← Chapters

မကောင်းဆိုးဝါးအားတိုက်ခိုက်ရန်အဖွဲ့တစ်ခုဖွဲ့စည်းခြင်း

Vol. 53 Ch. 737

မကောင်းဆိုးဝါးအားတိုက်ခိုက်ရန်အဖွဲ့တစ်ခုဖွဲ့စည်းခြင်း

Vol. 53 Ch. 737

"ဟာ........ ဒါက ဘာမန္တာန်လဲ။"

ကောင်းကင်နတ်မိမယ် ဖေးရင်မှာ အနည်းငယ်မျှ မတည်ငြိမ်နိုင်တော့ပဲ မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်နေမိသည်။

"ဒီဓားချက်က ငါ့ရဲ့ နားလည်နိုင်စွမ်းကို အများကြီး ကျော်လွန်နေတယ်။"

ပိုင်ဖန်းဇယ်မှာ အံ့အားသင့်နေပြီး သူ၏မျက်ဝန်းများတွင် လေးစားခြင်း အရိပ်အယောင်များ ခိုအောင်းနေသည်။

သွမ့်ဟွမ်းဇီမှာလည်း တုန်လှုပ်နေလေပြီ။

"ဒါ..... ဒါနတ်ဘုရားတစ်ပါးရဲ့ အစွမ်းမျိုးပဲ။"

"အန်လင်းက တကယ်ကြောက်ဖို့ကောင်းတာပဲ။ အဲ့ဒါကို ငါတို့က အမဲလိုက်ဖို့တောင် လုပ်လိုက်သေးတယ်ပေါ့။ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ။"

ပိုင်ဖန်းဇယ်၏ နှလုံးသားထဲတွင် အကြောက်တရားများ ဖြစ်ပေါ်လာသည်။

စုဝမ်ကျွင်းနှင့် လုံကွေးတို့မှာလည်း ပြောစရာစကားများ ပျောက်ရှနေပြီပင်။

အန်လင်းသည် "မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့ ကောင်းကင်ရဲ့အစွမ်းကို ဆင့်ခေါ်တယ်။"ဟု ဆိုလိုက်သည်နှင့် ကောင်းကင်ထက်မှ ကြောက်မက်ဖွယ် ကောင်းလွန်းသော ဓားပုံရိပ်တစ်ခု ကျဆင်းလာကာ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအား ဖိနှိပ်ပစ်ခဲ့သည်။ နတ်ဘုရားများမှလွဲ၍ ထိုကဲ့သို့ လုပ်နိုင်မည့်သူ မရှိလောက်ပေ။

"အတန်းဖော်အန်လင်းက အရမ်းသန်မာတာပဲ"

စုချန်းရန် တိုးညင်းစွာ ရေရွတ်လိုက်သည်။ အဖြုရောင်ဝတ်စုံနှင့် လူငယ်လေးသည် သူမအား အမှန်တကယ် စိတ်လုံခြုံမှု ဖြစ်စေသည်။

"ငါက ဂိမ်းတွေကိုပဲ Hackဖူးတာ။ ဒီဒေါင်းဇားလေးက သောက်ကျိုးနည်း ကောင်းကင်ကိုပါ hackနေတာပဲ။"

လျှိုချင်းဟွမ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး မြေပြင်ပေါ် လဲကျသွားသည်ကိုကြည့်ကာ အန်လင်းလည်း စိတ်ကျေနပ်နေမိသည်။

အေးစက်သော စကားသံတစ်ခု ထွက်ပေါ်လာသည်။

"ပျော်မနေနဲ့ဦး။ နယ်မြေဖန်ဆင်းမိစ္ဆာရှင်းဓားက အပြည့်အဝ အသက်မဝင်သေးလို့ ရန်သူရဲ့ အံ့ဖွယ်တာအို အစွမ်းကို ခဏလောက် ချိပ်ပိတ်ထားရုံပဲရတယ်။ ဘာပဲပြောပြော ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးက ကြောက်စရာ ကောင်းနေတုန်းမို့ နင်သေချာ ကိုင်တွယ်ရလိမ့်မယ်။"

ထိုသည်မှာ မြွေနက်ဝိဉာဉ်၏ စကားသံပင်။

သူမ တိုက်ခိုက်တော့မည် ဖြစ်ကြောင်းကိုလည်း အန်လင်းထံ ကြိုတင်အသိပေးခဲ့သောကြောင့် အန်လင်းသည် အော်စကာရလောက်သော သရုပ်ဆောင်မှုဖြင့် ဟိတ်ဟန်ထုတ်ခဲ့ခြင်း ဖြစ်သည်။

အန်လင်း လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

သူအားလုံးကိုကြည့်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ ဒီမကောင်းဆိုးဝါးရဲ့ အံ့ဖွယ်တာအိုကို ချိပ်ပိတ်ထားလိုက်ပြီ။ အားလုံးပဲ ကျုပ်နဲ့အ​တူတူ ဒီကောင်ကြီးကို သမလိုက်ကြရအောင်။"

မြွေနက်ဝိဉာဉ်: "........."

စုဝမ်ကျွင်းတို့မှာ အန်လင်း၏ စကားအား သံသယ မဖြစ်ကြသောကြောင့် တိုက်ပွဲစိတ်ဆန္ဒများ ပြည့်လျှံလာသည်။

အန်လင်းသည် ကောင်းကင်နတ်မိမယ် ဖေးရင်၊ ပိုင်ဖန်းဇယ်နှင့် သွမ့်ဟွမ်းဇီတို့အား ကြည့်ကာပြောလိုက်သည်။

"ခင်ဗျားတို့လည်း အသက်မသေချင်ရင် ကျုပ်တို့နဲ့တူတူ လာပြီးတိုက်ခိုက်ကြ။ ကျုပ်တို့သာ ရှုံးသွားရင် ခင်ဗျားတို့ရော အသက်ဆက်ရှင်နိုင်မယ် ထင်လို့လား။"

ကောင်းကင်နတ်မိမယ် ဖေးရင်တို့မှာ အနည်းငယ် တွေဝေနေပြီးနောက် ခေါင်းညိတ်သဘောတူလိုက်ကြသည်။

ဓားပုံရိပ်သည် ရုတ်ချည်းဆိုသလို ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ ခန္ဓာကိုယ်ထဲ နစ်ဝင်ပေါင်းစည်းသွားကာ အလွန်အားကောင်းသော ချိပ်ပိတ်စွမ်းအင်များ ဖြစ်ပေါ်လာပြီးနောက် ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ်ကိုပါ အစစ်အမှန် တာအိုစိတ်ဆန္ဒကိုပါ ချိပ်ပိတ်ပစ်လိုက်သည်။

"ဘယ်လို..... မင်း....... မင်းဘယ်သူလဲ။"

နဂါးခေါင်းသည် အန်လင်းအား ဒေါသတကြီး စူးစိုက်ကြည့်ရှုလိုက်သည်။

"ငါ့ရဲ့ အံ့ဖွယ်တာအိုက ချိပ်ပိတ်ခံလိုက်ရတာလား။ ရင်းနှီးနေပေမယ့် စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ ခံစားချက်ပဲ။ ဒီခံစားချက်ကနေ လွတ်​မြောက်လာတာတောင် ဘာမှမကြာသေးတဲ့ဟာ။"

ဇာမဏီခေါင်း စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာ အန်လင်းကိုကြည့်ကာ ဒေါသထွက် ကြောက်ရွံ့နေရသည်။

"အစ်ကိုကြီး ဇာမဏီ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။"

နဂါးခေါင်း တိုးညင်းစွာ မေးလိုက်သည်။

၎င်းတို့သည် တိုက်ခိုက်ခြင်းနှင့် ထွက်ပြေးခြင်း နှစ်ခုထဲမှတစ်ခုအား မဖြစ်မနေ ရွေးချယ်ရတော့မည်ပင်။

ဇာမဏီခေါင်းမှာ ပုံမှန်အတိုင်း မတည်ငြိမ်နိုင်တော့ပဲ အနည်းငယ် တွေဝေနေပုံရသည်။

အန်လင်းသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သာရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့် နဖူးတောက်၍ပင် သတ်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ပေသည်။

မည်သို့ပင်ဆိုစေကာမူ ထိုလူသားသည် အခြေအနေများအား အကြိမ်ကြိမ်အခါခါ ပြောင်းလဲပစ်နိုင်ခဲ့သည်။ အကြိမ်တိုင်း နှပ်ချခံနေရသည်မှာ ၎င်းတို့သာဖြစ်ပြီး ယခုဆိုလျှင် ၎င်းတို့၏ စွမ်းအင်များပင် ချိပ်ပိတ်သွားခဲ့လေပြီ။ ဇာမဏီခေါင်းအနေဖြင့် တတ်နိုင်သမျှ ထိုလူသားကျင့်ကြံသူနှင့် အဝေးဆုံးတွင်သာ နေချင်တော့သည်။

ငါတို့ ထွက်ပြေးသင့်လား.........

ငါတို့က ဘယ်သူတွေလဲ...... နတ်ဇာမဏီ၊ တာအိုပေါင်းစည်းခြင်းအဆင့် နဂါးနဲ့ အစစ်အမှန် နတ်ဘုရားကို ပေါင်းထားတဲ့ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးပဲ...... အဲ့ဒါကို တကယ်ပဲ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူငယ်လေးတစ်ယောက်ကို ရင်မဆိုင်ရဲလို့ ထွက်ပြေးရမှာလား........

ဇာမဏီခေါင်း၏ အသက်ရှူသံများ မြန်ဆန်လာသည်။

"ဒီလိုမျိုး ထွက်ပြေးတာကို ငါလက်မခံနိုင်ဘူး။"

"ငါရောပဲ။"

နဂါးခေါင်း၏ စကားသံမှာ မိုးခြိမ်းသံအလား ကြောက်မက်ဖွယ် ကောင်းလှသည်။

"လုပ်ကြတာပေါ့။"

ဝုန်း.......

လွှမ်းမိုးနိုင်စွမ်းကြီးသော အရှိန်အဝါများ ဖြာထွက်လာကာ ကောင်းကင်နှင့်မြေပြင်သည်ပင် ပြင်းထန်စွာ တုန်ခါသွားရသည်။

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာ သွေးနီရောင် ငှက်မွှေးများနှင့် လက်နှစ်ဖက်အား ဖြန့်လိုက်သည်နှင့် နေမင်းဟုပင် ထင်မှတ်ရလောက်အောင် လင်းထိန်နေသော ရွှေရောင်မီးလျှံလုံးနှစ်ခု ဖြစ်ပေါ်လာလေသည်။

နဂါးကြေးခွံများ ဖုံးလွှမ်းနေသော နဂါးလက်သည်းများတွင် လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လင်းလက်လာသောကြောင့် ကြည့်ရှုနေသူများသည်ပင် အသက်ရှူ ကြပ်လာရသည်။

ထိုအချိန်တွင် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် နတ်ဘုရား တစ်ပါးသဖွယ် ဝင့်ထည်နေပြီး အမြင်အရရော၊ ဖိအားအရပါ ထိတ်လန့်ဖွယ် ကောင်းနေသည်။

ခရက်........

ဝုန်း..........

ဇာမဏီခေါင်းနှင့် နဂါးခေါင်းမှာ ရုတ်ချည်းဆိုသလို မိုးကြိုးထိမှန်သွားသည်။

ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသောကြောင့် ရှောင်ရှားရန်ပင် အချိန်မရလိုက်ပေ။

ထို့အပြင် ယင်းမိုးကြိုးသည် နဂါးခေါင်း၏ လက်သည်းများထံမှ ဖြစ်သည်။

အားလုံးမှာ ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် သေခြင်းတရား၏ တမာန်တော်များသဖွယ် အရှိန်အဝါ ကြီးမားစွာ ဟိတ်ဟန်ထုတ်နေခဲ့ပြီး မီးလျှံနှစ်ခုနှင့် လျှပ်စီးများ ထုတ်ဖော်ကာ လူတိုင်းကို ကြောက်ရွံ့စေခဲ့ပါသော်လည်း ရုတ်တရက်ဆန်စွာ ကိုယ့်မိုးကြိုး ကိုယ်စားလိုက်ရသည်။

အကြောင်းအရင်းအချို့ကြောင့် အားလုံးမှာ အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးကိုသာ ကြည့်ရှုလိုက်မိကြသည်။

အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးသည် ရယ်ချင်ပက်ကျိ ဖြစ်နေပါသော်လည်း ဆရာကြီးသဖွယ် တည်တည်ငြိမ်ငြိမ်သာ ရှိနေလေသည်။

လျှပ်စီးထပ်ထုတ်တယ်ဟုတ်လား....... ဒီကောင်တွေ တကယ်ရူးနေတာပဲ......

ဇာမဏီခေါင်းနှင့် နဂါးခေါင်းမှာ မျက်ရည်စက်လက် ဖြစ်နေသည်။ ၎င်းတို့သည် ကိုယ်ပိုင်စွမ်းအင်ဖြင့် ပြန်သမခံခဲ့ရခြင်းပင်။

"အစ်ကိုကြီး ဇာမဏီ...... ဒါကြီးက လုံးဝပုံမှန်မဟုတ်ဘူး။ ကျွန်တော်ကတော့ ထွက်ပြေးသင့်ပြီလို့ ထင်တယ်။"

နဂါးခေါင်းသည် ဒေါသကြီးပါသော်လည်း တပ်ဆုတ်သင့်သော အချိန်အား ကောင်းစွာသိရှိနေသည်။

"ထွက်ပြေးသင့်တယ် ဟုတ်လား။ ငါတို့က ဘယ်သူလဲဆိုတာ မမေ့နဲ့။"

"ဒီလို အမှိုက်ကောင်ဆီက ထွက်ပြေးစရာလား။"

ဇာမဏီခေါင်းသည် စကားများများစားစား မပြောတတ်သည့်အပြင် အမြဲတမ်းလိုလို တည်ငြိမ်နေတက်ပါသော်လည်း ဂုဏ်သိက္ခာနှင့် ပက်သတ်လာပါက စိတ်မထိန်းနိုင် ဖြစ်လေ့ရှိသည်။

"မင်းရဲ့ လျှပ်စီးကို မသုံးနဲ့။ ငါ့ရဲ့ ဇာမဏီမီးလျှံကို ဒင်းဘာမှမလုပ်နိုင်ဘူး တွေ့လား။ သူ့ရဲ့အစွမ်းက လျှပ်စီးပေါ်မှာပဲ သက်ရောက်တာ ဖြစ်မယ်။"

စကားအခြေအတင် ဖြစ်ပြီးသည့်နောက် ဇာမဏီခေါင်းနှင့် နဂါးခေါင်းမှာ ညှိနှိုင်း၍ အဆင်ပြေကာ အန်လင်းထံ ပျံဝဲလာကြသည်။

"တိုက်ကြ......."

အန်လင်း ဟစ်ကြွေးလိုက်သည်။

ထိုအချိန်တွင် လေဟာနယ် ချိပ်ပိတ်ကာ ဇာမဏီခေါင်းမှာ ရွှေရောင်မီးလျှံနှစ်ခုအား အန်လင်းထံ ပစ်လွှတ်လိုက်သည်။

ဝုန်း.......

ထိုရွှေရောင်မီးလျှံ နှစ်ခုသည် တောက်ပသော နေမင်းများဟု ထင်မှတ်ရပြီး ကြောက်မက်ဖွယ် အပူချိန်များ ဖြာထွက်နေသောကြောင့် အန်လင်း၏ စစ်နတ်ဘုရား ခန္ဓာသည်ပင် စတင်ပူလောင်လာသည်။

ရုတ်ချည်းဆိုသလို သူ၏ဘေးမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။

"နတ်ဘုရားလှံ ............ နေမင်းထိုးဖောက်ခြင်း...."

လုံကွေးသည် စစ်နတ်ဘုရားမ တစ်ပါးအလား ရွှေရောင်လှံအား ကိုင်ဆောင်ကာ အန်လင်းရှေ့တွင် နေရာယူလိုက်သည်။

"အင်မော်တယ်ရှုခင်းပန်းချီကား......"

စုဝမ်ကျွင်းသည်လည်း သူ၏နယ်ပယ်အား ထုတ်ဖော်ကာ အန်လင်းရှေ့ ရောက်ရှိလာသည်။ မြေကမ္ဘာ၏ စွမ်းအင်များနှင့်အတူ မရေမတွက်နိုင်သော မြစ်စီးကြောင်းများနှင့် အံ့ဖွယ်တောင်တန်းများ တစ်ခုပြီးတစ်ခု ရုပ်လုံးပေါ်လာကာ ရွှေရောင်မီးလျှံပေါ် ကျဆင်းသွားသည်။

လှံပုံရိပ်သည်လည်း ပြင်းထန်လှသော ထက်ရှမှုများနှင့်အတူ ရွှေရောင်မီးလျှံအား ထိုးစိုက်ပစ်လိုက်သည်။

ဝုန်း......

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးမှာ နားကွဲမတက် ဖြစ်ပေါ်လာသည်။

အန်လင်းမှာလည်း စွမ်းအင်လှိုင်းဂယက်များကြောင့် အနောက်သို့ ဆုတ်သွားရပါသော်လည်း ကျေနပ်စွာ ပြုံးလိုက်သည်။

"ဟားဟားဟား........ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးက တော်တော်အားနည်းနေပြီပဲ။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေတောင် ဒင်းတိုက်တာကို ခုခံလို့ ရနေပြီ။"

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာလည်း ဒေါသထွက်သွားကာ နောက်ထပ်တိုက်ခိုက်မှုကို ပြင်ဆင်လိုက်ကြသည်။

ထိုအချိန်တွင် ချယ်ရီပန်းများမှာ ကောင်းကင်နှင့်မြေပြင် တခွင်လုံးကို လွှမ်းခြုံသွားလေသည်။ ပွင့်ချပ်များသည် ဓားမော့ပုံရိပ်များအဖြစ် ပြောင်းလဲကာ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ ခန္ဓာကိုယ်ပေါ် ကျဆင်းသွားတော့သည်။

ပေတစ်ထောင်မျှရှိသော ဟာသမျက်နှာကြီးမှာလည်း ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးပေါ် ပြုတ်ကျလာသည်။

"ဟားဟားဟား........ သေမင်းတမာန် နတ်ဘုရားအပြုံးရဲ့ ဗုံးကိုစားလိုက်။"

ဝုန်း......

ဟာသမျက်နှာကြီး ပေါက်ကွဲကာ မှိုပွင့်သဏ္ဍာန် အခိုးအငွေ့များ ဖြစ်ပေါ်လာသည်။

လေထုမှာလည်း ရုတ်တရက် ကြမ်းတမ်းလာလေသည်။

ပိုင်ဖန်းဇယ်မှာလည်း ဓားမော့ပုံရိပ်များကြားမှ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးကို တိုက်ခိုက်တော့သည်။

ဇာမဏီခေါင်းနှင့် နဂါးခေါင်းတို့မှာ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အမှန်တကယ် အံ့အားသင့်နေမိကြသည်။

ပိုင်ဖန်းဇယ်မှာ အဖြူရောင်ငှက်ကြီးအသွင် ပြောင်းလဲကာ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး အနီးသို့ ပျံဝဲသွားသည်။

ပိတ်နေသော လူသားခေါင်း၏ သွေးနီရောင် မျက်ဝန်းများ ပွင့်ဟလာလေသည်။

၎င်းသည် ရက်စက်သော အပြုံးတစ်ပွင့်ကိုပါ ဆင်မြန်းလိုက်သည်။

"ဟီးဟီး....... ဘယ်လိုတောင် ကံကောင်းရတာလဲ။"

"ဗိုက်ဆာနေတာနဲ့ အစာက အသင့်ရောက်လာတာပဲ။"

All Chapters