ယွင်ရိရွှမ် လာလည်ခြင်း
Vol. 2 Ch. 20
မှော်သားရဲကြီး ကျူးကျော်လာသော ဖြစ်ရပ်တွင် ယဲ့မိသားစု၌ ဒဏ်ရာရသူများ မနည်းပေ။ ရှုပ်ယှက်ခတ်သွားသော အချိန်အတွင်း ၃ယောက်သေဆုံးပြီး ၃၆ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ ၁၀၆ယောက်က မပြင်းထန်သော ဒဏ်ရာများ ရခဲ့သည်။
သေဆုံးသူမှာ ၃ယောက်သာ ရှိသော်လည်း မသေသင့်ဘဲ သေသွားရခြင်းဖြစ်ရာ မိသားစုဝင်များအားလုံး မျက်နှာမကောင်းကြပေ။
“ယဲ့မော့ယန်ဆိုတဲ့ ခွေးကောင် ဘယ်မလဲ”
ယဲ့ကျန့်ထျန်း ဒေါသတကြီးနှင့် အော်လိုက်သည်။
“ခေါင်းဆောင် ... ယဲ့မော့ယန် လွတ်သွားပါတယ် သူတင်မကဘူး ပြစ်ဒဏ်စီရင်ရေးခုံရုံးမှာ အကျဉ်းချထားတဲ့ သူ့သား ယဲ့ခုံးယန်လည်း လွတ်သွားပါတယ်”
“ဒီခွေးကောင်”
ယဲ့ကျန့်ထျန်း၏ ဒေါသများ ပေါက်ကွဲထွက်လာသည်။
“အခုကစပြီး ယဲ့မော့ယန်နဲ့ သူ့သားကို ယဲ့မိသားစုဝင် စာရင်းကနေ တရားဝင် ပယ်ဖျက်လိုက်ပြီ တကယ်လို့ ... မိသားစုထဲက တစ်ယောက်ယောက်က သူတို့နဲ့ ခိုးဝှက်ဆက်သွယ်ရဲရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ် တစ်နေ့နေ့မှာ မိသားစုထဲက ဘယ်သူမဆို သူတို့နှစ်ယောက်ကို တွေ့ခဲ့ရင် စုံစမ်းမေးမြန်းခြင်းမရှိဘဲ တိုက်ရိုက် သတ်ဖြတ်နိုင်တယ်”
မိသားစုဝင်များအားလုံး ယဲ့ကျန့်ထျန်း၏ အမိန့်အား သံပြိုင် ထောက်ခံလိုက်ကြသည်။
ပုတ်သင်သားရဲ ကျူးကျော်လာရခြင်း၏ အဓိကတရားခံမှာ ယဲ့မော့ယန်ဖြစ်ကြောင်း သံသဃဝင်စရာ မရှိပေ။ ယဲ့မော့ယန်၏ ကျင့်ကြံဆင့်လေးနှင့် ပုတ်သင်သားရဲကဲ့သို့ အဆင့်၉ မှောသားရဲအား တောင်တန်းဒေသမှ မည်သို့မည်ပုံ ဖြားယောင်း ခေါ်ဆောင်လာခဲ့သည်ကို မသိသော်လည်း ယဲ့ခုံးယန် လွတ်မြောက်ရေးအတွက် ယဲ့မော့ယန်က ဤသို့အရှုပ်အထွေးမျိုး ဖန်တီးခဲ့ခြင်း ဖြစ်တန်ရာ၏။ ယဲ့ချန်၏ ဝင်ရောက် ကယ်ဆယ်မှုကြောင့်သာ မဟုတ်ပါက မိသားစုရဲတိုက်အတွင်း ပျက်စီးဆုံးရှုံးမှုများ ယခုထက် ပိုများမည်မှာ မလွဲပင်။
အဆိုးထဲမှအကောင်း အနေနှင့် ပုတ်သင်သားရဲကြီး၏ ခန္ဓာကိုယ်သာ ကျန်သည်။ သားရဲကြီး၏ ခန္ဓာကိုယ်သည် အသားစများအဖြစ် ပေါက်ကွဲသွားသည် ဆိုသော်ငြား အသုံးဝင်သော အစိတ်အပိုင်းများစွာက အကောင်းအတိုင်း ကျန်နေသေးသည်။ ယနေ့ခေတ်အခါတွင် အဆင့်၇ သို့မဟုတ် အဆင့်၈ မှော်သားရဲများကို အမဲလိုက်နိုင်ခြင်းကပင် အောင်မြင်မှုကြီး တစ်ရပ်အဖြစ် ယူဆနိုင်ရာ အဆင့်၉ မှော်သားရဲဆိုပါက အတိုင်းထက်အလွန်ပင်။ ပုတ်သင်သားရဲကြီး၏ အရေပြားကို ချပ်ဝတ်တန်ဆာများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ပြီး အတွင်းကလီစာများအား ဆေးလုံးဖော်စပ်ရာ၌ သုံးနိုင်သည်။ ထို့ပြင် အဆင့်၈နှင့်အထက် မှော်သားရဲများ အားလုံး၏ ကိုယ်ထဲတွင် စွမ်းအင်လုံး တစ်လုံးစီ ရှိကြသည်။ အဆင့်၉ မှော်သားရဲတစ်ကောင်၏ စွမ်းအင်လုံးအား အနည်းဆုံး ချီစုဆောင်းဆေးလုံး ၂၀၀နှင့် လဲလှယ်နိုင်သည်။
ပင်မခန်းမထဲ၌..။
“ချန်အာ ... ခုဏတုန်းက ပုတ်သင်သားရဲကြီးကို သတ်ဖို့ သုံးလိုက်တဲ့ပစ္စည်းက ဘာပစ္စည်းများလဲ”
ယဲ့ချိန်ရွှမ်းက စိတ်ဝင်တစား မေးသည်။ သူ့လို အတွေ့ အကြုံများသူတစ်ယောက် အတွက်ပင် ထိုဘာမှန်းမသိသည့် အထုပ်မှ ထွက်ပေါ်လာသော ပေါက်ကွဲအားက ကြောက်မက်ဖွယ် ကောင်းလွန်းသည်။
“အဲဒါက ယမ်းမှုန့်လို့ခေါ်တယ်”
ယဲ့ချန်က ပြန်ဖြေ၏။
“ယမ်း ... မှုန့် ... ”
“အဲဒါက ... အင်း ... ပြောရရင် ဘိုးဘေးကြီး သင်ပေးသွားတဲ့ အရာတွေထဲက တစ်ခုပါ ကျွန်တော့်အနေနဲ့ အသေးစိတ်ပြောပြခွင့် မရှိဘူး”
ယဲ့ချန်သည် တကယ်မရှိသည့် အိပ်မက်ထဲရှိ ဆံဖြူအဘိုးအိုကိုသာ နောက်တစ်ကြိမ် လွှဲချလိုက်သည်။ ယဲ့မိသားစု ဘိုးဘေးများအား ဆွဲထည့်မိသည့်အတွက် စိတ်ထဲမှ ကန်တော့ တောင်းပန်လိုက်ပါ၏။
တချို့သောကိစ္စများသည် တစ်သက်လုံး လျှို့ဝှက်ချက်အဖြစ် ရှိနေသည်ကသာ အကောင်းဆုံး ဖြစ်သည်ဟု ယဲ့ချန် ယုံကြည်သည်။
“ဒီလိုဆိုမှတော့ ... အဘိုးအနေနဲ့ ဆက်မေးလို့ မသင့်တော့ဘူးပဲ”
ယဲ့ချိန်ရွှမ်းက ခေါင်းတညိတ်ညိတ်နှင့် ပြောသည်။ ထိုယမ်းမှုန့်ဆိုသော အရာက မည်သို့သောပစ္စည်းမျိုး ဖြစ်ပါစေ ကြောက်မက်ဖွယ် ပြင်းသော သက်ရောက်မှုရှိသည်။ ပုတ်သင်သားရဲကြီး ပေါက်ကွဲသွားသော မြင်ကွင်းအား ယဲ့ချိန်ရွှမ်း ယခုထက်ထိ မြင်ယောင်နေသေးသည်။
“မိသားစုထဲမှာ အမိန့်ထုတ်ပြန်လိုက် ... ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို ဘယ်သူမှ စကားတစ်ခွန်း ဟခွင့်မရှိဘူး”
တစ်ခဏမျှ အကျိုးအကြောင်း စဉ်းစားပြီးနောက် ယဲ့ကျန့်ထျန်းက အမိန့်ပေးလိုက်သည်။
ပုတ်သင်သားရဲကြီးသည် ယဲ့မိသားစု၏ လက်ရှိ အကျပ်အတည်းအတွက် ကယ်တင်ရှင်ပင် ဖြစ်သွားခဲ့၏။ သိပ်မကြာခင် အချိန်တွင် ပုတ်သင်သားရဲကြီး၏ အင်္ဂါအစိတ်အပိုင်းများနှင့် စွမ်းအင်လုံးအား ချီစုဆောင်းဆေးလုံး ၃၀၀ခန့်ဖြင့် လဲလှယ်ရရှိလိုက်သည်။ သားရဲကြီး၏ အရေပြားကိုမူ မိသားစုတွင်းရှိ ပန်းပဲသမားများ၏ အကူအညီနှင့် အကာအကွယ် ချပ်ဝတ်များအဖြစ် ပြုလုပ်လိုက်ကြပြီး မိသားစုဝင်များထံ ခွဲဝေပေးလိုက်သည်။ ယဲ့ချန်ပင် တစ်ခု ရရှိ၏။
ချပ်ဝတ်သည် ပါးပါးလျပ်လျပ် ချပ်ချပ်ကပ်ကပ်နှင့် ပုံပန်းလှသကဲ့သို့ ကာကွယ်ပေးနိုင်စွမ်းလည်း မြင့်မားသည်။ သာမန် ဓားလှံလက်နက်များ တိုးမပေါက်သည့်အပြင် ထိုချပ်ဝတ်ကို ဝတ်ဆင်ထားသူအား ထျန်းချီအဆင့် ၇ နှင့် ထျန်းချီအဆင့် ၈ ကျင့်ကြံသူများသည်ပင် ဒဏ်ရာရအောင် မလုပ်နိုင်ပါ။ ထို့ပြင် ပါးလျပ်ကာ သက်တောင့်သက်သာ ရှိသော ပုံစံမျိုးဖြစ်သောကြောင့် ချပ်ဝတ်အား အောက်မှခံလျက် အပေါ်ဝတ်ရုံ ထပ်ဝတ်လိုက်ပါက ချပ်ဝတ် ဝတ်ထားကြောင်း ဘယ်သူမှ သိမည်မဟုတ်တော့။
ယဲ့ချန်သည် ပုံမှန် လုပ်ရိုးလုပ်စဉ် အရာများအား လုပ်ရင်းဖြင့် နေ့ရက်များကို ဖြတ်သန်းသည်။ တစ်ခါတစ်ရံ အဆင့်မြှင့်ထားသော ယမ်းမှုန့်ထုပ်များအား ကိုယ်ပိုင်ခြံဝန်းအတွင်း စမ်းသပ်နေတတ်သည်။ မိသားစုများသည်လည်း ဆက်ခံသူခြံဝန်းဘက်မှ ထွက်လာလေ့ရှိသော တဝုန်းဝုန်း တဒိုင်းဒိုင်း အသံများနှင့် အသားကျနေပြီဖြစ်ရာ ယခင်ကလောက် မထိတ်လန့်ကြတော့။ အခြားသောအချိန်များတွင် ယဲ့ချန်သည် ‘ငြိမ့်ညောင်းလေပြေ’နှင့် သိုင်းကျင့်စဉ်များကို တစ်လှည့်စီ လေ့ကျင့်သည်။ မိုးကြိုးအင်ပါယာ ကျင့်စဉ်အား လေ့ကျင့်စဉ်ကလောက် တိုးတက်နှုန်း မမြန်သော်လည်း သူ့အရှိန်နှင့်သူတော့ တိုးတက်လာနေသည်။ ယခုဆိုလျှင် ‘ငြိမ့်ညောင်းလေပြေ’ ပထမအဆင့်အား အောင်မြင်ရန် နီးစပ်လာပြီ ဖြစ်သည်။ လေ့ကျင့်ခြင်း၊ ယမ်းမှုန့်စမ်းသပ်ခြင်းတို့အား တစ်လှည့်စီလုပ်ရင်း ကြားချိန်များ၌ ယဲ့မုန့်၊ ယဲ့မင်တို့အပြင် အခြား မိသားစုတွင်းမှ လူငယ်လေးများကိုလည်း ကျင့်ကြံခြင်းလမ်းစဉ်နှင့် ပတ်သက်၍ လမ်းညွှန်ပြသ ပေးသေးသည်။
ယဲ့မိသားစု၏ တုန်းလင်ပြည်နယ်ရှိ ဆိုင်များအား ပိတ်လိုက်ရသော်လည်း မမျှော်လင့်ထားဘဲ ပုတ်သင်သားရဲကြီးထံမှ ရသော အကျိုးအမြတ်များကြောင့် လအနည်းငယ်စာ အသုံးစရိတ်အတွက် ဖူလုံသွားသည်။
ယဲ့မိသားစုမှ ဆိုင်လုပ်ငန်းများနှင့် သတ္တုတွင်းလုပ်ငန်းများ ပိတ်လိုက်ကြောင်း သတင်းက တုန်းလင်ပြည်နယ်အနှံ့ ပျံ့နှံ့သွားသည်။ လူအများကတော့ ယဲ့မိသားစုသည် ယွင်မိသားစုနှင့် ထိပ်တိုက်ရင်ဆိုင်လိုခြင်း မရှိသေးကြောင်း နားလည်သွားကြသည်။ ယဲ့ကျန့်ထျန်းသည် ပြင်ပရှိ သတင်းများအား အာရုံမစိုက်ဘဲ မိသားစုဝင်များ၏ ကျင့်ကြံဆင့်များ တိုးတက်လာစေရန်သာ ဖိအားပေး လေ့ကျင့်စေသည်။ ယခုကဲ့သို့ အကျပ်အတည်း ဖြစ်နေသော အခြေအနေတွင် အမှတ်တမဲ့ ဆုံးဖြတ်ချက်လေး တစ်ခုကပင် မလိုလားအပ်သော ပြဿနာများ ဖြစ်လာစေနိုင်၍ ယဲ့ကျန့်ထျန်းက အစစအရာရာကို အထူးဂရုပြုကာ လုပ်ဆောင်သည်။
ရလဒ်အနေနှင့် ယဲ့မိသားစုရဲတိုက် ပတ်ဝန်းကျင်ရှိ လေထုသည် အလွန်ငြိမ်သက် အေးဆေးနေပြီး မုန်တိုင်းမလာခင် အရှိန်ယူနေသကဲ့သို့လည်း ထင်ရသည်။ ယွင်မိသားစုမှ အချိန်မရွေး စစ်ကြေညာလာနိုင်သည် ဟူသော ဖိအားအောက်တွင် ယဲ့မိသားစုဝင်များသည် မကြုံစဖူး စည်းလုံး ညီညွတ်နေကြပြီး မိသားစုထဲရှိ ကျင့်ကြံသူအများစု၏ ကျင့်ကြံဆင့်များပင် အဆင့်သစ်သို့ ချိုးဖျက်ရောက်ရှိသွားကြသည်။
တစ်နေ့သ၌..။
အစောင့်တစ်ယောက်သည် မိသားစုခေါင်းဆောင် ခြံဝန်းဆီသို့ အပြေးအလွှား ရောက်ရှိလာကာ တင်ပြလေသည်။
“ခေါင်းဆောင် ... ခေါင်းဆောင် ယွင်မိသားစု ဒုတိယခေါင်းဆောင်၊ ချင်မိသားစု ခေါင်းဆောင်နဲ့ ရန်မိသားစုခေါင်းဆောင်တို့ ရောက်နေကြတယ်”
“သူတို့ကို ပင်မခန်းမဆီ ခေါ်လာခဲ့”
ယဲ့ကျန့်ထျန်းက အမှုမထားဟန်ဖြင့် ပြောသည်။
“ဒီအဖွဲ့ ရုတ်တရက်ရောက်လာတဲ့ ရည်ရွယ်ချက်က ဘာများ ဖြစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”
“ခေါင်းဆောင်ဟောင်းနဲ့ တခြားအကြီးအကဲတွေကိုလည်း ပင်မခန်းမဆီ လာခဲ့ဖို့ အကြောင်းကြားလိုက်”
ယဲ့ကျန့်ထျန်းက သေချာစဉ်းစားပြီးနောက် ထပ်ပေါင်းပြောလိုက်သည်။ ဖြစ်လာနိုင်သည့် အဆိုးဆုံး အခြေအနေအတွက် ကြိုတင် ပြင်ဆင်ထားသည်က မမှားပေ။
ယဲ့မိသားစုရဲတိုက် ဝင်ပေါက်တွင် ယွင်ရိရွှမ်နှင့် အခြားလူနှစ်ယောက်သည် စကားတပြောပြောဖြင့် လမ်းလျှောက်ဝင်လာသည်မှာ မသိလျှင် ၎င်းတို့၏ ကိုယ်ပိုင်အိမ်ယာအလား။
ယွင်ရိရွှမ်သည် ယွင်မိသားစု ဒုတိယခေါင်းဆောင်ဖြစ်ပြီး အခြားနှစ်ယောက်မှာ ချင်မိသားစုခေါင်းဆောင် ချင်ယွိနှင့် ရန်မိသားစုခေါင်းဆောင် ရန်ယင်းတို့ဖြစ်သည်။ ထိုလူများသည် အသက်၄၀ သို့မဟုတ် ၅၀ ဝန်းကျင်ခန့် ရှိပုံပေါ်သော်လည်း လမ်းလျှောက်ဟန်ကို သတိထားကြည့်လျှင် ဖျတ်လတ် ကြံ့ခိုင်ကြဆဲဖြစ်ကြောင်း သိနိုင်သည်။ အနှီသုံးယောက်၏ အနောက်ဘက်တွင်မူ နောက်လိုက်တစ်စုလည်း လိုက်ပါလာသည်။ ထိုအထဲမှ တချို့မှာ အသက်ကြီးပုံပေါ်ပြီး တချို့ကတော့ သိသိသာသာ ငယ်ရွယ်ပုံ ပေါ်သည်။
ယဲ့မိသားစုဝင်များသည် ထိုလူစုအား အလျင်အမြန်ပဲ သတိထားမိသွားကြသည်။ သူတို့က မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်များအပေါ် မနှစ်မြို့သော သဘောထားအား ဖုံးကွယ်ထားခြင်းမရှိဘဲ စူးစူးရဲရဲ စိုက်ကြည့်နေကြ၏။
ချင်ယွိသည် ဘေးပတ်လည်မှ လူများ၏ စူးစူးရဲရဲအကြည့်များအား သတိထားမိဟန်နှင့် ဆိုသည်။
“ညီလေးရိရွှမ် ... ယဲ့မိသားစုဝင်တွေကို ကြည့်ရတာ ယွင်မိသားစုအပေါ် အတော်လေး မကျေမနပ် ဖြစ်နေပုံပဲ”
ယွင်ရိရွှမ်က သဘောတကျ ရယ်လိုက်ပြီး..။
“ဘာပဲဖြစ်ဖြစ် ... ယွင်မိသားစုအနေနဲ့ ယဲ့မိသားစုကို ကြောက်နေစရာ ဘာမှမရှိဘူး”
“သေချာတာပေါ့ ယွင်မိသားစု ခေါင်းဆောင်က မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်တဲ့အပြင် ယွင်မိသားစုထဲမှာ ပညာရှင်တွေ ဒီလောက်များလှတာ ... ဒုတိယမင်းသားရဲ့ အကူအညီနဲ့ပါဆိုရင် ယဲ့မိသားစုဆိုတာ ယွင်မိသားစုအတွက် ဘာမှကို မဟုတ်တော့ဘူး ယဲ့မိသားစုအနေနဲ့ သူတို့အတွက် ဘယ်ဟာက အကောင်းဆုံး ဖြစ်မလဲဆိုတာ မသိလောက်အောင် တုံးအနေရင်တော့ သူတို့ထိုက်နဲ့သူတို့ကံပဲ”
ရန်ယင်းကလည်း ပေါ်တင်ပင် မြှောက်ပင့်လိုက်သည်။
“ယဲ့ကျန့်ထျန်းက ရုတ်တရက် ကျင့်ကြံဆင့် မြင့်သွားတဲ့အပြင် ယဲ့ချိန်ရွှမ်းလည်း ရှိနေသေးတော့ သူတို့နှစ်ယောက်ကို ကိုင်တွယ်ဖို့က ထင်သလောက် လွယ်မှာမဟုတ်ဘူး ဒါပေမဲ့လို့ ယဲ့မိသားစုရဲ့ အခြေအနေက နှစ်ပေါင်းများစွာတည်းက တဖြည်းဖြည်း နိမ့်ကျလာခဲ့တာ ငါတို့ယွင်မိသားစုအနေနဲ့ ဆက်ပြီး အခြေအနေ ကြည့်နေစရာ မလိုတော့ပါဘူး ထျန်းချီအဆင့်၉ ကျင့်ကြံသူ နှစ်ယောက်လောက်ကိုများ ဘယ်သူက အရေးလုပ်မှာလဲ”
ယွင်ရိရွှမ်သည် လုံးဝ မမှုဟန်နှင့် ပြောလာပါ၏။
‘သေစမ်း ယွင်မိသားစုက ယဲ့မိသားစုကို တကယ်ကြီး ကျူးကျော် တိုက်ခိုက်ချင်နေတာပဲ’
ချင်ယွိနှင့် ရန်ယင်းတို့နှစ်ဦးလုံး တွေးမိကြသည်။ ယွင်၊ ယဲ့ နှစ်မိသားစုသာ တကယ်တမ်း တိုက်ခိုက်ကြပါက ချင်မိသားစုနှင့် ရန်မိသားစုမှ ကျင့်ကြံသူများ မြေစာပင် ဖြစ်ရမည့် အရေးကိုတွေးကာ နှစ်ယောက်လုံး မျက်ခုံးလှုပ်မိကြသည်။ ယွင်မိသားစုခေါင်းဆောင် မြေခွေးအိုကြီး၏ အကြံအစည်ကြီးပုံအရ ယွင်မိသားစုမှ ကျင့်ကြံသူများအား တိုက်ပွဲတွင် စတေးမည့်အစား ၎င်းတို့လက်အောက်ခံ ချင်နှင့်ရန် မိသားစုများမှ ကျင့်ကြံသူများကိုသာ အသုံးချပေလိမ့်မည်။
“ယဲ့ကျန့်ထျန်းက အခုမှ ထျန်းချီအဆင့် ၉ကို ရောက်ကာစပဲ ရှိသေးတာလေ သူ့ရဲ့ကျင့်ကြံဆင့်ကို အခြေခိုင်အောင် လုပ်နေရတုန်းပဲ ဖြစ်လောက်တယ် ညီလေးရိရွှမ်နဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ”
ရန်ယင်းက ပြောသည်။
စကားတပြောပြောဖြင့် လျှောက်လာကြရင်း ယဲ့မိသားစုရဲတိုက်၏ ပင်မခန်းမသို့ ရောက်လာကြသည်။ ခန်းမထဲတွင် ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် တခြား အရေးပါသူများ ရှိနေကြပြီး ဘေးဘက်တနေရာတွင် ယဲ့ချန်လည်း ရပ်နေသည်။
“အစ်ကိုယဲ့ မတွေ့ဖြစ်တာ အတော်ကြာပြီနော် ဒီအတောအတွင်း ကျန်းကျန်းမာမာ ရှိတယ်မလား”
ချင်ယွိနှင့် ရန်ယင်းတို့က နှုတ်ဆက်လိုက်ကြသည်။
ယွင်ရိရွှမ်ကမူ ယဲ့ကျန့်ထျန်း၏ ခွင့်ပြုချက်ကိုပင် မစောင့်ဆိုင်းဘဲ လွတ်နေသော ထိုင်ခုံတခုံတွင် အခန့်သား ဝင်ထိုင်လိုက်ပြီးမှ စကားဆိုသည်။
“အစ်ကိုယဲ့က ကျွန်တော်တို့ကို တွေ့ဖို့ တော်တော်လေး စိတ်လှုပ်ရှားနေပုံပဲ ကြည့်ပါဦး ယဲ့မိသားစုထဲက လူစုံတက်စုံကိုတောင် ခန်းမထဲ ခေါ်ထားသေးတယ် ဒီလောက် တခမ်းတနားကြီး ကြိုဆိုစရာ မလိုပါဘူးဗျာ အချင်းချင်းတွေပဲ”
ထိုမရယ်ရသော ဟာသကြောင့် ခန်းမထဲရှိ ယဲ့မိသားစုဝင်များထံမှ ဒေါသတကြီး အကြည့်များက ယွင်ရိရွှမ်ဆီသို့ စုပြုံ ရောက်ရှိလာသည်။
***