← Chapters

ကြောက်မက်ဖွယ်ကောင်းလောက်အောင်တုံးအခြင်း

Vol. 53 Ch. 740

ကြောက်မက်ဖွယ်ကောင်းလောက်အောင်တုံးအခြင်း

Vol. 53 Ch. 740

လူသားခေါင်းသည် အချိန်တစ်ခုကြာအောင် ပျော်ရွှင်စွာ အောင်ပွဲခံပြီးနောက်မှ အာရုံစိုက်နိုင်တော့သည်။

"အိုး.......... ဟုတ်သားပဲ။ မင်းတို့အားလုံးကို စားပေးရဦးမယ်။"

၎င်း၏မျက်ဝန်းများသည် အန်လင်းတို့အား ကြည့်နေရင်း သွေးနီရောင်နှင့် အပြာရောင်အဖြစ် ပြောင်းလဲသွားသည်။ လူသားခေါင်းသည် ရက်စက်စွာပြုံးကာ တစ်နေရာသို့ ကြည့်ရှုလိုက်လေသည်။

"စိတ်ရှုပ်စရာ အကောင်းဆုံးသူကို အရင်ရှင်းကြတာပေါ့။"

လေထုတုန်ခါမှုများနှင့်အတူ ပြင်းထန်လှသော ဖိအားများကြောင့် ပိုင်လင်၏ပုံရိပ် ပေါ်ထွက်လာရသည်။ သူမသည် အမူအရာ ပြောင်းလဲသွားပြီး လက်သင်္ကေတများပြောင်းကာ ကိုယ့်ကိုယ်ကို ဖုံးကွယ်ရန် ထပ်မံကြိုးစားလိုက်သည်။ သို့သော် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် မျက်စိတမှိတ်အတွင်း သူမရှေ့ ရောက်ရှိလာကာ အဖျက်စွမ်းအင် ကြမ်းတမ်းသော ဓားပုံရိပ်နှင့် တိုက်ခိုက်လိုက်သည်။

မြန်လိုက်တာ............

ပိုင်လင် အလွန်ထိတ်လန့်ကာ တိုက်ခိုက်မှုအား ရှောင်ရှားရန် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

သူမသည် တာအိုပေါင်းစည်းခြင်းအဆင့်သို့ မရောက်သေးပါသော်လည်း ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့် ဖြစ်သောကြောင့် တွက်ချက်မှုများအား ကောင်းစွာပြုလုပ်နိုင်သည်။ ထို့ကြောင့်ပင် ဓားကွက်၏ လားရာကို တိတိကျကျ ခန့်မှန်းကာ အချိန်မီ ရှောင်ရှားနိုင်ခဲ့လေသည်။

စုဝမ်ကျွင်းနှင့် လုံကွေးတို့မှာလည်း ပိုင်လင်အား ကူညီရန် ရှေ့သို့တက်လာကြသည်။

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် သွေးနီရောင် လက်မောင်းအား ရုတ်တရက် ဝေ့ယမ်းလိုက်သည်နှင့် မီးတောက်မီးလျှံများ ဖြာထွက်ကာ ဓားများအသွင် ဖြစ်ပေါ်လာပြီးနောက် ၎င်းတို့နှစ်ဦးပေါ် ကျဆင်းလာသည်။

နဂါးကြေးခွံများ ဖုံးအုပ်ထားသော နဂါးလက်သည်းဖြင့် ပိုင်လင်အား ညွှန်လိုက်သည်နှင့် မြူခိုးနဂါးနှင့် ရေနဂါးများစွာ ပေါ်ထွက်လာသည်။ ပိုင်လင်သည်လည်း စွမ်းအင်ဖိအားများ ခံစားရကာ နောက်သို့ဆုတ်သွားသည်။

အန်လင်း အော်ဟစ်ပြောဆိုလိုက်သည်။

"ခင်ဗျားတို့အားလုံး ဘာလုပ်နေကြတာလဲ။ ပူးပေါင်းတိုက်ခိုက်ကြလေ။ ဒီကောင်က ဦးနှောက်မရှိတဲ့ မကောင်းဆိုးဝါး တစ်ကောင်ပဲ။ ဘာကြောက်နေစရာ လိုလို့လဲ။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေဖြစ်ပြီး ဂုဏ်သိက္ခာတောင် မရှိဘူးလား။"

"ချိပ်ပိတ်ဖို့အတွက် ကျုပ်ကြိုးစားနေတုန်း အချိန်ဆွဲပေးထားကြ။ ကျုပ်တခြားဟာကို အာရုံမစိုက်နိုင်ဘူး။ ကျုပ်သေသွားရင် ခင်ဗျားတို့ရော အသက်ရှင်မယ် ထင်လို့လား။"

ထိုစကားများကြောင့် ကောင်းကင်နတ်မိမယ် ဖေးရင်နှင့် သွမ့်ဟွမ်းဇီတို့ပါ တိုက်ပွဲထဲ ရောက်ရှိလာသည်။

မည်သူကမှ မသေဆုံးလိုကြပေ။ ရှင်သန်လွတ်မြောက်နိုင်မည့် အခွင့်အရေး ရှိနေပါက အားလုံးမှာ ကျားကုပ်ကျားခဲ ဖက်တွယ်ထားကြမည် ဖြစ်သည်။

ကောင်းကင်နတ်မိမယ် ဖေးရင်နှင့် သွမ့်ဟွမ်းဇီတို့အား ပြောဆိုပြီးသည့်နောက် အန်လင်းမှာ ပွစိပွစိ ရေရွတ်ကာ လက်သင်္ကေတများ ပြောင်းလဲနေတော့သည်။

အန်လင်း၏ ဓားချက်သည် အမှန်တကယ် ကြောက်စရာ ကောင်းခဲ့သောကြောင့် အားလုံးသည် အားကောင်းလွန်းသော ချိပ်ပိတ်ခြင်းအား ပြုလုပ်နိုင်လိမ့်မည်ဟု ယုံကြည်မိနေကြသည်။

ကောင်းကင်နတ်မိမယ် ဖေးရင် အံကြိတ်ကာ ပြောလိုက်သည်။

"ကျွန်မကတော့ မျှော်လင့်ချက်တွေအားလုံး သူ့အပေါ် ပုံအပ်ထားတယ်။"

"အန်လင်းက အရမ်းသန်မာလွန်းတယ်။ အခု အခြေအနေတွေကို သူကပဲ ပြောင်းလဲပေးနိုင်မှာ။ ဒီမကောင်းဆိုးဝါး သူ့နားကိုတောင် ကပ်လို့မရစေရဘူး။"

သွမ့်ဟွမ်းဇီ ဆုံးဖြတ်ချက် ချလိုက်သည်။

၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးထံ ပျံဝဲသွားလိုက်ကြသည်။

ပိုင်ဖန်းဇယ်မှာမူ လက်နှစ်ဖက်လုံး အစားခံထားရသောကြောင့် စိတ်ဒဏ်ရာအပုံလိုက်ဖြစ်ကာ တောအုပ်ထဲတွင်သာ ဆက်လက်ပုန်းခိုနေသည်။

ထိုအချိန်တွင် အန်လင်းမှာလည်ူ ပွစိပွစိ ရေရွတ်နေဆဲပင်။

ကောင်းကင်နတ်မိမယ် ဖေးရင်နှင့် သွမ့်ဟွမ်းဇီတို့ပါ တိုက်ပွဲထဲ ဝင်ရောက်လာသောကြောင့် ပိုင်လင်မှာ စိတ်သက်သာရာ ရသွားရသည်။

"ဒီမိန်းမနဲ့ငါနဲ့ တိုက်ပွဲမှာ မင်းတို့က ဘာဝင်လုပ်ကြတာလဲ။ အဲ့ဒါ အနိုင်ကျင့်တာပဲကွ။"

လူသားခေါင်းမှာ တဖြည်းဖြည်း ပို၍ဒေါသထွက်လာသည်။ သူသည် ပိုင်လင်အား တိုက်ခိုက်နေရရုံသာမက အခြားသော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကိုသာ ခုခံနေရသောကြောင့် လက်ခြောက်ဖက်သည်ပင် မလောက်ငှတော့ပေ။

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ လက်ခြောက်ဖက်လုံးသည် မညီမညာ လှုပ်ရှားနေရစဉ်မှာပင် ပိုင်လင်သည် ၎င်း၏ခေါင်းပေါ်မှဖြတ်ကာ ပျံဝဲသွားသည်။ ထို့ကြောင့် ပိုင်လင်အားကြည့်ရန် ခေါင်းကိုအနောက်သို့ လှန်ချလိုက်ချိန်တွင် ခန္ဓာကိုယ် တစ်ခုလုံးပါ မြေပြင်ပေါ် ပြုတ်ကျသွားရသည်။

မှားယွင်းသွားသော ခြေလှမ်းတစ်ချက်ကြောင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ငါးဦး၏ ဆွမ်းကြီးလောင်းခြင်းကို ခံစားရတော့သည်။

မရေမတွက်နိုင်သော ချယ်ရီပန်းပွင့်များ ကောင်းကင်ပေါ်မှ ကျဆင်းလာကာ ဟာသမျက်နှာ ဗုံးများလည်း ပေါက်ကွဲပြီး ရွှေရောင်လှံပုံရိပ်များမှာလည်း နဂါးများသဖွယ် မာန်ဝံ့နေသည်။ တဝုန်းဝုန်း ပေါက်ကွဲသံများနှင့်အတူ တောင်တန်း မြစ်ချောင်းများပါ ပြုတ်ကျလာသောကြောင့် လေထုသည်ပင် အက်ကွဲကုန်ရသည်။

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် မြေပြင်ထဲသို့ပင် ကီလိုမီတာပေါင်းများစွာ နစ်ဝင်နေပြီး လူသားခေါင်း၏ ဟစ်ကြွေးသံမှာလည်း ကောင်းကင်နှင့်မြေပြင်တခွင် ပဲ့တင်ထပ်နေသည်။

"ဝါး........ ကယ်ကြပါဦး...... နာလိုက်တာ။"

လူသားခေါင်းမှာ ဒေါသတကြီး ငိုကြွေးလိုက်မိသည်။

"မင်းတို့က အားလုံးပေါင်းပြီး ငါ့ကို နှိပ်စက်နေကြတာပဲ။ အဲ့ဒါ သူရဲကောင်း မဆန်ဘူးဆိုတာရော သိရဲ့လား။ ငါ့မှာသာ လက်တစ်ထောင်ရှိရင် မင်းတို့ကို ကြော​က်မနေဘူးကွ။"

ဝှစ်.........

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာ ဒေါသကြီးလာသည်နှင့်အတူ ၎င်း၏ဦးခေါင်းထက်တွင် လည်ပတ်နေသော သက်တန့်ရောင်စဉ်ကွင်းမှာလည်း ပိုမိုလင်းလက်လာပြီး ကမ္ဘာပေါ်ရှိ အရောင်များအားလုံးကို လွှမ်းခြုံသွားသည်။ အားလုံးသည် တစ်ချက်မျှ ကြည့်ရှုမိရုံနှင့် သတိလစ်မတက် တောက်ပလွန်းပေသည်။

လူတိုင်းသည် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအားကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေမိကြသည်။

အဘယ့်ကြောင့်ဆိုသော် ၎င်း၏အနောက်တွင် ဥဒေါင်းတစ်ကောင် အမြှီးဖြန့်ထားသလို များပြားလှသော လက်များရှိနေသောကြောင့်ပင်။ ထိုလက်တစ်ခုချင်းစီတွင်လည်း မတူညီသော အရာများကို ကိုင်ဆောင်ထားကြသည်။

မီးဒြပ်စင်နှင့် ပက်သတ်သည်များ၊ အာကာပြင်ကိုပင် ဖောက်ထွင်းနိုင်သော ဓားများ၊ ကြောက်မက်ဖွယ် လက်နက်များနှင့် စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ လက်နက်များစွာ ရှိနေသည်။

"အဲ့..... အဲ့ဒါတွေက အတုတွေမလား။"

သွမ့်ဟွမ်းဇီမှာ ရုတ်တရက် အားနည်းလာသလို ခံစားလိုက်ရသည်။

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးတွင် အမှန်တကယ်ပင် လက်ပေါင်းတစ်ထောင် ရှိနေလေပြီ။

အန်လင်းသည်လည်း ထခုန်မိမတက် ကြောက်ရွံ့သွားရသည်။

အဲ့ကောင်က ကမ္ဘာပါ ဖျက်တော့မလို့လား.......

သူသည် တိတ်တဆိတ်ပင် ဖရိုဖရဲ သတ္ထုအုတ်ခဲကိုထုတ်ကာ အရှေ့တည့်တည့်တွင် ထားလိုက်သည်။

အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဘာမှမလုပ်ထားခြင်းထက် ကောင်းသည်ပင်။

ဝုန်း.........

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး ပတ်ပတ်လည်ရှိ လေထုမှာ ထိုအဖျက်စွမ်းအင်များကို ခံနိုင်ရည် မရှိသောကြောင့် ဝဲဂယက်များပင် ဖြစ်ပေါ်လာသည်။

"ဟမ်..... ငါ့မှာ လက်တစ်ထောင် တကယ်ရှိလာပြီပဲ။"

လူသားခေါင်းသည် ပျော်ရွှင်စွာဖြင့် လက်တစ်ထောင်လုံးကို ဝေ့ယမ်းကြည့်လိုက်သည်။

ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ ငါးဦးမှာ ထိတ်လန့်ကာ ထွက်ပြေးကြလေပြီ။

လက်တစ်ထောင် မကောင်းဆိုးဝါးအား ၎င်းတို့မည်သို့မျှ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ထိုသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေသလိုသာ ဖြစ်လိမ့်မည်။

လူသားခေါင်း ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သည်။

"ဟမ့်...... မင်းတို့ တစ်ယောက်မှ မပြေးကြနဲ့။ လက်တစ်ထောင် ရှိလာပြီဆိုတော့ မင်းတို့ငါနဲ့ ကစားကို ကစားရမယ်။ ပြေးတဲ့လူ မှန်သမျှ မိုးကြိုးနဲ့ သစ်ပစ်မယ်။"

ထိုစကားနှင့်အတူ သက်တန့်ရောင်စဉ်ကွင်းမှာ တောက်ပလာပြန်သည်။

ထို့နောက် ထွက်ပြေးနေသော ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူများထံ မိုးကြိုးများ ကျဆင်းလာတော့သည်။

၎င်းတို့အားလုံး မိုးကြိုးထိမှန်သွားလေသည်။

အန်လင်းသည်ပင် ကြောင်တောင်တောင် ဖြစ်သွားသည်။

"ယီးထဲမှ....... အဲ့ရောင်စဉ်ကွင်းကြီးက ဆုတောင်းပြည့် အာလာဒင်မီးခွက်လား။"

ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူများမှာလည်း မိုးကြိုးများကို ခုခံနေရသောကြောင့် ထွက်မပြေးနိုင်တော့ပေ။

သို့သော် ၎င်းတို့ရပ်တန့်လိုက်ကြသည်နှင့် မိုးကြိုးများ ပျောက်ကွယ်သွားသည်။

ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူများ: "........"

ပိုင်လင် လေးနက်စွာ ပြောလိုက်သည်။

"အခုက ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာ လူသားခေါင်း ဦးနှောက်ဖြစ်လာတာ ပထမဆုံးပဲ။ သူ့ကို ကိုယ်စားပြုတဲ့ အဖြူရောင် အလင်းတန်းက အရမ်းထူးခြားသန့်စင်ပြီး ဆန်းကြယ်လွန်းတယ်။ ဖန်ဆင်းခြင်းနဲ့ အနန္တဖြစ်နိုင်ခြေတွေကိုလည်း ဦးတည်နေတယ် အဲ့ဒါကြောင့် စကားတိုင်းကို ဖြစ်လာအောင် လုပ်ပေးနိုင်လိမ့်မယ်။"

အန်လင်း အလွန်ထိတ်လန့်သွားမိသည်။ ထိုသည်မှာ နတ်ဘုရား တစ်ပါး၏ အစွမ်းလိုပင်။

တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများတွင်ပင် ထိုစွမ်းရည်မျိုး မရှိပါသော်လည်း ထိုကျပ်မပြည့်သော မကောင်းဆိုးဝါးတွင် ရှိနေလေသည်။

ဦးနှောက်မရှိလေ တာအိုနှလုံးသား တည်ငြိမ်လေများလား.........

တုံးအလေ ကြောက်ဖို့ကောင်းလေလား.......

အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေချိန်မှာပင် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာ လှုပ်ရှားလာသည်။

"ဟီးဟီး....... ငါ့လက်တွေ ဘယ်လောက်အသုံးဝင်လဲ ကြည့်ရသေးတာပေါ့။"

သူ၏လက်များကို လှုပ်ရှားလိုက်သည်နှင့် တိုက်ခိုက်မှုပေါင်းစုံ စုဝမ်ကျွင်းတို့ထံ ရောက်ရှိလာသည်။

ဝုန်း..... ဝုန်း...... ဝုန်း........

ပေါက်ကွဲမှုများမှာ ဆယ်ကီလိုမီတာတိုင် လွှမ်းမိုးသွားလေသည်။

အန်လင်းသည်ပင် အဝေးသို့ လွင့်ထွက်သွားရတော့သည်။

All Chapters