ဓားစနစ်နှစ်ခုကို ပေါင်းစပ်ခြင်း
Vol. 9 Ch. 114
ဓားသည် ကိုင်ရကောင်း၏။
နင်ယွီရှန့်သည် ‘လုယောင်’ မည်သောဓားသစ်အား သုံးကြည့်သောအခါ အားလုံးက မျက်တောင်ပင့်လိုက်ကြသည်။
ဓားအလင်းသည် မူလကနှင့် လားလားမှ မဆိုင်တော့ပါ။
ဓားသည် ထက်ရှကာ အားကောင်း၏။ ၎င်းအား တိုက်ရိုက်ကြည့်ရန်ပင် ခက်ခဲသည်။
ဓားအလင်းသည် ယခင်ကထက် များစွာ ပိုမိုစူးရှလာ၏။ ဓားအလင်းသည် လေးလံနှေးကွေးခြင်းမရှိဘဲ လှည့်ပတ်သည်။
“ဓားနဲ့လူ တသားတည်းကျတယ်။ ဒါက နင်ယွီရှန့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို အနည်းဆုံး ၃၀ရာနှုန်းလောက် မြင့်တက်စေတယ်”
စွန်းမူက မှတ်ချက်ချသည်။
စွန်းမူ၏စကားကို ကြားသောအခါ အတွင်းစည်းတပည့်များအားလုံး စိတ်လှုပ်ရှားဝမ်းသာသွားကြသည်။
ဓားစံအိမ်ရှေ့တွင် ဟန်မူယဲ့သည် ဓားများအား အဆက်မပြတ် ရွေးချယ်ပေး၏။
ကောင်းရှောင်ရွှမ်က ဟန်မူယဲ့ ပြောသော ဓားများအား သွားယူလာပေးသည်။
“ခေါင်းဆောင်… ကောင်လေးဟန်ရဲ့ ဓားရွေးချယ်မှုကို ဘယ်လိုထင်လဲ”
ဓားစံအိမ်အကြီးအကဲက တည်ငြိမ်စွာ မေးသည်။
ခေါင်းဆောင်တောက်ရင်၏မျက်နှာတွင် ထူးဆန်းသော အမူအရာ ရှိနေသည်။
သူက ဓားစံအိမ်အကြီးအကဲအား ပြန်မေးသည်။
“ပြောပါ… မင်းသာ ဓားရွေးမယ်ဆိုရင် သူ့လို ဓားစံအိမ်ထဲက ဓားတွေရဲ့ သဘောသဘာဝတွေအားလုံးကို မှတ်မိနိုင်မှာလား”
ဓားစံအိမ်အကြီးအကဲက ခေါင်းယမ်းသည်။
“ငါ သိသားပဲ…”
ခေါင်းဆောင်တောက်ရင်၏မျက်လုံးများ စူးရှစွာဖြင့် ပြောသည်။
“ငါ မြင်တာတော့…”
“သူဟာ ဓားထိန်းဖြစ်ဖို့ မွေးဖွားလာတာပဲ”
…
ဓားသိုင်းသရုပ်ပြခြင်းမှာ အချိန်ကုန်မည်ဟု ထင်ထားသော်လည်း အမှန်တကယ်အားဖြင့် သိပ်မကြာလိုက်ပါ။ ၎င်းသည် ဂိုဏ်းသားများ မိမိကိုယ်ကို ဓားရွေးချယ်မယ့် ဖြစ်စဉ်အား မြန်ဆန်စေသေးသည်။
၂ နာရီပင် မကြာလိုက်ဘဲ တပည့် ၁၀၀ နီးပါးမှာ သင့်တော်သော ဓားကိုယ်စီ ရရှိသွားကြ၏။ ဟယ်ရွှမ်ချီသည်သာ မရွေးရသေးပေ။
သူသည်ကား အမှန်တကယ် စီနီယာတစ်ဦး၏ စိတ်ရှည်သည်းခံမှု ရှိသည်။ သူက ဟန်မူယဲ့အား ပြုံးလျက် လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“စီနီယာအစ်ကိုဟန်… ကျုပ်အလှည့်ပါ”
ဟန်မူယဲ့က ခေါင်းညိတ်ကာ သူ ဓားသိုင်း သရုပ်ပြသည်ကို ကြည့်၏။
ဟူး…
ဟယ်ရွှမ်ချီက ဓားထုတ်လိုက်လျှင် ဓားအလင်းသည် ပြင်းထန်သော လှိုင်းဖြင့် ပေါက်ကွဲထွက်လာသည်။
“ဓားသိုင်းကောင်းပဲ…”
တစ်ယောက်က ပြောသည်။
သူတို့သည် ဖုန်းရှို့တောင်သို့ သွားရမည်ဖြစ်သော်လည်း အချင်းချင်း သိကြသည်တော့ မဟုတ်ပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ အတွင်းစည်းတပည့် ၃၀၀၀ ခန့် ရှိသည်။ သူတို့က မည်သို့ အချင်းချင်း သိမည်နည်း။
အများစုက ဟယ်ရွှမ်ချီ၏နာမည်ကိုသာ ကြားဖူးကြသည်။
အနီးအနားမှ အတွင်းစည်းတပည့်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကြရသည်။
ဟယ်ရွှမ်ချီ၏ဓားသိုင်းကား အလွန်ကောင်းသည်။
စွန်းမူ ခေါင်းညိတ်သည်။
သည်တစ်ခေါက် ဖုန်းရှို့တောင်သို့ သွားရန် သူက ခေါင်းဆောင်ရသည်။ သူ့လက်အောက်၌ အစွမ်းအစရှိသူတစ်ယောက် ပါလာခြင်းက ကောင်းသော အချက် ဖြစ်သည်။
တခြား ကမ္ဘာမြေအဆင့် စီမံခန့်ခွဲရေးမှူးနှစ်ဦးကလည်း ဝမ်းသာကြသည်။
ဟန်မူယဲ့က သူ့ရှေ့မှ ဓားရောင်ပြိုးပြိုးပျက်ပျက်အလင်းများအား ကြည့်ကာ သူ့အာရုံ၌ ပုံရိပ်များ ဖြစ်ပေါ်လာသည်။
သူသည် အံ့ဖွယ်နံပါတ် ၃ ဓားသိုင်း၊ ကံကြမ္မာသစ်စိမ်းသိုင်းအား နားလည်တတ်မြောက်သွားသည်။
သူ့ရှေ့မှ ဟယ်ရွှမ်ချီမှာ သစ်သားမျိုးဆက်မှ တပည့်တစ်ဦး ဖြစ်နေသည်။
ဟယ်ရွှမ်ချီက ဓားသိုင်းကို သရုပ်ပြပြီးသောအခါ အားလုံးက ဟန်မူယဲ့ကို ကြည့်သည်။
သည်တစ်ကြိမ် ဟန်မူယဲ့သည် ဓားသိုင်း၏အားသာချက် အားနည်းချက်များကို မညွှန်ပြပေ။ သူက မျက်လုံးကို မှိတ်ကာ တွေးနေသည်။
ဟယ်ရွှမ်ချီသည် စိတ်ရှည်စွာဖြင့် စောင့်နေ၏။
ဟန်မူယဲ့၏ဓားရွေးချယ်နိုင်စွမ်းကို အားလုံးက လက်ခံထားပြီး ဖြစ်သည်။
“မဆိုးဘူး… မဆိုးဘူး…”
စွန်းမူက ဟယ်ရွှမ်ချီအား ကြည့်ကာ ခေါင်းညိတ်သည်။
“ငါ ငယ်ငယ်တုန်းက မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်တစ်ဝက်တောင် မရှိဘူး”
သူသည် အတွင်းစည်းဂိုဏ်း၌ နံပါတ် ၁၀ နေရာကို ရထားခြင်းမှာ အလဟသ မဟုတ်ပါ။
“မင်းရဲ့ဓားသိုင်းက မဆိုးဘူး။ အဓိက အားနည်းချက်တွေ မရှိဘူး”
ခေါင်းဆောင်တောက်ရင်က ပြောသည်။
သူ့စကားကို ကြားလျှင် ဟယ်ရွှမ်ချီက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချသည်။
သူသည် ခေါင်းဆောင်တောက်ရင်၏အကဲဖြတ်မှုဖြင့် စိတ်ကြေနပ်ပြီ ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ ခေါင်းဆောင်တောက်ရင်က အဓိကအားနည်းချက်မရှိဟူသော အကဲဖြတ်မှုကို ရရှိသူ သိပ်မရှိပါ။
“ချန်းကုန်း… မင်း ဘယ်လိုထင်လဲ…”
တောက်ရင်က ကောင်းချန်ကုန်းအား မေးသည်။
ကောင်းချန်ကုန်းက ခေါင်းယမ်းကာ မည်သည့်စကားမှ မဆိုပေ။
ခေါင်းဆောင်တောက်ရင်က ပြုံးလျက် ပြောသည်။
“မင်းက ခေါင်းမာနေတုန်းပဲ”
ထို့နောက် သူက ဟွမ်လောင်လျှိုအား ကြည့်သည်။
“ကျန်းရှုံး… ငါ့ကို ပြောပါဦး”
အကြီးအကဲတောက်ရင်က မေးလျှင် ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ကြည့်ကာ ထူးမခြားနားစွာ ပြောသည်။
“ခေါင်းဆောင်က ချို့ယွင်းချက်မရှိဘူးဆိုမှတော့…”
ဟန်မူယဲ့၏မျက်လုံးများ တွန့်သွားသည်ကို မြင်သည်နှင့် သူက ချက်ချင်း နားလည်သွားကာ ရယ်လျက် ပြောသည်။
“ချို့ယွင်းချက် မရှိတာက ချို့ယွင်းချက်ပဲ”
သူသည် ဟန်မူယဲ့နှင့် အတော်ကြာ အလုပ်တွဲလုပ်လာရာ အကြည့်တစ်ချက်မျှဖြင့် သဘောပေါက်ပေသည်။
ထိုသို့ နားလည်မှုဖြင့် သူတို့သည် ဝိညာဉ်ကျောက်တုံး အများအပြား ရခဲ့ကြ၏။
‘ချို့ယွင်းချက်မရှိတာက ချို့ယွင်းချက်လား…’
‘ဘယ်လို အဓိပ္ပာယ်မရှိတဲ့ မှတ်ချက်လဲ’
ဟယ်ရွှမ်ချီက ဟန်မူယဲ့အား ကြည့်သည်။
တခြားလူများကလည်း လှမ်းကြည့်ကြ၏။
ထိုအကဲဖြတ်မှုတွင် အကြောင်းပြချက် ရှိရပေမည်။
ခေါင်းဆောင်တောက်ရင်က မျက်မှောင်ကြုတ်ကာ ဟွမ်လောင်လျှိုအား ကြိမ်းမောင်းမည် ပြုစဉ် ဟန်မူယဲ့က စပြောသည်။
“အစ်ကိုဟွမ်… ခင်ဗျားမှာ အမြင်ကောင်းတွေ ရှိတာပဲ။ စကားတစ်ခွန်းနဲ့ ချက်ကောင်းကို ထိတယ်”
“ကျွန်တော်က ဘယ်လို ပြောရမလဲ တွေးနေတာ”
“ချို့ယွင်းချက်မရှိတာက ချို့ယွင်းချက်ပဲ”
ဟယ်ရွှမ်ချီက မပြောရသေးခင်တွင်ပင် ဟန်မူယဲ့က ထပ်ပြောသည်။
“စီနီယာအစ်ကိုဟယ်… ကျုပ်တို့က ဖုန်းရှို့တောင်ကို သွားပြီးတော့ မိစ္ဆာတွေနဲ့ တိုက်ခိုက်ရမှာ”
“မိစ္ဆာတွေဟာ အရမ်းသန်မာတယ်။ ခင်ဗျားရဲ့ဓားသိုင်းဟာ အလွှာလိုက် ဆက်နွယ်နေပြီးတော့ အဆက်မပြတ်တဲ့ဓားကွက်တွေကို ထုတ်ဖော်ရတယ်။ ဒါကပဲ ခင်ဗျားကို အားနည်းချက် ဖြစ်စေတယ်”
ဟယ်ရွှမ်ချီက ဟန်မူယဲ့၏အကြောင်းပြချက်ကို မငြင်းနိုင်ပါ။
ဘေးတွင် စွန်းမူက မျက်မှောင်ကြုတ်ကာ ပြောသည်။
“တူလေးဟန်ပြောတာ သဘာဝကျတယ်။ ဒါပေမဲ့ တူလေးဟယ်ရဲ့ဓားသိုင်းနဲ့ဆို ပြဿနာမရှိလောက်ဘူးထင်တယ်”
အကယ်၍ ဟယ်ရွှမ်ချီ၏ဓားသိုင်းသည် လူတစ်ယောက်နှင့်သာ ယှဉ်တိုက်ပါက ပြဿနာမဟုတ်ပေ။ သို့သော်လည်း မိစ္ဆာများသည် သန်မာ မာကြောသော ခန္ဓာကိုယ်တည်ဆောက်ပုံရှိကာ တိုက်ခိုက်ပုံမှာလည်း ရုန့်ရမ်းကြမ်းတမ်းသည်။
ထိုသို့ တိုက်ခိုက်နည်းစနစ်သည် ဟယ်ရွှမ်ချီ၏ဓားသိုင်းကို ချိုးဖျက်ရန် အလွန်လွယ်ကူ၏။
“အကြီးအကဲစွန်း… ကျုပ်မှာ အကြံတချို့ရှိတယ်”
ဟန်မူယဲ့က ပြောသည်။
“နောက်ထပ်အတွင်းစည်းတပည့်တစ်ယောက်နဲ့ လဲတာဖြစ်ဖြစ်…”
‘နောက်တစ်ယောက်နဲ့လား’
စွန်းမူက ခေါင်းယမ်းသည်။
လက်ရှိ အမြုတေဖွဲ့စည်းခြင်းအဆင့်အောက်မှ တပည့်အများစုမှာ တောင်ခြေ၌ ရှိနေကြသည်။ ဟယ်ရွှမ်ချီအား ရရှိခြင်းကပင် ရှားပါးသော ကိစ္စဖြစ်သည်။
“သူ့ကို အစားမထိုးနိုင်ရင် နောက်တစ်ယောက် ထပ်ပေါင်းထည့်လို့ရတယ်”
ဟန်မူယဲ့က ဟယ်ရွှမ်ချီအား ကြည့်ကာ ပြောသည်။
“စီနီယာအစ်ကိုဟယ်… ခင်ဗျားမျိုးဆက်မှာ ငါးရှာဓားသိုင်းကျင့်တဲ့သူ ရှိတယ်မလား”
“ကံကြမ္မာသစ်သားဟာ ငါးရှာတယ်… ဒီသိုင်းပညာရပ်နှစ်ခု ပေါင်းစပ်တဲ့အခါ တိုက်ခိုက်စွမ်းအားဟာ နှစ်ဆထက် ပိုအားကောင်းလာလိမ့်မယ်”
ဓားနည်းစနစ်နှစ်ခု ပေါင်းစပ်ခြင်း။
ဟယ်ရွှမ်ချီက ခေါင်းညိတ်ကာ ပြောသည်။
“ကျုပ်မှာ ငါးရှာဓားသိုင်းကျင့်တဲ့ ဂျူနီယာတစ်ယောက်ရှိတယ်”
“သူ့ကျင့်ကြံဆင့်က နည်းနည်းအားနည်းတယ်”
ဟန်မူယဲ့က ပြုံးလျက် ပြောသည်။
“စီနီယာအစ်ကို… ခင်ဗျားရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် သူရဲ့ဓားသိုင်းဟာ ဘေးက ကူပေးရုံနဲ့ အဆင်ပြေလိမ့်မယ်။ သူဟာ ရန်သူကို သတ်ဖြတ်ဖို့ မလိုပါဘူး”
ဟယ်ရွှမ်ချီက သဘောတူသည်။
“ကောင်းပြီ… တူလေးဟယ်… မင်းရဲ့ဂျူနီယာလေးကို သွားရှာလိုက်။ ငါတို့ မင်းကို တောင်ကုန်းဂိတ်က စောင့်နေမယ်”
“တိုက်ပွဲက အန္တရာယ်များတယ်။ ဓားသိုင်းနှစ်ခုပေါင်းက တိုက်ခိုက်စွမ်းရည်ကို နှစ်ဆ ပိုအားကောင်းစေတယ်။ ဒါက မင်းရဲ့ဘေးကင်းမှုကို ပိုသေချာစေလိမ့်မယ်”
စွန်းမူက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောသည်။
ဟယ်ရွှမ်ချီက လက်နှစ်ဖက်ဆုပ်ကာ လှည့်ထွက်သွားသည်။
စွန်းမူသည် အတွင်းစည်းတပည့်များအား ဦးဆောင်ကာ ထွက်သွားသည်။
အတန်ကြာလျှင် ဟယ်ရွှမ်ချီသည် ဝမ်ဟွေ့မည်သော ဂိုဏ်းသားအား ခေါ်လာ၏။
ဟန်မူယဲ့က သူတို့အား ဓားကောင်းတစ်လက်စီ ရွေးပေးလိုက်သည်။
“စီနီယာအစ်ကိုဟယ်… စီနီယာအစ်ကိုဝမ်… ကံကောင်းကြပါစေ”
ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“ကျေးဇူးပါ စီနီယာအစ်ကိုဟန်”
ဟယ်ရွှမ်ချီနှင့် ဝမ်ဟွေ့တို့ကလည်း အလျင်အမြန် လက်နှစ်ဖက်ဆုပ်ကာ ပြောကြသည်။ ထို့နောက် သူတို့ တောင်ကုန်းဂိတ်တံခါးသို့ ထွက်ခွာသွားကြ၏။
…..
နှစ်ရက်ခန့် ကြာပြီးနောက် ဟန်မူယဲ့နှင့် ပိုင်စုကျန်းတို့သည် သဘောတူထားသည့်အတိုင်း လော့ယန်မြို့သို့ ထွက်ခွာကြ၏။
ကံမကောင်းသည်ကား လှေပျံမှာ လူမဆန့်တော့ပါ။
ဆိုင်ရှင်ဟယ်သည် မသက်မသာဖြင့် လှေဦး၌ သွားထိုင်ရသည်။
လှေဝမ်းရှိ အခန်းထဲတွင် ပိုင်စုကျန်းနှင့် ဟန်မူယဲ့တို့အပြင် ဟန်မူယဲ့ကို ကာကွယ်ရန် လိုက်ပါလာသော လင်းရှန်လည်း ရှိနေသည်။
တခြားတစ်ဘက်တွင် ခေါင်းဆောင်တောက်ရင်သည်လည်း အခန်းထဲ၌ ရှိနေရာ အခြေအနေမှာ အနည်းငယ် တိတ်ဆိတ်နေသည်။
“ကလေးမ… ငါ မင်းအဖေနဲ့ အရင်တုန်းက အတူတူ သောက်စားဖူးတယ်”
“အပြင်လူတွေက မင်းအဖေကို မိစ္ဆာခေါင်းဆောင်လို့ ခေါ်ကြပေမဲ့ သူက ကျိုးကြောင်းဆီလျော်တဲ့သူပဲ”
“ကံမကောင်းတာက မင်းအမေဆုံးသွားပြီးကတည်းက သူ့ပုံစံကလည်း နည်းနည်း ပြောင်းလဲသွားတယ်”
ခေါင်းဆောင်တောက်ရင် အတော်လေး သိပေသည်။
ဟန်မူယဲ့ စိတ်ဝင်စားစွာ နားထောင်၏။
ရှန့်ယန်မိစ္ဆာဂိုဏ်းချုပ်၏အကြီးဆုံးသမီးသည် ဂိုဏ်းမှ ဒေါသတကြီး ထွက်သွားခဲ့ကာ သူမ၏အမေ ချန်ထားခဲ့သော စီးပွားရေးလုပ်ငန်းများကို ဦးစီးနေသည်။
ရှန့်ယန်မိစ္ဆာဂိုဏ်းချုပ် လီမူပိုင်သည် ထိုကိစ္စ၌ အပြစ်မကင်းဖြစ်မိသော်လည်း သူ့ဇနီးသေဆုံးခြင်းကြောင့် သူ့စိတ်နေသဘောထားမှာလည်း ပြောင်းလဲသွားရ၏။ သူသည် သူ့သမီးအား များစွာ စိတ်ပူပန်ဟန် မပြတော့ပေ။
အဖေနှင့် သမီးအကြား ဆက်ဆံရေးမှာ တင်းမာနေခဲ့သည်။
ဟန်မူယဲ့သည် ဘေးတွင် ထိုင်ကာ ခေါင်းဆောင်တောက်ရင် အဆက်မပြတ် ပွားနေသည်အား နားထောင်၏။ ခေါင်းဆောင်တောက်ရင်၏နက်ရှိုင်းသော ကျင့်ကြံဆင့်ကြောင့်သာ မဟုတ်ပါက သူသည် သေချာပေါက် လှေပေါ်မှ ကန်ချခံရမည်ဟု ဟန်မူယဲ့ ခံစားမိသည်။
သူကား တစ်ဘက်လူ၏ဒဏ်ရာများကို ပြန်တူးဆွနေခြင်း ဖြစ်သည်။
“ခေါင်းဆောင်… ရှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်တာ နောက်ကွယ်မှာ တခြားအကြောင်းပြချက် ရှိသေးတယ်ဆို”
ပိုင်စုကျန်းက ရုတ်တရက် ပြောလျှင် ခေါင်းဆောင်တောက်ရင် ပါးစပ်ပိတ်သွားတော့သည်။
…
လှေပျံသည် တစ်ရက်ခန့် ကြာပြီးနောက် တောင်ကုန်းမြို့လေးတစ်မြို့အပြင်၌ ရပ်သည်။
သည်မြို့မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နယ်မြေအတွင်းမှ ရောင်းဝယ်ဖောက်ကားရာ မြို့တစ်မြို့ဖြစ်သော လော့ယန်မြို့ဖြစ်သည်။
“သခင်မလေး… ကျုပ်တို့ကို ရှာခိုင်းထားတဲ့ ဝိညာဉ်အားဖြည့်ဆေးရည်ဟာလည်း လေလံပွဲမှာ ပါတယ်။ တခြားပစ္စည်းတွေကိုလည်း ပြထားတယ်”
လှေပျံ သက်ဆင်းလျှင် ခရမ်းရောင်ဝတ်အဖိုးအိုတစ်ဦး သူတို့အား နှုတ်ဆက်သည်။
သူက ပိုင်စုကျန်းအား ဦးညွှတ်သည်။ သူက မော့ကြည့်သောအခါ အနည်းငယ် မှင်တက်သွား၏။
“ခေါင်းဆောင်တောက်ရင်…”
“ရှန့်ယန်မိစ္ဆာဂိုဏ်းက ဂိုဏ်းခွဲမှူးလေး…”
ခေါင်းဆောင်တောက်ရင်က ရယ်မောသည်။
“ခေါင်းဆောင်… ကျွန်တော်တို့ လေလံပွဲကို လူခွဲသွားကြမယ်”
တစ်ချိန်လုံး တိတ်ဆိတ်နေသော ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်အား ပြောသည်။
“မဟုတ်ရင် ကျွန်တော် ဘာမှ ဝယ်လို့ရမှာ မဟုတ်ဘူး”
သူ့စကားက ခေါင်းဆောင်တောက်ရင်၏နှုတ်ခမ်းအား တွန့်ကွေးသွာစေသည်။ သူက နှာခေါင်းရှုံ့ကာ ထိုနေရာမှ ပျောက်ကွယ်သွား၏။
“ဒီအဖိုးကြီးက ဂိုဏ်းကို ပြန်ရောက်တာတောင် ဓားစံအိမ်မှာပဲ ဘာကြောင့်နေလဲ ရှင်သိလား”
“သူက လူကြိုက်မများဘူးလေ”
ပိုင်စုကျန်းက ပြုံးလျက် ပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“သွားကြမယ်။ လေလံပွဲမှာ ဘာပစ္စည်းတွေ ပါလဲ သွားကြည့်ကြမယ်”
“ကောင်းပြီ… စီနီယာအစ်ကိုဟန်က ဓားရွေးတာ တော်တယ်လို့ ကြားထားတယ်။ ဒီတစ်ခေါက် လေလံပွဲမှာ ဓားကောင်းတွေ ပါမှာ သေချာတယ်”
ပိုင်စုကျန်းကလည်း ပြောသည်။
လှေပျံကို မောင်းကာ ပျင်းရိနေသော ဆိုင်ရှင်ဟယ်သည်လည်း ချက်ချင်း တက်ကြွလာတော့သည်။
ရှန့်ယန်မိစ္ဆာဂိုဏ်း၏ဂိုဏ်းခွဲမှူးက သူတို့အား ပြောသည်။
“ကျုပ်နောက်က လိုက်ခဲ့ကြပါ”