ကြောက်မက်ဖွယ်အကျိုးသက်ရောက်မှု
Vol. 53 Ch. 742
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ စိတ်ဝိဉာဉ် ပေါင်းစည်းခြင်သည် အသက်သွင်းရန်အတွက် ကြီးမားလှသော တန်ကြေးကို ပေးဆပ်ရပြီး ယခုခံစားနေရသလို စိတ်ဝိဉာဉ် တစ်ခုလုံး ဆွဲဖြဲခံရသည့် နာကျင်မှုမျိုးလည်း ပါဝင်သည်။
ကြောက်မက်ဖွယ် မကောင်းဆိုးဝါးကြီးမှာ မြေပြင်ပေါ် လူးလှိမ့်ရင်း နာနာကျင်ကျင် အော်ဟစ်နေရလေပြီ။
စိတ်ဝိဉာဉ် ဆုတ်ဖြဲခံရသော နာကျင်မှုမျိုးမှာ စိတ်ဝိဉာဉ် ဖျက်စီးခံရသလိုပင်။ မည်သို့ပင်ဆိုစေကာမူ စိတ်ဝိဉာဉ် ဖျက်စီးခံရခြင်းသည် အချိန်အနည်းငယ်သာ ကြာမြင့်ပါသော်လည်း စိတ်ဝိဉာဉ် ဆုတ်ဖြဲခံရသည်မှာ အချိန်များစွာ ပိုမိုကြာမြင့်၏။
"ဝါး....... အရမ်းနာတာပဲ။ မခံစားနိုင်တော့ဘူး။ သတ်ပေးလိုက်ကြပါတော့။"
လူသားခေါင်းမှာ အရူးတစ်ပိုင်း အော်ဟစ်ငိုယိုရင်း ဓားကိုကိုင်ကာ ကိုယ့်ကိုယ်ကို သတ်သေရန် လုပ်တော့သည်။
ဓားနှစ်လက်အား နဂါးခေါင်းနှင့် ဇာမဏီခေါင်းတို့မှာ တစ်လက်စီ ကိုင်လိုက်ကြသည်။
နဂါးခေါင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သောက်တုံးကောင်....... မင်းဟာမင်း သေချင်ရင်လည်း ငါတို့ကို အဖော်မခေါ်နဲ့။"
ဇာမဏီခေါင်း၏ မျက်ဝန်းများတွင် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ဖြစ်ပေါ်လာသည်။
"မင်းအမှားအတွက် ပြန်သုံးသပ်ဖို့ အချိန်တစ်စက္ကန့်ပေးမယ်။ ကောင်းပြီ...... အချိန်ပြည့်သွားပြီ။ မင်းရဲ့နောင်တက ဘာမှအသုံးမဝင်ဘူး။ အဲ့ဒါကြောင့် သေသာသေလိုက်တော့။"
ဝုန်း.....ဝုန်း.....ဝုန်း......
လက်သီးလေးလုံးမှာ အဖျက်စွမ်းအင် ပြင်းထန်သော ဗုံးများသဖွယ် လူသားခေါင်းပေါ် ကျဆင်းလာပြီး ဆိုးရွားလှသော စွမ်းအင်လှိုင်းဂယက်များမှာ ကီလိုမီတာ ငါးဆယ်ပတ်လည်အား လွှမ်းမိုးသွားလေသည်။
စုဝမ်ကျွင်းနှင့် အခြားသူများမှာ ထိုမြင်ကွင်းအား မယုံကြည်နိုင်စွာ ကြည့်ရှုနေမိကြသည်။
၎င်းတို့၏ အမြင်တွင် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် လက်သီးလေးလုံးဖြင့် ကိုယ့်ခေါင်းကိုယ် ပြန်ထိုးနေခြင်းဖြစ်ပြီး အရှိန်မှာလည်း ကြမ်းတမ်းလှသောကြောင့် ကိုယ့်ကိုယ်ကို ပြန်သတ်နေသလိုပင်။
"အဲ့မကောင်းဆိုးဝါးက သတ်သေနေတာလား။"
စုချန်းရန်မှာ မြင်နေရသော မြင်ကွင်းအား မယုံကြည်နိုင် ဖြစ်နေမိသည်။ လောကအပေါ် ထားရှိသော အတွေးအမြင်များပင် ကျယ်လာသလို ဖြစ်မိလေသည်။
လျှိုချင်းဟွမ် တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ဘယ်သူငါ့ကို သတ်တာလဲ။ ငါသတ်လိုက်တာကရော ဘယ်သူလဲ။"
သူမ မျက်မှောင်ကျုံ့လိုက်သည်။
"ငါ့ကိုသတ်လိုက်တာ ငါပဲလား။"
တပိုင် လက်ထောင်ကာ စကားဆိုလိုက်သည်။
"မှန်တယ်။"
လူသားခေါင်းမှာ ထိုးနှက်ခံရမှုများကြောင့် သေမလို ဖြစ်နေလေပြီ။ မျက်နှာတစ်ခုလုံး ရစရာ မရှိအောင် စုတ်ပြတ်သတ်နေပြီး နှုတ်ခမ်းထောင့်စွန်းမှ သွေးများယိုစီးကျနေသည်။
"ဟူး....... အခုမှပဲ နေလို့ထိုင်လို့ ကောင်းသွားတယ်။"
နဂါးခေါင်း သက်ပြင်းချလိုက်သည်။
"ငါလည်းတူတူပဲ။"
ဇာမဏီခေါင်း ခေါင်းညိတ်သဘောတူလိုက်သည်။
၎င်းတို့နှစ်ဦးသည် သေတော့မလို ဖြစ်ခဲ့ရသောကြောင့် အလွန်အမင်း ဒေါသထွက်ခဲ့ရသည်။ ယခု စိတ်ရှိသည့်အတိုင်း ပြုမူပြီးနောက်တွင် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွားသလို ခံစားလိုက်ရလေသည်။
အန်လင်းမှာ တအံ့တသြ ဖြစ်နေမိသည်။ ကိုယ့်ကိုယ်ကို အားပါးတရ ထိုးနှက်ပြီးနောက် စိတ်ကျေနပ်စွာ ပြုံးနေသူကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာ မြေပြင်ထက်တွင် လူးလှိမ့်နေဆဲပင်။
စိတ်ဝိဉာဉ် ဆုတ်ဖြဲခံရသော နာကျင်မှုကြောင့် နဂါးခေါင်းမှာ မျက်ရည်များ ယိုစီးကျလာသည်။ ဇာမဏီခေါင်းဆိုလျှင် သွေးမျက်ရည်များပင် ကျနေပါသော်လည်း ကိုယ့်ကိုယ်ကို သတ်သေရလောက်သည်အထိ မည်သူကမှ မတုံးအကြပေ။
"ဒီငတုံးကို သတိလစ်အောင် လုပ်လိုက်တာ သိပ်မကောင်းသလိုပဲ။ ဒင်းကတော့ အေးအေးချမ်းချမ်း အိပ်ပျော်နေလိုက်တာများ...... ငါတို့ကတော့ နာကျင်နေရတယ်။ လုံးဝမတရားဘူး။"
နဂါးခေါင်း မကျေမနပ် ပြောလိုက်သည်။
"ငါတို့က ညီအစ်ကိုတွေလေ။ တူတူနာကျင်သင့်တာပေါ့။ သူမနိုးလာမချင်း လက်သီးတွေ ကျွေးရအောင်။"
ဇာမဏီခေါင်း၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်နေသည်။
လက်သီးလေးလုံးမှာ လူသားခေါင်းပေါ် ထပ်မံကျဆင်းလာပြန်သည်။
ဝုန်း..... ဝုန်း...... ဝုန်း......
အားလုံးမှာ စိတ်ချမ်းသာစွာဖြင့် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး ကိုယ့်ကိုယ်ကို သမနေသည်ကို ကြည့်ရှုနေကြသည်။
"ဒီမကောင်းဆိုးဝါးကို အခွင့်အရေးယူပြီး ကြုံးကြရအောင်။"
လုံကွေးမှာ တိုက်ပွဲစိတ်ဆန္ဒများ တက်ကြွလာပြန်သည်။
သို့သော် မည်သူကမှ အဖက်မလုပ်ကြပေ။
ကောင်းကင်နတ်မိမယ် ဖေးရင်မှာ လုံကွေးအား မျက်စောင်းထိုးလိုက်သည်။ မကောင်းဆိုးဝါးသည် ဒေါသထွက်နေသည်မှာ သေချာသောကြောင့် ၎င်းနှင့်သွားရှုပ်ခြင်းမှာ အကြံကောင်းတစ်ခု မဟုတ်ပေ။ ယခုအခြေအနေတွင် ၎င်းအားတိုက်ခိုက်နိုင်ပါသော်လည်း ဆိုးရွားသည့် အကျိုးသက်ရောက်မှုများကို သေချာပေါက် ခံစားရပေလိမ့်မည်။
ပိုင်လင်မှာ မည်သည့်စကားမှ မဆိုပဲ ကောင်းကင်ကိုသာ ကြည့်ရှုနေသည်။
"အန်လင်း...... သခင်လေးအန်လင်း..... ချိပ်ပိတ်မန္တာန်က အခြေအနေ ဘယ်လိုရှိလဲ။"
နူးညံ့သိမ်မွေ့ကာ ညှို့ငင်အားပြင်းသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
အန်လင်းသည် ဖရိုဖရဲ သတ္ထုအုတ်ခဲအား ပြန်လည်သိမ်းဆည်းကာ လက်သင်္ကေတများ ပြောင်းလဲနေပြီ ဖြစ်သည်။
သူသည် အသံပေးပို့လာသော ကောင်းကင်နတ်မိမယ် ဖေးရင်အား တစ်ချက်မျှသာ လှမ်းကြည့်လိုက်သည်။ သို့သော် ထိုအကြည့်သည် "လာမနှောင့်ယှက်နဲ့.... ငါ့အလုပ် ငါလုပ်နေတယ်"ဟု ဆိုနေသလိုပင်။
ကောင်းကင်နတ်မိမယ် ဖေးရင်လည်း စိတ်သက်သာရာ ရသွားလေသည်။
စင်စစ်တွင်မူ အန်လင်းမှာ နှလုံးခုန်သံများ မြန်နေလေပြီ။ သူသည် မြွေနက်ဝိဉာဉ်နှင့် ဆက်သွယ်ရန် ကြိုးစားကြည့်ပါသော်လည်း သူမ၏ တည်ရှိမှုအား အာရုံမခံနိုင်ပေ။ ပထမဓားချက် တိုက်ခိုက်မှု ပြီးသွားချိန်မှစ၍ အားလုံးမှာ သေမင်းနှုတ်ခမ်းဝသို့ အကြိမ်ကြိမ်အခါခါ ရောက်ခဲ့ရပါသော်လည်း မြွေနက်ဝိဉာဉ်အား အမြှီးပင် ရှာမရသောကြောင့် အန်လင်းမှာ စိတ်ကသိကအောက် ဖြစ်နေရပြီ ဖြစ်သည်။
သို့သော် စောင့်ဆိုင်းရုံမှလွဲ၍ သူသည်လည်း ဘာမှမတတ်နိုင်ပေ။
သူမအနေဖြင့် အဓိပ္ပါယ်မရှိသော လက်သင်္ကေတများ ပြောင်းလဲနေရုံသာ ရှိသည်။
"စောင့်နေရုံနဲ့ မပြီးဘူး။ ဒီအခွင့်အရေးကို အမိအရ ယူမှဖြစ်မယ်။"
လုံကွေး၏ ရွှေရောင်လှံမှာ တုန်ခါလာပြီး လှံထိပ်မှ ရွှေရောင်အလင်းများ ဖြာထွက်လာလေသည်။
ထိုအချိန်မှာပင် လုံကွေး၏ ပုခုံးပေါ် လက်တစ်ဖက် ရောက်ရှိလာသည်။
လုံကွေး မျက်နှာပျက်သွားကာ ဘေးတွင်ရှိနေသော အမျိုးသမီးအား ကြည့်ရှုလိုက်မိသည်။
ပိုင်လင် ခပ်ဖွဖွပြုံးကာ နှစ်သိမ့်ပေးလိုက်သည်။
"အရမ်းကြီး စိတ်ကိုတင်းမနေပါနဲ့။ ခဏလောက် စောင့်လိုက်ပါဦး။"
"ဘာတွေစောင့်နေတာလဲ။ အန်လင်း ချိပ်ပိတ်မှာကိုလား။"
လုံကွေး မျက်မှောင်ကျုံ့လိုက်သည်။
အန်လင်းသည် ထူးခြားဆန်းကြယ်မှုများ ပြုလုပ်နိုင်ပါသော်လည်း အစောပိုင်းက အုတ်ခဲနက်နောက်တွင် ပုန်းခိုနေသည်မှာ သူမအား သံသယ ဖြစ်စေသည်။
"ချိပ်ပိတ်ဖို့က မကြာတော့ဘူး။ အဲ့ဒါကြောင့် စောင့်လိုက်ပါ။"
ပိုင်လင်၏ စကားသံတွင် စိတ်ကြည်လင်စေသော အစွမ်းများ ပါဝင်နေသလိုပင်။
လုံကွေးမှာ စွမ်းအင်များ ရုတ်သိမ်းလိုက်သည်။ ပိုင်လင်သည် ကြင်နာသဘောကောင်းကာ မှီခိုအားထားနိုင်သော အစ်မကြီးနှင့် ဆင်တူသည်။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာ ခက်ခက်ခဲခဲနှင့် မတ်တပ်ထရပ်လိုက်သည်။
မကောင်းဆိုးဝါး၏ ခြေထောက်များ တုန်ရီနေသည်ကို အန်လင်း သတိပြုလိုက်မိသည်။
"ဟူး...... သေတော့မယ်လို့တောင် ထင်ခဲ့တာ။"
နဂါးခေါင်း အံကြိတ်ကာ ပြောလိုက်သည်။
"ငါတို့ တစ်ခုခု လုပ်လိုက်နိုင်ရင် အခုလို နာကျင်ရတာ တန်ပါတယ်။"
"ဒါပေမယ့် ဒီကျပ်မပြည့်ကောင်ကို ကြည့်ဦးလေ။ အစွမ်းတွေသာ ရှိနေတာ..... ရန်သူတစ်ယောက်ကို သတ်ဖို့မပြောနဲ့ ထိခိုက်အောင်တောင် မလုပ်နိုင်ခဲ့ဘူး။ သူတို့မျက်စိထဲမှာ ငါတို့ကို ဟာသလို တွေးနေမှာ သေချာတယ်။"
ဇာမဏီခေါင်းမှာ စကားဆိုနေရင်း အသားများ တဆတ်ဆတ် တုန်လာသည်အထိ ဒေါသထွက်လာသည်။
ထိုအချိန်တွင် နဂါးခေါင်းမှာ အန်လင်းအား စူးစိုက်ကြည့်ရှုလိုက်သည်။
"ဒီငတုံးက ကျပ်မပြည့်ဘူးဆိုပေမယ့် ဖြစ်ပျက်ခဲ့သမျှက အဲ့ကောင်ကြောင့်ပဲ။"
အန်လင်း၏ ကြောက်မက်ဖွယ် ချိပ်ပိတ်စွမ်းအင်နှင့် လျှပ်စီးထိန်းချုပ်မှုတို့ကိုတွေးကာ နဂါးခေါင်း စိတ်တိုလာသည်။
ဇာမဏီခေါင်း၏ အကြည့်များသည်လည်း အန်လင်းပေါ် ရောက်ရှိလာသည်။
"ဒီကောင်က တကယ်အစွမ်းထက်လွန်းတယ်။ အဲ့ဒါကြောင့် သေကိုသေသင့်တယ်။"
၎င်းတို့နှစ်ဦးလုံး သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ဖြစ်ပေါ်လာသည်။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် အတောင်များကိုဖြန့်ကာ အန်လင်းထံ ပျံဝဲလာတော့သည်။
"ဒင်..... ဒင်..... ဒင်..... နယ်မြေဖန်ဆင်းမိစ္ဆာရှင်းဓားရဲ့ ဒုတိယဓားကွက် ကောင်းကင်နဲ့မြေပြင် ချိပ်ပိတ်ခြင်းက အသင့်ဖြစ်နေပါပြီနော်။ သခင်လေး အဆင်သင့်ဖြစ်ရင် ကြွားနိုင်ပါပြီရှင့်။"
မြွေနက်ဝိဉာဉ်မှာ စိတ်ရွှင်နေပုံရပြီး အန်လင်းထံ ရွှတ်နောက်နောက် ဆက်သွယ်လာသည်။
အန်လင်း ခပ်ဖွဖွပြုံးကာ ကြောက်ရွံ့ခြင်း မရှိပဲ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအား ကြည့်ရှုလိုက်သည်။
သူသည် လက်တစ်ဖက်ဖြင့် ကောင်းကင်အားညွှန်ကာ ကျန်တစ်ဖက်ဖြင့် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအား လက်ညှိုးထိုးလိုက်သည်။
"ငါက ဒီကမ္ဘာရဲ့ အရှင်သခင်ပဲ။ ကောင်းကင်နဲ့မြေပြင်ရဲ့ ချိပ်ပိတ်ခြင်းကိုလုပ်ဖို့ မဟာတာအိုကို အမိန့်ပေးတယ်။"