေ မလား ... ပြဿနာ မဖြစ်ပါဘူးကွာ ... မင်းလိုတာသာပြော ငါ ဝူခိုင်း လုပ်နိုင်သရွေ့ အကုန်လုပ်ပေးမယ် ... မင်းတောင်းဆိုချက်ကို မငြင်းပါဘူး ... ” ဝူခိုင်းက ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်လေ၏။

“အစ်ကိုဝူ ... အဲဒီခွေးမက ထောင်အောင်းကို စောင့်ရှောက် ရမှာမလို့ ထွက်မသွားဘူးတဲ့ ... အဲဒီအလုပ် မရှိရင် မလုပ်နိုင်ဘူး ... သူမကို အတင်းမောင်းထုတ် လိုက်တာ မကောင်းဘူးလား ... ပြီးတော့ အရင်တုန်းက ... ” ဖက်တီးကွမ်းက ဟောဟဲ ဟောဟဲဖြင့် ပြေးလာပေမဲ့ စကားတစ်ဝက် တစ်ပျက်တွင် ဘေးမှာ ရပ်နေသော မိုဝူကျီကို သတိပြုမိလိုက်သည်။ ထို့ကြောင့် သူက ချက်ချင်းပင် ထိန်းထားလိုက်ပြီး

“ဪ ... ညီလေးမိုလည်း ဒီရောက်နေတာကိုး ... ” ဖက်တီးကွမ်းက မိုဝူကျီ ရောက်နေကြောင်းကို နှုတ်ခွန်း ဆက်လိုက်လေသည်။

မိုဝူကျီက မျက်မှောင်ကြုတ် လိုက်ပြီး ဖက်တီးကွမ်း ပြောလိုက်သည်များကို ဆက်စပ်မိပြီး ထိုသည်က ကန့်သတ်ချက် သတင်းအချက်အလက်များ ဖြစ်နိုင်ကြောင်း အကြမ်းဖျင်း မှန်းဆလိုက်မိ၏။ ထောင်အောင်းနှင့် သူ့ဇနီးသည် ဝူခိုင်းဆီ လက်ရှိအလုပ် အတွက် အပေးအယူ လုပ်ထား ပေလိမ့်မည်။ ယခု ထောင်အောင်းက နာမကျန်း ဖြစ်သောအခါ သူ့ဇနီးကို တစ်ချိန်တည်းတွင် အလုပ်လုပ်ရန်နှင့် သူ့ကို စောင့်ရှောက်ပေးရန် အကျဉ်းအကျပ်ထဲ ကျရောက် ပေလိမ့်မည်။ သို့သော် ဝူခိုင်းက သူတို့ မည်သို့ပင် ဖြစ်နေပါစေ ဂရုမစိုက်ချေ။ အလုပ်ကိုပင် တခြားလူကို ပေးပစ်ရန် ကြံရွယ်နေလေ၏။ သို့သော် ထောင်အောင်း ဇနီးက ထွက်သွားဖို့ရန် ငြင်းဆန် နေသေး၏။

အမှန်ဆိုလျှင် ဝူခိုင်းတွင် လူသားများ၏ အခြေခံ စည်းမျဉ်း မရှိတော့ချေ။ အကယ်၍ သူသည် ဤနေရာတွင် ဆက်နေနေပါက သူလည်းပဲ ထောင်အောင်း ဇနီးမောင်နှံ၏ အခြေအနေသို့ ကျရောက် လာလိမ့်မည်။ ဝူခိုင်းသည် အရိပ်အကဲ သိ၍သာ တာဝန်ခံ အဆင့်ထိ ရောက်ရှိခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် မိုဝူကျီ၏ မျက်မှောင်ကြုတ်မှုကား သူ၏ လင်းယုန် မျက်လုံးထဲတွင် ဖမ်းမိသွားလေသည်။ တဟားဟား ရယ်မောလိုက်ရင်း မိုဝူကျီကို ချက်ချင်းပင် ရှင်းပြ လိုက်လေသည်။

“အဲဒီထောင်အောင်း ဇနီးမောင်နှံက အစားအသောက် ဌာနမှာ တာဝန်ကျတာ ဒါပေမဲ့ ထောင်အောင်းက တစ်ယောက်ကို စိတ်အနှောင့်ယှက် ပေးမိလို့ ခြေထောက်ချိုး ခံလိုက်ရတယ် ... အခု အဲဒီခွေးမက သူ့ကိုပါ စောင့်ရှောက် နေရတယ် ... ရလဒ်ကတော့ အလုပ်တာဝန် လစ်ဟင်းကုန်တာပဲ ... အဲဒါကြောင့် သူတို့ကို ပိုလွယ်ကူတဲ့ အလုပ်ပြောင်းပေးမို့ ကြံစည်နေတာ ... ”

ခင်ဗျားကိုသာ ယုံလို့ကတော့ ကျွန်တော်ပဲ ခံရလိမ့်မယ် ... မိုဝူကျီက စိတ်ထဲက တွေးမိ လိုက်လေသည်။

သူ့ မျက်နှာကမူ တခြားသော အမူအရာ တစ်ခုကို ပြသထားကာ အားရပါးရ ပြုံးရယ်ရင်း ပြန်ဖြေလိုက်သည်။

“တာဝန်ခံဝူက ကြင်နာတတ်တာပဲ ... ကျွန်တော်ကပဲ ထောင်အောင်း ဇနီးမောင်နှံအစား ကျေးဇူး တင်ပါတယ်ဗျာ ... ” ထိုအချိန်တွင် မိုဝူကျီက သူ့ဘာသာ ပြန်၍ မေးခွန်း ထုတ်လိုက်လေသည်။

“ယန်အာကို စောင့်ရှောက်ပေးမဲ့သူ မတွေ့တော့ဘူးလား ... ”

“တာဝန်ခံဝူ ... ကျွန်မ တောင်းပန်ပါတယ် ကျွန်မတို့ကို မောင်းမထုတ်ပါနဲ့ ... ကျွန်မသာ လက်ရှိအလုပ်က ထွက်ပြီး ထောင်အောင်းကိုပါ ခေါ်သွားရရင် သေခြင်းကို စောင့်နေတာနဲ့ အတူတူပဲ ... ” ဆွဲဆွဲငင်ငင် ငိုကြွေးနေသာ အသံကား ထွက်ပေါ်လာပြီး မကြာခင်တွင် မိုဝူကျီက ခြုံထည်အထူကို ဝတ်ဆင်ထားသည့် ရိုးရှင်းသော မိန်းမတစ်ယောက်က ခလုတ်တိုက် လုမတတ် ပြေးလာသည်ကို တွေ့လိုက်ရလေသည်။ ထိုသည်က ထောင်အောင်း၏ ဇနီးသည် ဖြစ်ရမည်။ သူမလက်များက အလုပ်ကြမ်း လုပ်ရလွန်း၍ အသားမာ တက်နေသော်ငြား သူမတွင် ကြင်နာမှု အရိပ်အယောင်ကို မြင်တွေ့နိုင်လေ၏။ သူမကို တွေ့သည်နှင့် ဖက်တီးကွမ်းက သူမရှေ့သို့ တက်လှမ်း လာလိုက်ပြီး ဆက်၍ ရှေ့မတိုး လာစေရန် ကာဆီး ထားလိုက်သည်။

“ဒါနဲ့ တာဝန်ခံဝူ ကျွန်တော့် အခြေအနေ သိတယ်မလား ... ကျွန်တော်က ခရီးတစ်ခု သွားမလို့ ကြံစည်နေတာ ဒါပေမဲ့ ယန်အာကို စောင့်ရှောက်ပေးဖို့ လူတစ်ယောက်လောက် လိုအပ်တယ် ... သူမကို လုပ်ခိုင်းလိုက်ရင် ဘယ်လိုလဲ ... ” မိုဝူကျီက လိုက်ပြောလိုက်သည်။

ထောင်အောင်း ဇနီးကို ကြည့်နေပြီး သူမက သူ့ယောက်ျားကို ထားသွားရန် ဆန္ဒမရှိသည့် အတွက် သစ္စာရှိ အမျိုးသမီး တစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်မိသည်။ သို့သော် ယခုတွင် သူမကို လက်တွေ့မြင်လိုက် ရသည့်အခါ သူမက ယန်အာကို ကောင်းကောင်း စောင့်ရှောက် နိုင်လိမ့်မည်ဟု ယုံကြည်မိသွား၏။ တကယ်တမ်း သူလိုအပ်နေသည်က စေ့စပ်တိကျပြီး ဂရုစိုက်တတ်ကာ အရေးကြီးဆုံးက ကြင်နာတတ်ဖို့ ဖြစ်လေ၏။

“ဒါက အကောင်းဆုံးပဲ ... ညီလေးမိုက ငါ့ကို ဒီတစ်ခါ ကူညီပေးခဲ့တာပဲ ... ” ဝူခိုင်းက အမြန်အဆန် ပြောလိုက်လေသည်။ သူ ပြီးဆုံးသွားသည်နှင့် ဝူခိုင်းက ထိုအမျိုးသမီးကို အော်ပြောလိုက်လေသည်။

“ရှုန်းရှုကျူ ... ညီလေးမိုက မင်းတို့ နှစ်ယောက်လုံးကို ခေါ်သွားဖို့ ဆန္ဒရှိတယ်တဲ့ ... မြန်မြန်လာပြီး ကျေးဇူးတင်လှည့် ... ” ရှုန်းရှုကျူက ခဏတာလောက် ကြောင်မိနေကာမှ မိုဝူကျီကို ကြည့်ကာ အချိန်မီ ဘာဖြစ်ပျက် သွားခဲ့မှန်း မသိခဲချေ။

အကယ်၍ မိုဝူကျီသာ ထောင်အောင်း ဇနီးမောင်နှံကို ခေါ်ယူခဲ့ပါက ဝူခိုင်းအတွက် အကူအညီ ဖြစ်သွားစေသည်။ အစေခံတာဝန်ခံ ဖြစ်ခြင်းကား ဝူခိုင်း စီစဉ်ပေးရမည့် လူများစွာရှိကာ အထူးသဖြင့် အဆင့်အတန်းမြင့် လူတန်းစားများ၏ ဆွေမျိုးများပင် ပါဝင်လေသည်။ သူတို့ တစ်ယောက်ချင်းစီကို ဆိုးရွားစွာ စီစဉ်ပေးမိပါက ထိုလူများကို စိတ်အနှောင့်ယှက် ဖြစ်စေလိမ့်မည်။ သူ၏ မူလအကြံစည်ကား ထိုနှစ်ယောက်ကို မောင်းထုတ်ရန် ဖြစ်လေ၏။ သူတို့တွင် ဝိညာဉ်ကြော မပါရှိသလို လွှမ်းမိုးနိုင်သော သူများတွင်လည်း မပါဝင်သောကြောင့် ဂယက်ရိုက်မှု မရှိစွာ ကိုင်တွယ် ဖြေရှင်းနိုင်သည်။ မိုဝူကျီက သူတို့ကို ခေါ်သွားရန် ဆန္ဒရှိသောကြောင့် သူ့အတွက် ပို၍ပင် လွယ်ကူ သွားလေသည်။

မိုဝူကျီက ပြတ်တောင်း ပြတ်တောင်း ရယ်မောလိုက်ပြီး

“ဒါက တာဝန်ခံဝူကို လာတွေ့တဲ့ အကြောင်း တစ်ခုတည်းတော့ မဟုတ်ဘူးဗျ ... ကျွန်တော် ခရီးထွက်နေတုန်း အခု ထောင်အောင်း ဇနီးမောင်နှံက ယန်အာကို စောင့်ရှောက် ပေးမှာဆိုတော့ စိတ်ပူစရာ မရှိတော့ပါဘူး ... တကယ်လို့ ဆေးဖော်စပ်ခန်း ၁၉ကသာ ကျွန်တော်ကို လိုခဲ့ရင် ကျွန်တော့်ကိုယ်စား လူတစ်ယောက် ထည့်ပေးထားလို့ ရမလား ...

***

All Chapters