← Chapters

ကြွားရတာစိတ်ကျေနပ်ဖို့ကောင်းတယ်

Vol. 53 Ch. 743

ကြွားရတာစိတ်ကျေနပ်ဖို့ကောင်းတယ်

Vol. 53 Ch. 743

အန်လင်း၏ အဖြူရောင်ဝတ်စုံသည် လေထဲတွင် တဖျတ်ဖျတ် လွင့်နေပြီး ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးရှေ့တွင်ပင် အလွန်တည်ငြိမ်နေသည်။

သူသည် ကောင်းကင်အား လက်ညှိုးထိုးလိုက်သည်နှင့် ကမ္ဘာတစ်ခုလုံး နှေးကွေးသွားသလို ထင်မှတ်ရကာ ကောင်းကင်တခွင်လုံးလည်း မြင့်မြတ်သော ရွှေရောင်အလင်းများ တောက်ပလာသည်။

ထိုသည်မှာ စောင့်ကြည့်နေသူများအားလုံး အပါအဝင် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ အာရုံခံစားမှုကိုပါ အကျိုးသက်ရောက်မှု ရှိစေခဲ့သည်။ အစစအရာရာ နှေးကွေးသွားရုံသာမက ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ လျှပ်စီးအလား လျင်မြန်လှသော လှုပ်ရှားမှုကပါ တောင်တစ်တောင်ပေါ်သို့ တက်နေသော ခရုတစ်ကောင်သဖွယ် ဖြစ်သွားလေသည်။

နဂါးခေါင်းနှင့် ဇာမဏီခေါင်းတို့ မော့ကြည့်လိုက်သောအခါ တိမ်တိုက်များ စုဝေးကာ ဓားတစ်လက်အသွင် ရုပ်လုံးပေါ်လာသည်ကို တွေ့လိုက်ရသည်။

ဓား၏အရောင်အဝါမှာ ထွန်းလင်းလွန်းလှပြီး ဓားသွားတစ်ခုလုံးကို ရွှေရောင်ကြယ်စင်နှင့်တူသော ချိန်းကြိုးငယ်လေးများမှ ဖုံးလွှမ်းထားသောကြောင့် ဓား၏ပုံသဏ္ဍာန်အား သေသေချာချာ မမြင်တွေ့နိုင်ပေ။

"ရွှပ်....."

ထက်ရှလှသော ဓားဟိန်းသံသည် သံစဉ်တစ်ခုအလား ကောင်းကင်နှင့်မြေပြင်တခွင် မြည်ဟည်းသွားသည်ဖြစ်၍ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာ ​ကြောက်ရွံ့နေရလေပြီ။

၎င်းသည် မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်ကာ နားပိတ်လျက် အော်ဟစ်နေသည်။

​ခေါင်းတစ်ချက် ထောင်ကြည့်လိုက်သောအခါ ထိုဓားသည် အမှန်တကယ် ဆင်းသက်လာပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဓားလက်ကိုင်သည် အာကာပြင်ဖြစ်ကာ ကောင်းကင်စိတ်ဆန္ဒများကို ထိန်းချုပ်ထားပြီး ဓားသွားသည် ကမ္ဘာမြေဖြစ်ကာ မကောင်းဆိုးဝါးများအားလုံးကို ဖမ်းချုပ်ထားနိုင်မည်ဟု ထင်မှတ်ရသည်။

ဝုန်း........

ကောင်းကင်နှင့်မြေပြင်မှ အကန့်အသတ်မဲ့သော ချိပ်ပိတ်စွမ်းအင်များ ဖြာထွက်ကာ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးပေါ် ကျဆင်းလာသည်။ ရွှေချိန်းကြိုးများသည် ၎င်းတို့၏ ခန္ဓာကိုယ်အား ရစ်ပတ်ကာ ဓားသွားမှာ ရင်ဘတ်တည့်တည့် စိုက်ဝင်လာပြီး စွမ်းအင်များအားလုံးကို ချိပ်ပိတ်လိုက်တော့သည်။

နဂါးခေါင်းနှင့် ဇာမဏီခေါင်းတို့ နာကျင်စွာ အော်ဟစ်ရင်း အသိစိတ်များ ဝေဝါးလာသည်။

သွေးနီရောင် မျက်ဝန်းတစ်စုံမှာ ရုတ်ချည်းဆိုသလို ပွင့်ဟလာလေသည်။

လူသားခေါင်း နိုးထလာပြီး ဓားအားကြည့်ကာ အလွန်ကြော​က်ရွံ့သွားသည်။

"ဝါး...... ကြောက်စရာ ကောင်းလိုက်တာ။ ဘာတွေလဲ..... ဘာတွေဖြစ်နေတာလဲ..... ကိုကြီးဂါးဂါး...... ကိုကြီးဇာဇာ ကျွန်တော့်ကို ကယ်ပါကြဦး။"

သို့သော် ၎င်းတို့နှစ်ဦးထံမှ မည်သည့်တုံ့ပြန်မှုမှ မရခဲ့ပေ။

ထို့နောက် ရွှေရောင်ဓားမှာ လူသားခေါင်းထဲ နစ်ဝင်ပေါင်းစည်းသွားတော့သည်။

လူသားခေါင်းမှာ ခေါင်းငိုက်စိုက်ကျကာ သတိလစ်သွားရသည်။

အစိမ်းရောင် အလင်းတစ်ခု ကောင်းကင်ထက်မှ ကျဆင်းလာကာ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအား လွှမ်းခြုံသွားသည်။

ဓားလည်း ပျောက်ကွယ်ကာ တိတ်ဆိတ်ခြင်းသာ ကျန်ရစ်ခဲ့သည်။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသားမှာ ကောင်းကင်ထက်တွင် တည်ငြိမ်စွာ ရှိနေလေသည်။

အားလုံးသည် လေးစားအားကျသော မျက်ဝန်းများဖြင့် ကြည့်ရှုလာကြသည်။

"ဒါမျိုးက ကောင်းကင်ဘုံကပဲ လုပ်နိုင်မှာ။ သခင်လေးအန်လင်းက တကယ်ထူးခြားတာပဲ။"

စုဝမ်ကျွင်း ရေရွတ်လိုက်သည်။

"ဒါက တကယ့်အန်လင်းပေါ့။ သူ့အကြောင်းတွေ ကြားဖူးပေမယ့် အပိုတွေလို့ပဲ ထင်ထားခဲ့တာ။ ဒါပေမယ့် သူ့အကြောင်းတွေက အစစ်အမှန်တွေဆိုတာ သေသေချာချာ သိလိုက်ရပြီ။"

လုံကွေးသည် မည်သည့်ယောက်ျားကိုမှ အထင်မကြီးပါသော်လည်း အန်လင်းအပေါ် ခြားနားသော ထင်မြင်ချက် ရှိလာသည်။

ကောင်းကင်နတ်မိမယ် ဖေးရင်မှာလည်း မျက်တောင်တဖျတ်ဖျတ် ခတ်မိသည်။

"ဒီလိုအခြေအနေမှာတောင် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တာ အရမ်းမိုက်တာပဲ။ သူ့လိုယောက်ျားက တကယ်ကို လုံခြုံမှု ပေးနိုင်တယ်။"

ပိုင်လင်သည်လည်း ဝင်ရောက်ချီးကျူးရန် တွေးလိုက်မိပါသော်လည်း ရှက်ရွံ့စရာ ကောင်းသောကြောင့် အလုပ်မဖြစ်ခဲ့ပေ။

အန်လင်းသည် လက်နှစ်ဖက်အား ကျောဘက်တွင်ထားကာ ဆရာကြီးဟန်ဖြင့် စကားဆိုရန် ပြင်လိုက်စဉ်မှာပင် ခေါင်းထဲသို့ အသံတစ်ခု ဝင်ရောက်လာသည်။

"ဒင်...... ဒင်...... ဒင်...... နယ်​မြေဖန်ဆင်းမိစ္ဆာရှင်းဓားရဲ့ တတိယဓားကွက် နတ်ဘုရားသတ်ဖြတ်ခြင်းက အသင့်ဖြစ်နေပါပြီနော်။ အဆင်သင့်ဖြစ်ရင် ကြွားလို့ရပါပြီ။"

မြွေနက်ဝိဉာဉ်မှာ ပျော်ရွှင်နေပုံပင်။

အန်လင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။

နတ်ဘုရား သတ်ဖြတ်ခြင်းတဲ့လား..... ငါဇာတ်ညွှန်းတွေ ဘာတွေတောင် မပြင်ထားမိဘူး.....

သို့သော် သူသည် မြွေနက်ဝိဉာဉ်အား မဆက်သွယ်နိုင်သောကြောင့် တစ်ခုခုသာ ဟန်ဆောင်ရပေတော့မည်။

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအား လက်ညှိုးထိုးကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"နတ်ဘုရားသတ်ဖြတ်ခြင်းဆိုတဲ့ ဓားကွက်တစ်ခု ရှိသေးတယ်။ ငါ့ကိုဆန့်ကျင်ရဲတဲ့ သူမှန်သမျှ မဟာတာအိုရဲ့ အစွမ်းနဲ့ တွေ့စေရမယ်။ နတ်ဘုရားတောင်မှ အဲ့ဓားကွက်အောက်မှာ ပြားပြားဝပ်သွားလိမ့်မယ်။"

ထိုစကားကြောင့် အားလုံး၏ အမူအရာမှာ ပြောင်းလဲသွားရသည်။

အန်လင်းမှာ ဝှက်ဖဲရှိနေသေးတာလား........

ဝှစ်.......

ကောင်းကင်ကိုပင် ဖြိုခွင်းပစ်နိုင်သော ရွှေရောင်ဓားတစ်လက် ကျဆင်းလာသည်။

အကန့်အသတ်မဲ့သော ထက်ရှမှုများနှင့်အတူ အစစ်အမှန် နတ်ဘုရားသတ်ဖြတ်ခြင်းဓားကွက် ရောက်ရှိလာလေသည်။

ထိုအချိန်မှာပင် အန်လင်းအား အဖျက်စွမ်းအားများ လွှမ်းမိုးသွားတော့သည်။

တစ်စုံတစ်ခု မှားယွင်းနေကြောင်းသိကာ ကောင်းကင်အား မော့ကြည့်လိုက်သောအခါ ရွှေရောင်လျှပ်စီးတစ်ခုအား တွေ့လိုက်ရသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းဓားကွက်သည် အန်လင်းပေါ် ဆင်းသက်လာခြင်းပင်။

"ဖူး......"

အန်လင်းသည် အတွင်းအင်္ဂါများ ပျက်စီးသလို ခံစားရကာ ပြင်းထန်လှသော ဓားချက်ကြောင့် မြေပြင်ပေါ် ပြုတ်ကျသွားသည်။

ကောင်းကင်နှင့်မြေပြင်မှာ ရုတ်တရက် တိတ်ဆိတ်သွားသလို အားလုံးလည်း ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

ဘာတွေဖြစ်နေတာလဲ....... အန်လင်းက သူ့ဓားနဲ့သူ မတော်တဆ ထိုးမိတာလား......

ဒါမှမဟုတ် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးကို ဘယ်လိုအပြတ်ရှင်းရမလဲ တွက်ချင်လို့များလား......

ရွှေရောင်အလင်းများ ပျောက်ကွယ်သွားသည်။

တင့်တယ်လှပသော အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။

သူမသည် ရွှေရောင်ဓားအားကိုင်ကာ ခပ်ဖွဖွ ပြုံးနေသည်။

"အန်လင်း......"

ပိုင်လင် အလောတကြီး ရောက်ရှိလာသည်။

တပိုင်၊ စုဝမ်ကျွင်းနှင့် အခြားသူများသည်လည်း အန်လင်းကိုကြည့်ကာ အလျင်အမြန် ပြေးလာကြသည်။

လှပသော အမျိုးသမီးသည် လက်ဖြောက်တစ်ချက် တီးလိုက်သည်နှင့် ၎င်းတို့ရှေ့တွင် အကာအရံတစ်ခု ဖြစ်ပေါ်လာလေသည်။

ပိုင်လင်သည်ပင် ထိုအကာအရံအား ထိုးဖောက်မရပေ။

"မြွေနက်ဝိဉာဉ်..... ဖြည်းဖြည်းသာသာ လုပ်လို့မရဘူးလား။ နာလိုက်တာ....."

အန်လင်း ခက်ခဲစွာ ပြောလိုက်သည်။

"ဟီးဟီး...... ကြွားရတာ စိတ်ကျေနပ်ရဲ့လား။"

မြွေနက်ဝိဉာဉ် ရယ်မောကာ အန်လင်း၏ ခန္ဓာကိုယ်အား အမြှီးနှင့် ရစ်ပတ်လိုက်သည်။

အန်လင်းအား ထိခိုက်စေခဲ့သူမှာ မြွေနက်ဝိဉာဉ်ပင်။

မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ ဖြစ်လာမည်ဟု အမှန်တကယ် ထင်မထားခဲ့ပေ။

"ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။"

သူ၏အမှားကို တွေးမရပါသော်လည်း အန်လင်းမှာ မျက်ရည်အဝဲသားဖြင့် တောင်းပန်လိုက်သည်။

မြွေနက်ဝိဉာဉ်သည် သူ့အားသတ်ဖြတ်ရန် စိတ်ကူးမရှိကြောင်း သိသာလှသည်။ သူမသာ သတ်ပစ်ချင်ပါက သူသည်ပင် အသက်မရှင်လောက်တော့ပေ။

"ငါ့အစွမ်းနဲ့ ကြွားလုံးထုတ်မှတော့ တန်ကြေးတော့ ရှိတာပေါ့။"

မြွေနက်ဝိဉာဉ် မခို့တရို့ပြုံးကာ ဓားအားပြန်သိမ်းလိုက်သည်။

ထို့နောက် သွေးများပန်းထွက်လာသော အန်လင်း ရင်ဘတ်အား လက်ဖြင့်အုပ်ပေးလိုက်သည်။

"ခင်ဗျားက ဘာလိုချင်လို့လဲ။"

အန်လင်း စိတ်လျှော့လိုက်လေပြီ။

"များများစားစား မဟုတ်ပါဘူး။"

မြွေနက်ဝိဉာဉ်မှာ အန်လင်းနား တိုးကပ်ကာ စကားဆိုလိုက်သည်။

"နင့်ဥပဲ လိုချင်တာ။"

အန်လင်း ခန္ဓာကိုယ် တစ်ခုလုံး ကျုံ့သွားရလေသည်။

သူမက အဲ့ဒါလိုချင်တာလား.....

အကာအရံ အပြင်ဘက်တွင် ရှိနေသူများမှာ ထိုစကားဝိုင်းအား မကြားနိုင်ပါသော်လည်း အန်လင်း၏ ကျောဘက်သို့ လက်လှမ်းနေသော မြွေနက်ဝိဉာဉ်အား မြင်နေရသည်။

၎င်းတို့အားလုံး နားလည်သွားလေပြီ။

ဒီမိန်းမကလည်း ဥလိုနေတာပဲ......

ငါတို့အားလုံးလည်း ဘာထူးလို့လဲ......

ဒါပေမယ့် အလှည့်ကျော်ပြီး ဥလုတယ်ပေါ့လေ......

"ဒီမိန်းမကတော့...... အဲ့ဒါ ငါ့ဥကွ.... အဲ့ဥပေါ်မှာ သေမင်းတမာန် နတ်ဘုရားရဲ့ အပြုံးကို ဖန်တီးမလို့ အိမ်မက်မက်ခဲ့ရတာ။"

သွမ့်ဟွမ်းဇီ ဒေါသတကြီး ပြောလိုက်သည်။

ကောင်းကင်နတ်မိမယ် ဖေးရင်လည်း ရင်ဘတ်ပေါ် လက်တင်ထားရသည်။

"အမလေး......ငါ့နှလုံးသား​တွေ......"

ခရက်.......

မြွေနက်ဝိဉာဉ် သေတ္တာအား ဖွင့်လိုက်သောအခါ ဥကိုမြင်လိုက်ရတော့သည်။

All Chapters