← Chapters

ဒီကောင်လေးက ငါနဲ့ အာခီမီပညာကို ဆွေးနွေးဖို့ အဆင့်မှီလို့လား

Vol. 8 Ch. 112

ဒီကောင်လေးက ငါနဲ့ အာခီမီပညာကို ဆွေးနွေးဖို့ အဆင့်မှီလို့လား

Vol. 8 Ch. 112

ပိန်ပါးသော အဖိုးအိုတစ်ဦးသည် ဆေးပေါင်းဖိုထဲသို့ ဆေးအမယ်များအား ပစ်ထည့်နေ၏။

အတန်ကြာလျှင် ဆေးပေါင်းဖိုထဲ၌ ဆေးလုံးတစ်လုံး ဖြစ်ပေါ်လာသည်။

“နောက်ထပ် အရည်အသွေးမြင့်ဆေးလုံးတစ်လုံး”

အဖိုးအိုက သက်ပြင်းတစ်ချက်ချကာ နောက်ထပ်ဆေးလုံးများကို စတင်ဖော်စပ်သည်။

မြင်ကွင်းကား ရိုးရှင်းသည်။ ဟန်မူယဲ့သည် တူညီသော ဆေးအမယ်နှင့် နည်းစနစ်တို့ဖြင့် ထပ်ခါထပ်ခါ ဆေးဖော်စပ်သည်ကို မြင်ရသည်။

အကြိမ်တိုင်းတွင် အရည်အသွေးမြင့်ဆေးလုံးများကို ရ၏။

သူသည် သန့်စင်မြူနှင်းဆေးလုံးဖော်စပ်နည်းအား နားလည်သွားသည်။

သန့်စင်မြူနှင်းဆေးလုံးသည် ခန္ဓာကိုယ်အား သန့်စင်ကာ အဆိပ်အတောက်များအား ရှင်းလင်းပေး၏။ ဆေးလုံးမှာ သတ္တမအတန်းအစားဖြစ်၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အာခီမီပညာရှင်များထဲတွင်ပင် ထိုသို့သော ဆေးလုံးအား ဖော်စပ်နိုင်သူ သိပ်မရှိပါ။

သို့သော်လည်း ဟန်မူယဲ့၏အမြင်တွင် အဖိုးအို၏အာခီမီပညာမှာ သိပ်မဆိုးပါ။ အနည်းဆုံးအားဖြင့် ဖော်စပ်သည့်ဖြစ်စဉ်တစ်ခုလုံးသည် ချောမွေ့၏။

သို့သော်လည်း အဖိုးအိုသည် သူ၏အာခီမီကျွမ်းကျင်မှုနှင့်ပတ်သက်၍ အလွန်သဘောမကျ ဖြစ်နေဟန်ရသည်။ ဆေးတစ်ဖုံအား ဖော်စပ်ပြီးနောက်တွင် သူ၏အမူအရာက ပိုမို၍ စိုးရိမ်ပုံပေါ်လာ၏။

ဘန်း…

ဆေးပေါင်းဖိုထဲမှ အရည်အသွေးမြင့်ဆေးလုံးများအား ယူလိုက်ပြီးနောက်တွင် အဖိုးအိုသည် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားကာ ဆေးပေါင်းဖိုအား ကန်ထည့်လိုက်တော့သည်။

‘ဒါပဲလား…’

ကံကောင်းစွာပင် မြင်ကွင်းမှာ ထပ်ပြောင်းလဲသွားသည်။ အဖိုးအိုသည် ထပ်မံ၍ ဆေးလုံးဖော်စပ်ပြန်၏။

သည်တစ်ကြိမ် သူသည် ဓားချီများအား ဆေးပေါင်းဖိုထဲသို့ ပို့လွှတ်ရန် ရွေးချယ်ခဲ့သည်။

“ဒီလိုဆိုမှတော့ ငါ ကျန်းမင် ဓားပညာတွေကို လေ့ကျင့်ဖို့ မသင့်တော်တော့ဘူး။ ဒီ အသုံးမဝင်တဲ့ဓားချီတွေ… ဒါတွေကို ဆေးဖော်ဖို့ သုံးလိုက်တဲ့အတွက် ဘာမှ နှမြောနေစရာ မလိုဘူး”

အဖိုးအို၏မျက်လုံးများက စူးရှစွာဖြင့်ပင် ဓားချီများအား ဆေးပေါင်းဖိုထဲသို့ ပို့လွှတ်၏။

ဆေးပေါင်းဖိုသည် အဆက်မပြတ် တုန်ခါကာ အထဲမှ ဆေးအမယ်များမှာလည်း အမှုန့်များ ဖြစ်သွားသည်။

အဖိုးအိုကား လက်လျှော့လိုဟန် မတူ။ သူသည် ပိုမိုသော ဓားချီများအား ပို့လွှတ်လျှင် နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်မှ ဓားချီများအားလုံး ခမ်းခြောက်သွားတော့သည်။

“တကယ်လို့ ငါကျန်းမင်ဟာ သတ္တမအတန်းအစား အရည်အသွေးအမြင့်ဆုံး သန့်စင်မြူနှင်းဆေးလုံးကို မဖော်စပ်နိုင်ရင် အာခီမီကို လေ့လာတာ ဘာအသုံးဝင်ဦးမှာလဲ”

နောက်ဆုံးမြင်ကွင်းတွင် အဖိုးအို ကျန်းမင်သည် သူ၏ဆေးပေါင်းဖိုအား အနက်ရောင်ဝတ်လူတစ်ဦးထံ၌ ရောင်းချကာ ထွက်သွားတော့သည်။

“ကျန်းမင်… ကျောက်စိမ်းသစ်တောတောင်ကြားက တကိုယ်တော်ကျင့်ကြံသူ”

ဟန်မူယဲ့က တီးတိုးရေရွက်ကာ ထိုနာမည်အား မှတ်သားထားလိုက်သည်။

အာခီမီကို ပိုမိုနားလည်လာသောအခါ သူ ဖော်စပ်သော ဆေးလုံးများမှာ အဘယ်ကြောင့် အရည်အသွေး မြင့်မားသည်ကို ဟန်မူယဲ့ သိလာရ၏။

ဓားချီသည် ဆေးအမယ်များ၏အညစ်အကြေးများအား သန့်စင်နိုင်စွမ်း မြင့်မားကာ ဆေးလုံးများ ဖော်စပ်ရာတွင် သုံးပါက ဆေးလုံးများသည်လည်း အညစ်အကြေး သန့်စင်လာ၏။

တခြားအာခီမီပညာရှင်များအတွက်မူ သူတို့သည် ဆေးအမယ်များ၏အရည်အသွေးကို မြင့်မားအောင် ကြိုးစားသော်လည်း အများစုမှာ ထိုအချက်အား ပြည့်မှီအောင် မလုပ်နိုင်ကြပါချေ။

ဆေးပေါင်းဖို၏မှတ်ဉာဏ်များကို ကြည့်ရှုပြီးနောက်တွင် ဟန်မူယဲ့သည် ဆေးပေါင်းဖိုအား အလုံးစုံ သန့်စင်ပြီးစီးသွား၏။

ဆေးပေါင်းဖိုထံမှ အလင်းများ တဖျတ်ဖျတ် လက်နေသည်။

ဟူး…

ချီအားများ စီးဆင်းသွားလျှင် ဆေးပေါင်းဖိုသည် ပေဝက်ခန့် အချင်းပတ်လည်အရွယ်အစား ဖြစ်သွားကာ လေထဲ လှည့်ပတ်နေသည်။

နီရွှေရောင်ဓားချီသည် ဟန်မူယဲ့၏လက်မှ ထွက်ပေါ်လာကာ ဆေးပေါင်းဖိုထဲသို့ တိုးဝင်သွား၏။

ဓားချီသည် ဆေးပေါင်းဖိုထဲကို ဝင်သွားလျှင် ကြည်လင်သော ရေနွေးငွေ့အလင်းတန်းတစ်ခု ဖြစ်ပေါ်လာ၏။

ဟန်မူယဲ့သည် ဆေးအမယ်များအား ဆေးပေါင်းဖိုထဲသို့ စတင်ပစ်ထည့်၏။

တိမ်မြူချီဖြစ်စေ၊ စွမ်းအင်အသွင်ပြောင်းဆေးလုံးဖြစ်စေ သူသည် ဖော်စပ်သော နည်းလမ်းနှင့် အလွန်ရင်းနှီးပြီး ဖြစ်သည်။

ဆေးပေါင်းဖိုသည် ဓားချီများဖြင့် ဖုံးလွှမ်းသွားကာ မကြာခင် ဆေးအမယ်များ အမှုန့်ဖြစ်သွားသည်။

ထို့နောက်တွင် ဆေးလုံးအဖြစ် ပြောင်းလဲသွား၏။

ဖြစ်စဉ်ကား ချောမွေ့ကာ မြန်ဆန်သည်။

နေ့လည်ပိုင်းတွင် ဟန်မူယဲ့သည် တိမ်မြူချီဆေးလုံးအား ငါးကြိမ်၊ စွမ်းအင်အသွင်ပြောင်းဆေးလုံးအား နှစ်ကြိမ် ဖော်စပ်ထားပြီး ဖြစ်သည်။

တိမ်မြူချီဆေးလုံးအတွက် ဆေးပင်ဆေးမြစ်များမှာ အလွယ်တကူ ရှာတွေ့နိုင်၏။ စွမ်းအင်အသွင်ပြောင်းဆေးလုံးအတွက် ဆေးအမယ်များမှာ ပိုမိုတန်ဖိုးကြီးကာ ပိုင်စုကျန်း၌ များစွာ မရှိပေ။

သူဖော်စပ်ရရှိသော တိမ်မြူချီဆေးလုံးများအားလုံးမှာ အမြင့်ဆုံးအရည်အသွေးများ ဖြစ်ကြသည်။

ဆေးတစ်ဖုံစီတွင် ဝိညာဉ်အသွင်ပြောင်းဆေးလုံး သုံးလုံးစီ ရရှိကာ ထိုအထဲတွင် နှစ်လုံးစီမှာ အမြင့်ဆုံးအရည်အသွေး ဖြစ်သည်။

သာမန်အရည်အသွေးများကား မပါဝင်ပါ။

သူ အခန်းအပြင်ကို ထွက်လာသောအခါ ဟွမ်လောင်လျှိုနှင့် တခြားလူများအားလုံးမှာ စတင်စားသောက်နေကြပြီ ဖြစ်သည်။

ဟန်မူယဲ့က ဟွမ်လောင်လျှိုဘေး၌ ဝင်ထိုင်သည်။

ဝက်ပေါင်အား ကိုက်ဆွဲနေသော ခေါင်းဆောင်တောက်ရင်သည် ဟန်မူယဲ့အား ကြည့်ကာ မျက်မှောင်ကြုတ်သည်။

“မင်းက အာခီမီကို လေ့လာနေတာလား”

ဟန်မူယဲ့ ခေါင်းညိတ်သည်။

သူ့ကိုယ်မှ ဆေးနံ့များအား အနံ့ခံမိခြင်း ဖြစ်ပေမည်။

ဓားစံအိမ်တွင် ခွေးနှာခေါင်းဖြင့် နောက်ထပ်လူတစ်ယောက် ထပ်ရှိနေသေးသည်။

အရိုးအား စားပွဲပေါ်သို့ ပစ်တင်လိုက်ကာ ခေါင်းဆောင်တောက်ရင်က ဓားစံအိမ်အကြီးအကဲအား မေးသည်။

“ငါ မင်းနဲ့ စကားပြောရတော့မယ်”

“ကျင့်ကြံခြင်းမှာ အရေးအကြီးဆုံးက လောဘ မကြီးဖို့ပဲ”

“ဒီဝက်ပေါင်လိုပဲ… မင်းက တဖြေးဖြေး ဘေးသားတွေကနေပြီး ကိုက်ရမယ်။ မဟုတ်ရင် မင်းဟာ တစ်ခုလုံးကို အလွယ်တကူ ဝါးနိုင်မှာ မဟုတ်ဘူး”

“မင်းက ဒီသဘောတရားကို ဘာလို့ အစောကြီး မသင်ပေးထားတာလဲ”

ဓားစံအိမ်အကြီးအကဲက ပါးစပ်ဟကာ ဟန်မူယဲ့အား ကြည့်သည်။

ဟန်မူယဲ့က ခေါင်းယမ်းသည်။

ဓားစံအိမ်အကြီးအကဲက သူ့အား ထိုစကားများ တစ်ခါမှ မပြောဖူးခဲ့ပါ။

“မင်း ဘာဆေးလုံး ဖော်စပ်ခဲ့တာလဲ”

ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့အား မေးသည်။

“တိမ်မြူချီဆေးလုံးနဲ့ စွမ်းအင်အသွင်ပြောင်းဆေးလုံး…”

ဟန်မူယဲ့က ရိုးသားစွာ ပြောသည်။

ဟန်မူယဲ့၏စကားကို ကြားလျှင် ခေါင်းဆောင်တောက်ရင်က ခေါင်းယမ်းကာ ပြောသည်။

“ကြည့်ပါလား… မင်းက အောင်မြင်ဖို့ အလျင်လိုနေတာပဲ။ ဆေးလုံးတွေကို ဖော်စပ်တဲ့အခါ မင်းဟာ တစ်လှမ်းချင်း သွားရတယ်။ မင်းရဲ့ဆေးလုံးတွေအကြားက ကွာဟချက်က များလွန်းတယ်။ မင်းက ဘယ်လို အောင်မြင်မှာလဲ”

“မင်းက ဒီဆေးလုံးတွေကို ဖော်စပ်ချင်တာ အဲဒါတွေက တန်ဖိုးကြီးပြီးတော့ အရေအတွက်များများ လိုချင်လို့မလား”

“ချန်ကုန်း… ငါမင်းကို အပြစ်တင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက မင်းရဲ့တပည့်တွေကို သင်ပေးတဲ့နည်းလမ်းတွေက အတော်လေးညံ့တယ်”

ထို့နောက်တွင် ခေါင်းဆောင်တောက်ရင်က အံ့အားသင့်နေသော ဟွမ်လောင်လျှိုအား ကြည့်ကာ ပြောသည်။

“ကျန်းရှုံးပဲ မဆိုးဘူး… သူ့မှာ တည်ငြိမ်တဲ့စိတ်နေသဘောထားရှိတယ်”

ဟန်မူယဲ့သည် ဝါးနေသော အသားများမှာ အတော်လေးမာသည်ဟု ခံစားလာရသည်။

ညနေစာ စားပြီးနောက်တွင် ဆေးလုံးများ ဆက်ဖော်စပ်မည်ပြုနေသော ဟန်မူယဲ့အား ခေါင်းဆောင်တောက်ရင်က ပြောသည်။

“မင်းရဲ့ဆေးပေါင်းဖိုနဲ့ ဆေးအမယ်တွေကို တတိယထပ်သို့ ယူလာခဲ့”

‘ဘာကိုဆိုလိုတာလဲ’

ခေါင်းဆောင်သည်လည်း ဆေးဖော်စပ်ခြင်းကို နားလည်သည်လား။

ဟန်မူယဲ့၏အကြည့်ကို မြင်လျှင် သူက ဝင့်ကြွားစွာ ပြောသည်။

“ငါ ဂိုဏ်းထဲကို ရောက်ပြီး သိပ်မကြာခင်ပဲ ငါ့ကျင့်ကြံခြင်းကို အထောက်အပံ့ပြုဖို့အတွက် အာခီမီကို လေ့လာခဲ့တယ်”

“ငါ မင်းပြောတဲ့ဆေးလုံးတွေ မျက်လုံးမှိတ်ပြီးတောင် ဖော်စပ်လို့ရတယ်”

ဟန်မူယဲ့ ဓားစံအိမ်အကြီးအကဲအား ကြည့်သည်။

ခေါင်းဆောင်သည် ဂိုဏ်းသို့ ဝင်ပြီး မကြာမီ အာခီမီကို လေ့လာခဲ့သည်။ သူ လမ်းလွဲသွားခဲ့သည်များလား။

…

အခန်းထဲကို ပြန်ကာ ဆေးပေါင်းဖိုနှင့် ဆေးအမယ်များကို သိမ်းပြီး ဟန်မူယဲ့သည် တတိယထပ်သို့ တက်လာခဲ့သည်။

ဓားစံအိမ်အကြီးအကဲသည် သူတို့အမှုကိစ္စအားစိတ်မဝင်စားရာ သူ့ဘာသာ သီးသန့် သွားရောက်ကျင့်ကြံနေသည်။

ခေါင်းဆောင်တောက်ရင်သည် ပြင်တင်းပေါက်နားတွင် ရပ်ကာ ဟန်မူယဲ့အား ပြောသည်။

“မင်းမှာ ဖော်စပ်ထားတဲ့ ဆေးလုံးတွေ ရှိလား… ငါ ကြည့်ရအောင်…”

ဟန်မူယဲ့ တောင့်တင်းသွားသည်။

ရှိသည်၊ သို့သော် ၎င်းတို့အားလုံးမှာ အမြင့်ဆုံးအရည်အသွေးများ ဖြစ်ကြသည်။ အဆင့်အနိမ့်ဆုံးမှာ အရည်အသွေးမြင့်ဆေးလုံး ဖြစ်သည်။

“မင်း ဆေးလုံးတွေ မဖော်စပ်ဖူးသေးဘူးမလား။ ငါ သိတာပေါ့။ မင်းဆီမှာ ဆေးနံ့ပဲ ရတယ် မီးခိုးနံ့မရဘူး။ မင်းက သေချာပေါက် ဆေးမဖော်စပ်ဖူးသေးဘူး”

“ကျင်းယွမ်လို့‌ ခေါ်တဲ့ မိန်းကလေးဟာ မီးခိုးနံ့ ထောင်းထောင်းထနေတာပဲ။ ကလေးမရဲ့ အာခီမီပညာရပ်က သေချာပေါက် မဆိုးဘူး”

ဟန်မူယဲ့ မငြင်းနိုင်ပေ။

“ငါ့ကို ဆေးပေါင်းဖိုပေး။ ငါ မင်းကြည့်ဖို့ ဆေးနှစ်ဖုံစာ ဖော်ပေးမယ်”

အကြီးအကဲတောက်ရင်က လက်ဆန့်တန်းလျှင် ဟန်မူယဲ့က သူ့အား ဆေးပေါင်းဖိုနှင့် ဆေးအမယ်များ ပေးသည်။

ဟူး…

ဆေးပေါင်းဖိုသည် လေထဲတွင် လှည့်ပတ်လျှင် မီးတောက်များ စတင်ဖြစ်ပေါ်လာသည်။

မီးတောက်ဖြင့် အပူပေးရင်း ခေါင်းဆောင်တောက်ရင်၏အမူအရာက လေးနက်လာသည်။

သူက မီးတောက်စွမ်းအားကို ထိန်းချုပ်ကာ ဆေးအမယ်များအား ဆေးပေါင်းဖိုထဲသို့ အဆက်မပြတ် ပစ်သွင်းသည်။

“အာခီမီဟာ ဓားလေ့ကျင့်သလိုပဲ… စိတ်ရှည်ရတယ်…”

“မီးကို ထိန်းချုပ်တာဟာ ဓားကို ထိန်းချုပ်သလိုပဲ… ကြောက်စရာမလိုဘူး”

…

အကြီးအကဲတောက်ရင်သည် ကြွားဝါနေခြင်း မဟုတ်ပါ။ သူ၏အာခီမီပညာရပ်သည် အမှန်တကယ် ကောင်းမွန်၏။

၁၅မိနစ်ခန့် အကြာတွင် တိမ်မြူချီဆေးလုံးများအား ရသည်။

အားလုံးမှာ အရည်အသွေးမြင့်ဆေးလုံးများ ဖြစ်ကြသည်။

“ဘယ်လိုလဲ… မင်း နားလည်ပြီမလား။ အာခီမီပညာရပ်ကို ကျွမ်းကျင်ရင် မင်းဟာ ဆေးတစ်ဖုံမှာ အရည်အသွေးမြင့် ဆေးလုံးငါး ရနိုင်တယ်။ အခုဆေးပေါင်းဖိုထဲမှာဆိုရင် ဆေးလုံးသုံးလုံးရှိတယ်”

“အရင်တုန်းကဆို ငါဟာ တခြားလူတွေထက် ဆေးလုံးများများ ဖော်စပ်ရနိုင်ပြီးတော့ အရည်အသွေးကလည်း ပိုမြင့်တယ်။ ဒါကြောင့်ပဲ ဝိညာဉ်ကျောက်တုံးကို စိတ်ပူစရာမလိုဘဲ ဒီအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာ”

ခေါင်းဆောင်တောက်ရင်က ဝင့်ကြွားစွာ ပြောသည်။

ဟန်မူယဲ့ အလျင်အမြန် ခေါင်းညိတ်သည်။

“ကောင်းပြီ… စွမ်းအင်အသွင်ပြောင်းဆေးလုံးကတော့ နည်းနည်းခက်တယ်။ မင်း သေချာကြည့်ဖို့ လိုတယ်”

ဟန်မူယဲ့၏နာကျင်သော အကြည့်အောက်တွင် အကြီးအကဲတောက်ရင်သည် စွမ်းအင်အသွင်ပြောင်းဆေးလုံးအား ဖော်စပ်ပြ၏။

ဟန်မူယဲ့တွင် စွမ်းအင်အသွင်ပြောင်းဆေးလုံးအတွက် ဆေးသုံးဖုံစာသာ ရှိသည်။

ပိုင်စုကျန်းက ထိုမျှ ဆေးအမယ်များ ရရှိရန် အတော်လေး အားထုတ်ခဲ့ရ၏။

ခေါင်းဆောင်တောက်ရင်၏လက်မှ မီးတောက်များ ဖြစ်ပေါ်လာသည်။

ထိုဆေးတစ်ဖုံအား ဖော်စပ်ရန် ခေါင်းဆောင်တောက်ရင်သည် နာရီဝက်ခန့် ကြာသည်။

ဆေးလုံး၂လုံး၊ တစ်လုံးမှာ အရည်အသွေးမြင့်ဆေးလုံး။

“ကြည့်… အရည်အသွေးမြင့်ဆေးလုံးတစ်လုံးပါတော့ မင်းက တခြားလူတွေထက် ပိုပြီးတော့ အကျိုးအမြတ်ရသွားတာပေါ့”

ဆေးလုံးနှင့် ဆေးပေါင်းဖိုများအား ဟန်မူယဲ့ကို ကမ်းပေးကာ ခေါင်းဆောင်တောက်ရင်က ဝင့်ကြွားစွာ ပြောသည်။

“အာခီမီက အပိုဝင်ငွေရဖို့အတွက်ဆို မဆိုးဘူး။ ကြည့်ပါလား… အချိန်တိုအတွင်း ငါ မင်းအတွက် ဝိညာဉ်ကျောက်တုံး ၁၀၀၀ လောက် ရှာပေးပြီးပြီ”

ခေါင်းဆောင်တောက်ရင်၏အမြင်တွင် သူ၏ကူညီပေးမှုသည် အလွန်ရက်ရောနေပြီး ဖြစ်သည်။

ဟန်မူယဲ့သည် ဓားစံအိမ်အကြီးအကဲ၏တိုက်ရိုက်တပည့် မဟုတ်ပါက သူသည် ဟန်မူယဲ့အား လမ်းညွှန်ပေးရန် စိတ်ဝင်စားမည် မဟုတ်ပေ။

ဟန်မူယဲ့၏မျက်နှာတွင် မသက်သာသော အမူအရာ ဖြစ်ပေါ်လာသည်။

သူသည် ခေါင်းဆောင်တောက်ရင်အား ဆေးဖော်ခိုင်းခြင်းကြောင့် ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီ ဆုံးရှုံးခဲ့သည်။

“ဟုတ်ပြီ… မင်း ဆေးဖော်တာ ကြည့်ရအောင်…”

ဟန်မူယဲ့လက်ထဲမှ လက်ကျန်ဆေးအမယ်များအား ကြည့်ကာ ခေါင်းဆောင်တောက်ရင်က မေးသည်။

ခေါင်းဆောင်တောက်ရင်ရှေ့တွင် ဆေးဖော်ရမည်လား။

ဟန်မူယဲ့ တွန့်ဆုတ်နေသည်။

“ကောင်းပါပြီ ခေါင်းဆောင်… ကျွန်တော် တစ်ခုတော့ မေးလို့ရမလား… ဓားချီကို အာခီမီနဲ့ပေါင်းစပ်လို့ရလား”

ဟန်မူယဲ့က ဓားချီအာခီမီပညာရပ်နှင့်ပတ်သက်၍ ခေါင်းဆောင်တောက်ရင်၏အမြင်ကို သိလိုသည်။

“ဓားချီနဲ့ပေါင်းစပ်တာလား”

ခေါင်းဆောင်တောက်ရင်က အံ့အားသင့်သွားပြီးမှ ပြောသည်။

“သေချာတာပေါ့… ဓားချီက ဆေးလုံးအရည်အသွေးကို ပိုမြင့်စေတယ်။ အဲဒါက အမြင့်ဆုံးအရည်အသွေးကိုတောင် ရနိုင်သေးတယ်”

ခေါင်းဆောင်တောက်ရင်၏စကားက ဟန်မူယဲ့အား ဝမ်းသာစေသည်။

ခေါင်းဆောင်ကား အာခီမီပညာရပ်၌ အမှန်တကယ် ဗဟုသုတ ကြွယ်ဝ၏။

“ဒါပေမဲ့ မင်း တွေးမိလား”

အဖိုးကြီးက သူ့အား ကြည့်ကာ ထူးမခြားနားစွာ ပြောသည်။

“ဓားချီတစ်စက ဘယ်လောက်တန်ကြေးရှိလဲ မင်း သိလား”

ဓားချီတစ်စသည် မည်မျှ တန်ကြေးရှိသနည်း။

ဟန်မူယဲ့ အမှန်တကယ် မသိပါ။

သူ့အမူအရာကို ကြည့်ကာ ခေါင်းဆောင်တောက်ရင်က ပြောသည်။

“ဓားချီတစ်စဟာ ဝိညာဉ်ကျောက်တုံး ၁၀၀၀ တန်ဖိုးရှိတယ်။ တချို့ဆို ဓားချီကို စုပ်ယူနိုင်တဲ့ ဓားချီကျောက်တုံးတွေ ဖန်တီးပြီးတော့ ရောင်းကြတယ်”

ဓားချီတစ်စသည် ဝိညာဉ်ကျောက်တုံး ၁၀၀၀ လား။

ထိုမျှ တန်ဖိုးကြီးသည်လား။

“ဓားချီတိုင်းဟာ ဓားသမားတွေပဲ ကျင့်ကြံပြီး မွေးထုတ်နိုင်တယ်။ ဒါက ဝိညာဉ်ကျောက်တုံးနဲ့တောင် တန်ဖိုးဖြတ်မရဘူး”

ခေါင်းဆောင်တောက်ရင်က လေးနက်သော အမူအရာဖြင့် ပြောသည်။

ဟန်မူယဲ့ ယုံကြည်သည်။

မော့ယွမ်သည် အပြင်စည်းဂိုဏ်း၌ နှစ် ၂၀၀ ကျင့်ကြံခဲ့သော်လည်း သူ၏ကိုယ်ပိုင်ဓားဆန္ဒကို မမွေးဖွားနိုင်ခဲ့ပေ။

ဒုတိယထပ်တွင် ဝိညာဉ်တစ်ဝက်ဓား အများအပြား ရှိသော်လည်း အနည်းစုသာ ဓားဆန္ဒ ရှိသည်။ ဓားဆန္ဒနှင့် ဓားချီများ မည်မျှ ရှားပါးသည်ကို မြင်တွေ့နိုင်၏။

ခေါင်းဆောင်တောက်ရင်၏စကားမှ ဓားချီများ မည်မျှ တန်ဖိုးရှိသည်ကို ဟန်မူယဲ့ နားလည်လာသည်။

သူက ဓားချီများကို သုံးကာ ဆေးဖော်စပ်ခြင်းက အတော်လေး ဖြုန်းတီးရာ ရောက်ပေသည်။

“ကောင်လေး… သိပ်အတွေးများမနေနဲ့… မင်း ဆေးမဖော်တတ်ရင်လည်း ရတယ်။ ငါက မင်းမှာ ဘာပြဿနာရှိနေလဲ မြင်တာပေါ့”

ခေါင်းဆောင်တောက်ရင်က စိတ်မရှည်စွာ ပြောသည်။

“ကျန်းရှုံးကို ငါ သဘောကျတယ်။ သူက ဘယ်တော့မှ မတွန့်ဆုတ်ဘူး။ သူက မကျင့်ကြံဘူးပြောရင် မကျင့်ကြံတော့ဘူးပဲ”

သည်လူ၏အတွေးများက အတော်လေး ထူးဆန်းသည်ဟု ဟန်မူယဲ့ ခံစားနေရသည်။

သူနှင့် ခေါင်းဆောက်တောက်ရင်တို့သည် သိပ်မအပ်စပ်ဟန်ရသည်။

သို့မဟုတ် သူ၏ခရမ်းမီးတောက်ကို ခိုးယူခဲ့သောကြောင့် မကြေမနပ် ဖြစ်နေသည်များလား။

ကူရာမဲ့စွာဖြင့် ဟန်မူယဲ့သည် ဆေးဖော်စပ်ရန် ပြင်လိုက်သည်။

သူသာ သာမန်နည်းလမ်းဖြင့် ဆေးဖော်စပ်ပါက သေချာပေါက် ဆုံးရှုံးပေတော့မည်။

“လုကော ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်ပါတယ်”

ထိုအခိုက်တွင် လုကော၏အသံ အောက်ထပ်မှ ထွက်ပေါ်လာသည်။

“လုကော… မင်းရဲ့ သစ္စာရှိမှုနဲ့ အလုပ်ကြိုးစားမှုက ဂိုဏ်းအတွက် ဝမ်းသာစရာပဲ”

ဂိုဏ်းချုပ်ကျင်းကျီက ပြောသည်။

ခဏအတွင်း ကျင်းကျီသည် တတိယထပ်သို့ ရောက်လာသည်။ သူက ခေါင်းဆောင်တောက်ရင်နှင့် ဟန်မူယဲ့အား မြင်လျှင် အံ့အားသင့်သွား၏။

ဟန်မူယဲ့လက်ထဲမှ ဆေးပေါင်းဖိုကို မြင်လျှင် ကျင်းကျီက ရယ်မောကာ ပြောသည်။

“မင်းက ခေါင်းဆောင်တောက်ရင်နဲ့ အာခီမီအကြောင်းတွေ ဆွေးနွေးနေတာလား”

“ဆွေးနွေးတာလား”

“ခေါင်းဆောင်တောက်ရင်ဟာ အာခီမီပညာမှာ ဗဟုသုတ ကြွယ်ဝတယ်။ မင်းတို့နှစ်ယောက်က ဝါသနာတူတွေပဲ”

‘ဆွေးနွေးသည်လား’

‘ဒီကောင်လေးက သူနှင့် အာခီမီဆွေးနွေးရန် အဆင့်မှီသလား”

ခေါင်းဆောင်တောက်ရင် မျက်မှောင်ကြုတ်သည်။ သူက စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဂိုဏ်းချုပ်ကျင်းကျီက ပြောသည်။

“ဟန်မူယဲ့… မင်းဖော်စပ်တဲ့ အမြင့်ဆုံးအရည်အသွေးဆေးလုံးတွေဟာ စုကျန်းဆေးဆိုင်သီးသန့်ဖြစ်နေတယ်။ ဆေးခန်းဆောင်က အကြီးအကဲတွေ ဒီကိစ္စကို မကြေနပ်ကြဘူး”

“ဒါက တိမ်မြူချီတစ်ခုတည်းဆို အဆင်ပြေသေးတယ်။ အခု ချီစုစည်းခြင်းအဆင့်က ဆေးလုံးရော ပါလာပြီ။ ဒါက ငါ့ကို ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ အခက်တွေ့စေတယ်”

All Chapters