ထိခိုက်ထားသော ယန်ချင်ယင်
Vol. 6 Ch. 80
နတ်ဓားတောင်ကို ဝင်ရောက်သည့် အချိန်မှ စ၍ မိုဝူကျီက တွက်ချက်ကြည့် လိုက်သောအခါ တစ်လမပြည့် သေးလျှင်ပင် ပြည့်ခါနီးသို့ ကျရောက်နေပြီ ဖြစ်လေ၏။ တစ်လကိုလည်း ကျော်လွန်ကောင်း ကျော်လွန် နိုင်လိမ့်မည်။ ရွှေ့ပြောင်း အစီအရင်တွင် ပြဿနာရှိနေ၍ ပြန်မထွက်နိုင်ခြင်း ဖြစ်နိုင်သေး၏။
ဤလအတွင်းတွင် သူက ဂူအတွင်းမှ ထွက်လာခဲ၏။ ချိုင့်ဝှမ်းမှာ ရှိသော ဆေးပင်များကို ခူးဆွတ်ယူပြီးပြီ ဖြစ်ကာ သူသည် စွမ်းအား စုစည်းခြင်း ဆေးလုံးနှင့် အားဖြည့် ဆေးလုံးများကို အလုံး ၁၀၀မှ ၂၀၀အထိ ဖော်စပ် ထားနိုင်သည်။ သို့သော်လည်း ထွက်သွား ရသည်နှင့် သူ့ဆေးလုံးများကို အလုယူခံရမည့် အကြောင်းကို စိုးရိမ်နေမိသည်။
ဆေးလုံးများ အလုယူ ခံရခြင်းကား သေးငယ်သော ကိစ္စဖြစ်သော်လည်း ပိုဆိုးသည်က ဂိုဏ်းမှ အကြီးအကဲများက သူ့အား ဆေးလုံး ဇာစ်မြစ်ကို မေးမြန်းကြလိမ့်မည်။
ထိုအခါ ဘာပြန်ပြော ရမည်နည်း….. သူ့ကိုယ်တိုင် ဖော်စပ်ထားပါသည် ဟူ၍လား……. သူ့၏ စကားလုံးမဲ့ ဆေးနည်း စာအုပ်ကို သိမ်းထားနိုင်ပါ့ မလား….. မိုဝူကျီ၏ ဇာစ်မြစ်ကား စုံစမ်းရန် ရိုးရှင်းလှကာ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း အနေနှင့် လူအချို့ကို စေလွှတ်ရုံဖြင့် သူ အိမ်သာ ဘယ်နှခေါက် တက်လည်းပင် သိရှိနိုင်ကြ၏။ အကယ်၍ သူ့တွင် ဆေးလုံး ဖော်စပ်ခြင်းကို သင်ယူရန် အခွင့်မရှိကြောင်း ဒါမှမဟုတ် ချန်လောင်တွင် ဆေးဖော်စပ်ရေး ကိရိယာများကို ဝယ်ယူခဲ့ကြောင်း သိသွားကြလျှင် မည်သို့ ဖြစ်မည်နည်း……
သူ့ကို ဆေးလုံးဖောစပ်ခြင်း မည်သူ သင်ပေးထားကြောင်းကို သူတို့က သေချာပေါက် မေးကြလိမ့်မည်။ စကားလုံးမဲ့ ဆေးနည်းစာအုပ်၏ တည်ရှိမှုကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။
သို့သော်လည်း ဤဆေးလုံးများကို ချန်ရစ် မထားခဲ့ချင်ပေ။ ထိုသည်က နေ့ညမပြတ် ကြိုးစားမှု ရလဒ်ပင် ဖြစ်၏။
မိုဝူကျီက လေးလေးနက်နက် စဉ်းစားတွေးတော ကြည့်လိုက်စဉ် ဒယိမ်းဒယိုင် လျှောက်လာသည့် တစ်ခေါင်းလုံး ဖြူနေသော လူအို တစ်ယောက်ကို တွေ့လိုက်ရသည်။
မဟုတ်သေးပါဘူး….. မကြာခင်တွင် ထိုသူက ဆံဖြူလူအို မဟုတ်ဘဲ ကျက်သရေရှိ မိန်းမ တစ်ဦးဖြစ်ကြောင်း သိရှိလိုက်ရ၏။
သူမက ခေါင်းကို မော့လိုက်သောကြောင့် မိုဝူကျီက သူမကို မှတ်မိ သွားလေသည်။ သူမကား သူနှင့်အတူ နတ်ဓားတောင်သို့ ဝင်ရောက်ခဲ့သော အဆင့်လေး ဆေးလုံးသခင် ယန်ချင်ယင် ဖြစ်နေလေ၏။
လွန်ခဲ့သည့် တစ်လက သူတို့သည် နတ်ဓားတောင်မှ ရွှေ့ပြောင်း အစီအရင်ဖြင့် လာခဲ့စဉ်တွင် ယန်ချင်ယင်တွင် ဆံပင်မည်းများ ရှိနေဆဲ ဖြစ်၏။ တစ်လပင် မကြာသေးသော်လည်း သူမ ဆံပင်များကား ဖြူဆွတ် နေလေသည်။ အကယ်၍ သူမမျက်နှာနှင့် ပုံပန်း သဏ္ဌာန်ကြောင့်သာ မဟုတ်လျှင် မိုဝူကျီပင် မှတ်မိနိုင်မည် မဟုတ်လောက်ပေ။
အချိန်တိုလေး အတွင်း သူမသည် ထိုမျှ အိုမင်း သွားသည်လား…. သို့သော် သူမ မျက်နှာကား မပြောင်းမလဲ ကျန်ရှိနေသေး၏။
ယန်ချင်ယင်က မိုဝူကျီကို မြင်သောအခါ အားလျှော့ လိုက်သောကြောင့် လုံးဝ ပြိုလဲကျ သွားလေသည်။
မိုဝူကျီက တခြားသော အရာများကို မတွေးတောပဲ သူမဆီ အပြေးအလွှား သွားထူ လိုက်လေသည်။ ယန်ချင်ယင်၏ အရေပြားများသည် ရှုံ့တွနေပြီး သွေးအားလည်း နည်းပါးနေလေ၏။ ဤနေရာတွင် ဆယ်နှစ်တာလောက် နေခဲ့ရသည့် အလား သူမ၏ အသက်ဓာတ်လည်း လွင့်ပါးနေလေသည်။
မိုဝူကျီက သူဖော်စပ် ထားသော ဆေးလုံးများကို တိုက်ကျွေးဖို့ရာ တွန့်ဆုတ်မနေပေ။ သူမပါးစပ်ထဲသို့ အားဖြည့် ဆေးလုံးများနှင့် သွေးပြေပြစ် ဆေးများကို ထည့်ပေးလိုက်သည်။
သွေးပြေပြစ် ဆေးလုံးသည် အဆင့်တစ် ဆေးလုံး ဖြစ်၏။ မိုဝူကျီက ယန်အာအတွက် အသုံးပြုရန် ဖော်စပ်ထားခြင်း ဖြစ်လေသည်။ သူမ၏ ချို့တဲ့လှသော အာဟာရ ဓာတ်ကြောင့် ယန်အာ၏ ခန္ဓာကိုယ်တွင် ဆိုးရွားလှသော အခြေတည်ခြင်း ဖြစ်နေလေသည်။ သွေးပြေပြစ်ဆေးတွင် အာဟာရ ပြန်လည် ပြည့်ဝနိုင်သော ဆေးပင်များ ပါဝင်သောကြောင့် ယန်အာအတွက် အထူး အသုံးဝင်ပေ၏။
ဆေးလုံး ဝင်သွားသည်နှင့် သူမ မျက်နှာတွင် ပြောင်းလဲမှု မရှိသော်လည်း သူမ၏ ရှုံ့တွနေသော အရေပြားတွင် သွေးများ ပြန်လည် စီးဆင်းလာဟန် ပေါ်သည်။
မိုဝူကျီက ယန်ချင်ယင်ကို ကျောပေါ် ကတိုက်ကရိုက် သယ်ဆောင်ကာ ဂူဆီ ခေါ်လာလိုက်သည်။ ယန်ချင်ယင်က အထင်ကြီးလောက်သည့် ကျင့်ကြံဆင့် ရှိသော အဆင့်လေး ဆေးလုံးသခင် ဖြစ်လေ၏။ ထိုကဲ့သို့ ကျင့်ကြံဆင့်နှင့် ဆိုလျှင်ပင် သူမတွင် အသက်လု မတတ် ဖြစ်ခဲ့ပုံ ပေါ်လေသည်။ သူ့ကျင့်ကြံဆင့်ကား ကြည့်ဖို့ပင် မထိုက်သေးချေ။
မိုဝူကျီက ယန်ချင်ယင် အပေါ်တွင် အမြင်ကောင်းရှိ၏။ သူမ ဆေးလုံး ဖော်စပ် နည်းလမ်းများသည် ဂိုဏ်းထဲတွင် အကောင်းဆုံး ဖြစ်ရုံသာမက ဆေးလုံး သခင်ဂျူက သူနှင့် ထိပ်တိုက်တွေ့စဉ်က သူမက ကူညီခဲ့ဖူး၏။
မိုဝူကျီက ယန်ချင်ယင်ကို သူ အသုံးပြုလေ့ ရှိသည့် ကျောက်တုံး အိပ်ရာပေါ် တင်ပေး လိုက်သောအခါ သူမသည် မျက်လုံးများ ပိတ်နေဆဲ ဖြစ်လေ၏။ သို့သော်လည်း မိုဝူကျီက သူ့ဆေးများ၏ အာနိသင်သည် ဖြည်းဖြည်းချင်း အစွမ်းပြလာမည် ဖြစ်ကြောင်း သိလေသည်။ သူမ အရှိန်အဝါသည် ပို၍ အားကောင်းလာပြီး သွေးအားလည်း ပြန်လည် ပြည့်လာလေ၏။
တဖြည်းဖြည်းချင်း ပြန်ကောင်းလာသည့် ယန်ချင်ယင်ကို ကြည့်ပြီး မိုဝူကျီက သူဖြတ်လာခဲ့သော ကျတ်တီးနယ်ကို သတိရသွားလေ၏။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း နယ်နိမိတ်တွင် အပင်များက ဖြည်းဖြည်းချင်း ခြောက်သွေ့ လာနေကြသည်။
ထိုဖြစ်ရပ်ကား ယန်ချင်ယင် ချက်ချင်း အိုမင်းလာသည့် ကိစ္စနှင့် မတူညီပေဘူးလား…
ထိုအရာကို တွေးမိလိုက်ပြီး မိုဝူကျီ တစ်ကိုယ်လုံးတွင် ကြက်သီး တဖြန်းဖြန်း ထလာလေသည်။ ဤကုန်းမြေ၏ အသက်ဓာတ် ဆေးပင်များ၏ အသက်ဓာတ် အပြင် ကျင့်ကြံသူများ အသက်ဓာတ်ကိုပါ လုယူချင်သည် များလား…
“ငါ့ကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်…..” ယန်ချင်ယင် အသံကား အားနည်းလှစွာ ထွက်ပေါ်လာပြီး မိုဝူကျီ၏ အတွေးလွန်မှုကို ကြားဝင် ဖြတ်တောက် လိုက်လေသည်။
မိုဝူကျီက အလောတကြီး ပြန်ပြောဆို လိုက်သည်။
“ကံကောင်းလို့ ခင်ဗျားကို တွေ့တာ…. ဘာတွေ ဖြစ်ခဲ့တာလဲ….”
ယန်ချင်ယင်က မိုဝူကျီကို ချက်ချင်း ပြန်မဖြေပေ။ သူမ ခါးကိုလက်ဖြင့် အနည်းငယ် လှုပ်လိုက်သောအခါ ကျောက်စိမ်း ပုလင်းက သူမ လက်ထဲသို့ ရောက်ရှိလာလေ၏။
သူမက ပုလင်းကို ဖွင့်လိုက်ပြီး ဆေးလုံးကို ယူကာ သောက်သုံးလိုက်သည်။
မိုဝူကျီက ယန်ချင်ယင်ကို တအံ့တဩ ကြည့်နေလေသည်။ ထိုသည်က မှော်ပညာများလား … ယန်ချင်ယင်၏ ခါးတွင် အိတ်ကပ် မရှိပေ။ မည်ကဲ့သို့ သူမက ကျောက်စိမ်း ပုလင်းကို ထုတ်ယူ လိုက်သနည်း။ မဟုတ်သေးပါဘူး အဝတ်အိတ် သေးသေးလေး ပါသော်လည်း ထိုအဝတ်အိတ် လေးသည် အလွန် သေးငယ်လှ၏။
သူ၏ တလွဲထင်နေမှုကို အမြန်အဆန် ရုပ်သိမ်းလိုက်ပြီး ယန်ချင်ယင်ကို တုန်လှုပ်စွာ ကြည့်လိုက်လေသည်။ သူမက ဆေးတစ်လုံး သောက်ရုံမျှဖြင့် အသားအရေများ ပြန်လည် စိုပြေလာပြီး သူမ၏ ဆံပင်ဖြူများလည်း တစ်မုဟုတ်ချင်း ချက်ချင်း မည်းနက် လာလေသည်။
မိုဝူကျီက အသက်ဝအောင် ရှူလိုက်လေ၏။ သူသည် သွေးကြောဖွင့် ဆေးကို ဖော်စပ်နိုင်ခဲ့သော်ငြား ထိုသို့သော မှော်ဆေးလုံးမျိုးကို မတွေးဖူးချေ။ ထိုဆေးလုံးက ပြန်လည် နုပျိုစေသည့် ဆေးလုံး ဖြစ်နေမလား…
သူက သွေးပြေပြစ်ဆေးနှင့် အားဖြည့်ဆေးကို တိုက်ကျွေး ခဲ့သော်လည်း ထိုဆေးလုံးများကား ယန်ချင်ယင်၏ အသားအရေ ပြန်လည် ကောင်းမွန်လာရုံနှင့် သွေးအား ပြန်ပြည့်လာရုံသာ တတ်စွမ်း နိုင်လေသည်။ ယန်ချင်ယင်၏ ဆေးလုံးကဲ့သို့ အံ့အားသင့် လောက်သည့် အကျိုး သက်ရောက်မှုမျိုး မည်သို့ ရှိမည်နည်း။
အမွှေးတိုင် တစ်ဝက် ကုန်ချိန်လောက်တွင် ယန်ချင်ယင်က သူမ၏ မူလသွင်ပြင်ကို ပြန်လည် ရရှိလာလေသည်။ သူမက အသက်ဝအောင် ရှူလိုက်ပြီး မတ်မတ် ထိုင်လိုက်၏။
မှင်တက်နေသည့် မိုဝူကျီကို ကြည့်ပြီး ယန်ချင်ယင်က စတင် ရှင်းပြ လိုက်လေသည်။
“ငါက အဆင့်၇ ကောင်းကင်အဆင့် ဆေးလုံးဖြစ်တဲ့ မူလအသက် ဆေးလုံးကို သောက်လိုက်တာ…”
“ကောင်းကင် အဆင့်လား….. အဲဒါဆို ကောင်းကင် အဆင့် ဆေးလုံးဆရာ ဖော်စပ်ပေးဖို့ လိုတယ်မလား … ရှင်းဟန် အင်ပါယာမှာ အဆင့် ၇ ကောင်းကင် အဆင့် ဆေးလုံးဆရာ ရှိတယ်လား……” မိုဝူကျီက တအံ့တဩ တုံ့ပြန်လိုက်လေသည်။ အရင်က ရှန်းလျဲ့က အင်ပါယာ ငါးခုတွင် ကောင်းကင်အဆင့် ဆေးလုံးဆရာ သိပ်၍ မရှိကြောင်း ပြောဖူးလေ၏။
ယန်ချင်ယင်က ခါးကို ခါလိုက်ပြီး
“ငါ့ဆရာက ပေးထားတာ….”
“ခင်ဗျားရဲ့ ဆရာက ကောင်းကင်အဆင့်လား…” မိုဝူကျီက ရိုရိုသေသေ မေးကြည့်လိုက်သည်။ ကောင်းကင်အဆင့် ဆေးလုံး ဆရာကား မည်မျှ အံ့ဩဖို့ ကောင်းကြောင်း ယခု သိလေ၏။
“မဟုတ်ဘူး … ငါ့ဆရာက အဆင့်ခြောက် မြေကမ္ဘာအဆင့် ဆေးလုံးဆရာပဲ ဒီဆေးလုံးကို ငါ့ဆရာ မဟုတ်ဘဲ ငါ့ဆရာ ဘိုးဘိုးက ဖော်စပ် ပေးထားတာ … ငါ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ငါ့ဆရာက ဆရာဘိုးဘိုးကို ရှာဖို့ ထွက်သွားတယ်…… ငါ့ဆရာ ဘိုးဘိုးက အင်ပါယာ ငါးခုထဲ မရှိလောက်ဘူး…” ယန်ချင်ယင်က သူမဆရာကို ပြန်လည် တမ်းတရင်း မျက်လုံးထဲတွင် လွမ်းဆွေးသည့် အရိပ်အယောင်များ ပါဝင်နေလေသည်။
မိုဝူကျီက အင်ပါယာ ငါးခုအလွန်တွင် နယ်မြေ ရှိနေကြောင်း သိ၍
“ဆေးလုံး သခင်ယန် … ခင်ဗျားရဲ့ ဆရာက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်သွားတာလား…… ဒြပ်ငါးမျိုး ကင်းမဲ့နယ်က ဖြတ်သန်းလို့ မရဘူးမလား……”
ယန်ချင်ယင်က မိုဝူကျီကို အားဖျော့တော့စွာ ကြည့်လိုက်ပြီး
“တကယ်တမ်းကျ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဖြတ်လို့ရလား မရလားဆိုတာ တစ်ယောက်ကမှ မမြင်ဖူးသေးဘူး … လက်တွေ့မှာ ပါရမီရှင် တော်တော်များများက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှာ ကျရှုံးတဲ့သူ မရှိကြဘူး … သူတို့ ဘယ်ရောက်သွားတယ် ထင်လဲ…”
ယန်ချင်ယင်က ထိုအကြောင်းကို ဆက်၍ မပြောချင်တော့ပေ။ ထို့ကြောင့် သူမက ပြန်လည် မေးလိုက်သည်။
“ဂျူနီယာ မောင်လေးမိုက တစ်ခါမှ မကျင့်ကြံဖူးတဲ့ အစေခံ တပည့် တစ်ယောက်ပဲ … ရွှေ့ပြောင်း အစီအရင် ပြဿနာ ပေါ်လာတာတောင် ဘယ်လိုလုပ်က မင်းက အန္တရာယ် ကင်းကင်းနဲ့ ဒီမှာ ရှိနေတာလဲ … ပြီးတော့ တစ်လလုံးနီးပါး ရှင်သန်ခဲ့နိုင်တယ်……”
သူမက ပြောရင်းဖြင့် ဘေးမှာရှိသော ဆေးပြင်းမီးဖိုအပေါ် မျက်လုံး ရောက်သွားလေသည်။
ယန်ချင်ယင်က သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှ မြေကမ္ဘာအဆင့် ဆေးလုံးသခင် ဖြစ်သည့်အတွက် မိုဝူကျီကို ဂျူနီယာ မောင်လေးဟု ခေါ်ဆိုရင်း မျက်နှာသာ များစွာ ပေးထားလေ၏။
မိုဝူကျီက တဟားဟား ရယ်မောလိုက်ရင်း
“ကျွန်တော်က မကျင့်ကြံဖူးတဲ့လူ မဟုတ်ပါဘူးဗျ … ကျွန်တော့် ဝိညာဉ်ကြောက အရမ်းဆိုးရွားလို့ ကျင့်ကြံဖို့ အချိန်အများကြီး လိုအပ်ပေမဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကျ မဆိုးဘူးဗျာ … ရွှေ့ပြောင်း အစီအရင် ပြဿနာ တက်ပြီးတဲ့နောက်မှာ ကျွန်တော် ခန္ဓာမှာ ဒဏ်ရာ နည်းနည်းပဲ ရခဲ့လို့ ကံကောင်းခဲ့တယ် ပြီးတော့ အသက်အန္တရာယ်လည်း မကြုံရသေးဘူး…”
ယန်ချင်ယင်က ချက်ချင်း ပြန်မပြောပေမဲ့ မပြောခင် မိုဝူကျီကို ခဏတာ ကြည့်လိုက်ပြီး
“ဒါက ကံကောင်းမှု သပ်သပ်တော့ မဟုတ်လောက်ဘူး … မင်းရဲ့ ဆေးပင်နဲ့ ဆေးလုံး တွေအပေါ် နားလည်နိုင်စွမ်းက ရှီဂျွန်ထက် ပိုသာတယ် … ဟုတ်တယ်မလား…”
မိုဝူကျီက သူမ စကားများကို ချက်ချင်း ချေပလိုက်ပြီး
“ကျွန်တော်က ဆေးလုံးသခင် ယန် စကားတွေနဲ့ မကိုက်ညီပါဘူးဗျ … ဆေးဖော်စပ်ခန်းမှာ အလုပ်လုပ်ရတဲ့ အတွက် ဆေးပင်တွေကိုတော့ အပေါ်ယံ နားလည်ပါတယ် … အဲဒါအပြင် ကျွန်တော်က အကုန်လုံးမှာ ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ ဘယ်ဟာမှ သေချာမသိဘူးဗျ … ဘယ်လိုလုပ် ရှီဂျွန်နဲ့ ယှဉ်လို့ ရပါ့မလဲ … ကျွန်တော်က အများကြီး လိုနေပါသေးတယ်…”
“အဲဒီလိုလား….” ယန်ချင်ယင် နှုတ်ခမ်းပါး တစ်စုံက ကွေးညွတ်သွားကာ အပြုံးတို့ ဖြစ်တည်လာရင်း
“ဂျူနီယာ မောင်လေးမို စိုးရိမ်ဖို့ မလိုပါဘူး … တကယ်လို့ မင်းကို လူအများ သိစေချင်ရင် အဓိကခန်းမမှာ လုပ်ခဲ့မှာပေါ့ … မင်း အစိမ်းရောင် နဂါးမောက်သီးကို ရေဗေဒါ သုတ်လိမ်းတုန်းက မင်းလျှို့ဝှက်ချက်ကို ဖော်ခဲ့မှာပေါ့ … အခုထိတောင် စောင့်နေဖို့ မလိုအပ်ဘူး…”
မိုဝူကျီက ပါးစပ် ဟောင်းလောင်း ဖြစ်သွားပြီး အနေရခက်စွာ ထစ်ထစ်ငေါ့ငေါ့ဖြင့်
“အားလုံး မြင်သွားတာလား…”
“ဘယ်လိုထင်လဲ…” ယန်ချင်ယင်က နူးညံ့စွာ ရယ်မောလိုက်ရင်း
“ရှင်းရှင်း ပြောရရင် ငါ ဘာမှ မမြင်ဘူး အနံ့ရမိလိုက်တာ…”
***