← Chapters

ဓားချီကို သုံး၍ ဆေးဖော်စပ်သူများ

Vol. 8 Ch. 111

ဓားချီကို သုံး၍ ဆေးဖော်စပ်သူများ

Vol. 8 Ch. 111

“ပြင်တင်းပေါက်တွေကို ဖွင့်ပြီးတော့ တံခါးမကြီးကို ပိတ်လိုက်”

ဓားစံအိမ်အကြီးအကဲ၏ညွှန်ကြားချက်အရ လုကောနှင့် လင်းရှန်တို့သည် တံခါးမကြီးအား ပိတ်လိုက်ကြသည်။

ဓားစံအိမ်တွင် ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့သည် ပြင်တင်းပေါက်များထံသို့ သွား၍ တွန်းဖွင့်ကြသည်။

ပြင်တင်းပေါက်များ အဆက်မပြတ် ပွင့်သွားလျှင် ပူပြင်းသော လေလှိုင်းများသည် ဓားစံအိမ်အတွင်းမှ အေးစက်သော အငွေ့အသက်များနှင့် ထိတွေ့ကာ အသံသဲ့သဲ့များ ကြားရသည်။

ထိုနေရာတွင် ရပ်နေသော ကောင်းရှောင်ရွှမ်မှာ နားမလည်စွာ ကြည့်နေသည်။

အဆက်မပြတ်ပင် ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့သည် ဓားစင်များအား ပြင်တင်းပေါက်ဘေးနားသို့ တွန်းကြရသည်။

ဟန်မူယဲ့က ထိုအရာများကို အလွယ်တကူ လုပ်နိုင်သော်လည်း ကျင့်ကြံခြင်းကို လက်လျှော့လိုက်ပြီဖြစ်သော ဟွမ်လောင်လျှိုအတွက်မူ သိပ်မလွယ်ကူပါ။ သူသည် အတော်လေး မောပန်းနေဟန်ရှိသည်။

“အစ်ကို… ကျွန်တော် လုပ်မယ်”

ဟန်မူယဲ့နောက်တွင် နွားသိုးပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ ဓားစင်အား အလွယ်တကူပင် တွန်းလိုက်၏။

သူ လျင်မြန်စွာ ရွေ့လျားသွားသည်။ တခဏအတွင်းမှာပင် သူသည် ပထမထပ်မှ သစ်သားစင်များအား ပြင်တင်းပေါက်ဘေးနားသို့ တွန်းပို့လိုက်ပြီး ဖြစ်သည်။

ထို့နောက် သူသည် ဒုတိယထပ်သို့ တက်လာခဲ့သည်။

ဟွမ်လောင်လျှိုနှင့် ကောင်းရှောင်ရွှမ်တို့က သူ့နောက်မှ လိုက်ပါလိုကြသော်လည်း ဟန်မူယဲ့ ငြင်းပယ်ခဲ့သည်။

ဒုတိယထပ်မှ ဓားချီများမှာ ပထမထပ်ထက် ပို၍ အားပြင်းသည်။ ယခု ဟွမ်လောင်လျှိုသည် ကျင့်ကြံခြင်းမရှိတော့ရာ သူ့အား ကာကွယ်ပေးမည့် ဓားချီများ မရှိတော့ချေ။ သူကား သေမျိုးနှင့် မခြားတော့ရာ ဒုတိယထပ်မှ ဓားချီများအား ခံနိုင်ရည် မရှိတော့ပါ။

ကောင်းရှောင်ရွှမ်ကိုကား သူက ဒုတိယထပ်သို့ မခေါ်ခြင်းမှာ ကောင်လေးသည် အတော်လေး စပ်စုတတ်သောကြောင့် ဖြစ်သည်။ ဟန်မူယဲ့က ဓားများကို ထိတွေ့ကာ ဓားချီများအား စုပ်ယူသည်ကို မြင်လျှင် သူသည် သေချာပေါက် အောက်ခြေသို့ရောက်သည်အထိ မရမက မေးမြန်းပေလိမ့်မည်။

ဒုတိယထပ်သို့ ရောက်သောအခါ ဟန်မူယဲ့သည် လေးနက်စွာဖြင့် ပြင်တင်းပေါက်များကို စဖွင့်သည်။

ဟူး…

သိပ်သည်းကာ အေးစက်သော ဓားချီများသည် ပူပြင်းသော နေရောင်ခြည်နှင့် ထိတွေ့ကာ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။

အဆုံးမဲ့သော ဓားချီများ ပြတင်းပေါက်မှ တစ်ဆင့် ထွက်သွားကြကာ ကောင်းကင်ပြင်နှင့် ထိတွေ့ကြ၏။

ဓားချီများ လှည့်ပတ်သွားလျှင် ဓားစံအိမ်၏ကာကွယ်ရေးအစီအရင်အား တဖျတ်ဖျတ်လင်းလက်စေသည်။

အံ့ဖွယ်ကိုးပါးတောင်ကုန်း၌ မရေမတွက်နိုင်သော တပည့်များသည် ကောင်းကင်တွင် ဓားချီများ လှည့်ပတ်နေသည်ကို လှမ်းကြည့်ကြ၏။

၎င်းကား ဓားစံအိမ် ဖြစ်သည်။

ယနေ့ကား ဂျွန်လ ၆ ရက်နေ့ဖြစ်ကာ ဓားများကို ခြောက်သွေ့စေသော နေ့လည်း ဖြစ်သည်။

ထိုမျှ အားကောင်းသော ဓားချီများအား ဂျွန်လ ၆ ရက်နေ့များတွင်သာ တွေ့နိုင်သည်။

ဓားစံအိမ်တွင် တစ်နှစ်ပတ်လုံး သိမ်းဆည်းထားသော ဓားချီများ ထွက်ပေါ်လာလျှင် အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ သဘာဝစွမ်းအင်များနှင့် ပေါင်းစပ်ကာ ကောင်းကင်၌ ထူးဆန်းသော နိမိတ်များ ဖြစ်ပေါ်လာကြ၏။

ဓားဆန္ဒသည် ကောင်းကင်တွင် လှည့်ပတ်သွားလျှင် လူတိုင်းအား ချမ်းစိမ့်စေသည်။

ထိုအဖြစ်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များကိုလည်း စိတ်သက်သာရာ ရစေသည်။

အစွမ်းကြီးသော ဓားစံအိမ်က ဂိုဏ်းကို စောင့်ရှောင်နေမှတော့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် သေချာပေါက် တိုးတက်ခိုင်မာလာပေလိမ့်မည်။

ထိုအခိုက်တွင် ဟန်မူယဲ့သည် ဒုတိယထပ်တွင် ရပ်ရင်း အသက်ပြင်းပြင်းရှိုက်ကာ ချီအားများကို ခန္ဓာကိုယ်၌ လှည့်ပတ်စေသည်။

ဝုန်း…

ဓားစံအိမ်ဒုတိယထပ်မှ ဓားချီများသည် ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းလာကြ၏။

ဓားချီလှိုင်းသည် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာလျှင် သူ့အား တုန်ခါစေသည်။

ပြင်းထန်သော ဓားချီများသည် သူ၏သွေးကြောများမှ တစ်ဆင့် ဒန်ထျန်ထံသို့ စီးဆင်းကာ ချီပင်လယ်အား အရောင်အသွေး စုံလင်စေ၏။

ဓားများမှာ တစ်နှစ်မှ တစ်ကြိမ် အခြောက်ခံခြင်း ဖြစ်ရာ သူသည် ဓားချီများ ပိုမိုစုဆောင်းရန် လိုသည်။

လတ်တလောတွင် အံ့ဖွယ်နေမင်းကျင့်စဉ်သည် သူ၏ဓားချီအများအပြားကို စားသုံးခဲ့၏။

တစ်နာရီခန့် ကြာပြီးနောက် သူသည် အရက်မူးသမားလို မျက်နှာကြီး နီမြန်းလျက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ဟွမ်လောင်လျှိုနှင့် ကောင်းရှောင်ရွှမ်တို့ အလျင်အမြန် ပြေးလာကြသည်။

ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ သူ့အား တွဲထူမည်ကို ငြင်းပယ်သည်။

“ကျုပ် သွားအနားယူလိုက်ဦးမယ်။ ဓားတွေကို သိမ်းတဲ့အခါ ခေါ်လိုက်ပါ”

ဟွမ်လောင်လျှိုကား အဆင်ပြေသည်။ အကယ်၍ ကောင်းရှောင်ရွှမ်သာ သူ့ခန္ဓာကိုယ်အား ထိပါက တစ်စုံတစ်ခု လွဲနေသည်ကို သိပေလိမ့်မည်။

သူ၏ချီပင်လယ်တွင် ဆယ်ခုထက်ပိုသော ဓားဆန္ဒများဖြင့် ပြည့်နေသလို သူ၏သွေးကြောများ၊ ဒန်ထျန်နှင့် ခန္ဓာကိုယ်တို့မှာ ဓားချီများဖြင့် ဖုံးလွှမ်းနေ၏။

သူ၏အခန်းငယ်ထဲကို ပြန်ရောက်ပြီးနောက် ဟန်မူယဲ့သည် တဆတ်ဆတ် တုန်နေသည်။ သူက အံ့ဖွယ်နေမင်းကျင့်စဉ်ကို သုံးကာ အလျင်အမြန် ကျင့်ကြံလိုက်သည်။

ညနေပိုင်းတွင် ဓားများကို ပြန်မသိမ်းမီ ဟန်မူယဲ့သည် ထောင်ပေါင်းများစွာသော ဓားချီများအား စုစည်းကာ သူ၏သွေးကြောများထဲသို့ စုပ်ယူထားပြီး ဖြစ်သည်။

သူသည် အခန်းအပြင်သို့ သွက်လက်ပေါ့ပါးစွာဖြင့် ပြန်ထွက်လာသောအခါ ဟွမ်လောင်လျှိုက သူ့အား ထူးဆန်းစွာ ကြည့်သည်။

ငယ်ရွယ်ခြင်းကား အမှန်တကယ် ကောင်းမွန်လှ၏။

ဓားများကို ပြန်သိမ်းသောအခါ ဟန်မူယဲ့သည် ဓားချီများအား ထပ်မံ စုပ်ယူခြင်း မပြုတော့ပါ။

သူ့ခန္ဓာကိုယ်မှ ဓားချီများနှင့် ဓားဆန္ဒများသည် အချိန်ကာလ အတော်လေးကြာအောင် ကျင့်ကြံရန် ထောက်ပံ့ပေးနိုင်၏။ သည့်ထက်ပို၍ ခန္ဓာကိုယ်ထဲ၌ ဓားချီများ သိုလှောင်ခြင်းသည် သူ့သက်တမ်းကို ထိခိုက်စေပေလိမ့်မည်။

သူ၏ခန္ဓာကိုယ်ထဲတွင် ဓားချီများနှင့် ဓားဆန္ဒများမှာ လုံလောက်နေပြီ ဖြစ်သည်။ သူသည် ဓားများကို သန့်ရှင်းရေးလုပ်သော နည်းလမ်းဖြင့် ပိုလျှံသော ဓားချီများအား ပထမထပ်မှ ဓားများထဲသို့ ပို့ဆောင်သိမ်းဆည်းရသည်။

….

ဓားစံအိမ်ပထမထပ်ရှိ ဟန်မူယဲ့၏အခန်းထဲတွင် လုကောသည် ဟန်မူယဲ့အရှေ့တွင် ထိုင်နေသည်။ သူသည် ကိုယ်တစ်ပိုင်း ဗလာကျင်းထားကာ မျက်လုံးကို အဝတ်နက်စည်းထား၏။

“အစ်ကိုလု… ဒီဓားဟာ ကောင်းမိသားစုခေါင်းဆောင် ကိုယ်တိုင် သွန်းလုပ်ထားတာ။ ဒါက ဝိညာဉ်အဆင့်လက်နက်ပဲ”

“ဒီဓားဟာ ပိုင်ရှင်မရှိသေးတဲ့အတွက်ကြောင်း ဓားစစ်သည်စနစ်ကို ကျင့်ကြံဖို့ အသင့်တော်ဆုံးဓားပဲ”

ပြီးခဲ့သောလအတွင်း လုကောသည် နေ့စဉ် ကြိုးစားကျင့်ကြံနေခဲ့ကာ နောက်ဆုံးတွင် သူသည် ဒန်ထျန်အား အသက်သွင်းနိုင်ခဲ့၏။

လုကော၏ပင်ကိုယ်ပါရမီမှာ သိပ်မကောင်းပေ။ သူ၏အသက်ဝင်စ ဒန်ထျန်သည် တစ်ပေခန့်သာ ကျယ်သည်။

ဒန်ထျန်ကို နိုးထစေပြီးသည်နှင့် လုကောသည် ထပ်မစောင့်နိုင်တော့ဘဲ ဟန်မူယဲ့အား လာရှာသည်။

သူ မည်သို့ ခံစားရမည်ကို ဟန်မူယဲ့ နားလည်၏။ သူ့အား တစ်ညမျှ အနားယူစေပြီးနောက် ဟန်မူယဲ့က သူနှင့် ကောင်းရှောင်ရွှမ်တို့အား ခေါ်လိုက်သည်။

ဟန်မူယဲ့၏စကားကို ကြားလျှင် လုကောက လေးနက်စွာ ခေါင်းညိတ်သည်။

ဝိညာဉ်လက်နက်များမှာ အလွန်တန်ဖိုးကြီးသည်။

သူသည် ထိုကျေးဇူးအား မည်သို့ ပြန်ပေးဆပ်ရမည် မသိတော့ပါ။

“ရွှမ်လေး… ဒီဓားကို မင်းတာဝန်ယူလိုက်…”

ဟန်မူယဲ့က ဓားအား ကောင်းရှောင်ရွှမ်ကို ကမ်းပေးသည်။

ကောင်းရှောင်ရွှမ်က ဓားကို ယူလိုက်ကာ အသာအယာ ပွတ်သပ်သည်။

ထူးဆန်းသော စွမ်းအားတစ်ခု ဓားကို စီးဆင်းလာ၏။

စားပွဲပေါ်တွင် လဲလျောင်းနေသော မြေခွေးဖြူလေးက မော့ကြည့်သည်။

ဟန်မူယဲ့၏မျက်လုံးထဲတွင် ကောင်းရှောင်ရွှမ်သည် စူးရှလင်းလက်သော ဓားတစ်လက်အဖြစ် ပြောင်းလဲသွား၏။

ဓား၏ပုံစံသည် ဟန်မူယဲ့၏ခေါင်းပေါ်တွင် ထိုးစိုက်ထားသော ဓားငယ်လေးနှင့် ဆင်တူသည်။

“မင်းက လိမ်လိမ်မာမာနဲ့ အစ်ကိုလုရဲ့ မျက်လုံးဖြစ်ပေးရမယ်”

ကောင်းရှောင်ရွှမ်က ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ တီးတိုးပြောသည်။

ထို့နောက် သူက ဓားကို ကိုင်ကာ လုကောထံသို့ လှမ်းလာပြီး လက်ထဲသို့ ထည့်ပေး၏။

“ဓားသည် ခန္ဓာကိုယ် ဖြစ်တယ်… အစ်ကိုလု… ဘာကို စောင့်နေတာလဲ… ဓားကို ခန္ဓာကိုယ်ထဲကို စုစည်းလိုက်တော့…”

ဟန်မူယဲ့က အော်ဟစ်လိုက်လျှင် လုကောက ဓားကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်လိုက်၏။ ဓားသွားပေါ်တွင် ချက်ချင်း သွေးများ ချင်းချင်းနီသွားသည်။

ဟူး…

တိုးညင်းသော အသံနှင့်အတူ ဓားသည် စတင်တုန်ခါလာကာ ပုံရိပ်ယောင်ကဲ့သို့ ဝေဝါးလာ၏။

ဓားစစ်သည်စနစ်။

ပုံရိပ်ယောင်ဓားသည် ဓားချီအဖြစ် အသွင်ပြောင်းကာ လုကော၏ဗလာကျင်းနေသော ရင်ဘတ်ထဲကို ဝင်ရောက်သွားသည်။

လုကော၏နဖူးမှ သွေးကြောများ ထောင်တက်လာကာ သူ့တကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေသည်။

ဓားချီ ခန္ဓာကိုယ်ထဲကို ဝင်သော ခံစားချက်အား ဟန်မူယဲ့ သိ၏။

၎င်းသည် သူ၏အရိုးနှင့် အကြောများကို တစ်စစီ တစ်လွှာစီ ခုတ်ဖြတ်ခြင်းနှင့် အတူတူ ဖြစ်သည်။

“အစ်ကိုလု… ခင်ဗျား အရမ်းနာနေရင် အော်လိုက်လို့ရတယ်။ ဒါဆို ပိုပြီး စိတ်သက်သာရာရလိမ့်မယ်”

“အစ်ကိုဟွမ်က အဲလိုပြောတယ်”

ကောင်းရှောင်ရွှမ်က တီးတိုးပြောသည်။

“သိပ်မနာဘူး”

လုကောက အံကြိတ်ကာ ပြောသည်။

သူသည် တဆတ်ဆတ်တုန်ယင်နေမှတော့ မည်သို့ မနာကျင်ဘဲ နေမည်နည်း။

“ဒါက တကယ်ပဲ မနာဘူး”

“ဒါက ဓားစစ်သည်စနစ်ပဲ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၊ ဓားစံအိမ်ရဲ့ မူပိုင်အမွေအနှစ်လည်း ဖြစ်တယ်”

“ဒါက ဝိညာဉ်လက်နက်ကို ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီးတော့ ကောင်းကင်ဘုံအဆင့်သို့ ခြေတစ်လှမ်းနဲ့ တက်ရောက်စေနိုင်တဲ့ ပညာရပ်ပဲ”

“ကျုပ် လုကော ဒီနည်းစနစ်ကို လေ့ကျင့်ဖို့ အခွင့်အရေးရမှာတော့ ဘာလို့ နာကျင်ရမှာလဲ”

လုကော ထိုသို့ ပြောနေစဉ်မှာပင် သူ၏တုန်ယင်နေသော ခန္ဓာကိုယ်သည် တဖြေးဖြေး တည်ငြိမ်လာ၏။

သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော ဓားချီသည် ပျောက်ကွယ်သွားဟန်ရှိသည်။

ပြုံးလျက်ပင် သူက ရင်ဘတ်ကို လက်ဖြင့် ဖိသည်။

ထိုနေရာတွင် သေးငယ်သော ဓားပုံရိပ်တစ်ခု စုစည်းနေ၏။

“အပေါင်းအသင်း… ငါတို့ နောက်ဆို အချင်းချင်း မှီခိုကြရတော့မယ်”

“အတူ စားမယ် သောက်မယ်၊ မိန်းမတွေနဲ့ အိပ်မယ်… အားလုံး မင်းသဘောပဲ”

လုကောက ရင်ဘတ်ကို အသာပုတ်ကာ မော့ကြည့်သည်။

“အစ်ကိုဟန်… ကျုပ် ခင်ဗျားကို မြင်ရပြီ”

ဓားချီများ လွှမ်းခြုံနေသော လုကောသည် အခန်းအပြင်သို့ ထွက်သွားလျှင် ကောင်းရှောင်ရွှမ်က ဟန်မူယဲ့အနီးသို့ ကပ်လာသည်။

“အစ်ကိုဟန်… မိန်းမတွေနဲ့ အိပ်တယ်ဆိုတာ ဘာလဲ”

ဟန်မူယဲ့က သူ့အား မျက်လုံးများ ပြူးလျက် ကြည့်သည်။

“မကောင်းတာတွေ မသင်နဲ့”

ထို့နောက် သူသည်လည်း အခန်းအပြင်သို့ ထွက်သွားသည်။

အခန်းထဲတွင် ကောင်းရှောင်ရွှမ် တီးတိုးရေရွက်သည်။

“ထားလိုက်တော့… ခင်ဗျား မပြောလည်း အစ်ကိုဟွမ်ကို မေးမယ်။ သူက သေချာပေါက် ပြောမှာပဲ။ အစ်ကိုဟွမ်ပဲ ကောင်းတယ်”

ဓားစံအိမ်အဝင်ဝနားသို့ ဟန်မူယဲ့ လျှောက်လာသောအခါ လုကောအား ဝန်းရံထားသော ဟွမ်လောင်လျှိုနှင့် လင်းရှန်တို့အား မြင်သည်။

လုကော ပြုံးသည်။ ဓားချီများ သူ့ကို လှည့်ပတ်စီးဆင်းနေ၏။ သူသည် သူ့ခန္ဓာကိုယ်မှ ဓားချီများအား ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

၎င်းမှာ အချိန်ကာလ အတော်ကြာဦးမည်။

ဟွမ်လောင်လျှိုနှင့် လင်းရှန်တို့၏မျက်လုံးများတွင် အားကျမှုများဖြင့် ပြည့်နေသည်။ သို့သော်လည်း သူတို့က ဓားစစ်သည်စနစ်အား လေ့ကျင့်လိုသည်ဟု မပြောကြပေ။

လင်းရှန်က လက်ဆန့်တန်းကာ သူ၏ဓားကို ထိတွေ့သည်။ ဟွမ်လောင်လျှိုက ပါးစပ်ကို စေ့ကာ အဝေးသို့ ငေးကြည့်သည်။

လူတိုင်းတွင် သူတို့၏ကိုယ်ပိုင်လမ်းစဉ်ရှိကြသည်။

…..

လက်ရှိတွင် ဟန်မူယဲ့၏ကျင့်ကြံဆင့်မှာ မြန်ဆန်စွာ တိုးတက်လာခဲ့သည်။ သူသည် လုံလောက်သော ဓားချီများ စုစည်းနိုင်ခဲ့၏။

ဓားများကို ခြောက်သွေ့ခြင်းမှ သူသည် ဓားချီများနှင့် ဓားဆန္ဒများ အများအပြား စုပ်ယူခဲ့ရာ လတ်တလောတွင် သူ၏ခန္ဓာကိုယ်ရှိ အသက်ဓာတ်များမှာ အလျင်အမြန် ကုန်ခမ်းနေကြသည်။

အသက်ဓာတ်ကုန်ခမ်းခြင်းပြဿနာမှာ ဖြေရှင်းရန် လိုသေး၏။

အကြီးအကဲစုလျန့်က သူ့အား ခေါ်ကာ မူမိသားစုထံသို့ သွားရောက်လည်ပတ်မည်ဟု ကတိပေးထားပြီး ဖြစ်သည်။ သူတို့က နောက်ထပ်ဆယ်ရက်တွင် ထွက်ခွာကြမည်။

သူက မူမိသားစုကို လက်ဗလာဖြင့် သွား၍ မဖြစ်ပေ။ အကြီးအကဲစုလျန့်က မူမိသားစုအား ဟန်မူယဲ့အတွက် သက်တမ်းငါးနှစ်ရှည်စေသော ဆေးလုံး ဖော်စပ်ရန် တောင်းဆိုမည် ဖြစ်သည်။

ထိုဆေးလုံးနှင့် ဆေးဖော်စပ်နည်းတို့ကိုသာ ရပါက ဟန်မူယဲ့သည် အသက်ဓာတ်ကုန်ခမ်းသည့်ပြဿနာမှာ ပြေလည်သွားမည်ဟု ဟန်မူယဲ့ ယုံကြည်သည်။

“မူမိသားစုကို သွားလည်ဖို့ လက်ဆောင်လား”

စုကျန်းဆေးဆိုင်၏ဒုတိယထပ်တွင် ပိုင်စုကျန်းက တွေးတွေးဆဆဖြင့် ပြောသည်။

“မူမိသားစုက စီနီယာကို စိတ်ဝင်စားစေမယ့်အရာက သိပ်မရှိလောက်ဘူး”

“တိုက်တိုက်ဆိုင်ဆိုင်ပဲ လော့ယွမ်မြို့မှာ နောက် ၂ရက်နေရင် လေလံပွဲတစ်ခု ရှိတယ်။ အဲဒီမှာ ကျွန်မတို့ စိတ်ဝင်စားစရာတစ်ခုခုတွေ့နိုင်တယ်”

ကျင့်ကြံခြင်းလောက လေလံပွဲ။

ဟန်မူယဲ့ စိတ်ဝင်စားသွားသည်။

သူသည် စိတ်ဝင်စားစရာတစ်ခုခုတွေ့နိုင်လောက်၏။

“စီနီယာအစ်ကိုဟန်… ရှင်က လေလံပွဲကို သွားချင်ရင် ဆေးလုံးတချို့ ဖော်ပေးဖို့တော့ လိုတယ်လေ”

ပိုင်စုကျန်းက ပြုံးသည်။

ဟန်မူယဲ့က လက်ဆန့်တန်းကာ ပြောသည်။

“ကျုပ်ရဲ့ ဆေးပေါင်းဖို ပျက်သွားပြီ”

“ကျွန်မမှာ ရှိပါသေးတယ်…”

ပိုင်စုကျန်းက လက်ဆန့်တန်းလျှင် အစိမ်းရောင်ဆေးပေါင်းဖိုတစ်လုံး ထွက်ပေါ်လာသည်။

“ဒါက ကျွန်မရဲ့ ရတနာပဲ”

ပိုင်စုကျန်းက ဆေးပေါင်းဖိုကို ဟန်မူယဲ့အား တွန့်ဆုတ်စွာ ပေးသည်။

ဆေးပေါင်းဖိုသည် အနည်းငယ် လေးလံကာ အေးစက်သည်။

၎င်းသည် ယခင်ဆေးပေါင်းဖိုများထက် များစွာ အရည်အသွေးကောင်းသည်မှာ ထင်ရှား၏။

စိတ်ကြေနပ်စွာပင် ဟန်မူယဲ့က ဆေးပေါင်းဖိုအား သိမ်းလိုက်ပြီး ပိုင်စုကျန်းအား ဝိညာဉ်အသွင်ပြောင်းဆေးလုံးနှင့် တိမ်မြူချီဆေးလုံးတို့ ဖော်စပ်ရန် ဆေးအမယ်များ ပြင်ဆင်ခိုင်းလိုက်သည်။

“အစ်ကိုဟန်က တကယ်ပဲ ချမ်းသာတာပဲ”

ဟန်မူယဲ့က ဆေးပေါင်းဖိုနှင့် ဆေးအမယ်များအားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်သည်ကို မြင်ကာ ပိုင်စုကျန်းက ပြောသည်။

ချမ်းသာတာလား…

မော့ယွမ်ချန်ထားခဲ့သည်များမှာ သူမနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

ဟန်မူယဲ့ ဓားစံအိမ်သို့ ပြန်ရောက်သောအခါ အကြီးအကဲစုယွမ် ဓားစံအိမ်တွင်းမှ ထွက်လာသည်ကို မြင်သည်။

ဟန်မူယဲ့အား မြင်လျှင် သူက ပြုံးလျက် နှုတ်ဆက်ကာ ထွက်သွား၏။

သူသည် အကြီးအကဲတောက်ရင်ထံသို့ မကြာမကြာ လာလည်တတ်၏။

အကြီးအကဲတောက်ရင်ကလည်း သူ၏တပည့်အပေါ် အနည်းငယ် အပြစ်ရှိသလို ခံစားရရာ ကျင့်ကြံခြင်းများနှင့် ပတ်သက်၍ ဆရာစားမချန် သင်ပေးတတ်သည်။

၎င်းက စုယွမ်အား ပို၍ ကြိုးစားကျင့်ကြံဖြစ်စေသည်။

ဟန်မူယဲ့ကား အနည်းငယ် စိတ်ပျက်မိသည်။ သူသည် စုယွမ်အပေါ် အကျိုးဆောင်မှတ် တစ်ထောင် အကြွေးရစရာ ရှိသော်လည်း တောင်းရန် အဆင်မပြေ ဖြစ်နေသည်။

သူက မီးလောင်ပြင်ဓားသိုင်းအား တတ်မြောက်ထားသည်ကို တခြားလူများ မသိစေလိုပါ။

သို့သော်လည်း သူသည် သရုပ်ပြခန်းဆောင်သို့ မကြာမကြာ သွားရောက်လည်ပတ်ဖြစ်သည်။

ဓားသိုင်းများ ပိုမိုတတ်မြောက်လေလေ ‘ဓား ၁၀၀၀၀ တို့အိမ်အပြန်’ ကို ပိုမိုပြည့်စုံအောင် ကြံဆနိုင်လေ ဖြစ်သည်။

အခန်းထဲသို့ ရောက်သောအခါ ဟန်မူယဲ့သည် အစိမ်းရောင်ဆေးပေါင်းဖိုလေးအား ထုတ်ယူကာ စတင်၍ သန့်စင်သည်။

ဆေးပေါင်းဖိုထံမှ ဝိညာဉ်အဆင့်အငွေ့အသက်များကို သူ ရသည်။

ဟန်မူယဲ့က ချီဓာတ်များအား ဆေးပေါင်းဖိုထဲသို့ ပို့လွှတ်လျှင် ၎င်းသည် တဆတ်ဆတ် တုန်ခါလာသည်။

ကလင်…

တိုးညင်းသော အသံကို ကြားရသည်။ ဟန်မူယဲ့ မျက်လုံးပြူးသွား၏။

ဓားချီ…

ဆေးပေါင်းဖို၌ ဓားချီ ရှိနေသည်။

သည်လောကတွင် မိမိအပြင် ဓားချီဖြင့် ဆေးဖော်စပ်သူ နောက်တစ်ဦး ထပ်ရှိနေသေးသည်။

ဝုန်း…

ပုံရိပ်များ သူ၏အာရုံ၌ ပေါ်လာသည်။

All Chapters