ကံစမ်းကြည့်ရအောင်
Vol. 6 Ch. 81
မိုဝူကျီက သူ့ဘာသာ တွေးမိလိုက်သည်။ ဤအမျိုးသမီး၏ အနံ့ခံနှုန်းကား မည်မျှ ကောင်းနေရသနည်း။
“စောစောက ရှင် တိုက်လိုက်တဲ့ ဆေးလုံးတွေက ရှင့်ဘာသာ ဖော်စပ်ထားတာ မလား ... ရှင်က ဆေးလုံးဆရာ တစ်ယောက် ဖြစ်ပြီးတော့ ဘာလို့ အစေခံ ဝင်လုပ်နေတာလဲ ... တကယ်လို့ ရှင့်စွမ်းရည်တွေကို ဖုံးကွယ်ပြီး အစေခံအဖြစ်နဲ့ နေချင်တယ် ဆိုရင် ဘာလို့ ဆေးလုံး သခင်ရှီကို ကူညီပေးခဲ့ တာလဲ ... ” ယန်ချင်ယင်က မိုဝူကျီကို ဆက်တိုက် မေးခွန်း ထုတ်လိုက်လေ၏။
ဆေးလုံး ဖော်စပ်ခြင်းရှိ ခက်ခဲမှုကို လျော့ချစေရန်နှင့် အောင်မြင်မှုနှုန်း တိုးရန် ရေဗေဒါ ထပ်ထည့်လိုက်ခြင်း အတွေးကား သူ့အတွက် ပုံမှန် ကိစ္စရပ် မဟုတ်ပေ။ စွမ်းအားဖြည့် ဆေးလုံးများကို ဖော်စပ်သည့် နည်းလမ်းက မတူညီကြပေ။ နည်းလမ်းများထဲမှ တစ်ခုကား ရေဗေဒါကို အသုံးပြုခြင်း ဖြစ်လေသည်။ ထိုနည်းလမ်းမှ ဆေးလုံးတွင် အကျိုး သက်ရောက်မှု အားပျော့သော်လည်း ဆေးဖော်စပ်ခြင်း ကိစ္စက အလွန် ရိုးရှင်း သွားလေသည်။ မိုဝူကျီက ထိုဆေးလုံးကို အရင်က မြင်တွေ့ဖူး သော်လည်း ရှီဂျွန်ကား မသိရှိချေ။
မိုဝူကျီက ရှီဂျွန်ဆီမှ ထိုလှည့်ကွက် သုံးကာ မည်သည့် အရာပင် လိုချင်နေပါစေ ယန်ချင်ယင်က ဂရုမစိုက်ချေ။ ရှိနေပြီးသား ဆေးနည်းကို လက်မလျှော့ဘဲ အခြားသော နည်းလမ်းများကို အသုံးပြုခြင်းလည်း ဖြစ်နိုင်သေး၏။ ထိုသည်က လုံးဝ သမားရိုးကျ ကိစ္စဖြစ်လေသည်။ သို့သော် မိုဝူကျီက ဆေးများကို ကိုယ်တိုင် ဖော်စပ်ခဲ့သည့် အတွက် စွမ်းအားဖြည့် ဆေးလုံးကို ဖော်စပ်ရန် အခြားသော ဆေးနည်းကို ရှာတွေ့သည်မှာ မဖြစ်နိုင်ပေ။ ထို့အစား မိုဝူကျီသည် အရင် ကတည်းမှ ဆေးလုံး ဖော်စပ်ခြင်းကို သင်ယူခဲ့ဖူးသူ ဖြစ်လိမ့်မည်။ အကယ်၍ သူက သင်ယူ တတ်မြောက်ခဲ့ပြီး အောင်အောင်မြင်မြင် ဆေးလုံး ဖော်စပ်နိုင်ပါက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် အစေခံအဖြစ် ပုန်းကွယ်နေစရာ အကြောင်း မရှိပေ။
မိုဝူကျီက ယန်ချင်ယင်ကို ကယ်သင့်တာ ဟုတ်ရဲ့လားဟု သံသယ ဝင်လာရင်း ခေါင်းကိုက် လာလေသည်။ မည်သူကမျှ မြွေပွေး ခါးပါးနှိုက် စကားပုံကို သူ့ထက် မသိရှိနိုင်ချေ။ ယန်ချင်ယင်ကား မြွေပွေး တစ်ကောင် မဖြစ်နိုင်လောက်ပေ ... ဟုတ်တယ်မလား…
ထိုစဉ် မိုဝူကျီက ပြောင်ပြောင် တင်းတင်း ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ ဆေးလုံးဖော်စပ် နည်းတွေက မျိုးနွယ်စုထဲမှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း လာတာပါ ... ကျွန်တော် မျိုးနွယ်စုက တစ်ချိန်က စီရင်စု သခင်တွေ ဖြစ်ခဲ့ပါတယ် ... ဒါပေမဲ့ စီရင်စု သခင်ရာထူး လုယူခံ လိုက်ရတဲ့အခါ ကျွန်တော်တို့ မိသားစုရဲ့ အဆင့်အတန်းက ဘာမှ မဟုတ်လောက်တဲ့ အထိ နိမ့်ကျ သွားခဲ့တယ် ... ကျွန်တော်က ဆေးလုံး ဖော်စပ်ခြင်းကို သင်ယူခဲ့ပေမဲ့လည်း သက်သေပြဖို့ရာ ဘယ်တုန်းကမှ အခွင့်အရေး မရခဲ့ဘူး ... အဲဒါကြောင့် ဆေးလုံးသခင် ရှီနဲ့အတူ နတ်ဓားတောင်ကို ဝင်မဲ့ အခွင့်အရေးကို အသုံးချပြီး ကျွန်တော့်ရဲ့ စွမ်းရည်တွေကို လေ့ကျင့်ပြီး သက်သေ ပြချင်တာပါ ... ”
ထိုမျှ အများကြီး ပြောဖို့ရာ မိုဝူကျီက အချက်များစွာကို ထည့်စဉ်းစားခဲ့ရ၏။ ပထမဆုံး စီရင်စု သခင်မျိုးနွယ်စု အနေနှင့် သူ့အတွက် ဆေးလုံး ဖော်စပ်ခြင်းကို သင်ယူဖို့ရာ မဖြစ်နိုင်ခြင်း မဟုတ်ပေ။
ဒုတိယက မိုမျိုးနွယ်စု၏ ခြေရာ လက်ရာများအား အကုန်လုံး ရှင်းလင်းလိုက်ပြီ ဖြစ်သည့် အတွက် နောက်ခံကို စစ်ဆေး လိုလျှင်ပင် မည်သည့် အရာမှ ထွက်လာမည် မဟုတ်ချေ။ သို့သော်လည်း မိုဝူကျီက သူ့အဘိုးကား ဆေးလုံးဆရာ ဖြစ်ကြောင်းကို မသိပေ။ မဟုတ်လျှင် ထိုမျှ ကြောက်လန့်နေစရာ မလိုအပ်ပေ။ ယန်ချင်ယင်က မေးခွန်း ထုတ်သည့်အခါ သူက သူ့အဘိုးကား ဆေးလုံးဆရာ ဖြစ်ကြောင်းနှင့် သူ့ဆေးပညာသည် အဘိုးဆီမှ သင်ယူခဲ့တာ ဖြစ်ကြောင်း ပြောရုံသာ လိုလေသည်။ သူ့အဘိုး မိုထင်းချန်က သူ့မမွေးဖွားခင် ပျောက်ဆုံးသွားသည့် အချက်ကို မည်သူက ဂရုစိုက်မည်နည်း။ မျိုးရိုးအလိုက် လက်ဆင့်ကမ်း လာသည့် ဆေးနည်း စာအုပ်များ မရှိနိုင်ဘူးလား ...
ယန်ချင်ယင်က အံ့ဩစွာ မေးလိုက်လေ၏။
“အဲဒါဆို မင်းက အရင်က ဆေးလုံး ဖော်စပ်နည်းကို သီအိုရီပဲ သိခဲ့ပြီး ဒီရောက်မှ ဝိညာဉ် ဆေးပင်တွေကို မြင်လို့ စမ်းသပ် ဖော်စပ် ခဲ့တာပေါ့ ပြီးတော့ တစ်လအတွင်း အဆင့်တစ် ဆေးလုံးကို အောင်အောင် မြင်မြင် ဖော်စပ်နိုင်ရောလား ... ” ယန်ချင်ယင်က မိုဝူကျီ ပြောသည်များကို မယုံ၍ မဟုတ်ဘဲ ယုတ္တိမရှိ လွန်း၍သာ ဖြစ်လေသည်။ ပါရမီရှင် တစ်ယောက် အတွက်ပင် ဆေးလုံး ဖော်စပ်နည်းများကို နှစ်များစွာ လေ့လာ ခဲ့သော်ငြား အဆင့်တစ် ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်ရန် ခက်ခဲလှပေ၏။
ကမ္ဘာပေါ်တွင် ဆေးလုံးဆရာ အချို့သာ ရှိလေ၏။ အကြောင်းမှာ ပါရမီ အမြောက်အမြားနှင့် ထပ်ခါတလဲ လေ့ကျင့်ခြင်းများ လိုအပ်သောကြောင့် ဖြစ်လေသည်။ ထို့ကြောင့်သာ ဆေးလုံးဆရာ ဖြစ်ရန် လေ့ကျင့်ခြင်းက ခက်ခဲခြင်း ဖြစ်၏။ ပထမဆုံး အနေဖြင့် ပါရမီ မရှိလျှင် မဖြစ်နိုင်ပေ။ ထို့နောက် လေ့ကျင့်ဖို့ရာ ဆေးပင် အမြောက်အမြား လိုအပ်သေး၏။ နောက်ဆုံး အနေနှင့် သင်ကြား ပြသပေးမည့် ဆရာ လိုအပ်လေသည်။ ထိုဖော်ပြပါ အချက်များကို ရရှိဖို့ရန် ခက်ခဲလှပေ၏။ ထို့အပြင် မိုဝူကျီ ဖော်စပ် ထားသော အဆင့်တစ် ဆေးလုံးကား အရည်သွေးမြင့် ဆေးလုံး ဖြစ်ကာ အနည်းငယ် တိုးတက် လာရုံဖြင့် အဆင့်နှစ် ဆေးလုံး အဖြစ်သို့ ရောက်ရှိ နိုင်လေသည်။
ယန်ချင်ယင် စကားများကို ကြားပြီးသည့် နောက်တွင် သူ့တွင် လက်ဟန်များနှင့် ဆေးနည်းများ ရှိကြောင်း ရုတ်ခြည်း သတိရမိလိုက်၏။ သူ့ မြန်ဆန်လှသော အောင်မြင်မှုမှာ စကားလုံးမဲ့ ဆေးနည်း စာအုပ်ထဲရှိ ဆေးပင် အမျိုးမျိုး အကြောင်းကို အသေးစိတ် သိရုံသာမက ဆေးလုံးနှင့် လက်ဟန် ပညာရပ်များ ကြောင့်လည်း အပါအဝင် ဖြစ်လေ၏။ ထိုအရာအပြင် သူ့အတွေ့အကြုံက ထိပ်တန်း ဆေးဆရာ (Drug Refiner) နီးပါး ဖြစ်နေလေသည်။ ဆေးဖော်စပ်ခြင်းက ဆေးလုံး ဖော်စပ်ခြင်းထက် ပို၍ လွယ်ကူသော်လည်း ဝိညာဉ် ဆေးပင်များ အစား သာမန် ဆေးပင်များသာ အသုံးပြုလေ့ ရှိကြ၏။ ဆေးဖော်စပ် သူများသည် မကျင့်ကြံသည့် သာမန်လူသာ ဖြစ်ကြသောကြောင့် သူတို့ကို ဖော်စပ်ရန် ဝိညာဉ်စွမ်းအား မသုံးနိုင်ချေ။ တခြား အနေဖြင့် ဆေးလုံး ဖော်စပ်ခြင်းတွင် ဝိညာဉ် ဆေးပင်များကို အသုံးပြုရပြီး ထိုဆေးပင်များ၏ ထူးခြားသော ဂုဏ်သတ္တိများကို လေ့လာရသည့် နိယာမပေါ်တွင် အလုပ်လုပ်လေသည်။ မကျင့်ကြံနိုင်သူများ အတွက် ထိုသည်က မဖြစ်နိုင်သော ကိစ္စရပ်ပင် ဖြစ်လေ၏။ သို့သော် ကျင့်ကြံနိုင်သော ပါရမီရှင်များ အတွက် ဆေးဆရာများက သာမန် ဆေးပင်များကို ဖော်စပ်ခြင်းနှင့် ယှဉ်လျှင် အနည်းငယ်သာ ကွာခြားပေသည်။
“အခြေအနေက ဒီလို ဖြစ်နေပေမဲ့ ကျွန်တော် ဆေးလုံးကို စမဖော်စပ်ခင်က ဆယ်နှစ်ကျော်လောက် ဆေးလုံး သီအိုရီတွေကို လေ့လာခဲ့ရတယ် ... ” မိုဝူကျီက သူ့နောက်ခံနှင့် စွမ်းဆောင်ရည် များကား ဖုံးကွယ်၍ မရသောကြောင့် သူ့လျှို့ဝှက်ချက်ကို ထပ်၍ မထိန်းနိုင်တော့ပေ။ စကားလုံးမဲ့ ဆေးနည်း စာအုပ်ကို မပြောသရွေ့ သူ့အား သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။
“အို ... ရှင်က ဆေးလုံး ဖော်စပ်ခြင်းမှာ ပါရမီပါတာပဲ ... ရှင့်လိုမျိုး ပါရမီရှိတဲ့လူ အနေနဲ့ဆိုရင် ကျွန်မတို့ ဂိုဏ်းမှာ ဆေးလုံးဆရာ ဖြစ်လာရင် ဆေးလုံးဖော်စပ်ခြင်း အတွက် ပိုပြီး အထောက်အပံ့ ရလိမ့်မယ် ရှင့်ရဲ့ အနာဂတ် အောင်မြင်မှုတွေက တကယ်ကို ထွန်းပေါက် လာလိမ့်မယ် ... ” ယန်ချင်ယင်က ရုတ်တရက် ပြောရင်း ရပ်လိုက်လေသည်။ မိုဝူကျီတွင် အဆင့်နိမ့် ဝိညာဉ်ကြော ရှိသည့်အတွက် အနာဂတ်တွင် ကြုံတွေ့လာရမည့် အခက်အခဲ အတားအဆီးများကို တွေးမိလေ၏။ မိုဝူကျီ ပြောစကားအရ သူ့တွင် အဆင့်နိမ့် ဝိညာဉ်ကြော ရှိလေ၏။
ဆေးလုံး ဖော်စပ်ခြင်းတွင် ပါရမီ ရှိသည့်အပြင် ကျင့်ကြံခြင်း သည်လည်း ဆေးလုံးဆရာ အတွက် အရေးပါလေ၏။ ဆေးလုံးဆရာ အဆင့်မြင့် လာသည်နှင့်အမျှ ဆေးလုံးဆရာ၏ ကျင့်ကြံဆင့်ကား လိုက်၍ တိုးလာရန် လိုအပ်လေသည်။ အကယ်၍ ဆေးလုံးဆရာ၏ ကျင့်ကြံဆင့်ကား နိမ့်ကျလွန်း နေပါက သူ့အတွက် အဆင့်မြင့် ဆေးလုံးများကို ဖော်စပ်ရန် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း မိုဝူကျီက ကျင့်ကြံခြင်း အတွက် ပါရမီကို ပြဿနာဟု မတွေးမိချေ။ သူ့ကျင့်ကြံနှုန်းကား အလွန် မြန်ဆန်ပေ၏။ သူ့စိတ်ထဲတွင် ရှိနေသော အရာက ယန်ချင်ယင် စကားများ ဖြစ်လေ၏။ အကယ်၍ သူသာ ဂိုဏ်းသို့ ဆေးလုံးဆရာ အနေနှင့် ဝင်ရောက် လိုက်ပါက သူ့အနေနှင့် စာကြည့်တိုက်ကို ဝင်ရောက် နိုင်လိမ့်မည်။ သူ့တွင် ဂိုဏ်းမှ ဆရာ၏ သင်ခန်းစာများကိုပါ တက်ရောက်ရန် အခွင့်အရေး ရမလားဆိုတာ မည်သူ ပြောနိုင်မည်နည်း။ ထိုစဉ် မိုဝူကျီက ပြန်ဖြေ လိုက်လေ၏။
“တကယ်လို့ ကျွန်တော်က ဂိုဏ်းရဲ့ ဆေးလုံးသခင် ဖြစ်လာရင် ကျွန်တော့်ကို သေချာပေါက် လက်ခံကြမှာ မလား ... ဒါပေမဲ့ မလွယ်လောက်ဘူး မလား ... ”
ယန်ချင်ယင်က သက်ပြင်းချကာ သူ့အား ယုံကြည်ချက် ရှိရှိဖြင့် ပြန်ဖြေလိုက်သည်။
“အဆင့်တစ် ဆေးလုံးသခင် တစ်ယောက် အနေနဲ့ မင်းက ဂိုဏ်းအတွက် အရမ်း အသုံးဝင် လိမ့်မယ် ... မင်းကို ဂိုဏ်းမှာ ဆေးလုံးသခင် တစ်ယောက် ဖြစ်လာအောင် ပြောပေးလို့ ရတယ် ... ဒါပေမဲ့ မင်းကျင့်ကြံ အဆင့်က ကန့်သတ်ထားလို့ ဆေးလုံးဖော်စပ်ဖို့ အထောက်အပံ့ လုံလုံလောက်လောက် ရပါ့မလားတော့ အာမ မခံနိုင်ဘူး ... ”
ဆေးလုံး ဖော်စပ်ခြင်း အတွက် အထောက်အပံ့ များအား မိုဝူကျီက ဂရုလုံးဝ မစိုက်ပေ။ လွန်ခဲ့သည့် တစ်လခန့်က သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းကို စတင် ရောက်ခါစတွင် ဂိုဏ်းဆီမှ ကောင်းကျိုးများစွာ ခံစားခဲ့ပြီးပြီ ဖြစ်လေ၏။
“စီနီယာ အစ်မယန် ... ကျွန်တော်က ဂိုဏ်းရဲ့ စာကြည့်တိုက်ကို ဝင်ခွင့်ရရုံနဲ့ အကြီးအကဲတွေရဲ့ ပို့ချချက်တွေကို နားထောင်ခွင့် ရရုံနဲ့တင် ကျေနပ်နေပါပြီ ... ကျင့်ကြံဖို့နဲ့ ဆေးလုံး ဖော်စပ်ဖို့ အတွက်က ကိစ္စမရှိပါဘူး ... ” မိုဝူကျီက ပြောဆို လိုက်လေသည်။
ယန်ချင်ယင်တွင် အဆင့်လေး ဆေးလုံးသခင် တစ်ယောက် ရှိသင့်သော မာနကြီးမှုမျိုး မရှိပေ။ ထို့ကြောင့် မိုဝူကျီက လေသံကို ပြောင်းသုံး လိုက်သည့်အခါ သူတို့ကြားမှ ဆက်ဆံရေးကား တိုးတက်လာလေ၏။
မိုဝူကျီ၏ သေးငယ်လှသည့် တောင်းဆိုချက်ကို ကြားပြီး ယန်ချင်ယင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ကာ
“စိတ်မပူပါနဲ့ ဂိုဏ်းရဲ့ ဆေးလုံးသခင် တစ်ယောက်အနေနဲ့ ရှင်က အဆင့်တစ် ဆေးလုံးဆရာပင် ဖြစ်နေဦးတော့ ရှင့် အဆင့်အတန်းက သာမန် တပည့်တွေထက် ပိုမြင့်မား သွားပြီလေ ... ရှင့်ရဲ့ တောင်းဆိုချက်တွေက တပည့်တစ်ယောက် တောင်းဆိုတာတွေနဲ့ တူတယ် ... အဲဒါကြောင့် အဲဒီလိုမျိုး ဖြစ်ဖို့က ကိစ္စမရှိပါဘူး ... .”
“စီနီယာ အစ်မယန် ... အရင်က ဘာတွေ ဖြစ်ခဲ့တာလဲ ... ကြည့်ရတာ ခင်ဗျားဆီက အသက်ဓာတ်တွေ စုပ်ယူ ခံလိုက်ရတဲ့ပုံပဲ ... ” ယန်ချင်ယင်၏ အာမခံနှင့်အတူ မိုဝူကျီက အနည်းငယ် စိတ်အေးသွားလေ၏။ သူ့စိတ်ကား အသိပြန်ကပ် လာသည်မှာ သိ၍ မကြာသေးချေ။ ယန်ချင်ယင်၏ အမူအရာက ချက်ချင်းပင် ဆိုးရွား လာလေ၏။ သူမ၏ အေးချမ်းလှသော ကိုယ်နှုတ် မူရာကား အလျင်အမြန် လေးနက်သည့်ပုံ ပြောင်းသွား လေသည်။ တစ်ချိန်တည်းတွင် သူမက မတ်တတ် ရပ်လိုက်လေသည်။
မိနစ်အနည်းငယ် ကြာသည်အထိ တစ်ခုခုကို စဉ်းစားနေပြီး နောက်တွင် သူမက မိုဝူကျီကို ကြည့်ကာ မေးလိုက်လေသည်။
“ဂျူနီယာ မောင်လေးမို ... ဒီမှာ ရတနာအကြီးကြီး ရှိတယ်… ဒါပေမဲ့ အဲဒီလိုမျိုးပဲ အန္တရာယ်ကလည်း ကြီးမားလွန်းတယ် ... တကယ်လို့ ရှင် ဂရုမစိုက်ရင် အရင်က ကျွန်မလိုမျိုး အသက်ဓာတ် ဆုံးရှုံး သွားလိမ့်မယ် ... ရှင့်ကံကို ကျွန်မနဲ့ စမ်းကြည့်ရဲလား ... ”
“စီနီယာက ရတနာအတွက် အသက်ဓာတ် အကုန်လုံး ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တာပေါ့ ... ” မိုဝူကျီက အဖြစ်အပျက်များကို နားလည် သွားလေသည်။ ယန်ချင်ယင်က သူမခေါင်းကို ညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်လေ၏။
“ဟုတ်တယ် ... အဲဒီနေရာမှာ အရင်က ဂိုဏ်းခေါင်းဆောင် ထဲက တစ်ယောက် ထားရစ်ခဲ့တဲ့ ပြိုင်ဘက်ကင်း ဓားသိုင်း ရှိမည်လို့ သံသယ ရှိမိတယ် ... ဒါပေမဲ့လည်း အဲဒီအနီးနား အထိကို မသွားနိုင်ဘူး ... အနီးကပ် လိုက်တာနဲ့ ရှင့်ရဲ့ အသက်ဓာတ် အားလုံး အစုပ်ယူ ခံလိုက်ရလိမ့်မယ် ... ”
“ခင်ဗျားမှာ မူလ အသက်ဆေးလုံး ကျန်သေးလို့လား ... ” မိုဝူကျီက ယန်ချင်ယင်၏ စောစောက အခြေအနေကို တွေးမိပြီး ခေါင်းထဲတွင် အကြံတစ်ခု ပေါ်လာလေ၏။ သို့သော်လည်း ယန်ချင်ယင်က ခေါင်းခါပြ လိုက်လေ၏။
“မရှိတော့ဘူး ... ရှင်က ကျင့်ကြံခြင်းကို ရွေးချယ် ပြီးပြီပဲလေ ... အခက်အခဲတွေကို မကျော်လွှားနိုင်ရင် ဘယ်လိုလုပ် အောင်မြင်နိုင်ပါ့မလဲ ... ” မိုဝူကျီက မသွားချင်သေးပေ။ သူ့ကျင့်ကြံခြင်း တိုးတက်မည့် နည်းလမ်းများစွာ ရှိသေး၏။ သူက သေရမှာ မကြောက်ရွံ့ပေ။ အကယ်၍ သူသာ ကြောက်ရွံ့ခဲ့ပါက ချီသွေးကြောများ ပွင့်ရန် လျှပ်စီးကို ခံယူခဲ့မှာ မဟုတ်။ ယန်ချင်ယင် နောက်လိုက်မည့် တွေဝေနေသည့် အဓိက အကြောင်းရင်း မှန်ကား ထိုအရာတွင် စတေးမှုများစွာ ပါဝင်နေ၍ ဖြစ်လေသည်။ ထို့ကြောင့် သူ့အာရုံကို မဆွဲဆောင်နိုင်ချေ။ သူ့အသက်ကို ထိုသို့ မျဉ်းတစ်ကြောင်း ပေါ်တွင် ထားထားခြင်းက အမှန်ပင် ရူးသွပ်နေခြင်းသာ ဖြစ်လိမ့်မည်။
***