အချစ်ဟောင်း
Vol. 52 Ch. 712
ညနတ်ဆိုးဧကရာဇ်ကြီး ချန်မော့ဖုန်း စတင်တိုက်ခိုက်လိုက်သောအခါမှ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။ သူသည် ညနတ်ဆိုးဧကရာဇ်ကြီး၏ ဝိညာဉ်အစစ်အား လှုပ်နှိုးနိုင်ရန် သူ၏ ကြာစေ့များအားလုံးကို အသုံးပြုခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ချန်မော့ဖုန်းတစ်ယောက် တွေဝေတုံ့ဆိုင်းနေခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့မှာ စိုးရိမ်တကြီး ဖြစ်နေခဲ့ရ၏။
ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ချန်မော့ဖုန်း၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်အား အကဲခတ်လိုက်၏။ ချန်မော့ဖုန်း၏ ပုံရိပ်ယောင် လက်ချောင်းကြီးထဲတွင် ကိန်းအောင်းနေသော စွမ်းအားများမှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများထက် သာလွန်နေပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့က အာရုံခံမိနေသည်။ အမှန်အတိုင်းဆိုရလျှင် ၎င်းမှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများထက်ပင် ပို၍ သာလွန်နေပြီဖြစ်သည်။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးလောက် အစွမ်းမထက်သေးပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ ကြယ်တာရာယွမ်ယင်ဝိညာဉ်အဆင့်သို့ တိုးတက်သွားခဲ့စဉ်တုန်းက ခံစားခဲ့ရသည့် စွမ်းအားမျိုးကို အာရုံခံမိနေပြီဖြစ်သည်။ ၎င်းမှာ ဂြိုဟ်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေ၏။
သို့ဖြစ်ရာ.... ၎င်းမှာ ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများ ဖြစ်နေလောက်ပေသည်။
သို့သော် သူသည် ချန်မော့ဖုန်း၏ စွမ်းအားအစစ်အမှန်ကို အတိအကျ ခန့်မှန်းနိုင်စွမ်းမရှိပေ။ ချန်မော့ဖုန်းမှာ ရီဝေဝေ ဖြစ်နေဆဲဖြစ်ပြီး သူ၏ ဝိညာဉ်အစစ်၏ တစ်စိတ်တစ်ပိုင်းကိုသာ ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ၏ကျင့်ကြံခြင်းစွမ်းအားနှင့် အပြင်ခန္ဓာကိုယ်နှစ်ခုစလုံးမှာ အားနည်းနေဆဲပင်။ သို့သော်ငြားလည်း ယခုတွင် သူသည် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိနေသည်ဖြစ်ရာ သူ၏ ပုံမှန် အခြေအနေတွင်သာဆိုလျှင် မည်မျှအထိအစွမ်းထက်နိုင်ကြောင်း စိတ်ကူးဖြင့် ခန့်မှန်းကြည့်နိုင်ပေသည်။
ထိုကဲ့သို့သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှာ ခေတ်သစ်တာအိုနန်းတော်၏ ခေါင်းဆောင်ကြီးများထဲမှတစ်ယောက် ဖြစ်လာသင့်ပေသည်။ သူသည် တောက်ပသော အနာဂတ်တစ်ခုကို ပိုင်ဆိုင်ထားခဲ့ရမည် ဖြစ်ပါသော်လည်း ကံကြမ္မာအလှည့်အပြောင်းများကြောင့် အခွင့်အရေး မရခဲ့ပေ။
ဝမ်ပေါင်လဲ့မှာ တာအိုဘုန်းတော်ကြီးယိုရန်အား စိုက်ကြည့်နေရင်း ထိုကဲ့သို့ တွေးတောမိနေခြင်းဖြစ်သည်။ ယခုတွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ ကြောက်လန့်တကြားနှင့် နောက်သို့ ထွက်ပြေးဆုတ်ခွာနေပြီး ဧရာမလက်ချောင်းကြီးအား ရှောင်တိမ်းနိုင်ရန် ကြိုးစားနေ၏။ ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
" ကျုပ်က ခဗျားကြီးကို တစ်ခေါက် သတ်ခဲ့ဖူးပြီးသား။ ထပ်ပြီးတော့ သတ်ပြမယ်။ ခဗျား ထပ်ပြီးတော့ အသက်ပြန်ရှင်လာနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့ " ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုစိတ်များထဲတွင် သံသယစိတ်များ ရောယှက်နေ၏။ သူသည် တာအိုဘုန်းတော်ကြီးယိုရန် အသက်ပြန်ရှင်လာသည့် ကိစ္စနှင့်ပတ်သက်၍ သံသယအချို့ ရှိနေခြင်းဖြစ်သည်။
သူသည် တာအိုဘုန်းတော်ကြီးယိုရန် အသက်ပြန်ရှင်လာရခြင်း၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေရမည်ဟု ယုံကြည်နေ၏။
တာအိုဘုန်းတော်ကြီးယိုရန်မှာမူ သူ သေဆုံးသွားခဲ့သည့်အချက်ကို သိရှိထားခြင်းမရှိပေ။ ထို့ကြောင့် ယခုတွင် သူသည် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများကို ပိုင်ဆိုင်ထားသော လူတစ်ယောက်၏ တိုက်ကွက်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ရီသွားရပြီး ဦးရေခွံများ ထုံကျဉ်လာရတော့သည်။
သူသည် အသက်အန္တရာယ်ကြီးနှင့် ကြုံနေရသဖြင့် အသိစိတ်ပျောက်လုမတတ် ကြောက်ရွံ့တုန်လှုပ်နေရပြီဖြစ်သည်။ သူသည် နောက်သို့ဆုတ်ခွာသွားရင်း မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးမှာ မျက်စိကျိန်းစရာကောင်းသော အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်၏။ ထိုအလင်းတန်းကြီးမှာ ဧရာမ အချုပ်အနှောင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ တာအိုဘုန်းတော်ကြီးယိုရန်၏ ရှေ့၌ ပေါ်ပေါက်လာပြီး ညနတ်ဆိုးဧကရာဇ်ကြီး၏ တိုက်ကွက်အား ခုခံကာကွယ်ပေးရန် ပြင်လိုက်၏။
သို့သော် သူသည် ထိုမျှလောက်နှင့် လုံလောက်ဦးမည်မဟုတ်ကြောင်း ခံစားနေရဆဲပင်။ ထို့ကြောင့် သူသည် သောကြာဂြိုဟ်အား အာရုံမစိုက်နိုင်တော့ဘဲ ထိုဂြိုဟ်ပေါ်ရှိ အချုပ်အနှောင်အား လှမ်း၍ ဆင့်ခေါ်လိုက်၏။ ထိုအခါ သောကြာဂြိုဟ်အား လွှမ်းခြုံထားသည့် အနက်ရောင်မီးတောက်များနှင့် အချုပ်အနှောင်ကြီးမှာ သူ၏ရှေ့တွင် ပြန်လည်ပေါ်ပေါက်လာပြီး ပေတစ်သောင်းကျော် ရှည်လျားသော ဧရာမ အချုပ်အနှောင်ကြီး တစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
ထို အချုပ်အနှောင်ကြီးမှာ ရှေးဆန်ပြီး အာကာသကြီးနှင့်အတူ ထပ်တူကျနေသည့်ပုံစံလည်း ပေါက်နေသလို တစ်ချိန်ထဲမှာပင် ၎င်းအား တွန်းကန်နေသည့်ပုံလည်း ပေါက်နေ၏။ သို့ဖြစ်ရာ ၎င်းမှာ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော အငွေ့အသက်များကို ထုတ်လွှတ်နေတော့သည်။
ထို အချုပ်အနှောင်ကြီးကြောင့် သေမင်းတာအိုသင်္ဘောကြီးမှာ တမူထူးခြားနေရခြင်း ဖြစ်သည်။ တာအိုဘုန်းတော်ကြီးယိုရန်မှာ အသက်အန္တရာယ်နှင့် ကြုံနေရပြီဖြစ်ရာ သူ၏ အစီအစဉ်များအားလုံးကို မေ့ပျောက်ထားလိုက်ပြီးနောက် အရဲစွန့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူသည် စစ်သင်္ဘောကြီး၏ စွမ်းအားများအားလုံးကို စုစည်းကာ ညနတ်ဆိုးဧကရာဇ်ကြီး၏ လက်ချောင်းတိုက်ကွက်ကြီးအား ပြန်လည်တုံ့ပြန်တိုက်ခိုက်တော့မည် ဖြစ်သည်။
ထိုအခါ အာကာသကြီးထဲတွင် ထစ်ချုံးသံကြီးတစ်သံ ပဲ့တင်ထပ်သွားကာ ထိုအချုပ်အနှောင်ကြီးမှာ တလက်လက် တောက်ပသွားပြီး ချန်မော့ဖုန်း၏ လက်ချောင်းကြီးအား ရပ်တန့်ပစ်လိုက်တော့သည်။ လက်ချောင်းကြီး ထိုသို့ရပ်တန့်သွားချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ အရှိန်မြှင့်တင်လိုက်ပြီး စစ်မြေပြင်ထဲမှ ထွက်ခွာနိုင်ရန် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။
သူသည် အလွန်အင်မတန်မှ မြန်ဆန်နေပါသော်လည်း နောက်ကျသွားရပြီ ဖြစ်သည်။
လပေါ်ရှိ သားရဲကြီးများအားလုံး ပေါင်းစည်းသွားရာမှ ပေါ်ပေါက်လာသည့် ချန်မော့ဖုန်း၏ လက်ချောင်းကြီးမှာ တာအိုဘုန်းတော်ကြီးယိုရန် စစ်သင်္ဘောကြီးထဲမှ ထုတ်လွှတ်ခဲ့သည့် အနက်ရောင် အချုပ်အနှောင်ကြီးအား ဝင်တိုက်သွားသဖြင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။
ထို့နောက် အာကာသကြီးထဲတွင် ထစ်ချုန်းသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများမှာလည်း စစ်မြေပြင်ကြီးအား လွှမ်းခြုံသွားတော့သည်။ ညနတ်ဆိုးဧကရာဇ်ကြီး၏ လက်ချောင်းကြီးမှာ ဥက္ကာပျံ တစ်လုံးကဲ့သို့ အနက်ရောင် အချုပ်အနှောင်ကြီးအား ဝင်တိုက်သွားခဲ့ခြင်း ဖြစ်သည်။ ထို ရိုက်ခတ်မှုကြောင့် လက်ချောင်းကြီးမှာ တစ်ဝက်တိတိ ပျက်စီးသွားရပြီး အချုပ်အနှောင်ကြီးမှာမူ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားရ၏။ ထို့နောက် လက်ချောင်းကြီး၏ အခြားတစ်ဝက်မှာ ထို အချုပ်အနှောင်ကြီးအား ကျော်ဖြတ်သွားပြီး တာအိုဘုန်းတော်ကြီးယိုရန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့မည် ဖြစ်သည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာ မည်မျှပင် မြန်ဆန်နေစေကာမူ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ သူသည် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသော လက်ချောင်းကြီးအား ကြည့်ရင်း အသိစိတ်ပျောက်သွားသည့် မျက်ဝန်းများဖြင့် အော်ဟစ်လိုက်တော့သည်။
" မိုးကောင်းကင်တာအို "
ထိုအခါ သူ၏ မျက်ဝန်းများထဲတွင် ရှိနေသော အပိုင်းအစများမှာ အရောင်တောက်ပလာ၏။ ထို့နောက် ၎င်းတို့မှာ တာအိုဘုန်းတော်ကြီးယိုရန်၏ ရှေ့တွင် ပေါ်ပေါက်လာကာ အရွယ်အစားကြီးမားလာပြီး ချန်မော့ဖုန်း၏ လက်ချောင်းကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားပြီးနောက် ၎င်းအား ဝင်တိုက်သွားတော့သည်။
ထိုအခါ အာကသာထဲတွင် ပေါက်ကွဲသံများ ထပ်၍ ထွက်ပေါ်လာပြန်သည်။ ထို အပိုင်းအစများမှာ ချန်မော့ဖုန်း၏ လက်ချောင်းကြီးကြောင့် ကြေမွပျက်စီးသွားခြင်း မရှိပါသော်လည်း တာအိုဘုန်းတော်ကြီးယိုရန်၏ ကျင့်ကြံခြင်းအဆင့်မှာ ၎င်းတို့အား ထောက်ပံ့ပေးထားနိုင်လောက်အောင် အစွမ်းထက်နေခြင်းမရှိပေ။ ထို့ကြောင့် ထို အပိုင်းအစများမှာ ရိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးသွားခြင်းမရှိပါသော်လည်း ချန်မော့ဖုန်း၏ လက်ချောင်းကြီးကြောင့် ချက်ချင်းပင် နောက်သို့ လွင့်ထွက်သွားရပြီး တာအိုဘုန်းတော်ကြီးယိုရန်၏ ခန္ဓာကိုယ်အား ရိုက်ခတ်သွားတော့သည်။
ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်မှာ သွေးတစ်ပွက် အန်ထွက်လာပြီး သူ၏ လက်ခြောက်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်၏။ ၎င်းမှာ သူ၏ဒဏ်ရာများကို နေရာပြောင်းလဲနိုင်စွမ်းရှိသော လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခု ဖြစ်ပေသည်။ သူသည် ထိုဒဏ်ရာများအား သူ၏ခြေလက်များဆီသို့ လွှဲပြောင်းပေးလိုက်၏။ ထိုအခါ သူ၏ လက်ခြောက်ဖက်ထဲမှ လေးဖက်မှာ ကြေမွပျက်စီးသွားပြီး ခေါင်းသုံးလုံးထဲမှ နှစ်လုံးမှာလည်း ပေါက်ကွဲပျက်စီးသွားရ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး သူ၏ ဒဏ်ရာများထဲမှ သွေးများ အဆက်မပြတ်စီးကျလာတော့သည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာ ညနတ်ဆိုးဧကရာဇ်ကြီး၏ တိုက်ကွက်အား ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်ရသည့်တိုင်အောင် သူ၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကြောင့် သေဘေးမှ လွတ်မြောက်လာခဲ့၏။ သို့သော် သူ၏ မျက်ဝန်းများကိုကြည့်လျှင် သူသည် အားအင်ချည့်နဲ့ကာ ကြောက်ရွံ့တုန်လှုပ်နေသည်ကို မြင်နိုင်ပေသည်။ ထို့ကြောင့် သူသည် လက်ချောင်းကြီးနှင့် ဝေးရာသို့ ထွက်သွားနိုင်ရန် နောက်သို့ သွေးရူးသွေးတန်းနှင့် ဆုတ်ခွာသွား၏။ ချန်မော့ဖုန်းမှာ သူ၏ လက်ရှိစွမ်းအားများကို ယာယီမျှသာ ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း သူက သိထား၏။ သို့ဖြစ်ရာ သူသည် အသက်အန္တရာယ်မှ လွတ်မြောက်နိုင်ရန် အချိန်အနည်းငယ်ခန့် ထပ်၍ တောင့်ခံထားရန်သာ လိုအပ်ပေသည်။
သူ ခန့်မှန်းထားသည့် အတိုင်းပင်။ ထိုတိုက်ကွက်ကြီး ပြီးဆုံးသွားသောအခါ ညနတ်ဆိုးဧကရာဇ်ကြီး၏ မျက်ဝန်းများထဲရှိ အသက်ပါသော အလင်းရောင်များမှာ မှေးမှိန်ပျောက်ကွယ်သွားပြီး ၎င်းတို့၏ နေရာတွင် အနီရောင် အလင်းရောင်များ ပြန်လည်အစားထိုးဝင်ရောက်လာ၏။ ဝမ်ပေါင်လဲ့၏ ကြာစေ့စွမ်းအားများမှာ မှေးမှိန်ပျောက်ကွယ်စ ပြုနေပြီဖြစ်သည်။ သို့ဖြစ်ရာ ညနတ်ဆိုးဧကရာဇ်ကြီး၏ ဝိညာဉ်အစစ် ပြန်၍ အိပ်မောမကျသွားခင် စက္ကန့်အနည်းငယ်မျှသာ အချိန်ရတော့ပေသည်။ အကယ်၍ သူ ပြန်၍ အိပ်မောကျသွားလျှင် လပေါ်ရှိ သားရဲကြီးများ စုပေါင်းသွားရာမှ ပေါ်ပေါက်လာသည့် လက်ချောင်းကြီးမှာလည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအခြေအနေအတွက် ပြင်ဆင်ထားပြီးသားဖြစ်၏။ ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန် အချိန်ဆွဲကာ ညနတ်ဆိုးဧကရာဇ်ကြီး၏ လက်ချောင်းတိုက်ကွက်ကြီး၏ အဝေးသို့ ထွက်ပြေးဆုတ်ခွာသွားနိုင်ရန် ပြင်နေစဉ်မှာပင် သူသည် ရှေ့သို့ ပြေးထွက်လာ၏။ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် သူ၏ ညာဘက်လက်ပေါ်ရှိ တလက်လက်တောက်ပနေသော နတ်ဘုရားလက်နက်ကြီးတို့၏ စွမ်းအားများကို ထုတ်သုံးကာ အရှိန်ကုန် မြှင့်တင်လိုက်ပြီး ကြယ်ပျံတစ်လုံးကဲ့သို့ တာအိုဘုန်းတော်ကြီးယိုရန်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းလာတော့သည်။
ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရ၏။ သူသည် လက်ချောင်းကြီးနှင့် ဝေးရာသို့ သွားနိုင်ရန် အစွမ်းကုန် ထုတ်သုံးထားခဲ့ရသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ထိုအခိုက်အတန့်တွင် ပြေးထွက်လာသည်ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့၏ တိုက်ကွက်အား လုံးဝ ရှောင်တိမ်းနိုင်တော့မည်မဟုတ်ပေ။
" ငါ အရှုံးမပေးန်ိုင်ဘူးဟေ့ " တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်ဝန်းများ အရောင်တောက်ပသွား၏။ သူ၏ ခန္ဓာကိုယ်အစစ်မှာ စစ်သင်္ဘောကြီးထဲတွင် ရှိနေဆဲဖြစ်ပါသော်လည်း သူ၏ဝိညာဉ်မှာ တိုက်ပွဲဝတ်ရုံကြီးနှင့် ပေါင်းစည်းထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ အကယ်၍ ထိုဝတ်ရုံကြီးသာ ဒဏ်ရာရသွားမည်ဆိုပါက သူသည်လည်း အလားတူပင် ဒဏ်ရာရသွားမည်ဖြစ်သည်။ ထိုဒဏ်ရာကြောင့် သူ၏ ခန္ဓာကိုယ်အစစ်ပင်လျှင် သေကျေပျက်စီးသွားနိုင်ပေသည်။
ထို အခိုက်အတန့်တွင် သောကြာဂြိုဟ်ပေါ်ရှိ သွမ့်မုချွယ်မှာလည်း မျက်ဝန်းများ အရောင်တောက်ပနေပြီဖြစ်သည်။ သူသည် ဗုဒ္ဓဟူးဂြိုဟ်အား ဖောက်ခွဲပစ်ရန် အမိန့်ပေးခဲ့စဉ်တုန်းက ဆုံးဖြတ်ချက် မှားသွားခဲ့သောကြောင့် အရေးနိမ့်သွားခဲ့ရသည် မဟုတ်ပါလော။ ထို့နောက် သောကြာဂြိုဟ်ပေါ်တွင်လည်း သူသည် ထိုကဲ့သို့သော အမှားမျိုးကို ထပ်၍ ကျူးလွန်မိခဲ့သဖြင့် အဖြစ်ဆိုးကြီးနှင့် ထပ်၍ ကြုံတွေ့ရလုနီးပါး ဖြစ်သွားခဲ့ရ၏။ ယခုတွင်မူ သူ့ဆီတွင် ရွေးချယ်စရာ နှစ်ခုရှိပေသည်။ ပထမတစ်ခုမှာ ဆက်လက်စောင့်ဆိုင်းနေရန် ဖြစ်သည်။ ဤ တိုက်ပွဲကြီးမှာ ဂြိုဟ်ကြီးအား ဖောက်ခွဲပစ်စရာမလိုဘဲ ပြီးဆုံးသွားနိုင်သည် မဟုတ်ပါလော။ ဒုတိယတစ်ခုမှာမူ ဤ အခွင့်အရေးအား အမိအရအသုံးချကာ ဂြိုဟ်ကြီးအား ဖောက်ခွဲပစ်ရန် ဖြစ်သည်။ သူတို့မှာ သောကြာဂြိုဟ်အား စတေးပြီး ကြိုတင်ရေးဆွဲထားသည့် နည်းဗျူဟာအတိုင်း ဆက်၍ ဆောင်ရွက်ကြမည် ဖြစ်သည်။
" တာအိုဘုန်းတော်ကြီးယိုရန်ဆီမှာ ဝှက်ဖဲတွေ ကျန်နေသေးတယ်ဆိုရင်တောင် သူက အရင်ဆုံး သူ့ရဲ့အသက်ကို ဘေးကင်းအောင်လုပ်ဖို့ပဲ ကြိုးစားမှာ။ အဲတာမလို့ သူ သောကြာဂြိုဟ်ကို တားဆီးနိုင်စွမ်း ရှိမှာမဟုတ်ဘူး။ အဲတာကြောင့်မလို့.... ငါတို့တွေ သောကြာဂြိုဟ်ကို ဖောက်ခွဲပစ်ရမယ် " သွမ့်မုချွယ်မှာ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် မျက်လုံးနီကြီးများဖြင့် အော်ဟစ်လိုက်တော့သည်။
ထိုအခါ ဂြိုဟ်ပေါ်တွင် မြှုပ်ထားသည့် ဝိညာဉ်ဆန့်ကျင်ဗုံးများအားလုံးမှာ အချုပ်အနှောင်များမှ လွတ်မြောက်သွားသဖြင့် ဂြိုဟ်ကြီးတစ်ခုလုံးမှာ တုန်ရီသွား၏။ ထို့နောက် ၎င်းတို့မှာ စတင်ပေါက်ကွဲသွားကြသဖြင့် လေထဲတွင် တအုန်းအုန်းမြည်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ လီရှင်းဝမ်မှာမူ နေအဖွဲ့အစည်း မန္တန်အစီအရင်အား ထိန်းချုပ်ကာ ၎င်း၏ စွမ်းအားများအားလုံးကို ထုတ်သုံးလိုက်ပြီးနောက် အကြီးစား တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်တစ်ခုအား စတင်လိုက်၏။ ထို့ကြောင့် မျက်စိတမှိတ်အတွင်းတွင် သောကြာဂြိုဟ်ပေါ်ရှိ ပြည်ထောင်စုကျင့်ကြံသူအားလုံးမှာ မှုန်ဝါးဝါး ဖြစ်သွားကြပြီးနောက် ပျောက်ကွယ်သွားကြတော့သည်။
တာအိုနန်းတော် ကျင့်ကြံသူများမှာမူ မှင်တက်နေကြရပြီ ဖြစ်သည်။ သူတို့မှာ ဂြိုဟ်ကြီး၏ ပေါက်ကွဲမှုအား ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းမရှိဘဲ ကြောက်လန့်တကြားနှင့် အဝေးသို့ ထွက်ပြေးသွားကြတော့သည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာလည်း သောကြာဂြိုဟ်အား တွေးပူနေရန် အချိန်မရှိပေ။ သူကိုယ်တိုင်ပင်လျှင် အသက်အန္တရာယ်ကြီးနှင့် ကြုံတွေ့နေရသည်ဖြစ်ရာ ဘာမှ လုပ်ပေးနိုင်မည် မဟုတ်ပေ။
သောကြာဂြိုဟ်ကြီး တဖြည်းဖြည်းနှင့် ပျက်စီးနေပြီး တာအိုဘုန်းတော်ကြီးယိုရန်မှာ ကြောက်လန့်တကြားနှင့် ထွက်ပြေးနေ၏။ ဝမ်ပေါင်လဲ့တစ်ယောက် တာအိုဘုန်းတော်ကြီးယိုရန်ဆီသို့ ရောက်ခါနီးမှာပင် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးထဲမှ သက်ပြင်းချသံတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်။ ၎င်းမှာ အမျိုးသမီးတစ်ယောက်၏ အသံဖြစ်ပြီး လွမ်းဆွတ်တမ်းတမှု အငွေ့အသက်များနှင့် အခြားခံစားချက်မျိုးစုံ ကိန်းအောင်းနေသည်။ ထို သက်ပြင်းချသံကြီးမှာ စစ်မြေပြင်ကြီးထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်၏ ရှေ့တွင် ချန်မော့ဖုန်း၏ လက်ချောင်းကြီးနှင့် တစ်ထေရာတည်း တူသော အကြည်ရောင် ပုံရိပ်ယောင်လက်ချောင်းတစ်ချောင်း ပေါ်ပေါက်လာသည်။ ထို့နောက် ၎င်းမှာ ချန်မော့ဖုန်း၏ လက်ချောင်းနှင့် တို့ထိသွားတော့သည်။
ထိုအခါ မည်သည့် ပေါက်ကွဲသံမှ ထွက်ပေါ်လာခြင်းမရှိသလို မည်သည့် စွမ်းအင်လှိုင်းမှလည်း ပေါ်ပေါက်လာခြင်းမရှိပေ။ ထို လက်ချောင်းနှစ်ချောင်း ထိသွားကြသည်နှင့် ချန်မော့ဖုန်း၏ လက်ချောင်းကြီးမှာ တစ်စစီကြေမွပျက်စီးသွားကာ အဖြူရောင် အလင်းရောင် အမျှင်အတန်းလေးများအဖြစ် ပြောင်းလဲသွားပြီး အာကာသကြီးထဲ၌ လွင့်ပါးပျောက်ကွယ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ ထို့နောက် သူသည် တုန်လှုပ်ချောက်ချားသွားရသဖြင့် နောက်သို့ ချက်ချင်းပင် ဆုတ်ခွာသွားလိုက်ရသည်။ သူ၏ ကြာစေ့စွမ်းအားများမှာ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ရာ ချန်မော့ဖုန်းမှာလည်း ပြန်၍ အိပ်မောကျသွားရတော့မည် ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ချန်မော့ဖုန်းမှာ ရုတ်တရက်ဆိုသလို အသံအောကြီးဖြင့် ရေရွတ်လိုက်၏။ ၎င်းမှာ သူ ပြန်လည်နိုးထလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် စကားပြောလိုက်ခြင်း ဖြစ်ပေသည်...
" ကျိယွဲ့ .... "