အဆင့်၉ မှော်သားရဲ
Vol. 2 Ch. 19
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် အူသံတစ်ခု ထွက်ပေါ်မလာခင်အထိ ညကား ငြိမ်သက်နေခဲ့သည်။ အသံများက ယဲ့မိသားစုရဲတိုက် အပြင်ဘက်မှ လာသည်။ အူသံ၏ နောက်ဆက်တွဲအနေနှင့် နံရံများ တုန်ခါသွားသံလို မြည်ဟည်းသံများလည်း ထွက်ပေါ်လာသည်။
“ဘာတွေဖြစ်နေတာလဲ”
ဆူညံသံများကြောင့် ယဲ့မိသားစုဝင်များလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြကာ ရဲတိုက်အတွင်း မီးတိုင်များ ထွန်းညှိလိုက်ကြသည်။
“မှော် ... မှော်သားရဲတကောင်..”
“စိတ်ဝိညာဉ် သားရဲတစ်ကောင် ရဲတိုက်ထဲကို ကျူးကျော်လာတယ်”
အစောင့်တပ်သားများ၏ ဗျာများနေသော အော်ဟစ်သံများကြောင့် အိပ်ပျော်နေသူများလည်း အလန့်တကြား နိုးလာကြသည်။
သိပ်မကြာခင် အချိန်အတွင်း အခင်းဖြစ်ပွားရာသို့ လူရိပ်များ တဖွဲဖွဲ ရောက်ရှိလာကြသည်။ ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် အခြားသော ကျင့်ကြံဆင့််မြင့်သည့် မိသားစုဝင်များ ဖြစ်ကြသည်။
ယဲ့ချန်လည်း ရောက်ရှိလာသည်။ အခင်းဖြစ်ပွားရာသို့ မရောက်ခင်ကပင် ရဲတိုက်အတွင်း ကျူးကျော်လာသော စိတ်ဝိညာဉ်သားရဲကောင်အား လှမ်းမြင်ရသည်။ ဧရာမ ပုတ်သင်သားရဲကြီး ဖြစ်၏။
“ပုတ်သင်သားရဲအားလုံးပဲ ဒီသားရဲကြီးရဲ့ အဆိပ်ကို သတိထားကြ”
ယဲ့ချိန်ရွှမ်းက အော်ဟစ်သတိပေးလိုက်သည်။
ယဲ့ကျန့်ထျန်းသည် လေထဲသို့ ခုန်လိုက်ရင်း သားရဲကြီး၏ ဦးခေါင်းသို့ ဦးတည်လျက် ပြင်းထန်သော လက်ဝါးတစ်ချက် ထုတ်ဖော်လိုက်သည်။ လက်ဝါးချက်က ချက်ကောင်းသို့ ထိမှန်သော်လည်း ယဲ့ကျန့်ထျန်း၏ လက်ဝါးမှသည် လက်မောင်းအထိ ထုံကျင်သွားသည်ကိုသာ ခံစားလိုက်ရသည်။
ယဲ့ကျန့်ထျန်းသည် သားရဲကြီး၏ အင်အားကို နားလည်သွားပြီး အော်ပြောလိုက်၏။
“ဒီမှော်သားရဲက သာမန်ပုတ်သင်သားရဲ မဟုတ်ဘူး အဆင့်၉ မှော်သားရဲကြီး အားလုံး မထိခိုက်အောင် ဂရုစိုက်ကြ”
အဆင့်၉ သားရဲများသည် အန္တရာယ်များသော်လည်း တောင်တန်းဒေသ၏ တောနက်ပိုင်းတွင်သာ နေထိုင်ကြခြင်းဖြစ်ပြီး လူထူထပ်သော နေရာများသို့ လာလေ့မရှိပေ။ တွေးစရာရှိလာသည်မှာ အဆင့်၉ မှော်သားရဲတကောင်က ယဲ့မိသားစုရဲတိုက်ဆီသို့ မည်သည့်အကြောင်းကြောင့် ကျူးကျော်လာရသနည်း။
ယဲ့ကျန့်ထျန်း၏ လက်ဝါးချက်ကြောင့် သားရဲကြီး ဒေါသထွက်သွားဟန် ရသည်။ ရလဒ်အနေနှင့် သားရဲကြီးသည် ၎င်း၏ ဧရာမအမြီးကြီးအား အစွမ်းကုန် ဝှေ့ယမ်းလိုက်ရာ တိုက်ခိုက်နေသူ အများအပြား လွင့်ပျံထွက်သွားကြသည်။
အခြေအနေကား လုံးလုံးလျားလျား ရှုပ်ထွေးသွားသည်။ ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းကဲ့သို့ ကျင့်ကြံဆင့်မြင့်သူများက အလျင်အမြန် ရှောင်တိမ်းနိုင်ကြသော်လည်း အများစုမှာ နောက်သို့ တဆုတ်တည်း ဆုတ်နေရသည်။
ယဲ့မိသားစုမှ ကျင့်ကြံသူများသည် တစ်နှစ်တွင် ၃၊ ၄ကြိမ်ခန့် မှော်သားရဲများနှင့် တိုက်ခိုက်ဖူးကြသော်လည်း ၎င်းတို့တိုက်ခိုက်ဖူးသည့် အစွမ်းအထက်ဆုံး မှော်သားရဲမှာ အဆင့်၇ မျှသာ။ အဆင့်၉ ပုတ်သင်သားရဲကြီးကား ယဲ့မိသားစုဝင်များ တတ်နိုင်သော အကန့်အသတ်ထက် ကျော်လွန်နေ၏။
ကံကောင်းထောက်မစွာ ယဲ့မိသားစုရဲတိုက်တွင် အဆင့်မြင့် မှော်သားရဲများအတွက် တပ်ဆင်ထားသော ထောင်ချောက်တချို့ ရှိနေသည်။
“သားရဲကြီးကို ထောက်ချောက်ဆီကို မျှားခေါ်သွားကြ”
ယဲ့ကျန့်ထျန်းက တိုက်ခိုက်နေရင်း အမိန့်ပေးလိုက်သည်။
“ခေါင်း … ခေါင်းဆောင် ... တစ်ယောက်ယောက်က ရဲတိုက်ထဲက ထောင်ချောက်တွေကို ဖျက်ဆီးသွားတယ် ထောင်ချောက်အောက်ခြေက လောင်စာတွေတောင် စလောင်နေပြီ”
မိသားစုဝင် တစ်ယောက်က အထိတ်ထိတ် အလန့်လန့်နှင့် တင်ပြလာသည်။
ယဲ့ကျန့်ထျန်း၏ မျက်ခုံးများမှာ ထိစပ်လုမတတ် မှောင်ကြုတ်သွားပြီး ဒေါသကြောင့် အသက်ရှူသံများပင် ပြင်းထန်လာသည်။
“ကျန့်လုံ ... ယဲ့မော့ယန်ဘယ်မလဲ ဝေးဝေးမပြေးနိုင်ခင် သွားရှာပြီး ဖမ်းလာခဲ့”
ယဲ့ကျန့်ထျန်းက ယဲ့ကျန့်လုံအား အမိန့်ပေးလိုက်သည်။ ရဲတိုက်အတွင်း လျှို့ဝှက်စွာရှိနေသော ထောက်ချောက်အား တိတ်တဆိတ် ဖျက်ဆီးနိုင်သော အတွင်းလူဟူ၍ ယဲ့မော့ယန်အပြင် မရှိပေ။
လေးညှို့မှလွှတ်သော မြားတစ်စင်းကဲ့သို့ ယဲ့ကျန့်ထျန်းသည် ရဲတိုက်အတွင်းရှိ ထောင်ချောက်ဆီသို့ အခြေအနေကြည့်ရန် ပြေးသွားလိုက်သည်။ ထောင်ချောက်အောက်ခြေရှိ လောင်စာများမှာ မီးဟုန်းဟုန်း တောက်လောင်နေပြီဖြစ်ကာ အဝေးမှကြည့်လျှင် မီးရေကန်ကြီးနှယ်။ ပုတ်သင်သားရဲများသည် မီးကြောက်သော သားရဲအမျိုးအစားဖြစ်ရာ မီးစွဲလောင်နေသော ထောင်ချောက်အနီးသို့ ကပ်တော့မည်မဟုတ်။ မျှားခေါ်လာရန်လည်း မဖြစ်နိုင်တော့ပြီ။ အခြေအနေကား ဆိုးလှသည်။
ထောင်ချောက်၏ အကူအညီ မရှိတော့လျှင် ယဲ့မိသားစုတွင် ရွေးချယ်စရာ နှစ်နည်းသာကျန်သည်။ လူအင်အားသုံးကာ အချိန်ယူ၍ ရဲတိုက်အတွင်း၌ပင် ပုတ်သင်သားရဲအား သတ်ပစ်မည်လော သို့မဟုတ် ပုတ်သင်သားရဲအား ရဲတိုက်အပြင်ဘက်သို့ အစွမ်းကုန် မောင်းထုတ်ပစ်မည်လော ဟူ၍။ ဘယ်နည်းကိုရွေးရွေး ပျက်စီးဆုံးရှုံးမှုများကတော့ ရှိမည်သာ။
မှော်သားရဲများသည် လူသားများထက် ကြံ့ခိုင်သန်စွမ်းပြီး ကျင့်ကြံဆင့်တူလျှင်ပင် အင်အားကပိုသည်။ လက်ရှိ ယဲ့မိသားစုတွင် အဆင့်၉ မှော်သားရဲနှင့် လက်ရည်တူသူ ဟူ၍ ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်း နှစ်ယောက်ပဲ ရှိသည်။
ဝှစ် ဝှစ် ဝှစ်
ရဲတိုက်အတွင်း တပ်ဆင်ထားသည့် ယန္တရားများမှ လျင်မြန်ထက်ရှသော မြားတံများက မိုးရွာချသည့်နှယ် ပုတ်သင်သားရဲကြီး၏ ခန္ဓာကိုယ်အား ထိမှန်သည်။ မြားချက်များကြောင့် ပုတ်သင်သားရဲကြီး၏ ခုခံနိုင်စွမ်းက တဖြည်းဖြည်း လျော့ပါးလာသည်။ သို့သော် သားရဲကြီး၏ အပြင်းအထန် လှုပ်ရှား ရုန်းကန်မှုများကြောင့် ရဲတိုက်အတွင်း ပျက်စီးမှုကလည်း မသေးပေ။
ပုတ်သင်သားရဲကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက ပြင်းထန်စွာ လှုပ်ခါလာသည်။ မိုးစက်မိုးပေါက်သဖွယ် မြားချက်များက မရပ်တန့်သောကြောင့် မထိန်းချုပ်နိုင်တော့သော ဒေါသများ ပေါက်ကွဲထွက်သွားပုံ ရသည်။ ထို့နောက် ရုတ်တရက်ဆိုသလို သားရဲကြီးသည် ယန္တရားများ တပ်ဆင်ထားရာ နေရာသို့ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးနှင့် ဝင်ဆောင့်လိုက်လေသည်။ ကြီးမားလှသော ခန္ဓာကိုယ်ကြီး၏ ပြင်းအားကြောင့် ယန္တရားသုံးခုခန့် ပျက်စီးသွားသည်။
ယဲ့ကျန့်ထျန်း ဒေါသပုန်ထသွားသည်။ ထိုလက်နက် ယန္တရားများသည် ယဲ့မိသားစု၏ အနာဂတ်ဖြစ်သည်။ အလွန်ငွေကုန်ကြေးကျ ခံထားရသော ယန္တရားများ မျက်စိရှေ့တွင် တစ်စစီ ဖြစ်သွားခြင်းကို ဘယ်သူက ဒေါသမထွက်ဘဲ နေပါမည်နည်း။
“ဒီ မိုက်မဲတဲ့သားရဲ”
ယဲ့ကျန့်ထျန်းသည် ဒေါသတကြီး ကြိမ်းမောင်းရင်း ပြင်းထန်သော လက်ဝါးရိုက်ချက်များအား ထုတ်ဖော်ကာ သားရဲကြီးထံ ခုန်ဝင်သွားသည်။
သားရဲကြီးသည် ယဲ့ကျန့်ထျန်း၏ ရိုက်ချက်အား အလွန်မာကျောသော ၎င်း၏ ဧရာမခေါင်းကြီးနှင့် ခံယူလိုက်သည်။ အသံကျယ်ကြီး တစ်ခုနှင့်အတူ ယဲ့ကျန့်ထျန်း တစ်ယောက် အနောက်ဘက်သို့ လွင့်စဉ်သွားပြီး ပါးစပ်မှလည်း သွေးတစ်ပွက် အန်ထွက်လာသည်။
ယဲ့မိသားစုဘက်က လူအင်အားများသော်လည်း သားရဲကြီး၏ ခန္ဓာကိုယ်မှာ မာကျောလှပြီး ခုခံအား အလွန်ကောင်းရာ ယခုထက်ထိ အနိုင်မယူနိုင်သေးဘဲ ရှိသည်။ ထျန်းချီအဆင့်၈၊ သို့မဟုတ် ထျန်းချီအဆင့်၉ ကျင့်ကြံသူများ အစွမ်းကုန် တိုက်ခိုက်လျှင်ပင် သားရဲကြီးအား ဒဏ်ရာအနည်းငယ် ရစေရုံသာ တတ်နိုင်ပြီး အသေသတ်နိုင်ဖို့က အလွန်ဝေးကွာ နေသေးသည်။
ရုတ်ရုတ်သဲသဲ အခြေအနေကြားထဲတွင် အဖြူရောင် ပုံရိပ်တခုသည် သားရဲကြီးနှင့် မလှမ်းမကမ်း နေရာတစ်ခုဆီသို့ ခုန်ဝင်သွားသည်ကို အားလုံး မြင်လိုက်ကြရသည်။
“ချန်အာ ဒီကိုဘာလာလုပ်တာလဲ မြန်မြန်ထွက်သွား”
ထိုနေရာနှင့် အနီးဆုံးတွင်ရှိနေသော ယဲ့ကျန့်ရှုံးမှာ အလွန် ထိတ်လန့်သွားပြီး အော်ဟစ်လိုက်သည်။ ယဲ့ကျန့်ရှုံး၏ အမြင်တွင် မိသားစုထဲရှိ ကျင့်ကြံဆင့် အမြင့်ဆုံးသူများပင် ခက်ခက်ခဲခဲ ရင်ဆိုင်နေရသော သားရဲကြီးအား ယဲ့ချန်အနေနှင့် လုပ်နိုင်တာ ဘာမှမရှိပေ။
“ဦးလေး ... ကျွန်တော် ဘာလုပ်နေလဲ ဆိုတာ ကိုယ့်ဘာကိုယ် သိပါတယ်”
ယဲ့ချန်သည် သူ့အား အနောက်ဘက်သို့ ဆွဲခေါ်ရန် လှမ်းဆွဲနေသော ယဲ့ကျန့်ရှုံး၏ လက်များကို အသာအယာ ရှောင်တိမ်းရင်း ဆိုသည်။
ထိုအချိန်တွင်ပဲ ယဲ့ကျန့်ရှုံးသည် ယဲ့ချန်၏ လက်မောင်းကြား၌ ရှိနေသော အထုပ်ကြီးကြီးတစ်ခုကို သတိထားမိသွားသည်။
“ဘာ ... ဘာကြီးလဲ”
ထိုအထုပ်သည် သတ္တုတွင်းတွင် အသုံးပြုရန် ယဲ့ချန်ဖန်တီးထားသော ယမ်းမှုန့်ထုပ် ဖြစ်သည်။ မော်ဒန်ခေတ်ကကဲ့သို့ ခေတ်မီသော ထုပ်ပိုးမှုဖြင့် ပြုလုပ်ထားခြင်း မဟုတ်သော်လည်း ပေါက်ကွဲအားကတော့ ခန့်မှန်းမရနိုင်လောက်အောင် ပြင်းထန်ပါ၏။
ဦးလေးဖြစ်သူ၏အာရုံ အထုပ်ဆီသို့ ရောက်နေတုန်း ယဲ့ချန်သည် အခွင့်အရေးယူကာ အလျင်အမြန် လှုပ်ရှားလိုက်သည်။ ယမ်းမှုန့်ထုပ်တွင် တပ်ဆင်ထားသော အကာအကွယ်(စနက်တံ)အား ဖြုတ်ကာ အလွန်ဖျတ်လတ်စွာဖြင့် သားရဲကြီးထံ ပြေးသွားလိုက်သည်။
“ချန်အာ ... ပြန်လာခဲ့”
ယဲ့ကျန့်ရှုံးသည် ငေးကြောင်နေရာမှ သတိဝင်လာပြီး ယဲ့ချန်၏ အဝတ်စအား လှမ်းဆွဲလိုက်ပါသော်လည်း လူငယ်လေးကား မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ယဲ့ချန်သည် လုံလောက်သော အကွာအဝေးတခုသို့ ရောက်သောအခါ လှပသော ခုန်ချက်တခုနှင့်အတူ ယမ်းမှုန့်ထုပ်အား ပုတ်သင်သားရဲ၏ ဝမ်းဗိုက်နားသို့ ချိန်ဆကာ ပစ်ပေါက်လိုက်သည်။
သားရဲကြီးသည် သူ့ထံ ပြေးဝင်လာသော ဘာမှန်းမသိသည့် အထုပ်အား အလေးမထားဘဲ အနီးဆုံးပစ်မှတ်ဖြစ်သော ယဲ့ချန်အား ပါးစပ်ကြီးဖြဲလျက် လှမ်းဟပ်လိုက်သည်။
ယဲ့ချန်သည် ပုတ်သင်သားရဲ၏ ပါးစပ်ကြီးအား ပွတ်ကာ
သီကာလေး ရှောင်တိမ်းလိုက်နိုင်သည်။ အကယ်၍ မရှောင်နိုင်ဘဲ အစ်ကိုက်ခံလိုက်ရပါက ယဲ့ချန်ကဲ့သို့ ထျန်းချီအဆင့်၆ ကျင့်ကြံသူလေး အနေနှင့် သေလမ်းကလွဲပြီး မရှိပေ။
“အားလုံး ... နောက်ဆုတ်ကြ”
ယဲ့ချန်သည် ရှောင်တိမ်းနေရင်းကပင် အော်ဟစ်လျက် သတိပေးလိုက်သည်။
ဘာတွေဖြစ်သွားမှန်း မသိလိုက်ကြသော လူတိုင်းလည်း ယောင်နနနှင့် အနောက်ဘက်သို့ တတ်နိုင်သမျှ ခုန်ဆုတ်လိုက်ကြသည်။
တစ်ဖက်တွင် ယဲ့ချန်သည် သားရဲကြီး၏ ပါးစပ်မှလွတ်ရန် ကမန်းကတန်း ရှောင်တိမ်းလိုက်ရသည်မို့ မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် လဲကျသွားသည်။ ရှုပ်ယှက်ခတ်နေသော လူများကြားတွင် ရှိနေသည့် ယဲ့လော့သည် ယဲ့ချန်၏ အကာအကွယ်မဲ့နေသော ပုံစံကို မြင်သည်တွင် သူမကိုယ်တိုင်၏ ဘေးကင်းရေးကိုပင် အလေးမထားနိုင်တော့ဘဲ ယဲ့ချန်ထံ အသည်းအသန် ပြေးလာလေသည်။
ဖြစ်ပျက်နေသော အခြေအနေကို ရှင်းပြနေရခြင်းက ကြာမြင့်သယောင် ထင်ရသော်လည်း တကယ်တမ်းတွင် ထိုအရာများအားလုံးက မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ဆက်တိုက် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
‘ယမ်းမှုန့်ထုပ်က ပေါက်ကွဲတော့မယ်’
ယဲ့ချန် ထိုသို့တွေးလိုက်ရုံရှိသေး သူ့ထံသို့ ပြေးလာနေသော ယဲ့လော့အား တွေ့လိုက်ရသည်။ စိုးရိမ်စိတ်ကြောင့် ရုတ်တရက် သူ ဘာမှ မတွေးနိုင်တော့လောက်အောင် ထူပူသွားသည်။ အနီးသို့ ရောက်နေပြီဖြစ်သော ယဲ့လော့၏ လက်ကလေးအားဆွဲကာ မြေပြင်ပေါ်သို့ လဲကျစေလိုက်ပြီး အပေါ်မှ သူ့ခန္ဓာကိုယ်နှင့် အုပ်မိုးကာ ကာကွယ်ပေးလိုက်သည်။
ဘန်း…
မဟာပထဝီဝင် မြေကြီးကိုပင် တသိမ့်သိမ့် တုန်ခါသွားစေသော မြည်ဟည်းသံကြီးကြောင့် လူတိုင်း ကြောက်လန့်တကြားနှင့် နားနှစ်ဖက်အား လက်ဖြင့်အုပ်ကာ မြေပြင်ပေါ် ပြားပြားဝပ်လိုက်ကြသည်။ ပေါက်ကွဲမှုနှင့် အလှမ်းဝေးသော နေရာတွင် ရပ်နေသူများပင် မမြင်နိုင်သော တွန်းအားတစ်ခုကြောင့် မြေပြင်ပေါ် ခွေယိုင်လဲသွားကြ၏။
ပုတ်သင်သားရဲ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ အသားစများအဖြစ် ပေါက်ကွဲလွင်စဉ်သွားပြီး အသက်မထွက်ခင် ဆန့်တငင်ငင် အူနေသော အသံကြီးမှာ ချောက်ချားဖွယ်အတိ။
ထိတ်လန့်ဖွယ်ဖြစ်ရပ်မှ ပထမဆုံး သတိပြန်ဝင်လာသော ယဲ့ချိန်ရွှမ်းသည် ပုတ်သင်သားရဲကြီးထံ အလျင်အမြန် ခုန်ပျံသွားလိုက်ပြီး နောက်ဆုံးဇီဝိန်အား ချုပ်ငြိမ်းပေးလိုက်သည်။ ဘုန်းခနဲ အသံကျယ်ကြီးနှင့်အတူ ပုတ်သင်သားရဲကြီး၏ ဧရာမခေါင်းကြီးသည် မြေပြင်ပေါ် ပြုတ်ကျသွားတော့၏။
ကနဦးတိုက်ပွဲတွင် ဒဏ်ရာရသွားသော မိသားစုအတွင်းမှ ကျင့်ကြံသူများသည် မြေပြင်ပေါ်မှ မထနိုင်ကြသေး။ အခြား ထိခိုက်မှုနည်းသော မိသားစုဝင်များ၏ အကူအညီနှင့် ဖြည်းဖြည်းချင်း ထရပ်လာနိုင်ကြသည်။
ယဲ့ချန်သည် သူ့ရင်ဘတ်အောက်မှ နူးညံ့သော အသက်ရှူသံလေးကြောင့် သတိပြန်ဝင်လာ၏။ အစောပိုင်းက ပေါက်ကွဲမှုကြောင့် စိုးရိမ်စိတ်များသွားပြီး သူ့အပြုအမူနှင့် ပတ်သက်၍ အသေအချာ စဉ်းစားချိန်မရခဲ့။ ယခု အန္တရာယ်များသော အချိန်အခိုက်အတန့်ကို ကျော်လွန်သွားချိန်တွင်တော့ ယဲ့လော့အား သူ့ရင်ခွင်အတွင်း တင်းကျပ်စွာ ပွေ့ဖက်ထားမိကြောင်း သတိဝင်သွားသည်။
သူတို့နှစ်ဦး၏ မျက်နှာနှစ်ခုသည် ထိစပ်လုမတတ် နီးကပ်နေကြသည်။ တစ်ဦး၏ ဝင်သက်ထွက်သက်အား အခြားတစ်ခုမှ ခံစားနိုင်သည်အထိ နီးကပ်နေကြသည်။ သူမ၏ ပါးနုနုလေးပေါ်ရှိ အလွန်နူးညံ့ပုံရသော မွေးညင်းနုလေးများကိုပင် အသေးစိတ် မြင်နေရသော ထိုကို့ရိုးကားရား အခြေအနေတွင် ယဲ့ချန် လှုပ်ပင် မလှုပ်ရဲတော့။
“အ ... အစ်ကိုချန် ... အခု ထလို့ရပြီလားဟင်”
ယဲ့လော့၏ ဝိုင်းစက်နေသော မျက်လုံးလေးများထဲတွင် ရှက်ရွံ့မှုတို့ ပြည့်နှက်နေပြီး ပါးပြင်နှစ်ဖက်သည်လည်း မက်မွန်ပွင့်လေးများသဖွယ် ပန်းရောင် ပြေးနေကြသည်။ သူမ၏ သွယ်လျသော ပေါင်တံနှစ်ခုကြားတွင် လာထောက်နေသော တစ်စုံတစ်ရာအား သတိပြုမိသွား၍ ယဲ့လော့မှာ ပိုမို ရှက်သွေးဖြာသွားကာ နှလုံးခုန်သံများ ထိန်းမရအောင် မြန်လာသည်။
“အာ ... ရုတ်တရက် ဖြစ်သွားတဲ့ အခြေအနေကြောင့်ပါ တခြား ဘာကိုမှ မရည်ရွယ်ပါဘူး လော့အာ အစ်ကိုတောင်းပန်ပါတယ်”
ယဲ့ချန်သည် ယဲ့လော့ကိုယ်ပေါ်မှ အလျင်အမြန် ခုန်ထလိုက်ကာ စကားများပင် ထစ်ကုန်သည်။ မြေပြင်သို့သာ အကြည့်လွှဲထားမိပြီး ယဲ့လော့ထံ စေ့စေ့မကြည့်ရဲတော့။
“လော့အာ နားလည်ပါတယ် အစ်ကိုချန့်ကို အပြစ်မတင်ပါဘူး”
ယဲ့လော့က နူးညံ့စွာပြောရင်း ယဲ့ချန်အဝတ်များတွင် ကပ်ငြိနေသော ဖုန်မှုန့်များကို လက်နှင့် အသာအယာ ဖယ်ပေးသည်။
ယဲ့လော့၏ စကားတစ်လုံးချင်းစီ၌ ယဲ့ချန်၏ နှလုံးခုန်သံများ လိုက်ပါ လှုပ်ရှားသွားသည်။ ရုတ်တရက် ထူးဆန်းသော ခံစားချက်တမျိုးက သူ့နှလုံးသားထဲ စတင်ဝင်ရောက်လာပြီး အမြစ်တွယ်သွားသယောင်။
ဘယ်အချိန်အထိ မခွဲမခွာ ရှိနေနိုင်မလဲဆိုတာတော့ မသေချာပေမဲ့ ဒီကောင်မလေးနဲ့သာဆိုရင် လောကကြီးထဲက မတည်မြဲခြင်း တရားတွေကို အတူတူ ကျော်လွှားချင်မိပါရဲ့။
***