အဋ္ဌမလောကပါလအသွင်
Vol. 115 Ch. 1599
အာကာပြင်ကျယ်စကြဝဠာ၏အပြင်သည် လွန်ခဲ့သောနှစ်သောင်းပေါင်းများစွာတုန်းကအတိုင်း ပြောင်းလဲခြင်းတစ်စုံတစ်ရာ မရှိပေ။ အတိတ်တစ်ခေတ်၏ အကြွင်းအကျန် အဆုံးမဲ့အပျက်အစီးများသည်လည်း ယခင်အတိုင်း ပြန့်ကြဲလွင့်မျောလျက်ပင်။ သို့သော် အပျက်အစီးအားလုံးအကြား၌ ... သဲကန္တာရထဲက အိုအေစစ်သဖွယ် နေရာတစ်နေရာ ရှိသည်။
ယင်းနေရာသည် သိပ်မကြီး။ တောင်တစ်လုံးအရွယ်မျှသာ.....။ ထိုနေရာသည် တစ်ချိန်တုန်းက ဂိုဏ်းတစ်ဂိုဏ်းဖြစ်ခဲ့ပြီး ပျက်စီးနေသောအခြေအနေမှ ပြန်တည်ဆောက်ခံထားရမှန်း သိသာသည်။ သို့သော်ငြား တိတ်ဆိတ်နေ၏။
လှပစွာတန်ဆာဆင်ထားသည့် အဆောက်အဦးများအား တောင်ပေါ်၌ မြင်ရနိုင်သော်လည်း အလွတ်များသာဖြစ်သည်။ သို့သော် သစ်သားအဆောင်တစ်ထောင်ထဲတွင်မူ အလောင်းတစ်လောင်း တွေ့လိုက်ရသည်။ အလောင်းသည် တရားထိုင်လျက် ကွယ်လွန်သွားသည်မှာ ကြာခဲ့ပြီဖြစ်သည့် အမျိုးသမီးတစ်ယောက်၏အလောင်းပင်။
မန်ဟိုသည် သစ်သားအဆောင်၏အတွင်း၊ အလောင်း၏အရှေ့၌ ပေါ်လာ၏။ အလောင်းက အင်မော်တယ်ပိုင်ဝူချိန်၏အလောင်း ဖြစ်သည်။
အာကာပြင်ကျယ်စကြဝဠာအပြင်၏ အခြေအနေမှန်ကို မန်ဟို ပြောပြခဲ့ပြီးနောက်တွင်ပင် အင်မော်တယ်ပိုင်ဝူချိန်သည် ထိုနေရာသို့ ပို့ပေးဖို့ တောင်းဆိုခဲ့သေး၏။ သူမသည် သူမ၏အတုအယောင်မှတ်ဉာဏ်များအား စွဲလမ်းနေသည့်အတွက် မန်ဟိုလည်း ပြန်လာလိုပါက သူ့နာမည်သာ ခေါ်လိုက်ဖို့ မှာကြားရင်း သူမအား ဤနေရာသို့ ပို့ပေးခဲ့သည်။
ထွက်သွားပြီးနောက် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ပိုင်ဝူချိန်သည် မန်ဟို့ကို တစ်ခါမှမခေါ်ခဲ့ပေ။ အာကာပြင်ကျယ်စကြဝဠာအပြင်ရှိ ကွက်လပ်ဟင်းလင်းပြင်နှင့် ဖုန်များကို မြင်ပြီးနောက် သူမမှာ သူမမှတ်ဉာဏ်ထဲ၌ တည်ရှိသော အိမ်ကို ပြန်မြင်ယောင်ရင်း ထိုဂိုဏ်းဆီ ပြန်သွားခဲ့သည်။ ပျက်စီးနေသည့်ဂိုဏ်းအား သူမမှတ်မိသည့်အတိုင်း ရှင်းလင်းပြုပြင်ပြီးနောက် သူမတစ်ယောက်တည်း ထိုနေရာတွင် အေးချမ်းစွာ နေထိုင်ခဲ့လေသည်။
နောက်ဆုံးတော့ တရားထိုင်ရင်း လောကကြီးထဲမှ သူမ ထွက်သွားခဲ့သည်။
မန်ဟိုသည် အင်မော်တယ်ပိုင်ဝူချိန်၏အလောင်းအား အကြာမှအကြာကြီး ရပ်ကြည့်နေ၏။ ထို့နောက် လှည့်ထွက်လာခဲ့သည်။ ပိုင်ဝူချိန်မှာ သူမမှတ်မိသောနေရာတွင်သာ နေထိုင်ရင်း ခေါင်းချသေဆုံးဖို့ ဆုံးဖြတ်ခဲ့ပုံပေါ်သည်။
တောင်မှထွက်လာပြီးနောက် မန်ဟိုက မိုးထိုးနေသည့်တိုင်များအနား ရောက်သည့်တိုင်အောင် အာကာပြင်ကျယ်စကြဝဠာ၏အပြင်ရှိ ကြယ်တာရာကောင်းကင်အား ဖြတ်လျှောက်လာခဲ့သည်။ တိုင်များ၏အနားရောက်လျှင် လောကပါလနတ်မင်းကို သတ်ဖို့ စဉ်းစားနေသဖြင့် သူ၏မျက်လုံးများသည် တောက်ပလင်းလက်နေ၏။
သူ့တွင် အောင်မြင်နိုင်မည့်အခွင့်အရေးတစ်ခုသာ ရှိကြောင်း မန်ဟို သိသည်။ လောကပါလနတ်မင်းကို သူ သတ်နိုင်ခဲ့လျှင် ကျိန်စာဖြေနိုင်မည့်နည်းလမ်းအား ဆက်ရှာနိုင်မည်။ မသတ်နိုင်လျှင်တော့ တစ္ဆေ၊ နတ်ဆိုးနှင့် နတ်ဘုရားလိုပဲ ဤနေရာတွင် နေပိုင်ခွင့်မရှိတော့ပေ။
“ထွက်လာခဲ့တော့” သူက အေးအေးဆေးဆေး ပြောသည်။ “ငါတို့ ဒီတိုက်ပွဲကို ဆွဲဆန့်ထားတဲ့အချိန်တွေ ကြာသင့်သလောက် ကြာခဲ့ပြီးပြီ” မန်ဟိုသည် သိပ်ကျယ်ကျယ်မပြောသော်လည်း သူ၏အသံက အာကာပြင်ကျယ်စကြဝဠာ၏အပြင်ရှိ ကြယ်တာရာကောင်းကင်တစ်ခုလုံးတွင် ဟိန်းထွက်နေ၏။ လှိုင်းဂယက်များက ကြယ်တာရာကောင်းကင်အား ရေပြင်ပမာ ရိုက်ခတ်နေသည်။
အတန်ကြာသော် ခပ်လှမ်းလှမ်းမှ သက်ပြင်းဖွဖွချသံတစ်သံ ကြားလိုက်ရသည်။ ကြည်လဲ့လဲ့ခရမ်းရောင်ဂါဝန်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်သည် ပြုံးလျက် လမ်းလျှောက်ထွက်လာ၏။
သူမ မည်သူမှန်း မြင်ရသည့်အချိန်တွင် မန်ဟိုကား အနည်းငယ်မျှ အံ့အားသင့်သွားပုံမပေါ်ပေ။
“အစ်ကိုမန်၊ ငါတို့ ထပ်တွေ့ရဦးမယ်လို့ မပြောခဲ့ဘူးလား” သူမသည် သိပ်မြန်မြန်ဆန်ဆန် ရွေ့လျားနေပုံမပေါ်သော်လည်း မန်ဟို့အရှေ့၌ ပေါ်လာရန် ခြေလှမ်းလေးငါးလှမ်းသာ လိုလိုက်၏။ သူမက တောက်ပစွာ ပြုံးလျက် မန်ဟို့အား ကြည့်နေသည်။ သူမကား ဟန်ပေ့ပင်။
“ငါက လောကပါလနတ်မင်းရဲ့သမီးတော်၊ နင်က သားတော်ပဲ” သူမက နူးညံ့ညင်သာသောအသံဖြင့် ပြောသည်။ “ငါတို့နှစ်ယောက်ဟာ ပေါင်းဖက်ရမယ့် ကံကြမ္မာပါပြီးသား။ ငါတို့နှစ်ယောက် ပေါင်းဖက်ပြီး ဒီကြယ်တာရာကောင်းကင်ရဲ့ အရှင်သခင်.... တန်ခိုးအင်အားအကြီးမားဆုံး လောကပါလနတ်မင်းကို မွေးထုတ်ပေးရမှာ
“နင်က ဘာလို့မလိုက်လျောချင်တာလဲ” သူမအကြည့်သည် ကန်ရေပြင်ထက်က လှိုင်းရိပ်လေးပမာ နူးညံ့နေ၏။
မန်ဟိုက သူမကို ပြန်ကြည့်ကာ ဟက်ခနဲ ရယ်သည်။ “မင်းက ဘယ်လောကပါလအသွင်လဲ”
ဟန်ပေ့က မျက်မှောင်ကြုတ်သည်။ သူမပြန်မဖြေသောအခါ မန်ဟိုသည် အင်္ကျီလက်စခါ၍ သူ၏တန်ခိုးအရှိန်အဝါအား ကြီးကျယ်ခမ်းနားစွာ ထုတ်ဖော်လိုက်၏။
“လောကပါလနတ်မင်း” သူက ရေခဲတမျှ အေးစက်နေသောအသံဖြင့် ပြောသည်။ “မင်းရဲ့တန်ခိုးကို ငါ လေးစားတယ်။ ဒါပေမဲ့ လေးစားတယ်ဆိုတာ တစ်ယောက်တည်းက လေးစားတာမဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် လေးစားရမှာ။ မင်း ငါ့အပေါ် လေးစားတဲ့ပုံစံက ဒီလိုလား” မန်ဟို၏အသံသည် မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားရင်း ကြယ်တာရာကောင်းကင်အား ပြိုကျတော့မတတ် တုန်ရီလာစေ၏။
ဟန်ပေ့မျက်လုံးများ လင်းလက်သွားသည်။ စောစောက နူးညံ့ပျော့ပျောင်းမှုနေရာတွင် အေးစက်မှုက အစားထိုးဝင်ရောက်လာသည်။
“ငါက အဋ္ဌမအသွင်ပဲ” သူမက ပြောသည်။ ထို့နောက် ဟန်ပေ့သည် လက်ကိုဆန့်ထုတ်၍ လက်ချောင်းအား ဝှေ့ယမ်း၏။ ချက်ချင်းပင် သူမနှင့် မန်ဟို့အကြားရှိ ဟင်းလင်းပြင် ပုံပျက်ရှုံ့တွသွားသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုသည် ဖျတ်ခနဲ ပျောက်ကွယ်ကာ ဟန်ပေ့၏အရှေ့တည့်တည့်၌ ပေါ်လာ၏။ သူလည်း လက်ဆန့်ထုတ်၍ လက်ချောင်းအား ဝှေ့ယမ်းလိုက်သည်။
သူတို့၏လက်ချောင်းများ ထိသွားသည့်အခါ မိုးနှင့်မြေအား အဆုံးသတ်နိုင်သော ပေါက်ကွဲသံကြီး ပဲ့တင်ရိုက်ခတ်သွားသည်။ မန်ဟို့အမူအရာက တစ်ချက်မပျက်သော်လည်း ဟန်ပေ့၏မျက်နှာမှာမူ ရိပ်ခနဲ ဖြစ်သွားပြီး ချက်ချင်း နောက်ဆုတ်သည်။ သူမခန္ဓာကိုယ်အစိတ်အပိုင်းများ တဖောင်းဖောင်း ပေါက်ကွဲစပြုလာ၏။ သူမတစ်ကိုယ်လုံး နီရဲစုတ်ပဲ့သွားသည့်တိုင်အောင် အသားစများ၊ သွေးများ အရပ်လေးမျက်နှာသို့ လွင့်ထွက်ကုန်သည်။ ဟန်ပေ့၏ယခုအသွင်အပြင်သည် နှစ်လို့ဖွယ်ကောင်းခြင်းမရှိတော့။ တုန်လှုပ်ချောက်ချားစရာကောင်းပြီး ရွံစရာလည်း ကောင်း၏။
“မန်ဟို” သူမက အာခေါင်ခြစ်အော်ရင်း မန်ဟို့ဆီ ပြေးဝင်သွားသော သွေးရောင်အလင်းတန်းတစ်တန်း ဖြစ်လာသည်။ သူမသည် မန်ဟို့အနားရောက်သည့်အခါ သူ့ကို ဖမ်းဆုပ်ရန်အလား လက်လှမ်းလိုက်၏။
မန်ဟို့ပတ်ပတ်လည် ဟင်းလင်းပြင် စိစိညက်ညက် ကြေသွားသဖြင့် တဂျုန်းဂျုန်းမြည်ဟည်းသံများ ဖြာထွက်သွားသည်။ သို့ထိတိုင် မန်ဟိုကား ဘာမှမဖြစ်ပုံပင်။ သူသည် ဟန်ပေ့အား အေးစက်စက် ကြည့်ပြီးနောက် လက်ဆန့်တန်းလိုက်ရာ လေမုန်တိုင်းတစ်လုံးသည် တဝေါဝေါလည်လျက် သူမအား ဝင်တိုက်သွား၏။
ဟန်ပေ့၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ မန်ဟို၏ ကြောက်မက်ဖွယ်တန်ခိုးအဆင့်ကာ လုံးဝမယုံနိုင်စရာကောင်းပေသည်။
သူမ တုံ့ပင်မတုံ့ပြန်နိုင်ခင် မန်ဟိုသည် ရှေ့တစ်လှမ်းတက်၍ လက်သီးဆုပ်ပြီးနောက် သူမ၏ဝမ်းဗိုက်အား ထိုးချလိုက်၏။
ဟန်ပေ့မှာ စူးစူးဝါးဝါးအော်ကာ ပေါက်ကွဲသွားတော့သည်။ တခဏကြာသော် သူမသည် ပြန်ပေါ်လာသော်လည်း ဘာမှမလုပ်နိုင်ခင် မန်ဟိုက သူမအရှေ့ထပ်ရောက်လာကာ နောက်လက်သီးတစ်ချက်ပစ်သွင်းပြန်သည်။
ဟန့်ပေ ပေါက်ကွဲပြန်သည်။ မန်ဟိုက ထိုးပြန်သည်။ သူမပြန်ပေါ်လာတိုင်း မန်ဟိုသည် အဆက်မပြတ်ထိုးနေ၏။ ဆယ်ကြိမ်။ အကြိမ်နှစ်ဆယ်၊ အကြိမ်တစ်ရာ။
ဖောင်း ဖောင်း ဖောင်းးးးးးးးးးးးးးးးးးးးးးးး
“မင်းရဲ့တကယ့်တန်ခိုးကို ပြစမ်း လောကပါလနတ်မင်း။ မင်း တတ်နိုင်တာ ဒါအကုန်ပဲဆိုရင်တော့ ငါ သေချာပေါက် စိတ်ပျက်မိမှာပဲ” မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် တဝုန်းဝုန်းထကြွနေ၏။ သူ၏နောက်လက်သီးချက်က မည်သည့်အသက်ဓာတ်ကိုမဆို ခမ်းခြောက်သွားစေနိုင်သော အဆုံးမဲ့ဖျက်စီးခြင်းစွမ်းအားအပြည့်ဖြင့် မီးပင်လယ်တစ်စင်းဖြစ်လာသည်။ လက်သီးသည် ဓာတ်ငါးပါးလုံး၏စွမ်းအားဖြင့် ပြည့်နှက်လျက် အင်အားအကြီးဆုံးအဖျက်လက်သီးတစ်လုံး ဖြစ်လာ၏။
အုန်းခနဲ ဟန်ပေ့၏အသားစများ၊ သွေးများ၊ ကလီစာများမှာ အရပ်လေးမျက်နှာသို့ ပြန့်ကြဲလွင့်စင်သွားတော့သည်။ အသားစများထဲတွင် ဓာတ်ငါးပါး၏စွမ်းအားက ပြည့်နှက်နေသည့်အတွက် ဟန်ပေ့မှာ ပြန်လည်ဖြစ်ပေါ်လာဖို့ မလွယ်ကူတော့ပေ။
မန်ဟို့စကားသံ ပဲ့တင်ထပ်နေဆဲရှိနေစဉ်မှာပင် ဟန်ပေ့၏အကြွင်းအကျန် အသားတစ်တုံးမှ အသံနောက်တစ်သံ ထွက်လာသည်။ သို့သော် အသံသည် ဟန်ပေ့၏အသံမဟုတ်။ ဗလုံးဗထွေးနှင့် မသဲကွဲသည့်တိုင် ကြယ်တာရာကောင်းကင်တစ်ခွင် လွှမ်းမိုးသွား၏။
“မန်... ဟို...
“အဋ္ဌမလောကပါလအသွင်က .. ကမ္ဘာဦးအသွင်ပဲ ...
“ကမ္ဘာဦးအစနှစ်ပေါင်းများစွာတုန်းက ငါ့ကြယ်တာရာကောင်းကင်မှာ ပေါ်ထွန်းလာခဲ့တဲ့ ပထမဆုံးတန်ခိုးရှင် .... တစ္ဆေ လာလေလော့”
ဂျိန်းးးး