တုံးအသည့် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး
Vol. 53 Ch. 739
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် အန်လင်းထံ ရောက်ရှိလာပြီး စုဝမ်ကျွင်းနှင့် လုကွေးတို့မှာ လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။
သို့သော် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာ ၎င်းတို့၏ ခုခံမှုများအား အလွယ်တကူ ဖယ်ရှားကာ ကြီးမားလှသော ဓားတစ်လက် အန်လင်းထံ ပျံဝဲလာသည်။ အန်လင်းအားသတ်ရန် ကြိုးစားအားထုတ်မှုများသည် အဖြူရောင် လေဟာပြင်လုံးတစ်ခု ပေါ်ထွက်လာမှုကြောင့် ပျက်စီးသွားရပြန်သည်။
နဂါးခေါင်း ပါးစပ်အဟောင်းသားဖြစ်ကာ တစ်နေရာသို့ လှမ်းကြည့်လိုက်သောအခါ ပိုင်လင်ကို တွေ့လိုက်ရပြန်သည်။
၎င်းသည် ပိုင်လင်အား တိုက်ခိုက်ရန် တွေးလိုက်ပါသော်လည်း ပို၍မုန်းတီးဖွယ်ကောင်းသူမှာ အန်လင်းဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။
"အန်လင်း............. ငါမင်းကို သတ်ပစ်မယ်။"
နဂါးခေါင်း အော်ဟစ်ကာ အန်လင်းထံ တိုးဝင်လာသည်။
အန်လင်းသည် ထိုမျှမုန်းတီးခံနေရသောကြောင့် ကိုယ့်ကိုယ်ကိုပင် အထင်ကြီးသွားမိသည်။
ပိုင်လင်အား ကြည့်ရှုလိုက်သောအခါ သူမသည် ဆော့ကစားနေသည့်အလား သဘောကျစွာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ အာရုံအား အန်လင်းထံရောက်အောင် တမင်တကာ လုပ်ထားသလိုပင်။
ဝုန်း..........
နားကွဲမတက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လူသားခေါင်း၏ဓားမှာ အန်လင်းအနားရှိ လေဟာနယ် အဟန့်အတားဆီသို့ ရောက်ရှိလာသည်။
ထိုသည်မှာ မပြီးဆုံးနိုင်သော သံသရာစက်ဝန်းနှင့်ပင် ဆင်တူနေလေသည်။
ထိုနည်းလမ်းသည် အချိန်ဆွဲရာတွင် လွန်စွာအသုံးဝင်သည်ဟု ဆိုနိုင်သည်။ ထိုသည်မှာ ရန်သူများ၏ ခံစားချက်အား အသုံးချကာ အချိန်ကုန်စေခြင်းပင်။
ကိုးကြိမ်မြောက် ပြီးဆုံးသွားပြီးနောက် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလာသည်။
"နေဦး...... တစ်ခုခုတော့ မှားနေပြီ။"
ဇာမဏီခေါင်းမှာ ထပ်ခါတလဲလဲ ဖြစ်နေသော အဖြစ်အပျက်များကို စိတ်ကုန်နေလေပြီ။
လူသားခေါင်းမှာ မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားသည်။
"ကျွန်တော်လည်း အဲ့လိုခံစားရတယ်။ ဒီကောင်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ပဲ ရှိသေးတာကို ကျွန်တော်တို့ ဒီလောက်တိုက်နေတာ ဘာလို့မသေသေးတာလဲ။"
နဂါးခေါင်းသည်လည်း တစ်စုံတစ်ခုကို မေ့လျော့နေသလို ခံစားနေရသောကြောင့် စိတ်ကသိကအောက် ဖြစ်နေမိသည်။
ဇာမဏီခေါင်း မျက်မှောင်ကျုံ့လိုက်သည်။
"ကြည့်ရတာ တော်တော်အားကောင်းတဲ့ စိတ်ဝိဉာဉ် တိုက်ခိုက်မှုကို ငါတို့ခံနေရတာ ဖြစ်မယ်။ ဒါက ပုံရိပ်ယောင်လောက ဒါမှမဟုတ် ငါတို့ကို နှောင့်နှေးစေဖို့ တမင်လုပ်ထားတာပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး။ ငါတို့သုံးယောက်ပေါင်းပြီး အံ့ဖွယ်အစွမ်းတွေ ရအောင်လုပ်ဖို့ အကြံပေးချင်တယ်။"
ထိုစကားကြောင့် နဂါးခေါင်းနှင့် လူသားခေါင်းတို့ တိတ်ဆိတ်သွားလေသည်။
စိတ်ဝိဉာဉ်သုံးခု ပေါင်းစည်းလိုက်ပါက သုံးဦးထဲမှ တစ်ဦးကသာ အစစအရာရာ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး စိတ်ဝိဉာဉ် တိုက်ခိုက်မှုများ အားလုံးကိုလည်း ဖျက်စီးနိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သုံးဦးထဲမှ တစ်ဦးကသာ ထိန်းချုပ်နိုင်မည့် အချက်ကိုလည်း သေသေချာချာ ထည့်သွင်းစဉ်းစားရမည်ပင်။
"သဘောတူတယ်။"
နဂါးခေါင်း စဉ်းစားကာ ပြောလိုက်သည်။
"ကျွန်တော်ရောပဲ။"
လူသားခေါင်းလည်း သဘောတူ ထောက်ခံလိုက်သည်။
"ငါက ဦးနှောက်လုပ်မယ်။"
ဇာမဏီခေါင်း စကားဆိုလိုက်သည်။
"မရဘူး။ အရင်တစ်ခါကလည်း အစ်ကိုကြီးပဲ ဦးနှောက်လုပ်တာ။ ဒီတစ်ခါတော့ ခန္ဓာကိုယ်ကို ကျွန်တော် ထိန်းချုပ်မယ်။"
နဂါးခေါင်း ကန့်ကွက်လိုက်လေသည်။
"ဟီးဟီး...... ကျွန်တော့်ကိုလည်း တစ်ခါလောက်ပဲဖြစ်ဖြစ် ဦးနှောက်ပေးလုပ်ကြပါဦး။"
လူသားခေါင်း ရှက်ရွံ့စွာ ပြောလိုက်သည်။
"လစ်စမ်းပါ။"
ဇာမဏီခေါင်းရော၊ နဂါးခေါင်းပါ ပြိုင်တူအော်ဟစ်လိုက်ကြသည်။
လာနောက်နေတာလား............
လူသားခေါင်းကိုသာ ထိန်းချုပ်ခွင့် ပေးလိုက်ပါက ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည်လည်း ကျပ်မပြည့် ဖြစ်သွားပေလိမ့်မည်။
ထိုအတွေးသည်ပင် ၎င်းတို့အား ကြက်သီးထစေလေသည်။
"မင်းက စိတ်ကြီးလွန်းတယ်။ ပြီးတော့ ငါကပိုပြီး တွေးခေါ်တတ်တယ်လေ။ ငါကပဲ ဦးနှောက်ဖြစ်သင့်တယ်။"
ဇာမဏီခေါင်းမှာ လက်မလျှော့လိုပေ။
"စိတ်ကြီးကြီး၊ စိတ်ကြမ်းကြမ်း အခုက တိုက်ခိုက်နေတာလေ။ အဲ့လိုပဲ တုံ့ပြန်သင့်တာပေါ့။"
နဂါးခေါင်း ချေပလိုက်သည်။
ထိုသို့ဖြင့် ၎င်းတို့နှစ်ဦးမှာ အချင်းချင်း ငြင်းခုံနေတော့သည်။
အန်လင်း၊ ပိုင်လင်၊ စုဝမ်ကျွင်းနှင့် လုံကွေးတို့မှာ ချက်ချင်းပင် ထိုအခွင့်အရေးအား အမိအရယူကာ ဆေးလုံးအချို့ သောက်သုံးလိုက်သည်။ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ အကြံအစည်အား မသိရပါသော်လည်း ၎င်းတို့အချင်းချင်း ရန်ဖြစ်နေသည်မှာ ကောင်းသောအရာပင်။
အတောင်များ စားခံလိုက်ရသောကြောင့် ပိုင်ဖန်းဇယ်မှာ လူအသွင် ပြန်ပြောင်းလိုက်ပါသော်လည်း လက်နှစ်ဖက် မရှိတော့ပေ။ သူသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တောအုပ်တစ်နေရာတွင်သာ ပုန်းခိုနေတော့သည်။
ကောင်းကင်နတ်မိမယ် ဖေးရင်သည် အဝတ်အစားများ ဆုတ်ပြဲကာ ခန္ဓာကိုယ်တွင်ပါ မီးလောင်ဒဏ်ရာများ ဖြစ်နေပါသော်လည်း အဝတ်အစား အသစ်တစ်စုံ အမြန်လဲကာ အန်လင်းတို့နား ရောက်ရှိလာသည်။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် သူမအား ရုတ်တရက် ပစ်မှတ်ထားလာမည်ကို စိုးရိမ်သောကြောင့် အန်လင်းတို့ အုပ်စုထဲ ဝင်ရောလိုက်ခြင်းပင်။
တာအိုဟာသမျက်နှာ.......
သွမ့်ဟွမ်းဇီသည် မည်သူမှ သတိမထားမိခင်မှာပင် ဟာသမျက်နှာနှင့် ဗုံးတစ်လုံးလုပ်ကာ ရွှေရောင်အကာအရံထံ ပို့လွှတ်လိုက်သည်။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ အံ့ဖွယ်တာအိုသည် ချိပ်ပိတ်ခံထားရသောကြောင့် ၎င်းတို့၏ လေဟာနယ် ချိပ်စည်းသည်လည်း အားနည်းသွားလောက်ပြီပင်။ ထို့ကြောင့် သူတစ်ယောက်တည်း အစွမ်းဖြင့် ဖျက်စီးကောင်း ဖျက်စီးနိုင်ပေလိမ့်မည်။
သွမ့်ဟွမ်းဇီမှာ ရှည်ရှည်ဝေးဝေး တွေးမနေပဲ အလောင်းအစား ပြုလုပ်လိုက်သည်။
ဝုန်း..........
ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး ဖြစ်သွားပါသော်လည်း ရွှေရောင်အကာအရံမှာ လှိုင်းထရုံမျှသာ ဖြစ်သွားသည်။
ထိုပေါက်ကွဲမှုအား ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှ အာရုံစိုက်သိသွားသောကြောင့် သွမ့်ဟွမ်းဇီလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ဘုရားရေ.........
သူသည် ဟာသမျက်နှာ တစ်ခုဖြင့် ခန္ဓာကိုယ်အား ဖုံးကွယ်လိုက်သည်။ ထိုသို့ဆိုလျှင် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှ ကြည့်ရှုလာလျှင်ပင် ကောင်းကင်ထက်မှ ဟာသမျက်နှာများနှင့် ဆင်တူနေသော အရာတစ်ခုကိုသာ တွေ့ရပေလိမ့်မည်။
"အချိန်ဆွဲမနေနဲ့တော့။ ကြာရင် ငါတို့အစွမ်းတွေအားလုံး ချိပ်ပိတ်သွားလိမ့်မယ်။"
ဇာမဏီခေါင်း စကားဆိုလိုက်သည်။
"သုံးယောက်ထဲမှာ ငါက အစ်ကိုကြီးဆိုတော့ မင်းတို့ငါပြောတာ နားထောင်သင့်တယ်။"
"ဟုတ်တယ်။ ကိုကြီးဇာဇာကို ကျွန်တော် ထောက်ခံတယ်။"
လူသားခေါင်း လက်မထောင်ပြလိုက်သည်။
နဂါးခေါင်း သက်ပြင်းချလိုက်မိသည်။
"ဟူး......ကောင်းပြီလေ။"
ဆုံးဖြတ်ချက် ချပြီးသည့်နောက် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ ခန္ဓာကိုယ်မှ အနီရောင်၊ အပြာရောင်နှင့် အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ အနီရောင် အလင်းတန်းသည် မီးပင်လယ်နှင့် ဆင်တူပြီး အပြာရောင် အလင်းတန်းသည် လျှပ်စီးကြောင်းကြီး တစ်ခုဖြစ်ကာ အဖြူရောင် အလင်းတန်းမှာ လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။
အနီရောင် အလင်းတန်းသည် အဓိက ထောက်တိုင်အဖြစ် နေရာယူလိုက်ပြီးနောက် အပြာရောင်နှင့် အဖြူရောင် အလင်းတန်းများမှာ ဖြည်းညင်းစွာ ပေါင်းစည်းဝင်ရောက်လာသည်။
အန်လင်းသည် လျှပ်စီးကြောင်းအား မြင်လိုက်ရသည်နှင့် ရယ်ချင်ပက်ကျိ ဖြစ်သွားသည်။
ထို့နောက် အပြာရောင် အလင်းတန်းမှာ လျင်မြန်လှသော အရှိန်ဖြင့် အနီရောင် အလင်းတန်းအား ဝင်ဆောင့်သွားတော့သည်။
"ယီးထဲမှ......... "
ဇာမဏီခေါင်းမှာ အထိတ်တလန့်ဖြင့် သွေးဆုတ်ဖြူရော်သွားရသည်။
"ဘာလားဟ......."
နဂါးခေါင်းမှာလည်း အလွန်ဒေါသထွက်သွားလေသည်။
၎င်းတို့နှစ်ဦးလုံးသည် အန်လင်းအနီးတွင် လျှပ်စီးမသုံးသင့်ကြောင်း ရုတ်တရက် သတိရသွားလေသည်။
ဝုန်း.....
ပြင်းထန်လှသော ထိပ်တိုက်တွေ့ဆုံမှုကြောင့် စွမ်းအင်များ ပေါက်ကွဲကာ အနီရောင်နှင့် အပြာရောင် အလင်းတန်းများသည် ပြိုလဲတော့မည့် အရိပ်အယောင်များ ပြသလာသည်။ ထိုအချိန်တွင် အဖြူရောင် အလင်းတန်းမှာ အတောက်ပဆုံး ဖြစ်လာတော့သည်။
ထိုသို့ဖြင့် အဖြူရောင် အလင်းတန်းသည် အဓိကထောက်တိုင် ဖြစ်လာပြီး အနီရောင်နှင့် အပြာရောင် အလင်းတန်းများမှာ ဖြည်းညင်းစွာ စီးဝင်လာကြသည်။
ဇာမဏီခေါင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"သွားပါပြီကွာ........"
နဂါးခေါင်းမှာ ရူးတော့မလို ဖြစ်နေလေပြီ။
"မဖြစ်ဘူး........"
အလင်းတန်းသုံးခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီးနောက် အဖြူရောင် အလင်းတန်းမှာ လူသားခေါင်းထဲသို့ စီးဝင်သွားသည်။ ဇာမဏီခေါင်းနှင့် နဂါးခေါင်းတို့သည် ထိုသို့အဖြစ်ခံမည့်အစား သေသာသေချင်မိတော့သည်။
၎င်းတို့၏ ခန္ဓာကိုယ်အား ဦးနှောက်ပါမလာသော ငတုံးတစ်ကောင်မှ ထိန်းချုပ်တော့မည်ပင်။
အလင်းတန်းမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဇာမဏီခေါင်းနှင့် နဂါးခေါင်းမှာ စိတ်ပျက်လက်ပျက် အမူအရာနှင့် မျက်လုံးပိတ်သွားကြသည်။
လူသားခေါင်းထက်တွင် သက်တန့်ရောင်စဉ်ကွင်းတစ်ခု ဖြစ်ပေါ်ကာ စတင်လည်ပတ်လာသည်။
အန်လင်းသည် ထိုရောင်စဉ်ကွင်းအား ရင်းနှီးနေသောကြောင့် သေသေချာချာ ကြည့်ရှုနေရင်း အမှတ်ရသွားမိသည်။
မိစ္ဆာကလေးငယ်မှာရော အဲ့လိုတစ်ပုံစံတည်းတူတဲ့ ရောင်စဉ်ကွင်း ရှိနေခဲ့တာမလား..........
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးထံမှ ကြမ်းတမ်းလှသော စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။
"ဟီးဟီး...... ဒီခန္ဓာကိုယ်ကို တစ်ခါမှ မထိန်းချုပ်ဖူးသေးဘူး။ စိတ်လှုပ်ရှားလိုက်တာ......."
လူသားခေါင်းသည် ပျော်ရွှင်စွာဖြင့် လက်ခြောက်ဖက်အား ဝေ့ယမ်းနေတော့သည်။
(မင်္ဂလာပါ။ အန်လင်းက စာရေးသူဆီမှာ စာစဉ် ၆၃ထိ ရနေပါပြီရှင့်။ စိတ်ဝင်စားလို့အားပေးချင်တယ်ဆိုရင် telegramမှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channelမှာ လာရောက်အားပေးနိုင်ပါတယ်။)