← Chapters

တိုးတက်မှု အဆင့်တစ် လူသားအဆင့် ဆေးလုံးဆရာ

Vol. 6 Ch. 79

တိုးတက်မှု အဆင့်တစ် လူသားအဆင့် ဆေးလုံးဆရာ

Vol. 6 Ch. 79

နာရီဝက်လောက် အနားယူပြီး နောက်တွင် မိုဝူကျီက အခြေအနေကို သုံးသပ်ကာ အနားယူရန် ပိုဘေးကင်းသော နေရာကို ရှာဖွေသင့်သည်ဟု ခံစားမိလေ၏။

မိုဝူကျီက ဆေးပြင်းမီးဖိုကို ရုန်းကန် လှုပ်ရှား သယ်ဆောင်ကာ တစ်ကီလိုမီတာလောက် လမ်းလျှောက် လာလိုက်ရင်း  လူသေအလောင်းကို တွေ့သည့်အခါ ရပ်တန့်လိုက်လေ၏။ ထိုသည်က ဆေးလုံးဆရာ ခုနစ်ယောက် ထဲမှ တစ်ယောက် ဖြစ်ကြောင်း အမှတ် ရလိုက်သည်။

သဘောတရားအရ အဆင့်သုံး ဆေးလုံးဆရာ များသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ကို ကျော်ဖြတ်ပြီးသော အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ မိုဝူကျီက ထိုဆေးလုံးဆရာ၏ အလောင်းကို တွေ့သောအခါ သူ၏ ကံကောင်းမှုကို အမှန်တကယ်ပင် ကျေးဇူး တင်လိုက်လေသည်။ ရွှေ့ပြောင်းစဉ် အတွင်း အသက်ရှင် ကျန်ရစ်သည်မှာ ကံကောင်းမှုကြောင့်သာ ဖြစ်လေ၏။

မိုဝူကျီက ဆေးလုံးဆရာ ခန္ဓာကိုယ်ကို စတင် ရှာဖွေလိုက်ပြီး အသုံးဝင်သော ပစ္စည်းများကို ယူဆောင် ထားလိုက်သည်။ စိတ်စွမ်းအင် ကျောက်တုံး အချို့ပင် တွေ့ရှိလေ၏။ ထိုကျောက်တုံးများသည် ဝိညာဉ်စွမ်းအား ကြွယ်ဝသော ပစ္စည်းများ ဖြစ်ရာ မိုဝူကျီ ရရှိရန် အိပ်မက် မက်နေသော အရာပင် ဖြစ်သေး၏။ သို့သော်လည်း သူက ကျောက်တုံးများကို သိမ်းလိုက်သော်လည်း စိတ်ထဲ၌ မပေါ့ပါးသွားချေ။ သူသည် ကုသရေး ဆေးလုံးများလည်း တွေ့ရှိသည့် အတွက် သူ့ဒဏ်ရာများကို ပြန်လည် ကုစားရန် သုံးစွဲလိုက်လေသည်။

ဆေးလုံးသခင်၏ ခန္ဓာကိုယ်ကို နှံ့နှံ့စပ်စပ် ရှာဖွေပြီးနောက်တွင် မိုဝူကျီက မြေကျင်းတူးကာ ဆေးလုံးသခင်အား မြှုပ်နှံပေးလိုက်သည်။

အဆင့်သုံး ဆေးလုံးဆရာ အဆင့်အတန်းကား သေမျိုးကမ္ဘာတွင် စိတ်ကူးယဉ် တည်ရှိမှု တစ်ခုဖြစ်သော်လည်း သူတို့ထဲမှ တစ်ယောက်ကား အမည်မသိ နေရာတွင် တိတ်တဆိတ် သေဆုံးသွားလေပြီ။ ဤ ကျိုးပျက်လွယ်ပြီး အားနည်းလှသော ဘဝကြီးသည် မိုဝူကျီကို စိတ်ပျက် အားငယ်စေသည်။

ဆေးလုံးကို မှီဝဲပြီးနောက်တွင် မိုဝူကျီက ကျိုးနေသာ အရိုးများကား မြန်မြန်ဆန်ဆန် ပြန်လည် ကောင်းမွန်လာကြောင်း ခံစားမိလိုက်၏။ သို့သော် သက်ပြင်းမချဘဲ မနေနိုင်ချေ။ ဆေးလုံးဆရာများ ဖော်စပ်ထားသော ဆေးလုံးများသည် မော်ဒန်ခေတ်မှ ပင်နီဆီလင်နှင့် ယှဉ်လျှင်ပင် ကောင်းကင်ကို ဆန့်ကျင် ရလောက်သည့်အထိ ကောင်းမွန်နေကြောင်း သိရှိလိုက်ရသည်။ ပင်နီဆီလင်က အံ့ဖွယ် ဖြစ်သော်ငြား ပြန်လည် ကောင်းဖို့ရာ အချိန် လိုအပ်သေး၏။ သို့သော်လည်း ထိုဆေးလုံးများ၏ အကျိုး သက်ရောက်မှု အာနိသင်ကား ချက်ချင်းပင် အစွမ်းပြလေ၏။

အကယ်၍ တစ်ယောက်ယောက်ကသာ အနောက်တိုင်း ဆေးဝါးများသည် တရုတ်ဆေးများထက် အကျိုးသက်ရောက်မှု ပိုမြန်ကြောင်း‌ ပြောလျှင် မိုဝူကျီက ထိုလူ့၏ မျက်ခွက်အား တံတွေးနှင့် ထွေးမိမည် ဖြစ်၏။ ဤဆေးလုံးများသည် ဆေးပင်များနှင့် ဖော်စပ်ထားခြင်းသာ ဖြစ်၏။ သူတို့သည် တရုတ်မှ အစပြုခြင်း မဟုတ်လျှင်ပင် မိုဝူကျီက ထိုအရာများကို တရုတ်ဆေး အဖြစ်သာ ယူဆဆဲ ဖြစ်လေ၏။

ထို့နောက်တွင် မိုဝူကျီက လူမပြောနှင့် ပုရွက်ဆိတ် တစ်ကောင်တောင် မတွေ့တော့ချေ။

နှစ်ရက်တာ ကုန်ဆုံးပြီး နောက်တွင် မိုဝူကျီ၏ ဒဏ်ရာများသည် ဖြည်းဖြည်းချင်း သက်သာလာလေပြီ။ သူ့တွင် မျှော်လင့်ချက် ထပ်မရှိလေတော့ အဆုံးသတ် လေပြီဟု စဉ်းစားနေဆဲတွင် အကွာအဝေး တစ်ခုမှ အစိမ်းရောင် မြင်ကွင်းကို တွေ့မြင်လိုက်ရသည်။

သူက လေးလံလှသော ဆေးပြင်းမီးဖို၏ အလေးချိန်ကိုပင် လျစ်လျူရှုကာ အပြေးအလွှား သွားလိုက်လေ၏။

ဆယ်မိနစ် အကြာတွင် မိုဝူကျီက စိမ်းစိုနေသော အစိမ်းရောင် ချိုင့်ဝှမ်းတွင် ရောက်ရှိနေလေပြီ။ ဂူရန် ပြောသည်က မှန်ကန်ပေ၏။ ဤနေရာတွင် ဝိညာဉ် ဆေးပင်များနှင့် ပြည့်နှက် နေလေ၏။

ဆေးလုံး ဖော်စပ်ခြင်းကို လေ့လာနေစဉ်တွင် မိုဝူကျီက ဝိညာဉ် ဆေးပင်များ၏ မိတ်ဆက် အကြောင်းအရာကို ဖတ်ဖူးလေ၏။ ထို့ကြောင့် သူသည် ဝိညာဉ်ဆေးပင် အမြောက်အမြား၏ အကြောင်းအရာ တစ်ခု၊ နှစ်ခုကို သိလေ၏။ သို့သော်လည်း သူသည် ဤနေရာတွင် ရှိနေသော ဆေးပင် တစ်ပင်၏ အမည်ကိုပင် မသိချေ။ ဆေးပင် အမျိုးမျိုးကို တွေ့လိုက် ရခြင်းကား သူ့အား အလွန်အမင်း စိတ်ကျေနပ်စေ၏။

မဆိုးလှပေ ... ဒီနေရာတွင် တော်တော်လေး လတ်ဆတ်ပြီး စိမ်းစိမ်းလန်းလန်း ရှိနေလေ၏။

မိုဝူကျီသည် “လတ်ဆတ်ခြင်းနှင့် စိမ်းလန်းခြင်း” စကားစုကို စဉ်းစားမိသောအခါ သူလာခဲ့ရသော နေရာကို ပြန်လည် အမှတ်ရသွားလေ၏။ အကယ်၍ ဤနေရာသည် “စိမ်းစို လတ်ဆတ်ခြင်း” ဟု တင်စားရလျှင် ထိုနေရာကား သေချာပေါက် “သေဆုံးနေသော ကျတ်တီးမြေ” ဖြစ်လိမ့်မည်။

တူညီသော တောင်တစ်ခုတည်းတွင် ဖြစ်နေသော်လည်း အဘယ်ကြောင့် ဝိညာဉ်ဆေးပင်များ ပေါကြွယ်ဝ နေသည့် နေရာရှိနေကာ ရေညှိပင် မပေါက်ရောက်သော နေရာလည်း ရှိနေရသနည်း.....

မိုဝူကျီက စတင် စဉ်းစားလိုက်ပြီး တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်၏။ ထိုလောက နှစ်ခုကား အလွန်အမင်း ကွာခြားလွန်းလှ၏။

ပို၍ လေ့လာဆန်းစစ် လိုက်သောအခါ မိုဝူကျီက အနားသတ် အနားရှိ ဆေးပင်များသည် ခြောက်သွေ့နေကြောင်း တွေ့လိုက်ရသည်။ ထိုစဉ် မိုဝူကျီက အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ သိရှိသွားလေသည်။ သူလာခဲ့သော နေရာမှ ခြောက်သွေ့ ပျက်စီးခြင်းများကား မပျံ့နှံ့သေးချေ။ သို့သော်လည်း ဤစိမ်းစို ချိုင့်ဝှမ်းသည် တည်ရှိမှု ပျောက်ပျက်သွားလိမ့်မည်။

မိုဝူကျီက နတ်ဓားတောင်ကို ထိုသို့ ကျတ်တီးမြေ ဖြစ်သွားမည်ကို အလိုမရှိသော်လည်း သူ့အနေနှင့် ဘာလုပ်ရမှန်း မသိချေ။ သူသည် သာမာန် အစေခံသာ ဖြစ်၍ ဤအရာကို ရပ်တန့်ပစ်ဖို့ရန် အရာမရောက်ချေ။ ထို့အပြင် သူတွင် ဤကဲ့သို့ အခြေအနေမျိုးတွင် မည်သို့ ရှင်သန်ရမှန်းပင် မသိရှိသေးချေ။

ဤနေရာတွင် ဝိညာဉ်ဆေးပင် အများအပြားရှိ၍ သူသည် အားလုံးကို သိမ်းဆည်းကာ သန့်စင်ခြင်း လေ့ကျင့်နိုင်မည့် နေရာကို ရှာဖို့ လိုအပ်သေး၏။

မိုဝူကျီက ဝိညာဉ်ဆေးပင် အုပ်စုလိုက်ကို အကုန်သိမ်းဆည်း လိုက်လေသည်။ မိုဝူကျီ လက်လျှော့ လိုက်သောအခါ ညနေစောင်းပင် ရောက်နေလေပြီ။ သူက သဘာဝ လိုဏ်ဂူကို ရှာတွေ့သောအခါ အထဲတွင် အနားယူလိုက်သည်။

တစ်ညတာ အိပ်စက် အနားယူပြီးနောက် မိုဝူကျီက ဆေးလုံး သခင်ပေါ်မှ တွေ့ရှိသော မီးကျောက်တုံးများကို ယူကာ မီးပြင်းဖို‌ အောက်တွင် ထားလိုက်လေသည်။ သူက သန့်စင်ခြင်းကို စတင် လေ့ကျင့်တော့မည်။

သူ့ဘေးပတ်လည်တွင် ဝိညာဉ်ဆေးပင်များ ရှိနေလျှင်ပင် မိုဝူကျီက သန့်စင်စဉ် အတွင်း ဂရုတစိုက် လုပ်ဆောင်လေသည်။ ဝိညာဉ် ဆေးပင်များသည် အလွန် အဖိုးတန်မှန်း သိသော်ငြား အကယ်၍ နတ်ဓားတောင်သို့ ဝင်ခွင့်မရပါက ဆေးပင် သန့်စင်ခြင်း လေ့ကျင့်ဖို့ရန် ဆေးပင်များ ပြည့်နေသော ချို့င့်ဝှမ်း တစ်ခုလုံး ရရှိမည့် အခွင့်အရေး ရမည် မဟုတ်။

နေ့ရက်များသည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မိုဝူကျီသည် ရရှိသော အခွင့်အရေးကို တန်ဖိုးထားကာ နေ့စဉ် မတူညီသော ဆေးပင်များကို သန့်စင်ရန် ကြိုးစားလေသည်။ အစပိုင်းတွင် သူ၏ သန့်စင်ခြင်း ရလဒ်ကား ကျရှုံးမှုများသာ ဖြစ်နေလေ၏။ သို့သော်လည်း သုံးရက်တာ ကျော်လွန် ပြီးနောက် သူသည် ဆေးပင်၏ အဆီအနှစ် ၈၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်လေပြီ။ နောက်ထပ် ရှစ်ရက် အကြာတွင် အရေအတွက်ကား ၉၀ရာခိုင်နှုန်း အထိပင် တိုးမြှင့်လာလေသည်။

ထို့နောက်တွင် သူသည် တိုးတက်လာမှု ထပ်မရှိတော့ချေ။ ၉၀ရာခိုင်နှုန်း အထက်ရောက်ရန် အလွန် ခက်ခဲလှ၏။

မိုဝူကျီက စကားလုံးမဲ့ ဆေးနည်းစာအုပ်မှ နည်းလမ်းအတိုင်း ဆေးပင်များကို သန့်စင်ခဲ့လေ၏။ ရှေ့ဆက် တိုးလို့မရသည်မှာ မသိမမြင်နိုင်သည့် အကြောင်းရင်းများကြောင့် မဟုတ်လည်း သူ့ကျင့်ကြံခြင်း အဆင့် ကန့်သတ်ချက်ကြောင့်သာ ဖြစ်ကြောင်း သိရှိ၏။ သူကျင့်ကြံဆင့် မြင့်လာသည်နှင့် ဆေးပင်များကို သန့်စင်ခြင်းတွင်လည်း တိုးတက် လာလိမ့်မည်။

အဆီအနှစ်၏ ၉၀ ရာခိုင်နှုန်းအထိ အောင်အောင်မြင်မြင် သန့်စင်နိုင်ခြင်းမှာ ဆေးလုံးသခင် ရှီထက်ကို ပိုကောင်းမွန်နေပြီ ဖြစ်လေ၏။ မိုဝူကျီ၏ လေ့လာချက်များအရ ရှီဂျွန်သည် ၆၀ မှ ၇၀ ရာခိုင်နှုန်းလောက်သာ သန့်စင်နိုင်လေ၏။

ရှီဂျွန်၏ ဆေးဖော်စပ်ခြင်းကို လေ့လာစဉ်က သူ ဖယ်ထုတ်လိုက်သည့် ဆေးအနှစ်များသည် ဆေးပင် အဆီအနှစ်များစွာ ပါဝင်နေလေသည်။ ထိုသည်က ဖြုန်းတီးမှု အလေလွင့်သာ ဖြစ်လေ၏။

ဖြုန်းတီးမှု သာလျှင် မဟုတ်ပေ။ သန့်စင်မှု မြင့်မားမှုသည် ဆေးလုံး ဖြစ်တည်ရာတွင် ပို၍ လွယ်ကူစေကာ ဖော်စပ်သော ဆေးလုံးပင် အရည်အသွေး မြင့်မားနိုင်လေ၏။

ရှီဂျွန်အတွက် အကယ်၍ သူ့သန့်စင်ခြင်း နည်းလမ်းကား မတိုးတက်လာပါက ဆေးလုံး ဖော်စပ်ရာတွင် တိုးတက်ရန် ခက်ခဲပေလိမ့်မည်။

မိုဝူကျီသည် သူ့သန့်စင်နှုန်း တိုးတက်သည့် ဖြစ်စဉ်အတွက် အချိန်များစွာနှင့် ခက်ခဲကြမ်းတမ်း လိမ့်မည် ဖြစ်ကြောင်း သိ၏။ ထို့ကြောင့် သူသည် သန့်စင်ခြင်းကို ထပ်၍ မလုပ်ဆောင်တော့ပဲ ကျင့်ကြံခြင်းကို လေ့ကျင့်သကဲ့သို့ ဆေးလုံး ဖော်စပ်ခြင်းကို စတင် လေ့လာလိုက်သည်။ ဤနေရာရှိ ဝိညာဉ် စွမ်းအားများသည် ပေါကြွယ်ဝ သောကြောင့် သူ ဝိညာဉ်စွမ်းအား များစွာ စုပ်ယူခြင်းကို တွေ့ရှိသွားမည့် လူများကိုလည်း စိုးရိမ်နေစရာ မလိုအပ်ပေ။ မိုဝူကျီက နောက်ဆုံးတွင် သူ့စိတ်ကြိုက် စတင်ကျင့်ကြံ လိုက်တော့သည်။

ဆေးနည်း စာအုပ်ထဲမှ ဆေးလုံး ဖော်စပ်ခြင်း နည်းလမ်းကား ရှီဂျွန်၏ နည်းလမ်းနှင့် လုံးဝ ကွဲပြား ခြားနားလှသည်။ ဤစာအုပ်တွင် ဆေးလုံးနှင့် လက်ဟန်များကို အဓိက ထားကာ ရေးသားစုစည်း ထားလေသည်။

ဆေးပြင်းမီးဖို သန့်ရှင်းရေးမှ စ၍ ဆေးလုံး ဖြစ်တည်ခြင်း အဆင့်မှ နောက်ဆုံး ဆေးလုံး သိမ်းဆည်းခြင်း အဆင့်ထိ လက်ဟန် အမျိုးမျိုး ရှိလေသည်။

ထို့အပြင် စာအုပ်တွင် ဖော်ပြထားသည်က ဆေးလုံးနှင့် လက်ဟန်ကား အသေမဟုတ်ပေ ဆေးပင်များ၏ ပင်ကို လက္ခဏာအရ အခြေအနေနှင့် အချိန်အခါပေါ် လိုက်၍ ပြောင်းလဲလို့ ရလေ၏။ ဆေးလုံးဆရာ အတွက် ထိုမျှ သိထားရန် လိုအပ်ပေ၏။ တချို့သော ဆေးလုံး ဆရာများသည် အခြေအနေကို မလိုက်နိုင်ကြပဲ စက်ရုပ်ဆန်ဆန် လှုပ်ရှားကြလေသည်။

မိုဝူကျီက အမျိုးမျိုးသော ဆေးပင်များကို လေ့လာစဉ်က သူက ထိုအချက်ကို သဘောပေါက်ခဲ့၏။ ပြောင်းလွယ် ပြင်လွယ်ခြင်း မရှိသော အရာများသည် ယိုယွင်း ပျက်စီး လာပေလိမ့်မည်။

ထိုသည်က များစွာသော ရှေးဟောင်းတရုတ် လူမျိုးများ အတွက် မှန်ကန်လေသည်။ အချိန်ကြာလာသည်နှင့် အမျှ ဘယ်နှယောက်များ ပျောက်ပျက် သွားသနည်း။ အကြောင်းမှာ သူတို့သည် သူတို့နည်းလမ်းကို အစွဲလမ်း ထားလွန်းခြင်းက အဓိက အကြောင်းရင်း ဖြစ်လေ၏။

ဆရာတစ်ယောက်က သူ့တပည့်ကို အသိပညာ ဝေမျှပေး လိုက်သောအခါ ဆရာက မည်သည့်အရာမှ ထိမ်ချန် မထားလျှင်ပင် တပည့်ဖြစ်သူ အတွက် ဆရာကို ကျော်ဖို့က ခက်ခဲလိမ့်မည်။ ထိုသည်က အသိပညာ လျော့နည်းမှု ကြောင့်သာ ဖြစ်လေ၏။ တပည့်ဖြစ်သူက သူ့တပည့်ကို ပညာသင်ပေးသော အခါ ပို၍ပင် နည်းသွားလိမ့်မည်။ အပြာမှ အစိမ်းဖြစ်ပေါ် လာပြီး အပြာထက် သာလွန်လေ၏။ (ဆရာထပ် တပည့် လက်စောင်းထက်) ထိုအကြောင်းကား လူအချို့ အပေါ်ပင် သက်ရောက်မှု ရှိလေသည်။ ထို့အပြင် ဆရာ အများစုသည် တပည့်များအပေါ် အားလုံး ထုတ်ဖော် မပြကြချေ။

အကယ်၍ ဤသို့ ဆက်တိုက် လျော့ကျ လာပါက အကောင်းဆုံး ဆိုသောအရာပင် သမိုင်းအနေနှင့်သာ ကျန်ရှိနိုင်လိမ့်မည်။

မိုဝူကျီသည် ဤအခွင့်အရေးကား မည်မျှ အဖိုးတန်ကြောင်း သေချာသိလေသည်။ တစ်လအကြာတွင် မည်သို့ ဖြစ်မည်ကို မသိသေးသော်လည်း သူ့တွင် စိုးရိမ်နေစရာ အချိန်ပင် မရှိချေ။ ဂိုဏ်းခေါင်းဆောင်က တစ်လတာဟု ပြောထားသောကြောင့် မှားယွင်း လိမ့်မည် မဟုတ်လောက်ချေ။

သူ ထွက်သွားသည်နှင့် ထိုသို့သော ကျင့်ကြံဖို့ရန် သင့်တော်လှသော ပတ်ဝန်းကျင် အနေအထားမျိုး သို့မဟုတ် ဆေးလုံး ဖော်စပ်ရန် နေရာကောင်းကို ထပ်မတွေ့နိုင်တော့ပေ။ အိပ်စက်ခြင်းကို ဘေးဖယ်ထား၍ မိုဝူကျီသည် နေ့တိုင်း ဆေးလုံး ဖော်စပ်ခြင်း သို့မဟုတ် ကျင့်ကြံခြင်း အပေါ်တွင်သာ အာရုံ အပြည့်အဝ စိုက်ထားလေသည်။ ဆေးလုံး ဖော်စပ်ခြင်းတွင် ပင်ပန်းလာသည့် အခိုက်အတန့်တွင် ချက်ချင်းပင် စတင် ကျင့်ကြံ လိုက်လေ၏။

ကျင့်ကြံစဉ်တွင် သူသည် ကောင်းကင်နှင့် ကမ္ဘာမြေမှ ဝိညာဉ် စွမ်းအားများကို ဆက်တိုက် စုပ်ယူလိုက်သည်။ ထိုသည်က သူ့အားမာန် ကျန်ရှိနေစေရန် သူ့အတွက် အိပ်စက်မှု အနည်းငယ်သာ လိုအပ်လေ၏။

ဆေးနည်း စာအုပ်တွင် ဆေးလုံး ဖော်မြူလာ များများစားစား မရှိသော်ငြား ဆေးလုံး တစ်ခုချင်းစီသည် ဖြစ်တည်ရန် လွယ်ကူလှပေ၏။ ဖော်မြူလာများသည် ဆေးလုံး ဖော်စပ်ခြင်း သင်ယူရာ အတွက် အလွန် သင့်တော်ပြီး ကျင့်ကြံဆင့် နိမ့်သူများ အတွက်လည်း မယုံနိုင်လောက်ဖွယ် အသုံးဝင်လေသည်။

ရက် ၂၀ မြောက်နေ့တွင် မိုဝူကျီက အဆင့်တစ် စွမ်းအား စုစည်းခြင်း ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ် နိုင်လိုက်သည်။ ထိုဆေးလုံးကား ဝိညာဉ် လမ်းကြောင်းဖွင့် ကျင့်ကြံသူများ အတွက် ဖြစ်ကာ အကျိုး သက်ရောက်မှုက စွမ်းအားဖြည့် ဆေးလုံးထက် ပိုကောင်းလေ၏။

၂၁ ရက်မြောက်တွင် မိုဝူကျီသည် အဆင့်တစ် အင်အားဖြည့် ဆေးလုံး ပထမအသုတ်ကို ဖော်စပ်နိုင်ခဲ့၏။ ထိုဆေးလုံးကား အားအင် ကုန်ဆုံးနေသော ကျင့်ကြံသူများ အတွက် ဖြစ်ပြီး လက်ရှိ မိုဝူကျီအတွက် အလွန် အသုံးဝင်လေသည်။

မိုဝူကျီက ကျင့်ကြံလိုက် ဆေးလုံး ဖော်စပ်လိုက်ဖြင့် သူသည် အချိန်များကိုပင် မေ့လျော့နေဟန် ရှိသည်။ သူသည် ထိုဖြစ်စဉ်များကို သူ့ချီသွေးကြောများ တုန်လှုပ်လာသည့် အထိ ဆက်တိုက် ပြုလုပ်နေလေသည်။ သူ့ခေါင်းထိပ်မှ အားပြင်းပြင်း စွမ်းအားတစ်ခု လောင်းချလိုက်သည့် အလား သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖြတ်စီးသွားလေ၏။ သူ့စိတ်က ကြည်လင်လာပြီး မိုဝူကျီကို ငေးမောနေရာမှ နိုးထစေလိုက်သည်။

မသိမသာဖြင့် သူသည် အဆင့်သုံး ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်သို့ တက်လှမ်း သွားလေပြီ။ စတင် ကျင့်ကြံစဉ်မှ စ၍ နှစ်လ မရှိသေးသည့် အချိန်တွင် သူသည် သာမာန် သေမျိုး တစ်ယောက်မှ အဆင့်သုံး ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ထိ တက်လှမ်း နိုင်ခဲ့လေ၏။

သူ့အား ကျေနပ် အားရစေသည်က ကျင့်ကြံခြင်း အပေါ်တွင် အချိန် နည်းနည်းသာ ပေးခဲ့ရကာ အများစုကား ဆေးလုံး ဖော်စပ်ခြင်းတွင် အသုံးပြုထားခြင်း ဖြစ်လေ၏။ ယနေ့တွင် သူသည် အမှန်တကယ် အဆင့်တစ် ဆေးလုံးဆရာ အဖြစ် ရောက်ရှိလေပြီ။

စကားလုံးမဲ့ ဆေးစာအုပ်ကို အသုံးပြုပြီး နတ်ဓားတောင်မှ အရင်းအမြစ်များဖြင့် လူအများ အတွက် သူတို့ ဘဝတစ်လျှောက်လုံး မထိတွေ့နိုင်သည့် အဆင့်တစ်ခုကို မိုဝူကျီက တစ်လတည်းဖြင့် ရောက်ရှိလာလေသည်။

ကံဆိုးလှစွာ သူ မည်သို့ပင် လုပ်နေပါစေ မိုဝူကျီသည် အဆင့်နှစ် ဆေးလုံးကိုမူ မဖော်စပ်နိုင်ပေ။

***

All Chapters