← Chapters

အကြောင်းအရာ ပြောင်းလဲခြင်း

Vol. 6 Ch. 78

အကြောင်းအရာ ပြောင်းလဲခြင်း

Vol. 6 Ch. 78

“ဘမ်း ... ” ဆေးလုံး ဖြစ်တည်ခြင်း အဆင့်တွင် နောက်ထပ် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား သွားသောကြောင့် မိုဝူကျီက ကြောက်လန့်တကြား ခုန်မိလိုက်သည်။ ဤတစ်ကြိမ်တွင် ပေါက်ကွဲသည်က ရှီဂျွန် မဟုတ်ပေ။ လက်ဝဲဘက်မှ ပထမဆုံးလူသာ ဖြစ်နေ ပြန်လေသည်။ ပေါက်ကွဲမှု နှစ်ခါ ဆက်တိုက်နှင့် သူသည် အရည်ချင်း မပြည့်မီတော့ပေ။

ထိုနှုန်းဖြင့် ကြည့်ရသည်မှာ စနစ်တကျ လုပ်တတ်သော တစ်ဦးတည်းသော သူမှာ သူနှင့် အဆင်မပြေ လှသော ဆေးလုံးသခင်ဂျူသာ ရှိပုံပေါ်၏။ အဖြစ်နိုင်ဆုံးက သူတို့သည် အားကုန် ကြိုးပမ်း၍ အဆင့်သုံး ဆေးလုံးဆရာ အဆင့်သို့ ဟန်ပြကာ နတ်ဓားတောင် ဝင်ခွင့် ရလိုခြင်းသာ ဖြစ်ရမည်။ သို့သော် သူတို့ လှည့်ကွက်ကား အဆင့်သုံး ဆေးလုံး ဖော်စပ်ရန် ဆေးပြင်း မီးဖိုရှေ့ ရောက်သည့်အခါ ဘွင်းဘွင်း ပေါ်လာလေသည်။

ရှီဂျွန်၏ ဒုတိယ အသုတ်ကား သူ့ဘေးနားမှ တစ်ယောက်ပြီး တစ်ယောက် ကျရှုံးနေသော်ငြား အဆင်ပြေ ချောမွေ့နေဆဲ ရှိသေး၏။ ဖြစ်နိုင်သည်က မိုဝူကျီ စကားလုံးများက အထောက်အကူ ဖြစ်ခဲ့သည်လား ... နောက်ထပ် နာရီဝက် ထပ်ကုန်ဆုံး သွားပြီးနောက်တွင် ရှီဂျွန်က ဆေးလုံးတည်ခြင်း အဆင့်စတင် လိုက်သောကြောင့် ဆေးရနံ့က သူ့မီးဖိုမှ ထွက်ပေါ် လာလေသည်။ ထိုစဉ် တခြားလူ၏ ပေါက်ကွဲမှုကား သူ့အား လာစဉ်ကာ နောက်တစ်ယောက်သာ ကျန်ရှိလေတော့သည်။

မီးဟုန်းဟုန်း တောက်နေသည့် မီးဖိုထဲတွင် စိမ်းနီရောင် ဆေးလုံး၏ ပုံရိပ်ကား ‌ဖြည်းဖြည်းချင်း ပေါ်လာလေ၏။ မိနစ်အနည်းငယ် အကြာတွင် ရှီဂျွန်က လက်နှစ်ဖက်ဖြင့် ဆေးမီးဖို နံရံကို ရိုက်နှက်ကာ ဆေးခြောက်လုံးက ပျံ့ထွက်လာပြီး နေရာတွင် ရှိနေသော ကျောက်စိမ်း ပုလင်းထဲသို့ ဝင်သွားလေသည်။

ရှီဂျွန် အောင်မြင်သည်နှင့် နောက်ဆုံး ကျန်ရှိနေသော ဆေးလုံးဆရာသည် ရုတ်ရုတ်သဲသဲကြောင့် ကျရှုံးသွားလေ၏။ ဆေးလုံးဆရာ ငါးယောက်တွင် ဆေးလုံး သခင်ဂျူနှင့် ဆေးလုံး သခင်ရှီသာ အောင်မြင်စွာ ဖော်စပ် နိုင်ကြလေသည်။ ထပ်၍ အကဲဖြတ်ခြင်း မရှိဘဲ ရလဒ်ကား ရှင်းလင်း သွားလေပြီ။

“ဆေးလုံး သခင်ဂျူနဲ့ ဆေးလုံး သခင်ရှီတို့ကို အဆင့်သုံး ဆေးလုံးဆရာ အဖြစ် အဆင့်တိုး သွားပါပြီ ... ဂုဏ်ယူပါတယ် ... ” လက်ဝဲဘက်က အကြီးအကဲက ပထမဆုံးထကာ ချီးကျူး ထောပနာ ပြုလိုက်လေသည်။ ဂိုဏ်းခေါင်းဆောင်လည်း မျက်နှာတွင် အပြုံးကြီးကြီး ချိတ်ဆွဲကာ လက်ခုပ်တီးရင်း ပြောဆိုလိုက်သည်။

“ဆေးလုံးသခင်ဂျူနဲ့ ဆေးလုံး သခင်ရှီတို့နဲ့ဆိုရင် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ယှဉ်ပြိုင်ပွဲ အတွက် ငါတို့ဂိုဏ်းက နေရာကောင်းတွေ ရလာမှာ အသေချာပဲ ... ”

ထိုစကား ဆုံးသည့်နောက်တွင် ဂူရန်၏ အပြုံးများက ပျောက်ကွယ် သွားကာ လေးနက်စွာ ပြောလိုက်လေ၏။

“ဒီနေ့ ဒီနေရာမှာ ရှိတဲ့ အကြီးအကဲ ဆယ်ယောက်နဲ့ ဆေးလုံး သခင်တွေက ငါတို့ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်ပဲ ငါတို့ဂိုဏ်းရဲ့ နတ်ဓားတောင်က မဖွင့်တာ နှစ်ပေါင်း‌ ထောင်ချီနေပြီ ဖြစ်လို့ ငါတို့ နတ်ဓားတောင်က ဒြပ်ငါးမျိုး ကင်းမဲ့နယ်လောက် အဖိုးတန် ဝိညာဉ် ဆေးပင်တွေ မရှိဘူးလို့ ပြောလို့ရတယ် ... ငါတို့မှာ ကောင်းကင်အဆင့် တက်လှမ်းနိုင်စေတဲ့ ထိပ်တန်းအဆင့် ရတနာလည်း မရှိဘူး ဒါပေမဲ့ ငါတို့ဂိုဏ်းက အင်ပါယာ ငါးခုထဲက အမျိုးမျိုးသော ဂိုဏ်းတွေကြားမှာ ထိပ်တန်းအဆင့်ထဲက တစ်ခုဖြစ်နေဆဲပဲ ...

ငါတို့ နတ်ဓားတောင်ကို ဖွင့်တဲ့အခါ ဆေးလုံးသခင် ခုနစ်ယောက်လုံးက ဒီအခွင့်အရေးကို တန်ဖိုး ထားလိမ့်မယ်လို့ မျှော်လင့်တယ် ... ဝိညာဉ်ဆေးပင် တစ်ပင်ကိုပင် ဖြုန်းမပစ်ဘဲ မင်းတို့ရဲ့ ဆေးလုံး ဖော်စပ်ခြင်းမှာ တိုးတက်အောင် လုပ်ကြပါ ... ဒါကသာ ငါတို့အတွက် ဒြပ်ငါးမျိုး ကင်းမဲ့နယ် နေရာ ယှဉ်ပြိုင်ပွဲမှာ နေရာကောင်းကောင်း ရယူနိုင်မှာ. ... ”

“စိတ်မပူပါနဲ့ ဂိုဏ်းခေါင်းဆောင် ... မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်အောင် လုပ်ပါ့မယ် ... ” ရှီဂျွန်၊ ဆေးလုံး သခင်ဂျူနှင် ကျန်သော အဆင့်သုံး ဆေးလုံး ဆရာများသည် မတ်တတ်ရပ်ကာ ခါးညွှတ်ပြီး လေးလေးစားစား ပြောလိုက်လေသည်။

ယန်ချင်ယင်က ထိုစကားကို ကြားသော်လည်း လှုပ်ရှားမသွားပေ။ ထို့ကြောင့် ထိုအဆင့်သုံး ဆေးလုံးဆရာ ခြောက်ယောက်က လေလုံး ထွားနေမှန်း မိုဝူကျီ သိရှိလိုက်လေသည်။

အခြား လူများသည် သူ့ လှည့်ကွက်ကို မမြင်ကြသော်လည်း မိုဝူကျီက ဆေးလုံး သခင်ရှီ၏ စွမ်းဆောင်ရည်ကို ကောင်းစွာ နားလည်လေ၏။ အခြားသော ဆေးလုံး ဆရာများ၏ စွမ်းဆောင်ရည်ကို မတွေ့ဖူးသော်ငြား ဒြပ်ငါးမျိုး ကင်းမဲ့နယ် ယှဉ်ပြိုင်ပွဲတွင် ပါဝင် ဆင်နွှဲရမည် ဆိုလျှင် ဆေးလုံး သခင်ရှီကဲ့သို့ လူမျိုးသည် အရေးပါသော နေရာရမည် မဟုတ်ချေ။ ဆေးလုံး သခင်ဂျူသည် ရှီဂျွန်ထက် ပို၍ စွမ်းဆောင် နိုင်သော်လည်း မိုဝူကျီက သူ့အတိုင်းအတာပင် ထိုမျှ မရှိလောက်ကြောင်း ထင်မိသည်။ မဟုတ်လျှင် အဆင့်လေး ဆေးလုံးဆရာ ဖြစ်သည့် ယန်ချင်ယင်သည် ဘာမှ မပြောဘဲ နေမည် မဟုတ်လောက်ချေ။

“ကောင်းပြီ အခု နတ်ဓားတောင် ဖွင့်ပြီလို့ တရားဝင် ကြေညာလိုက်ပြီ ... ဆေးလုံးဆရာတိုင်းက ဆေးပင် သယ်ယူရေး ကောင်လေး တစ်ယောက်စီ ခေါ်ခွင့် ရှိတယ် ... နတ်ဓားတောင်က တစ်လတာ ဖွင့်ထားမှာ ဖြစ်ပြီး အဲဒီကာလ ကျော်တာနဲ့ ပြန်ပိတ် သွားလိမ့်မယ်. ... အကြီးအကဲတွေ အားလုံးနဲ့ ဆေးလုံးဆရာတွေက နတ်ဓားတောင်ကို ဝင်ဖို့ ငါ့နောက် လိုက်ခဲ့ကြပါ ... ” ဂူရန်က ပြောပြီးသည့်နောက်တွင် မတ်တတ်ရပ် လိုက်လေသည်။

မိုဝူကျီ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းကို ဝင်ရောက်စဉ် ကတည်းက သူ့အလုပ်သည် အပြင်ဘက်ဝန်း အတွင်းသာ သောင်တင် နေလေသည်။ အကယ်၍ ရှီဂျွန်၏ အကူညီကြောင့်သာ မဟုတ်လျှင် အဝေးဆုံး သူရောက်ဖူးသော နေရာမှာ အလုပ်ခန်းမသာ ဖြစ်လိမ့်မည်။ ထိုစဉ် သူက ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲတို့ နောက်မှ လိုက်ကာ ဂိုဏ်းအတွင်းပိုင်းသို့ ဝင်ရောက် သွားလိုက်သည်။ ထိုကြောင့်သာ သူအနေနှင့် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းက မည်မျှ ကြီးမားကြောင်း သိရှိလိုက်ရသည်။ ဓားအတန်းလိုက် ကီလိုမီတာ များစွာ တည်ရှိနေပြီး အတိတ်တုန်းက ပါရမီရှင် ဘယ်လောက်များများ ဖြတ်သန်း သွားပြီးပြီလဲဟု တွေးတောမိ နေလေသည်။

ဓားများ၏ အလယ်တွင် ထိပ်ဆုံးမှာ ဓားနှင့် ဓားအိမ် အနည်းငယ် ထွက်နေသော လုံးဝန်းသော အဆောက်အဦ ရှိလေ၏။ ထိုဓားသည် မည်မျှ သက်တမ်းရှိမည် ဖြစ်ကြောင်း မည်သူ သိမည်နည်း။ မိုဝူကျီက သိချင်ဇောဖြင့် လှမ်းကြည့် လိုက်သောအခါ ကျောရိုး တစ်လျှောက် ကြက်သီး ထသွားလေသည်။

ဓားဟန်ပန်ကို ဖော်ပြနေသော သေးငယ်သော ပုံများနှင့် စကားလုံးများသည် အဆောက်အဦ ပြင်ပတွင် ရှိနေကာ ကြည့်ရသည်မှာ ကြုံရာကျပန်းဟု ထင်ရသော်လည်း စနစ်တကျ အစဉ်လိုက် ရှိလေသည်။

လက်တစ်ဖက် ရှိသော လူကြီးသည် လက်ထဲတွင် တံမြက်စည်း ကိုင်ထားပြီး အဆောက်အဦ ရှေ့တွင် လှည်းကျင်း နေလေသည်။ ဂူရန်က အဆောက်အဦကို ဖြတ်သွားသောအခါ ထိုလူ့အား အနည်းငယ် ဦးညွှတ်လိုက်ကာ ကျန်လူများကို စက်ဝိုင်းသဏ္ဌာန် ဦးဆောင် သွားလိုက်လေသည်။

တစ်ဖက်တွင် မိုဝူကျီက ထိုလက်တစ်ဖက်နှင့် လူကြီးကို ကြည့်ကာ တွေးတောလိုက်မိ၏။ ထိုက ဒဏ္ဍာရီထဲက တံမြက်စည်း လှည်းသော ဘုန်းကြီးများလား ... မဟုတ်သေးပါဘူး ... ထိုသည်က တံမြက်စည်း လှည်းနေသော လူအိုကြီး တစ်ယောက်သာ ဖြစ်လေ၏။

မိုဝူကျီက အဆောက်အဦ အတွင်း‌ ပထမဆုံး ခြေချပြီးသည်နှင့် အလယ်မှာရှိသော စက်ဝိုင်း ပလ္လင်တစ်ခုကို တွေ့လိုက်ရ၏။ ထူးဆန်းဖွယ် သင်္ကေတများက ပလ္လင်တစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်ထားပြီး ဘေးတွင် အချိုင့်များ ပါရှိသေး၏။ ထိုမှလွဲလျှင် အဆောက်အဦ အတွင်း ဘာမှ မရှိချေ။

“နတ်ဓားတောင်ကို သွားမဲ့ ဆယ့်သုံးယောက်က ကျေးဇူးပြုပြီး သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ ရွှေ့ပြောင်း အစီအရင်ထဲ ဝင်ပေးပါ ... ” ဂိုဏ်းခေါင်းဆောင် ဂူရန်က ပလ္လင်ကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။ ထိုအရာကား ဒဏ္ဍာရီလာ ရွှေ့ပြောင်း အစီအရင် ဖြစ်လေ၏။ မိုဝူကျီက အင်မော်တယ် သခင်များသာ အစီအရင် အမျိုးမျိုးကို အသုံးပြုနိုင်ကြောင်း ကြားဖူး၏။ ရွှေ့ပြောင်း အစီအရင်မှာ ထိုထဲမှ တစ်ခု ဖြစ်ရမည်။

ယန်ချင်ယင်သည် အကူကောင်လေး ခေါ်လာဖို အရည်ချင်း အပြည့်မီဆုံး ဖြစ်သော်လည်း သူမတွင် တစ်ယောက်မျှ မပါရှိချေ။ ထိုသည်က မိုဝူကျီ၏ စိတ်ဝင်စားမှုကို တိုးမြင့်လာစေ၏။ ဆေးပြင်းမီးဖို မပါရှိဘဲ မည်သို့ ဆေးဖော်စပ် မည်နည်း။

အခြားသော အကူကောင်လေးများ ကဲ့သို့ မိုဝူကျီ နောက်ကျောတွင် ကြီးမားသော မီးဖိုကြီး တစ်ခုကို ဂရုတစိုက် ထိန်းထားကာ ရှီဂျွန်နောက်တွင် ရပ်နေလေသည်။ အကူတစ်ယောက် အနေနှင့် သူသည် ဆေးလုံးဆရာများ အတွက် ဤကဲ့သို့ အလုပ်များကို လုပ်ဆောင် ပေးရမည် ဖြစ်၏။ မဟုတ်လျှင် နတ်ဓားတောင်သို့ ဝင်ခြင်းက အိပ်မက်သာ ဖြစ်သွားလိမ့်မည်။

ဆယ့်သုံးယောက်သော လူများသည် အတူတူ ရွှေ့ပြောင်း အစီအရင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဂူရန်က တောက်ပြောင်သော ကျောက်စိမ်းတုံးကို ပစ်လိုက်လေသည်။ ကျောက်စိမ်းမှ ထွက်ပေါ်လာသော အဖြူရောင် အလင်းကား ဘေးချိုင့်များသို့ ကျရောက်သွားပြီး တစ်ခဏလေး အတွင်း အားလုံးကို ခေါ်ဆောင် သွားလေသည်။ ထိုသည်က သာမန် ကျောက်စိမ်း မဟုတ်ချေ။ သူကြားဖူးသော စိတ်စွမ်းအင် ကျောက်တုံးသာ ဖြစ်လောက်မည်။ မိုဝူကျီသည် စိတ်စွမ်းအင် ကျောက်တုံးကို ဖျတ်ခနဲ ကြည့်လိုက်သော်ငြား ရုတ်တရက် အလင်း ထွက်ပေါ်လာမှုကြောင့် မြင်ကွင်းကို ပိတ်သွားစေသည်။ သူသည် ဘာမှကို မမြင်လိုက်ရပေမဲ့ ထိုကျောက်တုံးများမှ သိပ်သည်းသော ဝိညာဉ် စွမ်းအားများကို ခံစားမိ၏။

မူးဝေဝေ ဖြစ်ပေါ်လာပြီး မိုဝူကျီသည် ထိုသည်က ရွှေ့ပြောင်းခြင်း ဖြစ်စဉ် တစ်စိတ်တစ်ပိုင်းလားဟု တွေးမိသွားသည်။ သူ့ပတ်ဝန်းကျင် တစ်ခုလုံးသည် အလွန်အမင်း လှုပ်ခါနေပြီး သူကို စုတ်ဖြဲ သွားတော့မတတ် ခံစားနေရသည်။

“ဗြိ ... ” ထိုအသံနောက်တွင် သူ့ပေါ်သို့ သွေးများ လာစဉ်လေသည်။ မိုဝူကျီက တုန်လှုပ်သွားလေ၏။ သူက မမြင်ရသော်လည်း တချို့ လူများသည် ဘေးပတ်ဝန်းကျင်မှ စွမ်းအားများကြောင့် အမှန်တကယ် စုတ်ဖြဲ ခံလိုက်ရမှန်း သိလိုက်သည်။

ရွှေ့ပြောင်းခြင်းက အသက်ဆုံးရှုံး ရလောက်သည့်အထိ ထိုမျှ ကြောက်စရာ ကောင်းနိုင်သည်လား ...

“အားလုံး မှတ်ထားကြ ... ရွှေ့ပြောင်းခြင်းမှာ တစ်ခုခု မှားသွားခဲ့ရင် နတ်ဓားတောင်ကို ရောက်တာနဲ့ မဆင်မခြင် လျှောက်သွား မနေနဲ့ဦး ... အရင်ဆုံး လူပြန်စုဖို့ လုပ်ကြ ... ” ယန်ချင်ယင်၏ အသံက အချိန်ကိုက် ထွက်ပေါ်လာသော်ငြား မိုဝူကျီသည် တစ်ဝက်တစ်ပျက်သာ ကြားလိုက်ရလေ၏။ ထို့နောက်တွင် သူမအသံက ကွယ်ပျောက် သွားလေ၏။

နောက်တစ်ကြိမ် လောင်မြိုက် ထားသော နာကျင်မှုက ထပ်ရောက်ရှိလာပြီး မိုဝူကျီသည် သူ့အရိုးများ ကျိုးသွားကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ သူသည် အခြားသော အကူကောင်လေးများ ကဲ့သို့ စုတ်ဖြဲ ခံလိုက်ခြင်းနှင့် အဆုံးသတ် ရတော့မည်ဟု တွေးတော နေစဉ်တွင် မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျ လာလေသည်။

မိုဝူကျီက ဖြည်းဖြည်းချင်း ရုန်းကန်၍ ပြန်ထဖို့ရာ ဆယ်မိနစ်လောက် လိုအပ်သေး၏။ နာကျင်မှုများက တစ်ကိုယ်လုံးသို့ ဝင်ရောက်နေကာ အရိုးများပင် အချိန်အာကာသ စွမ်းအင်အောက်တွင် ကျိုးကုန်လေ၏။ ပို၍ ကြောက်စရာ ကောင်းသည်က သူ့ဘေးတွင် လူတစ်ယောက်မှ မရှိချေ။ ယန်ချင်ယင် ပြောသည့်အတိုင်း ရွှေ့ပြောင်းနေစဉ် ပြဿနာ တစ်ခုခု ဖြစ်ခဲ့ပုံပေါ်၏။

သူရရှိလိုက်သည့် သွေးနံ့သည် အခြားသော အကူ ကောင်လေးများမှ ဖြစ်လိမ့်မည်။ သူသည် သာမန် အကူကောင်လေး မဟုတ်သောကြောင့်သာ အသက်ရှင် ကျန်ရစ်လေ၏။ သူသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်နှစ် ကျင့်ကြံသူ ဖြစ်သည့်အပြင် လျှပ်စီးများကို ခံယူပြီး နောက်တွင် သူ့ခန္ဓာကိုယ်သည် အမှန်တကယ်ပင် ခံနိုင်ရည် ရှိလာကာ သူနှင့် အဆင့်တူ ကျင့်ကြံသူများ ထက်ပင် ပို၍ အားကောင်း ပေလိမ့်မည်။

အံကိုကြိတ် ထားလိုက်ပြီး မိုဝူကျီက နာကျင်မှုကို တောင့်ခံကာ အသက်ဝအောင် ရှူရှိုက် လိုက်လေသည်။ ဂူရန် ပြောချက်များအရ နတ်ဓားတောင်တွင် ဝိညာဉ် ဆေးပင်များစွာ ရှိသင့်ကာ ဆေးလုံးဆရာများ အတွက် စိတ်ကူးယဉ် လောကကို တွေ့မြင်လိုက်ရသည့် အလား ဖြစ်သင့်ပေ၏။ သို့သော် ယခုတွင် သူ့အောက်တွင် ရှိသည်က မြေရိုင်းဖြစ်နေပြီး ကျောက်တုံး အမှုန်အမွှားများနှင့် ခြောက်သွေ့သော မြေဆီလွှာပင် ရှိလေသည်။

ဝိညာဉ် ဆေးပင်တွေက ဘယ်မှာလဲ ... မြက်ပင်ကရော ဘယ်မှာလဲ ...

မိုဝူကျီက ဂိုဏ်းခေါင်းဆောင်သည် ထိုအရာကို လိမ်ညာလိမ့်မည်ဟု မယုံကြည်နိုင်ပေ။ ကြီးမားလှသော ကွာခြားချက်အရ ဟိုးအရင်က တစ်စုံတစ်ခုသည် ဂိုဏ်းထဲတွင် ဖြစ်ပျက်ခဲ့လောက်၏။ ရွှေ့ပြောင်း အစီအရင် ပြဿနာ တက်ခြင်းနှင့်ပါ ဆက်နွှယ်ပြီး သူသည် ထိုအကြောင်းအရာကား ရိုးရှင်းလှမည် မဟုတ်ကြောင်း ပိုသေချာ သွားလေ၏။

***

All Chapters