← Chapters

ဆေးလုံးသခင်ရှီ၏ ကြောက်စိတ်

Vol. 6 Ch. 75

ဆေးလုံးသခင်ရှီ၏ ကြောက်စိတ်

Vol. 6 Ch. 75

“အများကြီး တွေးမနေနဲ့ ... ” ဖေးပင်းကျူက မိုဝူကျီ ပခုံးကို ပုတ်ကာ ခန်းမအတွင်းက ဆွေးနွေးနေသည့် လူအုပ်ဆီ ညွှန်ပြလိုက်ပြီး

“အဲလူတွေတောင် အခွင့်အရေးနဲ့ အလှမ်းကြီးကွ ... နတ်ဓားတောင် ဖွင့်တာက သူတို့နဲ့ ဘာမှကို မပတ်သက်ဘူး ... ဒီတစ်ကြိမ် ဆေးလုံးဆရာတွေပဲ ဝင်ခွင့်ပြုမှာတဲ့ ငါတို့ရဲ့‌ ဆေးလုံးဆရာတွေတော့ အကျိုးမြတ်များများ ရတာပေါ့ ... ဆေးလုံး သခင်ရှီက လမ်းကြောင်းတည် ဆေးလုံးကို ဖော်ဖို့ ဘာလို့ အသည်းအသန် ကြိုးစားနေတာလဲ သိလား လမ်းကြောင်းတည် ဆေးလုံးက အဆင့်သုံး ဆေးလုံးလေ ... အဲဒါကို အောင်အောင် မြင်မြင် ဖော်စပ်နိုင်တာနဲ့ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာလိမ့်မယ် ... နတ်ဓားတောင် ဖွင့်တဲ့အချိန်ကျ အဆင့်သုံး ဆေးလုံး ဆရာတွေကိုပဲ ဝင်ခွင့်ရှိတာကွ ... ”

နောက်ဆုံးတွင် မိုဝူကျီက ရှီဂျွန် အသည်းအသန် ကြိုးစားနေသည့် ကိစ္စနှင့် အောင်မြင်သည့်အခါ ဘဝင်ခိုက်နေသော ကိစ္စကို နားလည် သွားလေပြီ။ ကြည့်ရသည်မှာ ထိုလူက နတ်ဓားတောင်သို့ ဝင်ခွင့်ရသွား လောက်လေပြီ။

ငါ မိုဝူကျီက သူ့ကို ကိစ္စအကြီးကြီး ကူညီပေးခဲ့တာပဲ ...

“မင်းကို ပြောရဦးမယ် ... အဆင့်သုံး ဆေးလုံးဆရာ တစ်ယောက်ချင်းစီက ဆေးပင် သယ်ယူရေး ကောင်လေး တစ်ယောက်ဆီကို ခေါ်ခွင့်ရှိတယ်တဲ့ ... အခု ဆေးလုံးသခင်ရှီက မင်း စမ်းသပ်ခန်းမှာ အောင်မြင်သွားတာ ဆိုတော့ သူခေါ်သွားမဲ့ ကံကောင်းတဲ့သူ ဘယ်သူများ ဖြစ်မလဲ ... ” ဖေးပင်းကျုက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။ အမှန်တကယ်တော့ သူက မိုဝူကျီ အရွေးခံရ လိမ့်မည်ဟု တွေးမထားခဲ့ပေ။ ထို့အပြင် မိုဝူကျီက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် လူသစ်ဖြစ်ကာ အဆင့်သုံး ဆေးလုံးဆရာ၏ ကြိုက်နှစ်သက်ခြင်း မခံရလောက်သေးချေ။

မိုဝူကျီက နောင်တ အနည်းငယ် ရမိလေ၏။ အကယ်၍ ရှီဂျွန်သာ သူ့အား နတ်ဓားတောင်သို့ ဝင်ရန် အခွင့်အရေး ပေးခဲ့ပါက သူသည် ရှီဂျွန်ကို သေချာပေါက် ငြင်းပယ်လိမ့်မည် မဟုတ်ချေ။

ကံဆိုးလှစွာ အရမ်း နောက်ကျ သွားလေပြီ။ သူက ရှီဂျွန်ကို သွားရှာလျှင်ပင် တွေ့ခွင့် ရဖို့ရာ မသေချာတော့ပေ။ အဆင့်သုံး ဆေးလုံးဆရာ အဆင့်အတန်းသည် မြင့်မြတ်ပြီး မြင့်မားသော တည်ရှိမှုမျိုး ဖြစ်ကာ သူကဲ့သို့ ဆေးပင် သယ်ယူရေး ကောင်လေးမှ မည်သို့ တွေ့နိုင်မည်နည်း ...

ဖေးပင်းကျူက မိုဝူကျီ စိတ်ထဲတွေးနေ သည်များကို မသိဘဲ ထပ်ပြော လိုက်လေ၏။

“ငါတို့ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ အတော်ဆုံး ဆေးလုံးဆရာက ဆေးလုံး သခင်ယန်ပဲ ... သူမက အဆင့်လေး ဆေးလုံးဆရာ ဖြစ်နေပြီ ငါတို့ဂိုဏ်းရဲ့ တစ်ဦးတည်းသော မြေကမ္ဘာအဆင့် ဆေးလုံးဆရာပဲ ... စီနီယာ အစ်မယန်က ငယ်ရွယ်တဲ့ မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ဖြစ်ရုံတင် မကဘူး သူမက ငါတို့ ဂိုဏ်းခေါင်းဆောင် ထက်ကို အဆင့်အတန်း မြင့်မားတယ် ... ”

စီနီယာ အစ်မယန်က ဘာလဲ ... မိုဝူကျီက စိတ်ပူခြင်းသာ ခံစားမိလေသည်။ ခဏ အကြာတွင် မိုဝူကျီက သူ့စိတ် မကြည်လင်မှုများကို ဘေးချိတ်ကာ ဖေးပင်းကျူကို မေးလိုက်လေသည်။

“စီနီယာ အစ်ကိုဖေး ဒီနေရာ အနီးတစ်ဝိုက်မှာ လျှပ်စီးမိကျောင်း ရှာလို့ရတဲ့ နေရာ သိလား ... ”

“လျှပ်စီး မိကျောင်းလား ... ” ဖေးပင်းကျုက မိုဝူကျီကို ကြောင်တောင်တောင် ကြည့်လိုက်ပြီး

“ဂျူနီယာ ညီလေးမို ... ဘာလို့ မေးတာလဲ အဲဒီသားရဲတွေက သတ်ဖို့ ခက်တယ်ကွ ပြီးတော့ သိပ်လည်း အဖိုးမတန်ဘူး ... အဲဒါတွေအပြင် သူတို့က ပင်လယ်ထဲ နေတာလေကွာ ငါတို့ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းက ပင်လယ်နဲ့ အဝေးကြီး အနီးတဝှက်မှာ လျှပ်စီးမိကျောင်း ရှာဖို့ မဖြစ်နိုင်ဘူး ... ”

မိုဝူကျီက စိတ်မပျက်ဘဲ မနေနိုင်တော့ချေ။ သူသည် တခြားသော ကျင့်ကြံနေရာများကို စုံစမ်းမည့် ဆဲဆဲတွင် အသံဩဩ ထွက်ပေါ် လာလေသည်။

“ဟဲ့ ကောင်စုတ်လေး ... ဒီလာပြီး လေပေါနေရဲ သေးတယ်ပေါ့ ... မြန်မြန် ငါ့ဆေးပင်တွေ လာပို့လှည့် ... ”

မိုဝူကျီက လှည့်ကြည့် လိုက်သောအခါ ရှီဂျွန်ကို မြင်လိုက်ရ၏။ သူ့နောက်တွင် ဆံမဖြူတဖြူ ရုပ်ဆိုးဆိုး ဝူခိုင်းပါ လာလေသည်။ ထိုစဉ် အလုပ်ခန်းမ တစ်ခုလုံး ငြိမ်ကျ သွားလေသည်။ ဆေးလုံးသခင်ရှီ ရောက်လာသောကြောင့် တစ်ယောက်ကမျှ ထပ်မပြောရဲတော့ချေ။ ခွေးကူးကူးခြင်း ဆေးလုံး ဖော်စပ်နည်းကို အသုံးပြုသည့် ခွေးပေါက်လေး ရှီဂျွန်သည် ဂိုဏ်းထဲတွင် နိမ့်ကျသော အဆင့်အတန်း မဟုတ်ပေ။ အဆင့်သုံး ဆေးလုံးဖော်စပ်သူ တစ်ယောက် အနေနှင့် သူသည် မြင့်မားသော အဆင့်အတန်း အတွင်းမှ ဖြစ်လေသည်။

မိုဝူကျီက ရှီဂျွန် ဤနေရာသို့ ရောက်ရှိလာခြင်း အကြောင်းကို မေးရန် မလိုပေ။ ရှီဂျွန်သည် နောက်တစ်ကြိမ် လမ်းကြောင်းတည် ဆေးလုံးကို ဖော်စပ်ရာတွင် ကျရှုံးခဲ့လိမ့်မည်။ မိုဝူကျီ၏ ကံကောင်းမှုကို အသုံးပြုပြီး ဆေးပင်များကို ထပ်ပြင်ဆင် ပေးခြင်းကို အလိုရှိလေ၏။ သို့သော်လည်း သူက ဆေးဖော်စပ်ခန်း ၁၉ မှ ထွက်လာပြီ ဖြစ်သည့်အတွက် ဝူခိုင်းက အစားထိုး တစ်ယောက်ကို ရှာဖွေကာ ပို့ဆောင်ပေးလိမ့်မည်။ ရလဒ်ကား ဤပြဿနာ ဖြစ်လာခြင်း ဖြစ်လေ၏။

အရင်တစ်ခါက တွေ့ဆုံမှုနှင့် ယှဉ်လျှင် ရှီဂျွန်သည် ပို၍ ညစ်ပတ်နေကာ သူ့ဆံပင်များလည်း ပိုရှုပ်ထွေး နေလေသည်။ သူ့ခန္ဓာ တစ်ကိုယ်လုံးကား ဆေးနံ့များနှင့် လွှမ်းခြုံထားလေ၏။ သူသည် မိုဝူကျီ လာသည်ကို မစောင့်နိုင်ပဲ ထို့အစား ဝူခိုင်းကို ဆွဲခေါ်ကာ ထွက်လာခြင်း ဖြစ်လေသည်။

မိုဝူကျီက အမြန်အဆန် ပြောလိုက်သည်။

“ဆေးလုံးသခင်ရှီ ခဏလောက် နေပါဦး ... ဒီကိစ္စက တာဝန်ခံဝူနဲ့ ဘာမှ မဆိုင်ပါဘူးဗျ ... တာဝန်ခံဝူကို အရင်လွှတ်ပေး လိုက်ပါ့လား ... ”

မိုဝူကျီက ထွက်သွားသော်လည်း ယန်အာသည် သွေးပဒုမ္မာ ကြာကန်တွင် ရှိနေဆဲ ဖြစ်လေ၏။ မည်သို့ပင် ဖြစ်စေ သူသည် ဝူခိုင်းအား စိတ်အနှောင့်ယှက် မပေးနိုင်ချေ။

မိုဝူကျီ စကားများကို နားထောင်ပြီး ရှီဂျွန်က ဝူခိုင်းကို လွှတ်ပေးလိုက်ကာ

“သွားတော့ မင်းက ဒီကလေးကို ရှာဖို့ ကူညီပေးခဲ့တာ ဆိုတော့ ဒီကိစ္စ ထပ်မပြောတော့ဘူး ... ”

ဝူခိုင်းက မိုဝူကျီကို ကျေးဇူးတင်စွာ ခေါင်းညိတ် ပြပြီးနောက် အလျင်အမြန် ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။ မိုဝူကျီသည် အရင်က အဓိပ္ပာယ် မရှိသည်များကို ပြောနေခြင်း မဟုတ်ပေ။ သူက နှိမ်ချနေခြင်း မဟုတ်သော်ငြား အဆင့်အတန်း မြင့်မားသည့် ဆေးလုံးသခင်ရှီ စိတ်ထဲတွင် မိုဝူကျီကဲ့သို့ အစေခံက ဤမျှ နေရာယူထား လိမ့်မည်ဟု မည်သူမှ မထင်မိလောက်ချေ။ စကားလေး တစ်ခွန်းဖြင့် ဝူခိုင်းကို လွှတ်ပေး လိုက်လေသည်။

စောစောက သူ့ကို ဆေးလုံးသခင်ရှီမှ ဆွဲခေါ်လာစဉ် သူ့ဝိညာဉ် တစ်ခုလုံးပင် ကြောက်လန့် နေခဲ့မိ၏။ မိုဝူကျီအတွက် လူစားထိုး ရှာပေးခြင်းမှာ ဘာမှ မမှားယွင်းသော်လည်း မှန်နေလျှင်ပင် ဆေးလုံးသခင်ရှီက ဘာတာဝန် ယူခြင်းမှ မလိုဘဲ သူ့ကို လက်ဖဝါး တစ်ချက်တည်းဖြင့် သတ်နိုင်သေး၏။ ပို၍ ဆိုးသည်က ဆေးလုံးသခင် ရှီသည် သူ့အား တာဝန်ခံ ရာထူးမှ စကား အနည်းငယ်ဖြင့် ဖယ်ထုတ်နိုင်သေး၏။

ဝူခိုင်း ထွက်လာသော အခါ သူ့ဆုံးဖြတ်ချက်ကား ပြတ်သား သွားလေပြီ။ သူသည် ယန်အာကို စောင့်ရှောက်ရန် သေချာပေါက် ကူညီပေးရမည်။ မိုဝူကျီတွင် အလားအလာ ကောင်းများ ရှိကာ မိုဝူကျီနှင့် ကောင်းသော ဆက်ဆံရေး တည်ဆောက်ထားဖို့ လိုအပ်လေသည်။ ထိုသို့ ပြုလုပ်ရန် သူသည် မိုဝူကျီ၏ ချစ်လှစွာသော ယန်အာဟု ခေါ်သော အမျိုးသမီးကို စောင့်ရှောက် ပေးဖို့သာ လိုအပ်လေ၏။

“ဆေးလုံးသခင်ရှီကို နှုတ်ခွန်း ဆက်ပါတယ် ... ဆေးလုံးသခင်ရှီက ကျွန်တော့်ကို ဆေးပင်တွေ အတွက် ရှာနေတာများလား ... ” မိုဝူကျီက ဝူခိုင်း ထွက်သွားပြီး နောက်တွင် ခါးညွှတ်ကာ နှုတ်ဆက် လိုက်လေသည်။

“မဟုတ်တာတွေ မင်းက ဆေးဖော်စပ်ခန်း ၁၉ က အစေခံလေ ... မင်းကို ဆေးပင်လေး ယူဖို့အတွက် လိုက်ရှာနေတယ်များ ထင်နေလား ... ” ရှီဂျွန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။

မိုဝူကျီက စိတ်မသက်သာစွာ ပြောလိုက်သည်။

“အဲဒီလိုဆိုရင် ဆေးလုံးသခင် ရှီက ဆေးလုံး စမ်းသပ်ခန်း ၁၉ကို အရင် ပြန်သွားနှင့်ပါ့လား ကျွန်တော် ဆေးပင်တွေ ယူခဲ့ပေးပါ့မယ် ... ”

သူ၏ မောင်ကံကောင်း နာမည်ပြောင်က အောင်မြင်ခြင်း ရလဒ်ကို ဖြစ်ပေါ်စေသည် မဟုတ်။ မိုဝူကျီက ဆေးပင်များတွင် ရေဗေဒါ ထပ်ထည့်ရန် လိုအပ်သေး၏။

ရှီဂျွန်က မိုဝူကျီလက်ကို ဆွဲလိုက်ပြီး

“မလိုတော့ဘူး ဒီနေ့ ငါတို့တွေ ဂိုဏ်းရဲ့ အဓိကခန်းမမှာ ဆေးဖော်စပ်ရမှာ ... ဂိုဏ်းခေါင်းဆောင် ... အကြီးအကဲတွေနဲ့ တခြား ဆေးလုံးဆရာတွေက လေ့လာပေးလိမ့်မယ် ... မင်းက အဲဒီမှာရှိတဲ့ ဆေးပင်တွေကို သုံးရုံပဲ ... ”

ရှီဂျွန်က မိုဝူကျီကို ဆေးပင်များ ထိခိုင်းခြင်းမှာ သူ့ကံကောင်းမှု ကူးစက် လာစေရန် ဖြစ်လေ၏။

မိုဝူကျီက စိတ်ထဲတွင် ငိုခြင်း ချလိုက်မိလေ၏။ သူက ရှီဂျွန်ကို အရင်ထွက်သွား စေချင်သည့် အကြောင်းမှာ အစိမ်းရောင် နဂါးမောက်သီး ပေါ်တွင် ရေဗေဒါ ပွတ်ပေးချင်သည့် အတွက်သာ ဖြစ်လေ၏။ အကယ်၍ အဓိက ခန်းမထဲဆိုလျှင် သူသည် အများရှေ့တွင် မည်သို့ အကူညီ ပေးနိုင်မည်နည်း။

တကယ်ဆိုလျှင် သူသည် ရှီဂျွန်က အဓိက ခန်းမထဲတွင် ဆေး‌ဖော်စပ်ချင်သည့် အကြောင်းကို ခန့်မှန်းမိလေ၏။ သူသည် အဆင့်သုံး ဆေးလုံးဆရာ အဖြစ်သို့ တက်လှမ်းလိုသည်။ ပုံမှန်အားဖြင့် သူသည် သူ၏ အဆင့်သုံး ဆေးလုံးဆရာ အဖြစ် စွမ်းဆောင်ရည်များကို အားလုံးရှေ့တွင် သက်သေပြဖို့ရန် လိုအပ်လေသည်။ တကယ်တမ်းတွင် သူ့၌ အဆင့်သုံး ဆေးလုံးဆရာ အရည်အချင်း မရှိချေ။ ရလဒ်အနေနှင့် သူက ကြောက်စိတ်မွန်ပြီး မိုဝူကျီကိုပါ အပါဆွဲခေါ်လာခြင်း ဖြစ်လေသည်။

ရှီဂျွန်က သူ့အား ဆွဲခေါ်သွားသောအခါ မိုဝူကျီက အမြန်အဆန် ပြောလိုက်လေသည်။

“ဆေးလုံးသခင်ရှီ ... ကျွန်တော်က တခြား သူတွေရဲ့ အောင်မြင်မှုကို တိုးအောင် ကူညီနိုင်တဲ့ မောင်ကံကောင်း ဖြစ်ပေမဲ့လည်း သူများကို မကူခင် ရေမိုးချိုးပြီး အဝတ်အစားလဲဖို့ လိုသေးတယ် မဟုတ်ရင် အလုပ်မဖြစ်ဘူး ... ”

“အဲဒါဆို ဘာလို့ လေကျယ် နေသေးလဲ မြန်မြန် ပြန်ပြီး ရေချိုးလိုက် ... ” ရှီဂျွန်က အော်ပြော လိုက်လေသည်။

မိုဝူကျီက တည်ငြိမ်စွာ တုံ့ပြန်လိုက်လေသည်။

“ဆေးလုံးသခင်ရှီ ... ဆေးဖော်စပ်ခြင်းမှာ စိတ်အေးချမ်းမှုက အရေးပါတယ် တကယ်လို့ ခင်ဗျားမှာ ကျွန်တော်ကံ ရှိရင်တောင် တစ်ခုခု မှားသွား နိုင်သေးတယ် ... တကယ်လို့ ဆေးလုံးသခင်ရှီက ကျွန်တော်ကို ယုံရင် စိတ်အေးအေး ထားပြီး အဓိက ခန်းမထဲက စောင့်နေပါ့လား ... ကျွန်တော်လည်း စိတ်အေးအေးထား ရေချိုးပြီးတော့ အဓိကခန်းမကို လိုက်လာခဲ့ပါ့မယ် ... ..”

ဂနာမငြိမ် ဖြစ်နေသည့် ရှီဂျွန်က စိတ်အေးချမ်းမှု စကားကို ကြားသောအခါ သူ့ခံစားချက်များကို ချိုးနှိမ် ထားလိုက်ပြီး မိုဝူကျီကို ကျောက်စိမ်းပြား ပေးကာ ပြောလိုက်လေသည်။

“မြန်မြန်လာ ... ”

ထို့နောက် သူက လှည့်ထွက် သွားလေသည်။

မိုဝူကျီက သက်ပြင်း ချလိုက်၏။ နောက်ဆုံးတွင် ထိုလူ ထွက်သွားလေပြီ။

“စီနီယာ အစ်ကိုမို ... ခင်ဗျားက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ ဆေးလုံးသခင်ရှီ ဆီက မျက်နှာသာ ပေးမှုကို ရယူနိုင်တယ် ဒီက ညီလေးကိုလည်း မေ့မသွားနဲ့ဦးနော် ... ” ခဏအကြာတွင် ဖေးပင်းကျူက မိုဝူကျီနှင့် စီနီယာအဆင့် ချိန်းလိုက်လေ၏။

မိုဝူကျီက ရယ်မောရင်း ဖေးပင်းကျူကကို ပုတ်ကာ

“ဘာလို့ မေ့ရမှာလဲ ... ငါတို့က မိတ်ဆွေတွေပဲလေ ... ဒါနဲ့ အစ်ကိုဖေး ကျွန်တော် ဒီကို ရေဗေဒါ ငါးပင်လောက် ဝယ်ချင်လို့ ... ပြီးတော့ အစ်ကိုဖေးရဲ့ ရမှတ် ချေးချင်တယ် နောင်ကျ ကျွန်တော် သေချာ ပြန်ပေးပါ့မယ် ... ”

ဖေးပင်းကျူက လက်ပြတားကာ

“ရေဗေဒါ အပင် နည်းနည်းလောက်က ဘာမှ မတန်ပါဘူး ပြန်ပေးစရာ မလိုပါဘူး စီနီယာ အစ်ကိုမိုမှာ တောက်ပတဲ့ အနာဂတ် ရှိတယ် နောက်တစ်ခါကျ ကျွန်တော်ကို ဂျူနီယာ ညီလေးလို့ပဲ ခေါ်ပါဗျာ ... ခင်ဗျားရဲ ဂျူနီယာ ဖြစ်ချင်တယ် ... ”

ပြောရင်း ဖေးပင်းကျူက မိုဝူကျီကို ရေဗေဒါ ငါးပင် လှမ်းပေး လိုက်လေသည်။

“အဲဒါဆိုလည်း ကျေးဇူးပါပဲ ... အခု ဆေးလုံးသခင် ရှီကို သွားကူ လိုက်ဦးမယ် ကျွန်တော် အားတဲ့အချိန်မှ ဆက်ပြောကြတာပေါ့ ... ” မိုဝူကျီက ရေဗေဒါ လက်ခံယူပြီးသည့် နောက်တွင် ဖေးပင်းကျူအား အလောတကြီး နှုတ်ဆက် လိုက်လေသည်။

သူသည် ထိုအပင်များကို အရည် ဖြစ်သွားအောင် ပြုလုပ်ဖို့ အလျင်အမြန် လိုအပ်နေလေ၏။ မဟုတ်လျှင် ထိုဆေးလုံးသခင် ရှီက ဘယ်အချိန် ရောက်လာပြီး ဆွဲခေါ်သွားမလ ဲဆိုတာ မပြောနိုင်ချေ။

***

All Chapters