← Chapters

ထျန်းချီအဆင့်၉ ကျင့်ကြံသူများကြားမှ အားပြိုင်ပွဲ

Vol. 2 Ch. 21

ထျန်းချီအဆင့်၉ ကျင့်ကြံသူများကြားမှ အားပြိုင်ပွဲ

Vol. 2 Ch. 21

ယဲ့ချန်မျက်နှာသည်ပင် သုန်သုန်မှုန်မှုန် ဖြစ်သွားရသည်။ သက်သေ ခိုင်ခိုင်မာမာ မရှိသည့်တိုင် လွန်ခဲ့သော သုံးနှစ်က ချောင်းမြောင်း တိုက်ခိုက်မှု၏ ကြိုးကိုင်သူမှာ ယွင်မိသားစုဖြစ်ကြောင်း သေချာနေပါသော်လည်း သူ့အနေနှင့် ယခုအချိန်တွင် ဘာမှမလုပ်နိုင်သေးပေ။

“မိသားစုသုံးစုက ခေါင်းဆောင်တွေ အခုလို တစုတစည်းတည်း ရောက်လာကြတာ ဘာများ အလိုရှိလို့ပါလိမ့်”

ယဲ့ကျန့်ထျန်းသည် ချင်ယွိနှင့် ရန်ယင်းတို့အား ‘ထိုင်ပါဦး’ဟုပင် လောကဝတ်ပြုမနေဘဲ လိုရင်းကိုသာ တန်းမေးသည်။ လက်ဖက်ရည်ခွက်အား လက်ထဲတွင်ကိုင်ထားရင်း တည်တည်ငြိမ်ငြိမ် မေးလိုက်ဟန်က မသိလျှင် ရာသီဥတုအကြောင်း ပြောနေသော သာမန်ကာလျှံကာ စကားဝိုင်းကဲ့သို့။ ယဲ့ကျန့်ထျန်း၏ တုံ့ပြန်ပုံက ယွင်ရိရွှမ်ထက်ပင် အေးအေးဆေးဆေး ဖြစ်နေပါ၏။

ချင်ယွိနှင့် ရန်ယင်းတို့သည် ယွင်မိသားစု၏ နောက်လိုက်ခွေးများ အဆင့်သာရှိရာ ယဲ့ကျန့်ထျန်းက ထိုနှစ်ယောက်အား လုံးလုံးလျားလျားကို မသိကျိုးကျွံ ပြုထား၏။

ချင်ယွိတို့နှစ်ဦးသည် အတန်ငယ် အောင့်သက်သက် ဖြစ်သွားကြသော်လည်း အပိုစကားဆိုခြင်းဖြင့် ကိုယ့်အရှက် ကိုယ်ထပ်မခွဲတော့ဘဲ ယွင်ရိရွှမ်၏ နံဘေးရှိ ထိုင်ခုံနှစ်လုံးတွင် အသီးသီး ဝင်ထိုင်လိုက်ကြသည်။

“ကြားရတဲ့သတင်းတွေအရ ... အစ်ကိုယဲ့က ထျန်းချီအဆင့်၉ကို ရောက်သွားပြီဆိုပဲ”

ယွင်ရိရွှမ်၏ စူးရှသော မျက်လုံးများက ယဲ့ကျန့်ထျန်းပေါ်တွင်သာ ဝေ့ဝဲနေသည်။

“ဂုဏ်ပြုပါတယ်ဗျာ”

ယဲ့ကျန့်ထျန်း မျက်ခုံးပင့်မိသည်။

‘ဒီတော့ ... ယွင်ရိရွှမ်တို့က ဒါကို အတည်ပြုဖို့သက်သက် ရောက်လာကြတယ်ပေါ့ ငါတော့ မယုံပါဘူး’

“အိုး ... ဂုဏ်ပြုဖို့သက်သက်နဲ့ ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး ဒီလိုဆိုရင်တော့ ကျုပ်အနေနဲ့ ကျေးဇူးတင်စကား ပြောဖို့လိုနေပြီပဲ”

ယဲ့ကျန့်ထျန်းသည် လေးတွဲ့စွာနှင့် စိတ်မပါလက်မပါ ကျေးဇူးတင်စကား ဆို၏။

“ဒါနဲ့ မင်းတို့မိသားစုက ကောင်စုတ်လေး ယွင်ရိရန်ရော ဒီတလော ဘာတွေလုပ်နေလဲ ဒီအဘိုးကြီးက သတိရနေတယ်လို့ ပြောလိုက်စမ်းပါ”

ယဲ့ချိန်ရွှမ်းလည်း စကားဝိုင်းအတွင်း ဝင်ရောက်လာ၏။ လက်တဖက်က ၎င်း၏ မုတ်ဆိတ်ဖြူကြီးအား ပွတ်သပ်လျက်။ အသက်အရရော၊ မျိုးဆက်အရပါ ယဲ့ချိန်ရွှမ်းသည် ယွင်ရိရန်ထက် စီနီယာကျသည်မို့ တမင်သက်သက်ပင် ယွင်ရိရန်အား ကောင်စုတ်လေး ဟူ၍ နာမ်စားသုံးလိုက်ခြင်း ဖြစ်သည်။

အဘိုးကြီး၏ ရည်ရွယ်ချက်ကို ရိပ်စားမိသော ယွင်ရိရွှမ်က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။

‘တချို့လူတွေများ ... အသက်ပိုကြီးတာလေးနဲ့ သူတို့ကိုယ်သူတို့ ပိုတော် ပိုတတ်လှပြီ ထင်နေတယ်’

“သတိရပေးလို့ ကျေးဇူးပါပဲ ကျုပ်အစ်ကိုကြီးက ခုတလော ကျင့်ကြံခြင်းမှာပဲ အပြည့်အဝ အာရုံစိုက်ထားလို့ အပြင်တောင် သိပ်မထွက်နိုင်ဘူး ကျုပ်အထင်တော့ အစ်ကိုကြီးက သိပ်မကြာခင်မှာ ထျန်းချီအဆင့်၉ ထိပ်ဆုံးအဆင့်ကို ရောက်တော့မဲ့ပုံပဲ”

ယွင်ရိရွှမ်က မောက်မာသော လေယူလေသိမ်းဖြင့် ပြောသည်။

ယွင်ရိရန်သာ ထျန်းချီအဆင့်၉ ထိပ်ဆုံးအဆင့်သို့ ရောက်သွားပါက လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်အတွင်း ယွင်မိသားစုအား ဆန့်ကျင်ရဲသူ တစ်ယောက်မှ ရှိတော့မည်မဟုတ်။ တချို့လူများဆိုလျှင် ထျန်းချီအဆင့်၉ အလယ်အလတ်ဆင့်မှ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားကြရသည်။ ထိုမျှမခက်ခဲပါက ယဲ့ချိန်ရွှမ်းသည်လည်း ထျန်းချီအဆင့် ၉၌ နှစ်ပေါင်းများစွာ ရုန်းကန်နေရလိမ့်မည် မဟုတ်ပေ။

သို့သော် ယွင်ရိရွှမ်က အမှန်ကို ပြောနေခြင်းလော၊ တမင် ခြောက်နေခြင်းလော ဆိုသည်ကိုတော့ ဘယ်သူမှ မသိပါချေ။

“တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းလမ်းစဉ်ကို ဖြစ်ကတတ်ဆန်း လုပ်နေတာက သနားစရာပဲကွ ယွင်မိသားစုရဲ့ အကြီးအကဲတွေအားလုံး ယွင်ရိရန် အဆင့်တက်ရေးအတွက် ဟိုပြေးသည်ပြေးနဲ့ ဆေးဝါးတွေ လိုက်ရှာနေရတာကို ငါမှတ်မိပါသေးတယ် ကြက်ကန်း ဆန်အိုးတိုးပြီး ‘သွေးမှို’ကို စားလိုက်တာကြောင့်သာ မဟုတ်ရင် ယွင်ရိရန်ရဲ့ ကျင့်ကြံဆင့်က ထျန်းချီအဆင့်၇ ဒါမှမဟုတ် အဆင့်၈လောက်ပဲ ရှိဦးမှာ မဟုတ်ဘူးလား”

ယဲ့ချိန်ရွှမ်းက ပြန်လည် ခနဲ့လိုက်ပါ၏။

ခန်းမအတွင်း ရှိနေသော ယဲ့မိသားစုဝင်များအားလုံး အားရကျေနပ်စွာ ရယ်မောလိုက်ကြသည်။

ယွင်ရိရွှမ်၏ အမူအရာမှာ မည်းမှောင်သွားရသည်။ လွန်ခဲ့သော ပဝေသဋီရှစ်ထပ်က အကြောင်းအရာများအား ထိုအဘိုးကြီးက ပြန်လည် အစဖော်နေသည်။

ယွင်ရိရွှမ်သည် ယဲ့မိသားစု လူငယ်မျိုးဆက်များ ရပ်နေရာသို့ ဝေ့ဝဲကြည့်လိုက်သည်တွင် တစုံတယောက်နှင့် မျက်လုံးချင်း ဆုံသွားရသည်။ လူငယ်လေး တစ်ယောက်သည် ထျန်းချီအဆင့်၉ ကျင့်ကြံသူ တစ်ယောက်အား ကြောက်ရကောင်းမှန်း နားမလည်ဘဲ လုံးဝ အကြည့်လွှဲမသွားခဲ့။

‘ဒီတစ်ယောက်က ယဲ့ကျန့်ထျန်းရဲ့ ကျော်ကြားလှတဲ့ တတိယမြောက်သား ယဲ့ချန် ဆိုတာလား’

တစ်ချိန်က ယဲ့မိသားစုမှ ယဲ့ချန်ဟူသော လူငယ်လေးသည် လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ရှိ လူငယ်မျိုးဆက်တွင် အထူးချွန်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ခံခဲ့ရဖူးသည်။ ယွင်မိသားစုသည် ထိုကလေးအား ဆက်လက် ကြီးထွားခွင့် မပေးနိုင်သောကြောင့် ထျန်းချီအဆင့်၈ ကျင့်ကြံသူများ စေလွှတ်ကာ ချောင်းမြောင်း လုပ်ကြံစေခဲ့သည်။ ထိုလုပ်ကြံမှုတွင် လူငယ်လေး၏ အဓိကသွေးကြောမများ ပျက်စီးသွားခဲ့သည်။ သို့သော် လွန်ခဲ့သော လပိုင်းကမှ ယဲ့ကျန့်ထျန်းသည် ကွမ်းရှီဆေးလုံးအား မရရအောင် ကြိုးစားခဲ့ပုံရသည်။ ထိုလူငယ်လေး၏ အဓိကသွေးကြောများ ပြန်ကောင်းသွားသည့်အပြင် ကျင့်ကြံဆင့်တက်နှုန်းကလည်း ယခင်ကထက်ပင် မြန်လာသည်ဟု ကြားသိရသည်။

ကောင်းပြီလေ။ ဒီနေ့တော့ ဒီလူငယ်လေးရဲ့ အစွမ်းအစကို စမ်းသပ်ကြည့်ရ သေးတာပေါ့။

ထျန်းချီအဆင့်၉ ကျင့်ကြံသူတစ်ယောက်၏ ဖိအားသည် ယွင်ရိရွှမ်ထံမှ တိတ်တဆိတ် ထွက်ပေါ်လာပြီး ယဲ့ချန်ထံ တိုးဝင်သွားသည်။

ယဲ့ချန်သည် ပြင်းထန်သော ဖိအားတစ်ခု သူ့အပေါ်သို့ ရုတ်ခြည်း သက်ရောက်လာသည်ကို ခံစားလိုက်ရပြီး ရင်ဘတ်ထဲထိ အောင့်တက်လာသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင်းရှိ ထျန်းချီများအား အလျင်အမြန် လှည့်ပတ်လိုက်ကာ ဖိအားကို တွန်းလှန်လိုက်ရသည်။

ယွင်ရိရွှမ်သည် ယဲ့ချန်၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်သွား၏။ ပုံမှန် ထျန်းချီအဆင့်၅ သို့မဟုတ် အဆင့်၆ ကျင့်ကြံသူများဆိုလျှင် ထျန်းချီအဆင့်၉ ကျင့်ကြံသူတယောက်၏ ဖိအား,အား လုံးဝ ဆန့်ကျင့်နိုင်မည် မဟုတ်။ လျှပ်တပြက် ထုတ်လွှတ်လိုက်သော ဖိအားဆိုပါက ပိုတောင် ဆန့်ကျင်နိုင်မည် မဟုတ်။ ချက်ချင်း လဲကျသွားမည် ဖြစ်သည်။ သို့သော် ယဲ့ချန်ကတော့ လဲကျမသွားသည့်အပြင် ခန္ဓာကိုယ်ပင် တစ်ချက်တုန်မသွားဘဲ ဖိအား,အား ထျန်းချီဖြင့် ပြန်လည်တွန်းလှန်ရန် ကြိုးစားနေသည်။

ယဲ့ချန်၏ အမူအရာ တစ်မျိုးဖြစ်နေသည်ကို ယဲ့ကျန့်ထျန်းက ဦးစွာသတိထားမိသွားသည်။ ယဲ့ကျန့်ထျန်းသည် နှာခေါင်းတစ်ချက်ရှုံ့ရင်း ပြင်းထန်သော ဖိအားကို ထုတ်လွှတ်လိုက်ကာ သားဖြစ်သူအား ကာကွယ်သည်။

ယဲ့ချန် ခံစားနေရသော ဖိအားလည်း ပျောက်ကွယ်သွား၏။

ယဲ့ကျန့်ထျန်းထံမှ ထွက်ပေါ်လာသော ဖိအားကို ခံစားမိသည်တွင် ယွင်ရိရွှမ်သည် တစ်ချက်ပြုံးလိုက်ရင်း တစ်ဆက်တည်းတွင်ပဲ ယဲ့ကျန့်ထျန်း၏ အစွမ်းအစအား စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။ သို့နှင့် မူလက ထုတ်လွှတ်နေသော ဖိအား,အား ပြင်းထန်အားကောင်းသော ထျန်းချီအရှိန်အဝါအဖြစ် ပြောင်းလဲလိုက်သည်။

ထျန်းချီအဆင့်၉ ကျင့်ကြံသူနှစ်ဦး၏ ပြင်းထန်သော အရှိန်အဝါနှစ်ခု ထိပ်တိုက်တွေ့သည်တွင် တိတ်ဆိတ်နေသော ခန်းမအတွင်း လေပြင်းတစ်ချက် ဝေ့သွားသည်။ စားပွဲပေါ်တွင် တင်ထားသော လက်ဖက်ရည်ခွက်များ အက်ကွဲကုန်၏။ အရှိန်အဝါနှစ်ခုက ဆက်လက်၍ အားကောင်းလာနေသည်။ ခန်းမထဲရှိ ကျင့်ကြံဆင့်နိမ့်သော လူငယ်လေးများသည် ပြင်းထန်လှသော အရှိန်အဝါနှစ်ခုကြောင့် အနောက်ဘက်သို့ ကမန်းကတန်း ဆုတ်လိုက်ကြရသည်။

ထျန်းချီအဆင့်၈ ဖြစ်သော ယဲ့ကျန့်လုံပင် ထိုပြင်းထန်သော အရှိန်အဝါနှစ်ခုကြောင့် ခန္ဓာကိုယ်တွင်းရှိ ထျန်းချီများ မငြိမ်မသက် ဖြစ်လာမှုအား ထိန်းညှိရန် ကြိုးစားလိုက်ရသည်။

အားလုံးထဲတွင် ယဲ့ချိန်ရွှမ်း၊ ချင်ယွိနှင့် ရန်ယင်းတို့သာ ဘာမှမဖြစ်သည့်အလား တည်တည်ငြိမ်ငြိမ် ရှိနေကြသည်။

ယွင်ရိရွှမ်နှင့် ယဲ့ကျန့်ထျန်းတို့ နှစ်ဦးလုံးသည် ထျန်းချီအဆင့်၉ စဦးအဆင့်များ ဖြစ်ကြသော်လည်း ယွင်ရိရွှမ်က ယဲ့ကျန့်ထျန်းထက် စောစီးစွာ ထျန်းချီအဆင့်၉သို့ ရောက်နေသူ ဖြစ်သည်။ ထိုအချက်ကြောင့်ပင် ယွင်ရိရွှမ်မှာ ပို၍ ဒေါသထွက်ရသည်။ ယဲ့ကျန့်ထျန်းသည် အဆင့်တက်ထားတာ မကြာသေးမှန်း သေချာပါသော်လည်း သူ့အနေနှင့် ယဲ့ကျန့်ထျန်းအား အနိုင်မယူနိုင်ဘဲ ရှိနေသည်။ ယဲ့ကျန့်ထျန်း ထုတ်လွှတ်နေသော ထျန်းချီအရှိန်အဝါသည် ယွင်ရိရွှမ်အောက် နည်းနည်းလေးမှ အားနည်းမနေတာ ဖြစ်သည်။

ယွင်ရိရွှမ်သည် ထျန်းချီအဆင့်၉သို့ လွန်ခဲ့သော သုံးနှစ်ကတည်းက ရောက်ရှိနေခြင်းဖြစ်ကာ ယွင်မိသားစု၏ အထောက်အပံ့နှင့် အစွမ်းထက်ဆေးဝါး မျိုးစုံကိုလည်း စားသုံးထားသေး၏။ သူ့အနေနှင့် အရှုံးအား လွယ်လွယ်ကူကူ လက်မခံနိုင်သေး။ ရုတ်တရက် ယွင်ရိရွှမ် တစ်စုံတစ်ရာအား တွေးမိကာ ယဲ့ချိန်ရွှမ်းထံ လှမ်းကြည့်မိသည်။ သို့သော် ထိုလူအိုကြီးသည် လက်ဖက်ရည်သောက်ရင်း အေးအေးဆေးဆေးသာ ထိုင်နေလေရာ ယဲ့ကျန့်ထျန်းအား လျှို့ဝှက်ကူညီနေခြင်း မဖြစ်နိုင်ပေ။

ချင်ယွိနှင့် ရန်ယင်းတို့သည်လည်း မျက်နှာမကောင်းကြတော့။ ယွင်ရိရွှမ်သည် သူတို့နှစ်ဦးလုံးထက် အစွမ်းထက်သည်မှာ သေချာသော်လည်း ယဲ့ကျန့်ထျန်းအား မဖိနှိပ်နိုင်လေရာ...။

ထိုသို့အတွေးနှင့် ချင်ယွိ၊ ရန်ယင်းတို့ ယဲ့ကျန့်ထျန်းအား (လုံးဝ) အထင်မသေးရဲတော့ပေ။

တစ်ဖက်တွင်တော့ ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရှုံးတို့သည် လုံးလုံးလျားလျား စိတ်လှုပ်ရှားနေကြ၏။ ၎င်းတို့အဖို့ ယခုတစ်ကြိမ်သည် မိုးကြိုးအင်ပါယာ ကျင့်စဉ်၏ အကျိုးသက်ရောက်မှုအား ပထမဆုံး မျက်ဝါးထင်ထင် မြင်ရခြင်း ဖြစ်သည်။ ယဲကျန့်ထျန်း၏ အစွမ်းအစသည် ယွင်ရိရွှမ်အောက် လုံးဝ မနိမ့်ကျသည်ကို ကြည့်ရင်း အားလုံးသော မိသားစုဝင်များသည်လည်း စိတ်လှုပ်ရှား ပျော်ရွှင်လာကြပါ၏။

သိပ်မကြာခင်တွင်ပဲ ယွင်ရိရွှမ်က ၎င်း၏ ထျန်းချီအရှိန်အဝါအား ပြန်လည် ရုပ်သိမ်းလိုက်၏။ ယဲ့ကျန့်ထျန်းလည်း ဆက်လက် အားပြိုင်မနေတော့ဘဲ အရှိန်အဝါအား  ရုတ်သိမ်းလိုက်သည်။

“မထင်မှတ်ထားဘဲ အစ်ကိုယဲ့က ဒီအတောအတွင်း အများကြီး တိုးတက်လာခဲ့တာပဲ”

ယွင်ရိရွှမ်သည် အပြင်ဘက်တွင် တည်ငြိမ်စွာ ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ ယောက်ယှက်ခတ်နေပြီ ဖြစ်သည်။

‘ဘယ်လိုဖြစ်လို့ ယဲ့ကျန့်ထျန်းက ဒီလောက် တိုးတက်လာရတာလဲ ငါ့အစ်ကိုကြီးလိုမျိုး အစွမ်းထက် ဆေးဝါးတွေ စားလိုက်တာများလား’

“အခုတော့ ... မိသားစုခေါင်းဆောင် သုံးယောက်က ကျုပ်တို့ ယဲ့မိသားစုကို ဂုဏ်ပြုစကား ပြောဖို့သက်သက် ရောက်လာတယ်လို့ မယုံတော့ဘူး”

ယဲ့ကျန့်ထျန်းက အေးစက်စွာပြောရင်း ခန္ဓာကိုယ်အတွင်းရှိ ထျန်းချီများကိုလည်း ထိန်းညှိလိုက်ရသည်။ အမှန်အတိုင်း ဝန်ခံရပါလျှင် ယွင်ရိရွှမ်သာ ဆက်လက် အားပြိုင်လိုပါက သိပ်မကြာခင်အတွင်း ယဲ့ကျန့်ထျန်း ကိုယ်တိုင်လည်း ထျန်းချီကမောက်ကမ ဖြစ်ခြင်းကဲ့သို့ ဆိုးရွားသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ မိုးကြိုးအင်ပါယာ ကျင့်စဉ်ကြောင့် သူ အများအပြား တိုးတက်ခဲ့သည် ဆိုသော်လည်း ထျန်းချီအဆင့် ၉တွင် အခြေခိုင်နေပြီ ဖြစ်သော ယွင်ရိရွှမ်နှင့် အချိန်ကြာကြာ မယှဉ်နိုင်သေးပေ။

‘ယဲ့ကျန့်ထျန်းက လွန်ခဲ့တဲ့ နှစ်တွေထဲက ထျန်းချီအဆင့်၉ ကို ရောက်နေပြီး အပြင်မှာတော့ ထျန်းချီအဆင့်၈ အဖြစ် ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်’

လက်ရှိအခြေအနေအား အဖြေထုတ်ရန် ယွင်ရိရွှမ်သည် အထက်ပါ ဆင်ခြေကိုသာ စဉ်းစားနိုင်တော့သည်။

“ကျုပ် ဒီနေ့လာခဲ့တာက ယဲ့မိသားစုပိုင် သတ္တုတွင်းတွေအကြောင်း ဆွေးနွေးချင်လို့ပါ”

ယွင်ရိရွှမ်က ပြောသည်။

ထိုအခိုက်တွင် ယဲ့ချိန်ရွှမ်း၏ စူးရှသောအကြည့်က ယွင်ရိရွှမ်ထံ ဒိုင်းခနဲ ရောက်ရှိလာသည်။ တချို့သော အကြောင်းများကြောင့် ယွင်ရိရွှမ်သည် အရိုးထဲထိ ဝင်ရောက်သွားသော အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။

‘ဒီအဘိုးကြီးကလည်း သူ့ရဲ့ ကျင့်ကြံဆင့်အမှန်ကို ဖုံးကွယ်ထားတာများလား မကောင်းတော့ဘူး ပြန်ရောက်တာနဲ့ ဒီကိစ္စကို အစ်ကိုကြီးဆီ တင်ပြရမယ်’

“အကြောင်းအရင်းကို သေသေချာချာ ရှင်းပြပါ ဒုခေါင်းဆောင်ယွင်”

ယဲ့ချိန်ရွှမ်းက လက်ထဲရှိ လက်ဖက်ရည်ခွက်အား စားပွဲပေါ် ပြန်ချလိုက်ပြီး ဒေါသအရိပ်အငွေ့တို့ ပါနေသော အသံဖြင့် မေးသည်။

ထူးထူးဆန်းဆန်း တိတ်ဆိတ်သော လေထုတခုက ခန်းမအတွင်း ကြီးစိုးသွားပြန်၏။

***

All Chapters