← Chapters

သြဇာကြီးမားသောမြွေနက်ဝိဉာဉ်

Vol. 53 Ch. 744

သြဇာကြီးမားသောမြွေနက်ဝိဉာဉ်

Vol. 53 Ch. 744

ဇာမဏီဥသည် မက်မောဖွယ် ရွှေရောင်အလင်းများ ဖြာထွက်နေသည်။

မြွေနက်ဝိဉာဉ်သည် ဇာမဏီဥအား ငေးမောကြည့်ရှုလိုက်သည်။

"ဇာမဏီတစ်ကောင်ကို ငါ့သားရဲ လုပ်နိုင်ဖို့ အချိန်အကြာကြီး စောင့်ခဲ့ရတာ။ အခုတော့ ငါ့အိမ်မက်တွေ တကယ်ဖြစ်လာတော့မယ်။"

သူမ၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပလာပြီး အမြှီးအား ဖြေလျှော့ပေးလိုက်သောကြောင့် အန်လင်း အသက်ရှူခွင့် ရသွားသည်။

"ကြည့်ပါဦး။ တကယ်ကို ပြီးပြည့်စုံတဲ့ဥပဲ။"

မြွေနက်ဝိဉာဉ်မှာ ဥကိုကိုင်ကာ ဆုရလာသော အရုပ်အား ကြွားဝါနေသော ကလေးမလေးသဖွယ် အန်လင်းရှေ့ ကိုင်းညွတ်လာသည်။

အန်လင်း ခေါင်းညိတ်သဘောတူလိုက်သည်။

"အမှန်ပဲ။ ဒီဥက တကယ်ထူးခြားတယ်။"

"ဒီကမ္ဘာ တစ်ခုလုံးမှာ ဇာမဏီဥက တန်ဖိုးအရှိဆုံး ရတနာပဲ။ ကျန်တာတွေကို ပိုင်လင်နဲ့ ထားခဲ့ပြီး ဥကိုယူသွားရင်လည်း မဆိုးပါဘူး။"

မြွေနက်ဝိဉာဉ် တိုးညင်းစွာ ​ပြောလိုက်သည်။ အန်လင်းသည် သူ့အားစကားပြောနေသည်လော၊ သို့မဟုတ် သူမဘာသာ ရေရွတ်နေသည်လော မခွဲခြားတတ်တော့ပေ။

မည်သို့ပင်ဆိုစေကာမူ သူမ၏ စကားကြောင့် အန်လင်း အံ့သြသွားမိသည်။

အရာအားလုံး ပြီးစီးသွားပါက ဤနေရာအား မြွေနက်ဝိဉာဉ်မှ သိမ်းပိုက်ပစ်မည်ဟု ထင်မှတ်ထားခြင်း ဖြစ်သည်။ ပိုင်လင်သည် မြွေနက်ဝိဉာဉ်၏ ပြိုင်ဘက်မဟုတ်သောကြောင့် သူမသာ ကတိမတည်ခဲ့လျှင်လည်း ဘာမှတတ်နိုင်မည် မဟုတ်ပေ။

"ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးကိုရော နောက်ထပ်သုတေသနတွေလုပ်ဖို့ ချိပ်ပိတ်ထားမှာလား။"

အန်လင်း တွေဝေစွာ မေးလိုက်သည်။

"သုတေသန လုပ်စရာ သိပ်မကျန်တော့ပါဘူး။ လူသားခေါင်း ကျပ်မပြည့် ဖြစ်နေတာက ဉာဏ်ရည်ကန့်သတ်ခံထားရလို့ ဖြစ်ဖို့များတယ်။"

မြွေနက်ဝိဉာဉ် သက်ပြင်းချလိုက်သည်။

"ငါက ဒီနေရာရဲ့ အရှင်သခင်မမို့လို့ ချိပ်ပိတ်ပေးခဲ့တာပဲရှိတာ။ အခုတော့ ဒီပြဿနာကို ပိုင်လင်ဆီပဲ လွှဲခဲ့ရတော့မယ်။"

"သတ်ပစ်လိုက်လို့ ရတာပဲလေ။ အဲ့မကောင်းဆိုးဝါးက ကျွန်တော်တို့ အားလုံးကို သတ်ပစ်တော့မလို ဖြစ်ခဲ့တာပဲမလား။"

အန်လင်း မြွေနက်ဝိဉာဉ်အား ကြည့်ကာပြောလိုက်သည်။

ချိပ်ပိတ်ထားပါက တစ်ချိန်ချိန်တွင် ပြန်လည်နိုးထကာ ဒုက္ခပေးလာနိုင်သေးသည်။

မြွေနက်ဝိဉာဉ်သည် အန်လင်းနား တိုးကပ်ကာ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်လိုက်သည်။

"ပိုင်လင်အတွက် အသက်အန္တရာယ် ရှိလာရင်တော့ ဖြေရှင်းပေးရမှာပေါ့။ ဒါပေမယ့် နင်အပါအဝင် ကျန်တဲ့သူတွေက ငါနဲ့ဘာဆိုင်လို့လဲ။ ကိုယ့်ကိုယ်ကို သောက်ရေးပါတယ်ထင်ပြီး ဘဝင်လေဟပ် မနေနဲ့။"

သူမ၏ စကားသံတွင် သြဇာအာဏာ ပြည့်ဝနေပြီး မျက်ဝန်းများမှာလည်း အေးစက်ခက်ထန်ကာ ဧကရီတစ်ပါးမှ အဆင့်နိမ့် ပုရွက်ဆိတ်တစ်ကောင်အား အထင်အမြင်သေးစွာ ဆက်ဆံနေသလိုပင်။

အန်လင်း တိတ်ဆိတ်စွာ တံထွေးမြိုချမိလိုက်သည်။ မြွေနက်ဝိဉာဉ်သည် အမှန်တကယ်ပင် ဤကမ္ဘာ၏ အရှင်သခင်မ ဖြစ်နေသောကြောင့် သူမအား ခွန်းတုံ့ပြန်စရာ မရှိပေ။

မြွေနက်ဝိဉာဉ်သည် သူတော်စင်တစ်ပါး မဟုတ်ပေ။ ကျင့်ကြံရေးလောကတွင် အစွမ်းကသာ အရေးအကြီးဆုံး ဖြစ်သည်။ သူမ၏ ကျင့်ကြံရေးအဆင့်နှင့် တိုက်ရည်ခိုက်ရည်တို့အား ကြည့်မည်ဆိုလျှင်ပင် သူမအလိုရှိရာ လုပ်ဆောင်နိုင်​ကြောင်း သိသာလှသည်။

မြွေနက်ဝိဉာဉ်သည် အန်လင်းအား ရစ်ပတ်မထားတော့ပဲ နဖူးအား လက်ဖြင့်ထိကာ ပြောလိုက်သည်။

"လူဆိုတာ ကိုယ့်နေရာကိုယ်သိရတယ်။ ကိုယ့်ကိုယ်ကို ဆရာကြီး ထင်မနေနဲ့....... နားလည်လား။"

"ဟုတ်ကဲ့ပါ..... အရှင်မ။"

အန်လင်း ရိုကျိုးစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် သွေးဝိဉာဉ်ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်သည်။

"လိမ္မာတဲ့ကောင်လေး...."

မြွေနက်ဝိဉာဉ် စိတ်ကျေနပ်သွားကာ အတွေးတစ်ခု ဝင်ရောက်လာသည်။

"ဒါနဲ့ နတ်သမီးငယ်လေးနဲ့ နဂါးနက်တစ်ကောင်ကို တောင်ထိပ်ဆီ နင်လွှတ်လိုက်တာလား။"

အန်လင်း ကြောင်တောင်တောင်ဖြစ်ကာ မျက်တောင်ခတ်လိုက်သည်။

"တီနာနဲ့ ရှောင်ဇယ်ကို ပြောတာလား။ ခင်ဗျား သူတို့ကို တွေ့ခဲ့သေးတာလား။ အခု သူတို့ဘယ်မှာလဲ။"

မြွေနက်ဝိဉာဉ်သည် အန်လင်းအား သေသေချာချာ အကဲခတ်လိုက်ပြီးနောက် လိမ်ညာနေခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။

"အခု ဘယ်ရောက်နေလဲတော့ ငါလည်းမသိဘူး။ နောက်ကြ အခွင့်အခါသင့်ရင် သူတို့နဲ့ မိတ်ဆက်ပေးဦးနော်။ ငါတော်တော်လေး စိတ်ဝင်စားလို့.......ဟီးဟီး။"

အန်လင်း: ".........."

မည်သည့်အကြောင်းပင် ရှိနေပါစေ တီနာနှင့် ရှောင်ဇယ်အား မြွေနက်ဝိဉာဉ်နှင့် ဘယ်သောအခါမှ မိတ်ဆက်ပေးမည် မဟုတ်ကြောင်း အန်လင်း ကိုယ့်ကိုယ်ကို ကျိန်ဆိုလိုက်သည်။

သို့သော် တီနာနှင့် ရှောင်ဇယ်တို့၏ လုပ်ရပ်အတွက် တန်ရာတန်ကြေး ပေးဆပ်ခဲ့ရပြီဖြစ်ကြောင်း သူမသိလိုက်ပေ။ မြွေနက်ဝိဉာဉ်၏ တတိယဓားချက်မှာ တောင်ထိပ်မှ အပျက်အစီးများအတွက် အလျော်အစားတစ်ခု ဖြစ်ခဲ့သည်။

မြွေနက်ဝိဉာဉ်သည် အစိမ်းရောင် အလင်းများ ဖုံးလွှမ်းနေသည့် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအားကြည့်ကာ လက်တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် ၎င်းတို့၏ ခန္ဓာကိုယ် တစ်ခုလုံး လေပေါ်မြောက်တက်ကာ ယခင်က တောင်ကြီးတစ်တောင် ဖြစ်ခဲ့သော အပိုင်းအစများကြား တိုးဝင်သွားလေသည်။

"ကောင်းကင်နဲ့မြေပြင် ငါ့အမိန့်ကို နာခံပြီး အရင်အတိုင်း ပြန်ဖြစ်စေ....."

သူမ လက်သင်္ကေတအချို့ ပြောင်းလဲလိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်ကြားတွင် တိမ်တိုက်များ ဖြစ်ပေါ်လာသည်။ တောင်တန်းကြီး၏ အပိုင်းအစများမှာလည်း လေထုထဲ ဝေ့ဝဲလာကာ တစ်ခုနှင့်တစ်ခု ပြန်လည်ပေါင်းစပ်သွားလေသည်။

မျက်စိတမှိတ်အတွင်းမှာပင် အစိမ်းရောင်များ တောက်ပနေသော တောင်တန်းကြီးမှာ ယခင်ကအတိုင်း ပြန်ဖြစ်သွားသည်။ အစောပိုင်းက ဖြစ်ပေါ်ခဲ့သော အပျက်အစီးများမှာ အိပ်မက်တစ်ခုလိုပင်။

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများမှာလည်း ထိုမြင်ကွင်းကိုကြည့်ကာ မယုံကြည်နိုင် ဖြစ်နေမိကြသည်။

ပြန်လည်ပြုပြင်ခြင်းသည် ဖျက်စီးခြင်းထက် အဆပေါင်းများစွာ ခက်ခဲသည်။ သူမသည် ထိုအရာအား ခဏအတွင်း လုပ်ပြသွားသော​ကြောင့် နတ်ဘုရားမတစ်ပါးသာ ဖြစ်ပေလိမ့်မည်။

အားလုံးသည် မျက်စိပြူး၊ မျက်ဆံပြူးဖြစ်ကာ မြွေနက်ဝိဉာဉ်အား ငေးကြောင်ကြည့်နေကြသည်။

အန်လင်းမှာမူ ကမ္ဘာတစ်ခုလုံး ဖန်ဆင်းသည်ကိုပင် မြင်တွေ့ခဲ့ဖူးသောကြောင့် ၎င်းတို့နှင့် မတူပဲ တည်တည်ငြိမ်ငြိမ် ရှိနေလေသည်။ တောင်လေးတစ်လုံးမျှ ပြုပြင်လိုက်နိုင်သည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။

ထို့အပြင် မြွေနက်ဝိဉာဉ်နှင့် တီနာတို့သည် စွမ်းအင်အသုံးပြုပုံခြင်းလည်း မတူညီပေ။

မြွေနက်ဝိဉာဉ်သည် သူမအစွမ်းအား ကမ္ဘာနှင့် ပေါင်းစည်းကာ ကောင်းကင်နှင့်မြေပြင်ကို ပဲ့တင်ထပ်စေခြင်းဖြင့် အလိုရှိသော အရာအား ပြုလုပ်နိုင်ရန် ကောင်းကင်နှင့်မြေပြင်၏ အစွမ်းအား ငှားရမ်းလိုက်ခြင်း ဖြစ်သည်။ ထိုစွမ်းအင်သည် လူတစ်ဦးမှ တစ်ဦးထံ လွှဲပြောင်းပေးနိုင်သည်။

သို့သော် တီနာသည် သူမကမ္ဘာ၏ ဖန်ဆင်းရှင် နတ်ဘုရားမဖြစ်ပြီး ဆိုလိုသည်မှု သူမကိုယ်တိုင် ထိုကမ္ဘာ ဖြစ်ပေသည်။

အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာသည် သူမ ခန္ဓာကိုယ်၏ အပိုင်းအစ တစ်ခုဖြစ်ကာ လွှဲပြောင်းပေးရန် မဖြစ်နိုင်ပေ။

သူမသည် အပြောင်းအလဲများ ပြုလုပ်နိုင်ရန် မည်သည့်စွမ်းအင်ကိုမှ ငှားယူစရာ မလိုအပ်ပဲ အလိုရှိရာ အမိန့်ပေးနိုင်သည်။ သူမ၏ ဖန်ဆင်းခြင်းအစွမ်းသည် မြွေနက်ဝိဉာဉ်နှင့် နှိုင်းယှဉ်စရာ မလိုလောက်အောင် သာလွန်ပေသည်။

တီနာကသာ အစစ်အမှန် နတ်ဘုရားမ ဖြစ်သည်ဟု အန်လင်း ခံစားမိသည်။

သူမ၏ ကမ္ဘာအပေါ် သြဇာအာဏာ သက်ရောက်မှု အပြည့်အဝ ရှိလေသည်။

တောင်တန်းအား ပြုပြင်ပြီးသည့်နောက် မြွေနက်ဝိဉာဉ်မှာ ပျော်ရွှင်စွာပြုံးရင်း ပိုင်လင်ထံ အနက်ရောင် အလုံးတစ်ခု ပစ်ပေးလိုက်သည်။

"ငါကတိတည်တယ်နော်။ ဒီကမ္ဘာရဲ့ ထိန်းချုပ်ခွင့်ကို နင့်ကိုလွှဲပေးခဲ့တယ်။"

သူမသည် အကာအရံအား ရုတ်သိမ်းကာ ထွက်သွားရန် ပြင်ပြီးမှ အတွေးတစ်ခုကြောင့် ခြေလှမ်းများ ရပ်တန့်သွားသည်။ ဤနေရာတွင်ပင် သူမ၏ သွေးကိုသုံးကာ ဇာမဏီ၏ သခင်အဖြစ် ခံယူလိုက်သင့်သည်။

ယခုရှိနေသူ အများစုသည် ဇာမဏီဥကြောင့်ပင် စုဝေးရောက်ရှိလာကြခြင်း ဖြစ်သည်။

ထိုလူများအားလုံးရှေ့တွင် ဇာမဏီ၏ သခင်ဖြစ်လာပါက အလွန်ကောင်းမွန်ပေလိမ့်မည်။ ထိုအတွေးမှာ သူမအား စိတ်လှုပ်ရှားစေလေသည်။

မြွေနက်ဝိဉာဉ်သည် ဇာမဏီဥအား မြေပြင်ပေါ်ချကာ ရယ်မောလိုက်သည်။

"ထွက်မသွားခင် ဥသခင်မအဖြစ် ခံယူလိုက်ဦးမယ်။"

ကောင်းကင်နတ်မိမယ် ဖေးရင်နှင့် အခြားသူများမှာ နှလုံးသားများ အပိုင်းပိုင်းအစစ ဖြစ်သွားသလို ခံစားလိုက်ရသည်။

ရက်စက်လိုက်တာ....... အားလုံး လိုချင်နေတဲ့ ရတနာကို အပိုင်စီးရုံတင် မကဘူး....... တမင်တကာ မဏ္ဍာပ်တိုင် တက်ပြနေသလိုပဲ........

ရည်ရွယ်ချက်ရှိရှိ တမင်တကာကို လုပ်နေတာ သေချာတယ်.......

မြွေနက်ဝိဉာဉ်မှာ အားကျမနာလို ဖြစ်နေသော မျက်ဝန်းများကြောင့် ပို၍ပင် စိတ်ကျေနပ်လာသည်။

သူမသည် ရှုပ်ထွေးလွန်းသော လက်သင်္ကေတများ ပြောင်းလဲကာ ဇာမဏီဥ၏ အရောင်အဝါများ ထွန်းတောက်လာပြီးနောက် သွေးအဆီအနှစ် တစ်စက်အား ဥပေါ်ချလိုက်တော့သည်။

All Chapters