ဂိုဏ်း၏တိုက်ရိုက်တပည့်
Vol. 9 Ch. 113
၎င်းကား အမြင့်ဆုံးအရည်အသွေး ဖြစ်သည်။
တိမ်မြူချီဆေးလုံး။
ဟန်မူယဲ့လက်ထဲမှ သူ ဖော်စပ်ပေးခဲ့သော ဆေးလုံးတချို့ကို ကြည့်ကာ ခေါင်းဆောင်တောက်ရင်သည် တံခါးကို ကန်ကျောက်ပစ်လိုစိတ်များ ဖြစ်လာသည်။
အမြင့်ဆုံးအရည်အသွေးဆေးလုံးများနှင့် ယှဉ်ပါက သူဖော်စပ်သော ဆေးလုံးများမှာ အမှိုက်များ ဖြစ်သည်။
သူသည် နောက်လှည့်ကြည့်လျှင် ဓားစံအိမ်အကြီးအကဲ လမ်းလျှောက်လာသည်ကို မြင်၏။
“ချန်းကုန်း… ဒီကောင်လေး ဆေးဖော်စပ်တတ်တာ မင်းသိတယ်မလား”
ဓားစံအိမ်အကြီးအကဲက တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်သည်။
“လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် အားကိုးပြိးတော့ အာခီမီပညာရပ်နဲ့ သူတို့ရဲ့မဟာတာအိုခရီးမှာ ထောက်ပံ့တာ ကောင်းတဲ့ကိစ္စပဲ”
ဟန်မူယဲ့ ရယ်ချင်စိတ်အား မျိုသိပ်ထားရသည်။
ထိုစကားများကို ခေါင်းဆောင်တောက်ရင်က ဦးဆုံး ပြောခဲ့ခြင်း ဖြစ်သည်။
ဓားစံအိမ်အကြီးအကဲ၏သင်ပေးသည့်နည်းလမ်းမှာ လွဲမှားနေသည်ဟုပင် ခေါင်းဆောင်တောက်ရင်က ဝေဖန်ခဲ့သေးသည်။
ခေါင်းဆောင်တောက်ရင်၏မျက်နှာက တဖန် နီမြန်းသွားကာ သူက ဟန်မူယဲ့အား ကြည့်လျက် ပြောသည်။
“အမြင့်ဆုံးအရည်အသွေးဆေးလုံး”
ထိုအကြည့်ကား ကြောက်စရာကောင်း၏။
ဟန်မူယဲ့က ပြုံးလျက် ပြောသည်။
“ကျွန်တော် ကံကောင်းသွားတာ”
“အဲဒါ ကံကောင်းတာ မဟုတ်ဘူး။ ငါ သိသလောက် မင်းက စုကျန်းဆေးဆိုင်နဲ့ အမြင့်ဆုံးအရည်အသွေးဆေးလုံး ၁၀၀ လောက် အရောင်းအဝယ်ရှိနေတယ်”
ကျင်းကျီက ထပ်ပြောသည်။
သည်အဖိုးကြီးက မီးစာထပ်ထည့်နေသည်ဟု ဟန်မူယဲ့ ခံစားရ၏။
ထင်ထားသည့်အတိုင်း ခေါင်းဆောင်တောက်ရင်ထံမှ ထက်ရှသော အရှိန်အဝါများ စတင်ထွက်ပေါ်လာ၏။
သူက ဟန်မူယဲ့အား စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ ပြောသည်။
“အမြင့်ဆုံးအရည်အသွေးဆေးလုံး ၁၀၀… မင်းက ဆေးလုံးတွေကို တာရှည်စုဆောင်းလာတာ မဟုတ်ရင် အမြင့်ဆုံးအရည်အသွေးဆေးလုံး ဖော်စပ်နည်းကို တွေ့ထားတာ ဖြစ်မယ်”
“မင်းက ဒုတိယတစ်ချက်ထဲမှာ ဖြစ်မယ်”
သူ၏မှန်းဆချက် မှန်ကန်ပေသည်။
ခေါင်းဆောင်တောက်ရင်က တင်းမာစွာ ပြောသည်။
“ဒီလိုလူက သေချာပေါက် အံ့ဖွယ်ကိုးပါးတောင်ကုန်းပေါ်က တစ်သက်လုံး ဆင်ခွင့်မပေးသင့်ဘူး”
သူကား စိုးရိမ်လာသည်။
ဟန်မူယဲ့၏မျက်လုံးများတွင် အကြောက်တရားစိုးစဉ်းမျှ မရှိဘဲ ကျယ်လောင်စွာ ပြောသည်။
“ခေါင်းဆောင်… ကျွန်တော့နည်းလမ်းက ရိုးရိုးလေး… ကျွန်တော်က ဓားချီနဲ့ဆေးဖော်စပ်တာ”
ထို့နောက် သူသည် နောက်လှည့်ကာ ဆေးပေါင်းဖိုနှင့်အတူ အောက်ထပ်ကို ဆင်းသွားသည်။
အကြီးအကဲတောက်ရင်၏နှုတ်ခမ်းက တဆတ်ဆတ်တုန်သွားကာ နောက်ဆုံးတွင် သူသည် မည်သည့်စကားမှ မဆိုတော့ချေ။
ဆေးလုံးကို ဓားချီဖြင့် ဖော်စပ်ခြင်းသည် ဆုံးရှုံးခြင်းလား အကျိုးအမြတ်ရခြင်းလား သူဝေခွဲမရပါ။
လောကတွင် ထိုသို့ ရူးသွပ်သူများ ရှိနေသေးသည်။
ဟန်မူယဲ့ အောက်ထပ်သို့ ဆင်းသွားပြီးသည်နှင့် ဂိုဏ်းချုပ်ကျင်းကျီ၏အမူအရာက သိပ်မကောင်းတော့ချေ။
“ခေါင်းဆောင်… စီနီယာအစ်ကိုကောင်း… ဖုန်းရှို့တောင်က အခြေအနေက သိပ်မကောင်းဘူး”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက စေလွှတ်ရမယ့်အင်အားစုဟာ မြန်မြန်ထွက်ခွာဖို့ လိုတယ်”
သူ့စကားအား ကြားလျှင် ခေါင်းဆောင်တောက်ရင်နှင့် ဓားစံအိမ်အကြီးအကဲတို့၏မျက်နှာက လေးနက်သွားသည်။
တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများသည် အလွန်အင်အားကြီးသည်။
“ကျုပ် သိသလောက်တော့ တောင်ပိုင်းကုန်းမြေဟာ အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ သိပ်အဆက်အသွယ်မရှိဘူး။ သူတို့က နယ်မြေအတွက် ကျူးကျော်ဖို့ဆိုတာကလည်း ပိုပြီးတောင် မလိုအပ်ဘူး”
ခေါင်းဆောင်တောက်ရင်က မျက်မှောင်ကြုတ်ကာ ကျင်းကျီနှင့် ကောင်းချန်ကုန်းအား ကြည့်သည်။
“တောင်ပိုင်းကုန်းမြေဟာ အနောက်ဘက်နယ်စပ်ကုန်းမြေထက် ပိုပြီး နယ်မြေကျယ်တယ်။ ပြီးတော့ အဲဒီမှာ စွမ်းအားကြီးမိစ္ဆာတွေ အများကြီးပဲ။ ကောင်းကင်ဘုံအဆင့်တွေတောင်မှ အဲဒီသားရိုင်းမိစ္ဆာတွေကို ရှောင်ဖယ်ရတယ်”
သားရိုင်းမိစ္ဆာများ ကမ္ဘာမြေအဆင့်သို့ ရောက်သောအခါ သူတို့သည် လူသားပုံစံသို့ အသွင်ပြောင်းနိုင်ကြ၏။
ကောင်းကင်ဘုံအဆင့်မိစ္ဆာသားရဲများသည် သူတို့၏မိစ္ဆာဝိညာဉ်ကဒ်ဘေးအား ဖြတ်ကျော်ပြီးပါက လူသားများအဖြစ် အစစ်အမှန် ပြောင်းလဲနိုင်ကြသည်။
တောင်ပိုင်းကုန်းမြေမှ မိစ္ဆာသားရိုင်းများသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဂိုဏ်းကြီးများထက် အင်အားကြီးကြသည်။
“တောင်ပိုင်းမိစ္ဆာတွေ တခြားတစ်ခုခုနောက်ကို လိုက်နေတာလည်း ဖြစ်နိုင်တယ်”
ကျင်းကျီက တစ်စုံတစ်ခုကို ရေရွက်ကာ ဓားစံအိမ်အကြီးအကဲအား ကြည့်သည်။
ကောင်းချန်ကုန်းက မည်သည့်စကားမှ မဆိုချေ။
ကျင်းကျီသည် ဓားစံအိမ်တွင် ဖိနှိပ်ထားသော မိစ္ဆာအား ရည်ညွန်းသည်ကို သူ နားလည်၏။
သို့သော်လည်း လက်ရှိအခြေအနေတွင် ထိုမိစ္ဆာအား ထုတ်ပေးလျှင်ပင် တောင်ပိုင်းမိစ္ဆာအား နောက်ဆုတ်သွားစေရန် မဖြစ်နိုင်ပါ။
“သူတို့က ကျုပ်တို့ကို မိစ္ဆာဝိညာဉ်နဲ့အသွေးအသားတွေ ဆက်ပြီး ပို့ပေးမလား ကြည့်ကြတာပေါ့”
ကောင်းချန်ကုန်းက သူ့နောက်မှ သစ်သားစင်ပေါ်မှ ဓားကို လက်ညိုးထိုးပြသည်။
“ဂိုဏ်းထဲမှာ မိစ္ဆာသားရိုင်းတွေနဲ့ ဆက်စပ်နေတဲ့လူတစ်ချို့ ရှိတယ်လို့ ဟန်မူယဲ့ ပြောတယ်။ လောလောဆယ် သူတို့အားလုံး မိစ္ဆာရှင်းလင်းရေးတာဝန်နဲ့ တောင်အောက်မှာ ရှိနေကြတယ်။ သူတို့ ဘယ်လိုလှုပ်ရှားမလဲ ကြည့်တာပေါ့”
လွန်ခဲ့သော ရက်အနည်းငယ်က ဟန်မူယဲ့သည် ဂိုဏ်းအကြီးအကဲချင်လင်းနှင့် သူ့တပည့်များ၊ အတွင်းစည်းစီမံခန့်ခွဲရေးမှူး လော့ရိရှန့်တို့မှာ ထူးဆန်းနေကြောင်း ပြောပြခဲ့သည်။
ကောင်းချန်ကုန်းနှင့် ခေါင်းဆောင်တောက်ရင်တို့သည် ထိုကိစ္စကို လျှို့ဝှက်စွာ စုံစမ်းနေခဲ့ကြသည်။
“ပြီးတော့ အဲဒီ ပိုင်စုကျန်း… ရှန့်ယန်မိစ္ဆာဂိုဏ်းရဲ့ သမီးအကြီးဆုံးက အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာ နေနေတယ်။ လီမူပိုင်က နည်းနည်းလေးတောင် စိတ်ပူပုံမပေါ်ဘူး”
ခေါင်းဆောင်တောက်ရင်က ကျင်းကျီအား ဒေါသတကြီး ကြည့်သည်။
“အဲဒီမိန်းကလေးတစ်ခုခုဖြစ်သွားရင် လီမူပိုင်က ခင်ဗျားရဲ့အရိုးတွေကို လာချိုးလိမ့်မယ်”
…
ဂိုဏ်းချုပ်ကျင်းကျီ ဓားစံအိမ်အပြင်သို့ ထွက်လာသောအခါ သူ၏အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။
“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
တံခါးဝအနီးတွင် ဟွမ်လောင်လျှို၊ ဟန်မူယဲ့နှင့် တခြားလူများက သူ့အား အလျင်အမြန် ဦးညွှတ်ကြသည်။
“မနက်ဖြန် ဖုန်းရှို့တောင်ကို သွားမယ့် ပထမအသုတ် ဂိုဏ်းသားတွေ ဓားစံအိမ်ကို ဓားလက်ခံဖို့ လာလိမ့်မယ်။ သူတို့အတွက် ဓားတွေ ရွေးပေးလိုက်ပါ”
ကျင်းကျီက ပြောရင်းဖြင့် ဟန်မူယဲ့အား အနက်ရောင်တံဆိပ်ပြားတစ်ခု ကမ်းပေးသည်။
“ဒါက ဂိုဏ်းရဲ့တိုက်ရိုက်တပည့်တံဆိပ်ပြားပဲ။ နောက်ပိုင်းမှာ ဆေးလုံးတစ်ဝက်ကို ဆေးခန်းဆောင်သို့ ခွဲတမ်းပေးဖို့ မမေ့နဲ့…”
“ငါက ဆေးခန်းဆောင်က တစ်ယောက်ကို မင်းနဲ့ ဆက်သွယ်ဖို့ ပြောထားလိုက်မယ်”
ဟန်မူယဲ့ မည်သို့မှ ပြန်မပြောရသေးခင် ကျင်းကျီကား ထွက်သွားပြီ ဖြစ်သည်။
“သေစမ်း… တိုက်ရိုက်တပည့်…”
ဟွမ်လောင်လျှိုက အားကျစွာဖြင့် ဟန်မူယဲ့၏လက်ထဲမှ တံဆိပ်ပြားအား ကိုင်ကြည့်သည်။
“အစ်ကိုကြိုက်လား… ဒါဆိုလည်း ယူလိုက်လေ”
ဟန်မူယဲ့က တံဆိပ်ပြားအား ကမ်းပေးသည်။
ဟွမ်လောင်လျှိုက အလျင်အမြန် လက်ကို ပြန်ရုတ်လိုက်၏။
“မဖြစ်ဘူး… မင်းမရီးက ငါ့ကို စောင့်နေသေးတယ်”
ဟန်မူယဲ့က တံဆိပ်ပြားအား သူ၏သိုလှောင်လက်စွပ်ထဲ၌ သိမ်းလိုက်သည်။
ဆေးလုံးများ၏တစ်ဝက်ကို သည်တံဆိပ်ပြားနှင့် အလဲအလှယ်လုပ်ရခြင်းကား သူ့အတွက် ထိခိုက်နစ်နာစေသည်။
“ဒီတံဆိပ်ပြားနဲ့ မင်းဟာ လျှို့ဝှက်နယ်မြေမှာ လစဉ်လတိုင်း သွားပြီးတော့ ကျင့်ကြံနိုင်တယ်”
“ပြီးတော့ တိုက်ရိုက်တပည့်တွေဟာ ဂိုဏ်းရဲ့အမွေအနှစ်စာအုပ်ဆောင်တွေ သိုလှောင်ထားတဲ့ တချို့နေရာတွေထဲ ဝင်ခွင့်ရှိတယ်”
ဓားစံအိမ်အကြီးအကဲ၏အသံ ထွက်ပေါ်လာသည်။
တံဆိပ်ပြားက အလှပြရုံသက်သက် မဟုတ်ပေ။ ၎င်းတွင် အကျိုးအမြတ်တချို့ ရှိသေးသည်။
ဟန်မူယဲ့ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
လျှို့ဝှက်နေရာဖြစ်စေ၊ စာအုပ်များ သိုလှောင်ရာနေရာဖြစ်စေ ထိုအရာများသည် ကောင်းသော အချက်များ ဖြစ်သည်။
ဟန်မူယဲ့က တံဆိပ်ပြားကို လွှင့်ပစ်လိုက်မည် စိုးရိမ်သောကြောင့် ဓားစံအိမ်အကြီးအကဲက သတိပေးခြင်း ဖြစ်ပေမည်။
ဟန်မူယဲ့သည် သူ့အခန်းထဲသို့ ပြန်ကာ လက်ကျန်ဆေးအမယ်များအား ဆက်လက်ဖော်စပ်သည်။
သည်တစ်ကြိမ်ကား သူသည် အကြီးအကဲတောက်ရင် ထပ်မံ၍ လာနှောင့်ယှက်မည် စိုးသောကြောင့် ပို၍ တိတ်ဆိတ်စွာ ဖော်စပ်သည်။
…..
ဓားစံအိမ်ရှေ့တွင် အညိုရောင်ဝတ်အကြီးအကဲသုံးဦးနှင့် အဖြူရောင်ဝတ်အတွင်းစည်းတပည့်များ လေးနက်သော အမူအရာဖြင့် ရပ်နေကြသည်။
“စီနီယာအစ်ကိုကောင်း… ဆရာဦးလေးတောက်ရင်… စွန်းမူက ဓားလက်ခံဖို့ ရောက်လာပါတယ်”
ပြောလိုက်သူကား အသက်ရှစ်ဆယ်ခန့်ရှိကာ အလွန်အိုမင်းပုံပေါက်နေသည်။
ကျင့်ကြံခြင်းလောက၌ အသက်အရွယ်သည် ရုပ်ရည်နှင့် မသက်ဆိုင်ပါ။
သို့သော်လည်း သူ၏ရုပ်ရည်သွင်ပြင်အရ သူသည် သက်တမ်းသိပ်ကျန်တော့ဟန်မတူပါ။
အမှန်တကယ်လည်း ဖုန်းရှို့တောင်သို့ တပည့်များအား ဦးဆောင်ကာ သွားရောက်မည့် စွန်းမူသည် အမြုတေဖွဲ့စည်းခြင်း ဒုတိယအဆင့်၌ ရပ်တန့်နေခဲ့သည်မှာ နှစ် ၂၀၀ ကြာပြီဖြစ်ကာ အသက်ရှင်ရန် နှစ် ၆၀ သာကျန်တော့သည်။
ထိုသို့သော အကြီးအကဲများသည် တိုက်ခိုက်ရေးစွမ်းအား သိပ်မကျန်တော့သော်လည်း အတွေ့အကြုံကြွယ်ဝ၏။
ဂိုဏ်းက ထိုသို့သော အကြီးအကဲအား ဖုန်းရှို့တောင်သို့ စေလွှတ်ခြင်းမှာ သူသည် တခြားဂိုဏ်းများနှင့် တိုက်ခိုက်ခြင်း၌ အတွေ့အကြုံရင့်ကျက်သည့်အပြင် တခြားတစ်ဖက်တွင် သူသည် အသက်ရှင်ကာလ သိပ်မကျန်တော့ရာ ဂိုဏ်းအတွက် နောက်ဆုံးအချိန်၌ အကျိုးပြုရာလည်း ရောက်သည်။
“ဂျူနီယာညီလေးစွန်း… ဂရုစိုက်ပါ”
ဓားစံအိမ်အကြီးအကဲက ခေါင်းညိတ်ကာ ဓားစံအိမ်ဒုတိယထပ်သို့ ပြန်သွားသည်။ အတန်ကြာလျှင် သူသည် ဝိညာဉ်အဆင့်ဓားတစ်လက်အား ကိုင်ကာ ဆင်းလာ၏။
စွန်းမူက ထိုဓားကို လက်ခံကာ ဦးညွှတ်သည်။
“တပည့် ဟယ်ရွှမ်ချီက ခေါင်းဆောင်နဲ့ အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်”
ဓားစံအိမ်ရှေ့တွင် အတွင်းစည်းတပည့်များ၏ခေါင်းဆောင်သည် ရှေ့ကို တက်လာကာ ဓားစံအိမ်အကြီးအကဲနှင့် ခေါင်းဆောင်တောက်ရင်တို့အား ဦးညွှတ်၏။ ထို့နောက် သူက ဟွမ်လောင်လျှိုကို ကြည့်သည်။
“အစ်ကိုဟွမ်ကို နှုတ်ခွန်းဆက်ပါတယ်”
ဟယ်ရွှမ်ချီသည် အတွင်းစည်းဂိုဏ်း၌ အဆင့် ၁၀ ချိတ်သည်။ သူသည် ကမ္ဘာမြေ ဒုတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
သည်တစ်ခေါက်တွင် သူသည် ဖုန်းရှို့တောင်သို့ သွားရောက်ကာ ကမ္ဘာမြေအဆင့်စွမ်းအားများဖြင့် အလျင်အမြန် အသားကျရန် ကြိုးစားမည် ဖြစ်သည်။
အတွင်းစည်းဂိုဏ်း၏ထိပ်ဆုံး ၁၀၀ များမှာ အမှန်တကယ် ပါရမီ မြင့်ကြသည်။
သူတို့အားလုံးမှာ ဂိုဏ်း၏အတော်ဆုံးများ ဖြစ်ကြ၏။
သူတို့သာ မသေဆုံးပါက နောင်နှစ်တစ်ရာခန့်တွင် ဂိုဏ်း၏ထောက်တိုင်များ ဖြစ်လာကြပေမည်။
ဓားစံအိမ်အကြီးအကဲနှင့် ခေါင်းဆောင်တောက်ရင်တို့က ခေါင်းညိတ်ကြသည်။ ဟွမ်လောင်လျှိုက ပြုံးလျှက် ပြောသည်။
“ညီအစ်ကိုက ယဉ်ကျေးလွန်းပါပြီ”
ဓားထိန်းတစ်ယောက်၏အဆင့်အတန်းမှာ မြင့်မားလာသည့်တိုင် အတွင်းစည်းဂိုဏ်းမှ အတော်ဆုံးများရှေ့တွင် မမောက်မာနိုင်ပါ။
“အစ်ကို… ကျုပ်တို့ကို ဓားကောင်းတစ်လက် ရွေးပေးပါ”
ဟယ်ရွှမ်ချီက တောက်ပသော ဝိညာဉ်ကျောက်တုံးတစ်တုံးအား လက်နှစ်ဖက်ဖြင့် ကမ်းပေးကာ ပြောသည်။
အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး။
ဤသည်ကား လူမြင်ကွင်း၌ လာဘ်စားခြင်း ဖြစ်သည်။ သူ လက်ခံရမည်လား။
ဟွမ်လောင်လျှို မည်သို့ လုပ်ရမည် မသိပေ။
“ကျုပ်တပည့်တွေ ပြောတာ ဓားစံအိမ်က ဓားထိန်းတွေဟာ ဓားရွေးချယ်တာမှာ ပညာရှင်တွေလို့ ကြားတယ်။ ကျုပ်တို့ကို ဒီနေ့ အတွေ့အကြံလေးတွေ မျှပါဦး”
“ကျုပ်တို့ကိုသာ ဓားကောင်းရွေးပေးရင် ဒီဝိညာဉ်ကျောက်တုံးတွေက သေချာပေါက် မင်းတို့ အပိုင်ပဲပေါ့”
ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ထားရင်း စွန်းမူက ပြောသည်။
ဟွမ်လောင်လျှိုက ပြုံးလျက် ဟန်မူယဲ့အား ကြည့်သည်။
ဟန်မူယဲ့က ခေါင်းညိတ်ကာ စွန်းမူနှင့် ဟယ်ရွှမ်ချီတို့ကို လက်နှစ်ဖက်ဆုပ်ပြသည်။
“ဆရာဦးလေးစွန်းနဲ့ စီနီယာအစ်ကိုတို့… ခင်ဗျားတို့က ဖုန်းရှို့တောင်သို့ မိစ္ဆာရှင်းလင်းဖို့ သွားမှတော့ ဓားကောင်းတစ်လက် သေချာပေါက် လိုတာပေါ့”
“ကျုပ်တို့က ဝိညာဉ်ကျောက်တုံးကို လက်ခံထားလိုက်ပါ့မယ်။ စီနီယာအစ်ကိုတို့ အနိုင်ရလို့ ပြန်တာတဲ့အခါ အတူအောင်ပွဲခံ သောက်စားကြတာပေါ့”
ဟန်မူယဲ့၏စကားကို ကြားလျှင် ဟွမ်လောင်လျှိုက ဟယ်ရွှမ်ချီ၏လက်ထဲမှ ဝိညာဉ်ကျောက်တုံးကို ယူလိုက်ကာ ပြောသည်။
“ရွှမ်လေး… အလုပ်လုပ်ဖို့ အချိန်ကျပြီ”
ဟန်မူယဲ့ကလည်း ပြောသည်။
“ဘယ်စီနီယာအစ်ကိုက အရင်ဆုံး ရွေးမလဲ”
အတွင်းစည်းတပည့်များ အချင်းချင်း ကြည့်ကြသည်။ နောက်ဆုံးတွင် ပိန်ပိန်ရှည်ရှည်လူငယ်တစ်ဦး ရှေ့ကို တက်လာကာ ဟန်မူယဲ့အား ဦးညွှတ်သည်။
“နင်ယွီရှန့်က စီနီယာအစ်ကိုဟန်ကို ဓားရွေးချယ်ဖို့ အကူအညီတောင်းပါတယ်”
ဟန်မူယဲ့က ခေါင်းညိတ်ကာ ပြောသည်။
“စီနီယာအစ်ကိုနင်… ခင်ဗျားရဲ့သိုင်းပညာကို သရုပ်ပြပေးပါ”
‘သိုင်းပညာကို သရုပ်ပြရမည်လား’
ဓားရွေးချယ်ရာတွင် ထိုသို့သော ထုံးတမ်းစဉ်လာ ရှိပါသလား။
နင်ယွီရှန့်သာမဟုတ် စွန်းမူနှင့် တခြားလူများလည်း နားမလည်ကြပေ။
ဓားစံအိမ်မှ ဓားကို လက်ခံခြင်းသည် ကံကြမ္မာအလိုအရသာ ဖြစ်သည်။
ဓားထိန်းတစ်ဦးသည် ဓားရွေးချယ်ရာ၌ ထိုမျှ အရေးမပါပါ။
စွန်းမူကဲ့သို့ အကြီးအကဲတစ်ဦးသည် ဓားစံအိမ်၌ အကြိမ်ကြိမ် ဓားလက်ခံဖူးသည်။ သို့သော် ဤသို့သော ပုံစံကို မမြင်ဖူး မကြားဖူးပါ။ တပည့် ၁၀၀ ခန့် သိုင်းကွက်များ သရုပ်ပြပါက အချိန်မည်မျှ ကြာမည်နည်း။ သူတို့ ယနေ့ ထွက်ခွာနိုင်ဦးမည်လား။
သူက ခေါင်းဆောင်တောက်ရင်နှင့် ဓားစံအိမ်အကြီးအကဲကို လှမ်းကြည့်လျှင် သူတို့ တိတ်ဆိတ်နေသည်ကို တွေ့ရသည်။
၎င်းသည် သဘောတူခြင်းနှင့် မခြားပါ။
“ဓားထိန်းက မင်းတို့ကို သရုပ်ပြစေချင်ရင် သရုပ်ပြလိုက်”
စွန်းမူက တီးတိုးပြောသည်။
သူကား သာမန်ကမ္ဘာမြေအဆင့် အကြီးအကဲသာ ဖြစ်သည်။ ကောင်းကင်ဘုံတစ်ဝက်အဆင့်ရှေ့တွင် သူသည် ထိုမျှ တုံးအ၍ မဖြစ်ပါ။ ဂိုဏ်းချုပ်နှင့် အဆင့်အတန်းတူသော ထိုမဟာအကြီးအကဲနှစ်ဦးက သဘောတူသောအချိန် စွန်းမူက ကန့်ကွက်ရဲပါမည်လား။
အသက်ရာပေါင်းများစွာ နေလာသော စွန်းမူသည် မျက်ကန်းမဟုတ်ပါ။
စွန်းမူ၏စကားကို ကြားလျှင် နင်ယွီရှန့်က သူ၏လက်မှ ဓားကို ထုတ်လိုက်သည်။ ဓားအလင်းသည် ကြည်လင်တောက်ပ၏။
နင်ယွီရှန့်က ဓားသိုင်းကို ကစားပြလျှင် ဟန်မူယဲ့က အသေအချာ ကြည့်သည်။
သူသည် အံ့ဖွယ်နံပါတ် ၂ဓားသိုင်း ရွှေစက်အာဏာဓားသိုင်းအား တတ်မြောက်သွားသည်။
သိုင်းကွက်များကို သရုပ်ပြပြီးနောက် နင်ယွီရှန့်က ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ကာ လက်နှစ်ဖက်ဖြင့် ကိုင်လျှက် ရပ်နေသည်။
သူသည် ဓားအသစ်လက်ခံပြီးပါက ဓားဟောင်းကို ဓားစံအိမ်သို့ ပြန်ပေးရပေဦးမည်။
အားလုံးက ဟန်မူယဲ့အား လှမ်းကြည့်ကြသည်။
ဟွမ်လောင်လျှိုက စိတ်ဝင်တစား ကြည့်နေသော ကောင်းရှောင်ရွှမ်အား ပြောသည်။
“သေချာကြည့်… ဒါက ဓားစံအိမ်ရဲ့ဓားထိန်းပဲ။ မင်း သူ့ဆီက သင်သင့်တယ်”
“စီနီယာအစ်ကိုနင်ဟာ ရွှေစက်အာဏာဓားသိုင်းကို လေ့ကျင့်တယ်”
ဟန်မူယဲ့က ပြောသည်။
ဓားသိုင်းကို မှတ်မိခြင်းမှာ သိပ်အံ့အားသင့်စရာတော့ မရှိပါ။
သို့သော်လည်း သူတို့ရှေ့မှ ဓားထိန်းက အတော်လေး စွမ်းသည်ဟုလည်း ဆိုလိုသည်။
နင်ယွီရှန့် ခေါင်းညိတ်သည်။ သူ့မျက်လုံးများက စိတ်ဝင်စားသော အရိပ်အယောင်များ ပေါ်လာသည်။
“အစ်ကိုနင်ဟာ ရွှေစက်အာဏာဓားသိုင်းရဲ့ ၂၇ ကွက်ထဲက ၂၁ ကွက်ကို အောင်မြင်ထားပြီးပြီ။ သိုင်းကွက်ဟာ ၂၁ ကွက်ကို ရောက်တဲ့အခါ ဓားအလင်းဟာ တခဏလောက် ရပ်သွားတယ်”
“အထူးသဖြင့် ၂၃ ကွက်မြောက်မှာ ဓားအလင်းဟာ လုံးဝ ပျက်ပြယ်သွားတယ်”
“၂၅ ကွက်မြောက်မှာတော့ နည်းနည်းနှေးသွားပြီးတော့ ဓားအလင်းရဲ့ဦးတည်ရာဟာလည်း လွဲနေတယ်”
ဓားစံအိမ်ရှေ့တွင် တိတ်ဆိတ်နေသည်။ အားလုံးက သေချာနားထောင်နေကြ၏။
နင်ယွီရှန့်၏အမူအရာက အဆက်မပြတ် ပြောင်းလဲနေ၏။
ဟန်မူယဲ့စကားက ဓားအလင်းလမ်းကြောင်း မှားသည့်နေရာသို့ ရောက်သောအခါ သူ့မျက်နှာက ပျက်ယွင်းသွား၏။
“စီနီယာအစ်ကို… ပထမထပ် သစ်သားစင်ပေါ်က ဓားနံပါတ် ၃၈၄၄ ကို ရွေးလိုက်ပါ”
“ဒီဓားဟာ ဝိညာဉ်တစ်ဝက်အဆင့်လက်နက်ပဲ။ ဓားဟာ သတ္တုအဆီအနှစ်နဲ့ပေါင်းစပ်ထားတယ်။ ကနဦးဓားအလင်းဟာ လေးလံတယ်။ ဓားသိုင်းကွက်ဟာ ၁၀ကွက်မြောက်ကို ရောက်ရင် သတ္တုအဆီအနှစ်က အသက်ဝင်လာပြီး ဓားသိုင်းကွက်ကို ချောမွေ့အောင် ကူညီလိမ့်မယ်”
“ဒီဓားနဲ့ စီနီယာအစ်ကိုနင်ဟာ ရွှေစက်အာဏာဓားသိုင်းရဲ့ ၂၅ ကွက်မြောက်အထိ ထိန်းချုပ်နိုင်လိမ့်မယ်”
ဓားစံအိမ်ရှေ့တွင် ဟန်မူယဲ့က ရိုးသားစွာ ပြောသည်။ အတွင်းစည်းတပည့်များအားလုံး၏အမူအရာက တွေဝေခြင်းမှသည် စိတ်ဝင်စားခြင်း၊ လေးစားခြင်းများသို့ ပြောင်းလဲလာသည်။
“စီနီယာအစ်ကိုဟန်… ကျေးဇူးတင်ပါတယ်”
နင်ယွီရှန့်က ဦးညွှတ်ကာ ဓားစံအိမ်ထဲကို ဝင်သွားသည်။
ဓားစံအိမ်ရှေ့တွင် ရပ်နေသော ဟယ်ရွှမ်ချီက နောက်လှည့်ကာ မေးသည်။
“နောက်တစ်ယောက် ဘယ်သူလဲ”