← Chapters

ကိုယ်လုပ်တော်

Vol. 2 Ch. 22

ကိုယ်လုပ်တော်

Vol. 2 Ch. 22

ရုတ်တရက် ဖိအားတစ်ခုက ယွင်ရိရွှမ်၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာသကဲ့သို့ ရှိသည်။

‘ယဲ့ချိန်ရွှမ်းက ထျန်းချီအဆင့် ၉ စဦးအဆင့်ကနေ အလယ်အလတ်ဆင့်ကို ရောက်သွားပြီလား’

ထိုအတွေးနှင့်အတူ ယွင်ရိရွှမ်၏ နဖူးပြင်၌ ချွေးစများ စို့လာသည်။ ယဲ့ကျန့်ထျန်း တစ်ယောက်တည်းက ယွင်ရိရွှမ်နှင့် ယှဉ်ပြိုင်နိုင်ချိန်တွင် အကယ်၍ ယဲ့ချိန်ရွှမ်းက ယွင်ရိရန်နှင့် ယှဉ်နိုင်သွားပါက ဆိုလိုသည်မှာ ယဲ့မိသားစု၏ ပျမ်းမျှအင်အားသည် ယွင်မိသားစုအား ယှဉ်နိုင်ရန် နီးကပ်လာလေပြီဟု။

ထိုအချိန်တွင် ချင်ယွိနှင့် ရန်ယင်းတို့သည် စိတ်မသက်မသာ ဖြစ်နေသော မျက်နှာများနှင့် တစ်ယောက်ကို တစ်ယောက် မျက်စပစ်နေကြ၏။ သူတို့အနေနှင့် ယဲ့မိသားစုသည် ထိုမျှအထိ အန္တရာယ် များနေလိမ့််မည်ဟု လုံးဝ မျှော်လင့်မထားခဲ့မိတာ ဖြစ်သည်။

“သိပ်မကြာသေးခင်က ယဲ့မိသားစုရဲ့ အကြီးအကဲချုပ် ယဲ့မော့ယန်ဆိုတဲ့ တစ်ယောက်က ကျုပ်တို့ယွင်မိသားစုနဲ့ အပေးအယူတစ်ခု လုပ်လာတယ် သူပြောတာက ယဲ့မိသားစုပိုင် သတ္တုတွင်းတွေရဲ့ အုပ်ချုပ်ခွင့်ကို ချီအဆီအနှစ်ဆေးလုံး သုံးလုံးနဲ့ လဲလှယ်မယ်တဲ့လေ ကျုပ်တို့ ယွင်မိသားစုကလည်း သဘောတူလိုက်ပြီး စရံအနေနဲ့ ချီအဆီအနှစ်ဆေးလုံး တလုံး သူ့ကိုပေးလိုက်တယ် အခု ကျုပ်တို့ရောက်လာရတာက ပေးဖို့ကျန်နေတဲ့ ချီအဆီအနှစ်ဆေးလုံး နှစ်လုံးကို လာပေးရင်း သတ္တုတွင်းတွေရဲ့ အုပ်ချုပ်ခွင့်ကို လွှဲပြောင်းယူဖို့ပဲ”

“ယဲ့မော့ယန်က ယဲ့မိသားစုရဲ့ အကြီးအကဲချုပ် မဟုတ်တော့သလို မိသားစုထဲကနေ ထုတ်ပယ်ခံလိုက်ရပြီးပြီ မိသားစုဝင်ဟောင်း တစ်ယောက်က ခြေဆော့လက်ဆော့နဲ့ လုပ်ထားတဲ့ အပေးအယူတစ်ခုကို ကျုပ်တို့ယဲ့မိသားစုက လက်ခံရမယ်ဆိုတော့ ယွင်မိသားစု ဒုခေါင်းဆောင်က နောက်နေတာများလား”

ယဲ့ကျန့်ထျန်းက အေးစက်စွာပြုံးလျက် မေးသည်။

“အိုအကြီးအကဲချုပ် ယဲ့မော့ယန်က မိသားစုထဲက ထုတ်ပယ်ခံလိုက်ရတယ် ဒီသတင်းကို ဘာလို့ ကျုပ်တို့ မကြားမိတာပါလိမ့် ဘယ်အချိန်က သူ့ကို မိသားစုထဲက ထုတ်ပယ်လိုက်တာလဲဆိုတာ အတိအကျလေး ပြောလို့ရမလား အစ်ကိုကျန့်ထျန်း ... အပေးအယူကို လက်မခံချင်လို့ လျှောက်ပြောနေတာတော့ မဟုတ်ပါဘူးနော်”

ယွင်ရိရွှမ်သည် မျက်မှောင်ကြုတ်လျက် တရားခံအား စစ်မေးသည့်နှယ် မေးလာ၏။

ယွင်မိသားစုအနေနှင့် ထိုကိစ္စအား မသိနိုင်စရာ အကြောင်းမရှိပေ။ ထို့ပြင် ယဲ့မော့ယန်တို့ သားအဖက ယွင်မိသားစု၌ ပုန်းခိုနေခြင်းပင် ဖြစ်နိုင်သေး၏။ ယွင်မိသားစု၏ ရည်ရွယ်ချက်ကတော့ သိသာလှသည်။ ဘယ်တုန်းက သဘောတူခဲ့သည်မသိသော အပေးအယူကို အကြောင်းပြလျက် ယဲ့မိသားစုပိုင် သတ္တုတွင်းများအား လက်ဝါးကြီးအုပ်ချင်နေခြင်း ဖြစ်သည်။

“ချီအဆီအနှစ်ဆေးလုံး အရေအတွက် နည်းနည်းလေး အတွက်နဲ့ ခင်ဗျားတို့မိသားစုရဲ့ သတ္တုတွင်းလုပ်ငန်းတွေကို လက်လွှတ်ရမယ်ဆိုပါတော့ ယဲ့မိသားစုနေရာမှာ ခင်ဗျားဆိုရင်ရော သဘောတူမှာတဲ့လား သဘောတူမယ်ဆိုရင်တော့ ကျွန်တော်ဝန်ခံတယ် ခင်ဗျားရဲ့ စီးပွားရေးအမြင်က သုံးစားလို့မရအောင်ကို ဆိုးရွားနေလို့ပဲ ဖြစ်ရမယ်”

ယဲ့ချန်က ရုတ်တရက် ဝင်ပြောလာသည်။

လူတိုင်း၏ အကြည့်တို့က ယဲ့ချန်ထံ ရောက်လာကြသည်။ လူငယ်မျိုးဆက်မှ တစုံတယောက်က ယွင်ရိရွှမ်အား ယခုကဲ့သို့ လူအများရှေ့တွင် မေးခွန်း ထုတ်ရဲလိမ့်မည်ဟု ဘယ်သူမှမထင်ထားခဲ့။

“ငါစကားပြောနေတာက မင်းအဖေ မင်းမဟုတ်ဘူး ပါးစပ်ပိတ်ထား”

ယွင်ရိရွှမ်သည် ဒေါသထွက်သွားဟန်ရပြီး မာဆတ်ဆတ် ပြောသည်။

“ချန်အာက သာမန်ကလေး မဟုတ်ဘူး ငါတို့မိသားစုရဲ့ ဆက်ခံသူဖြစ်တယ် ဒါ့ကြောင့် ချန်အာရဲ့အမြင်က ယဲ့မိသားစုကို ကိုယ်စားပြုတယ်”

ယဲ့ချိန်ရွှမ်းက လျင်မြန်စွာ တုံ့ပြန်သည်။ ယဲ့မိသားစုအနေနှင့် ယွင်မိသားစုဖြင့် မတိုက်ခိုက် လိုသေးသည်မှာ အဓိကက ယဲ့ချန်ကြောင့်သာ။ ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်နှင့် ပိုမိုနီးကပ်လာလေလေ ထိုကလေး၏ သဘောကျဖွယ် အချက်များအား ပိုမြင်လာရလေလေ ဖြစ်သည်။ သူက တဖြည်းဖြည်းနှင့် ယဲ့ချန်အား မြေးအရင်းကဲ့သို့ သဘောထားမိလာသည်။

“အို ... ယဲ့မော့ယန်လို အကြီးအကဲတစ်ယောက် လုပ်ထားတဲ့ အပေးအယူကတောင် အကျုံးမဝင်တဲ့အချိန်မှာ ၁၇နှစ် ၁၈နှစ်အရွယ် ကောင်လေး တစ်ယောက်ကကျတော့ ယဲ့မိသားစုကို ကိုယ်စားပြုတယ်ပေါ့”

ယွင်ရိရွှမ်က ထိထိမိမိ ထေ့ငေါ့သည်။

“ကျုပ်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောပြီးပြီလို့ထင်တယ် ယဲ့မော့ယန်နဲ့ ယဲ့မိသားစုက ဘာမှမပတ်သက်တော့ဘူး”

ယဲ့ကျန့်ထျန်းက ခိုင်မာစွာဆို၏။

“ယွင်မိသားစုနဲ့ အပေးအယူလုပ်တဲ့ အချိန်တုန်းက ယဲ့မော့ယန်ဟာ ယဲ့မိသားစုရဲ့ အကြီးအကဲချုပ်အဖြစ် ရှိနေသေးတယ် ဒါကို ခင်ဗျားတို့ ငြင်းလို့မရဘူး”

ယွင်ရိရွှမ်သည် လက်လျှော့လိုဟန် မရဘဲ ကပ်သပ်ပြောဆို၏။

“ကျုပ်ကတော့ ယွင်မိသားစုက ကျုပ်တို့မိသားစုပိုင် သတ္တုတွင်းတွေရဲ့ အုပ်ချုပ်ခွင့်ကို လိုချင်လို့ လှည့်ဖြားနေတယ်လို့ပဲ မြင်တယ် မဟုတ်ဘူးလား”

ယဲ့ကျန့်ထျန်းက တည့်တိုးမေးသည်။

“အစ်ကိုကျန့်ထျန်းကတော့ အတွေးလွန်နေပြန်ပါပြီ မဟာမိတ် ခေါင်းဆောင်အနေနဲ့ ယွင်မိသားစုက ဒီလို ကလိမ်ကကျစ်ကျတဲ့ လုပ်ရပ်မျိုး လုပ်စရာလား ယဲ့မိသားစုဘက်ကသာ ယွင်မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိရင် ကိစ္စတွေက ပိုပြီးချောချောမွေ့မွေ့ ဖြစ်သွားမှာပါ”

ယဲ့ချိန်ရွှမ်းနှင့် အခြားလူများမှာ ဒေါသထွက်နေကြပြီ ဖြစ်သည်။ ကံမကောင်းစွာပင် လောကကြီး၏ နိယာမသဘောတရားကိုက တရားမျှတမှုထက် အင်အားက အရေးပါနေသည်။ ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် ကျင့်ကြံရာ၌ အများအပြား တိုးတက်မှုရှိခဲ့သော်လည်း ယွင်ရိရန်နှင့် ယှဉ်နိုင်ရန်မူကား အလှမ်းဝေးနေသေးသည်။ ထို့ပြင် ချင်မိသားစုနှင့် ရန်မိသားစုကဲ့သို့ ယွင်မိသားစု လက်အောက်ခံ မိသားစုများကလည်း ရှိနေသေး၏။

“ရိဖေး ... ခဏထွက်ခဲ့”

ယွင်ရိရွှမ်က လက်ဝှေ့ယမ်းလိုက်လျှင် ၎င်း၏ အနောက်ဘက်တွင် ရပ်နေသော အုပ်စုထဲမှ လူငယ်တစ်ယောက် ရှေ့သို့ထွက်လာသည်။

ထိုလူငယ်သည် ယွင်ရိဖေးဖြစ်ပြီး ယဲ့ချန်လောက် ကြည့်မကောင်းသည့်တိုင် အရပ်ရှည်ရှည်နှင့် ခန့်ညားသောရုပ်ရည် ရှိသည်။ မျက်နှာအမူအရာကို ကြည့်လျှင် မောက်မာသောစရိုက် ရှိသူဖြစ်ကြောင်း သိနိုင်သည်။ လူငယ်၏ မျက်လုံးများက ယဲ့မိသားစု လူငယ်မျိုးဆက်များ ရပ်နေရာသို့ ဝေ့ဝဲသွားပြီး နောက်ဆုံး ယဲ့လော့နှင့် ယဲ့ရွှမ်တို့ ရပ်နေရာတွင် ရပ်တန့်သွားသည်။

ယွင်ရိဖေး၏ မျက်လုံးများက သိသိသာသာ အရောင်တောက်သွားသည်။ ယဲ့လော့နှင့် ယဲ့ရွှမ်တို့၏ အလှသည် ယွင်မိသားစုထဲတွင်ပင် ရှားပါးသည်။ ယဲ့ရွှမ်သည် မိန်းမဆန်ကာ တောက်ပသောအလှမျိုး ရှိပြီး ယဲ့လော့သည် အေးစက်စက် မျက်နှာထားနှင့် တုနှိုင်းမဲ့သော အသရေတင့်သည့် လှပခြင်းမျိုး ပိုင်ဆိုင်သည်။

“ရိဖေးက ကျုပ်တို့ယွင်မိသားစုရဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ပဲ ကျုပ်ရဲ့ ဆွေမျိုးနီးစပ်ဆိုလည်း မမှားဘူး အဓိကအချက်ကတော့ အသက် ၁၈နှစ်မှာတင် ထျန်းချီအဆင့်၇ ထိပ်ဆုံးအဆင့်ကို ရောက်နေပြီ”

ယဲ့မိသားစုဝင်များသည် ယွင်ရိရွှမ်တစ်ယောက် မည်သို့သော လှည့်ကွက်များ အသုံးပြုရန် ကြံစည်နေသည်ကို မသိသေးသောကြောင့် ဆက်လက် စောင့်ကြည့်နေကြသည်။ ယွင်ရိဖေး၏ မျက်လုံးတို့က ယဲ့လော့နှင့် ယဲ့ရွှမ်တို့ထံတွင်သာ ရှိနေသည်ကို မြင်ရသောကြောင့် အားလုံး မကောင်းသော ခံစားချက်တချို့ ရလိုက်သည်။

“ကျုပ်ကြားမိတာ ... ယဲ့မိသားစုရဲ့ ယဲ့ရွှမ်က ပါရမီတင်မကဘဲ လှပမှုမှာပါ ပြိုင်ဘက်ကင်းတယ်ဆိုပဲ ဒါ့ကြောင့် ကျုပ်တို့ယွင်မိသားစု ခေါင်းဆောင်က မိသားစုနှစ်ခုကြားမှာ မင်္ဂလာရှိတဲ့ လက်ထပ်ထိမ်းမြားခြင်း တစ်ခုနဲ့ လမ်းဖောက်ဖို့ စဉ်းစားမိတယ်”

ယွင်ရိရွှမ်ကပြောသည်။

“တကယ်လို့ ယဲ့မိသားစုဘက်ကလည်း ဒီမင်္ဂလာပွဲကို လက်ခံခဲ့ရင် ကျုပ်တို့ဘက်က သတ္တုတွင်းတွေရဲ့ အုပ်ချုပ်ခွင့်ကို မတောင်းဆိုတော့ဘူး ဒါ့အပြင် ယဲ့မိသားစုပိုင် သတ္တုတွင်းက ရွှမ်သတ္တုတွေကို ဈေးကွက်ထဲက ဈေးအတိုင်း ပေးဝယ်ပေးမယ် ဘယ်လိုသဘောရလဲ အစ်ကိုကျန့်ထျန်း”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အထူးသဖြင့် ယဲ့မိသားစု လူငယ်မျိုးဆက်များ ရပ်နေရာတွင် လုံးဝ တိတ်ဆိတ်သွားသည်။ ယွင်မိသားစုသည် ယဲ့မိသားစု၏ သည်းခံနိုင်စွမ်းအား စမ်းသပ်နေဟန်ရသည်။ ပထမဦးဆုံး သတ္တုတွင်းအုပ်ချုပ်ခွင့်ကို တောင်းဆိုသည်။ မရတော့ လက်ထပ်ပွဲဘက်သို့ ဦးလှည့်သည်။

ယွင်ရိရွှမ်၏ စကားများက ယဲ့မိသားစု အကြီးအကဲများကိုလည်း ဒေါသထွက်စေသည်။ အကြီးအကဲများသည် ယွင်မိသားစုမှ လူများလောက် မသန်မာသောကြောင့် မိမိကိုယ်ကို အပြစ်တင်မိကြသည်။ အကယ်၍ သူတို့သာ လုံလောက်အောင် သန်မာပါက ယွင်မိသားစုမှ ယခုကဲ့သို့ အိမ်တိုင်ရာရောက် လာရောက် စော်ကားရဲမည် မဟုတ်ပေ။

ယဲ့ရွှမ်ကိုယ်တိုင်လည်း ယွင်ရိရွှမ်၏ စကားကြောင့် ဖြူဖျော့သွားသည်။ ယဲ့မိသားစုနှင့် ယွင်မိသားစုကြားရှိ ရန်ငြိုးရန်စများသည် လက်ထပ်ပွဲလေးတခုနှင့် ကျေအေး၍မရသည်ကို လူတိုင်းသိသည်။ ထို့အပြင် ယွင်ရိဖေးအား သူမ လုံးဝမနှစ်သက်ပေ။

ထိုအခိုက် ယွင်ရိဖေးသည် အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လျက် စကားစလာသည်။

“လက်ထပ်မယ်ဆိုလို့ အများကြီး မျှော်လင့်မနေကြနဲ့ဦး ယဲ့ရွှမ်က ကျုပ်ရဲ့ပထမဇနီး ဖြစ်လာဖို့ ထိုက်တန်တယ်များ ထင်နေလားကျုပ်က သူ့ကို ကိုယ်လုပ်တော်အဖြစ်ပဲ လက်ထပ်ယူမှာ... တုန်းလင် တစ်ပြည်လုံးမှာ ကျုပ်ရဲ့ ပထမဇနီးဖြစ်လာဖို့ ထိုက်တန်တဲ့သူက ယွင်ရန်တစ်ယောက်ပဲ ရှိတယ် ယဲ့ရွှမ်က မြစိမ်းတိမ်ဂိုဏ်းကို ဝင်ခွင့်ရထားတယ်လို့ ကြားတယ် သူ့အနေနဲ့ ယွင်မိသားစုလို မိသားစုကြီးတခုနဲ့ လက်ထပ်ထားနိုင်ရင် အနာဂတ်မှာ အခွင့်အလမ်း ပိုများလိမ့်မယ် ကိုယ်လုပ်တော်အဆင့်ပဲ ဆိုပေမဲ့လည်းပေါ့”

တည်တည်ငြိမ်ငြိမ် ရှိနေသော ယဲ့ချန်ပင် အလွန်ဒေါသထွက်သွားသည်။ ရွှမ်အာကား ဦးလေး၃၏ အဖိုးတန်သမီးလေး ဖြစ်သည်။ သူ၏ သွေးရင်းညီမလေးနှင့် မခြားပေ။ ထို့အပြင် ရွမ်အာသည် အရှက်အကြောက်ကြီးကာ သိမ်မွေ့နူးညံ့သူလည်း ဖြစ်သည်။ ထိုသို့သော မိန်းကလေးမျိုးအား ယွင်မိသားစုနှင့် လက်ဆတ်စေရန်မှာ မဖြစ်နိုင်တာထက် ပိုသည်။

“မင်းတို့ အခုချက်ချင်း ထွက်သွားကြ မင်းတို့မျက်နှာတွေကို ထပ်မမြင်ချင်ဘူး”

ယဲ့ကျန့်ထျန်းက အော်လိုက်သည်။ သူ့အနေနှင့် ယွင်မိသားစုအား လုံးဝ ကြောက်မနေပေ။ မဖြစ်သင့်တာများ ဖြစ်မလာစေရန် ထိန်းထိန်းသိမ်းသိမ်း နေနေခြင်းသာ ဖြစ်သည်။

သို့ရာတွင် ချင်ယွိနှင့် ရန်ယင်းတို့သည် အလျင်အမြန မတ်တတ်ရပ်လိုက်ကြရင်း ကြားဝင်စေ့စပ်ရန် ကြိုးစားလာကြသည်။

“စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပါနဲ့ အစ်ကိုကျန့်ထျန်း ... ကျုပ်အထင် ဒါက ယဲ့ရွှမ်အတွက် တကယ်ကိုကောင်းတဲ့ ချီးမြှောက်မှုတစ်ခုပဲ”

“အမှန်ပဲ ယွင်မိသားစုက ပါရမီရှင်တယောက်နဲ့ လက်ထပ်ခွင့်ရတာ ဘယ်လောက်တောင် ကံထူးလိုက်သလဲ”

ထိုစကားများကိုကြားသော် ယဲ့မိသားစုမှ လူငယ်များသည် ဒေါသကြောင့် ရှုးရှုးရှဲရှဲ ဖြစ်သွားကြသည်။ ထိုချင်နှင့်ရန် နှစ်မိသားစုမှ ခေါင်းဆောင်များသည် ယွင်မိသားစု၏ နောက်လိုက်ခွေးများထက် ဘာမှမပိုပေ။

“ဒီလောက်ကောင်းတဲ့ အခွင့်အရေးကြီး ဆိုရင်လည်း ယွင်ရိဖေးကို ယဲ့ရွှမ်နဲ့ လက်ထပ် ကြောင်းလမ်းမဲ့အစား မင်းတို့သမီးတွေနဲ့ ကြောင်းလမ်းလိုက်ကြပါလား”

ယဲ့ကျန့်ထျန်းက ခွန်းတုံ့ပြန်သည်။

“ဒီတော့ ခင်ဗျားတို့ဘက်က ငြင်းတယ်ပေါ့ ယဲ့မိသားစုရဲ့ ရိုင်းစိုင်းတဲ့ ငြင်းဆိုမှုက ချင်မိသားစု ခေါင်းဆောင်နဲ့ ရန်မိသားစုခေါင်းဆောင်တို့ မျက်မြင်ပဲ”

ယွင်ရိရွှမ်က အေးစက်စွာ ပြောသည်။

“ဒီနေ့ကိစ္စမှာ ကျုပ်တို့ ယွင်မိသားစုက လွန်တာ ဘာမှမရှိဘူး ခင်ဗျားတို့ ယဲ့မိသားစုရဲ့ ရိုင်းစိုင်းမှုအတွက် အကျိုးဆက်ကို လက်ခံဖို့ပြင်ထားပါ”

ချင်ယွိနှင့် ရန်ယင်းတို့သည် ရုတ်ခြည်း တင်းမာသွားသော အခြေအနေကြားတွင် မသက်မသာ ပြုံးကြရုံသာ တတ်နိုင်တော့သည်။ သူတို့က ယွင်၊ ယဲ့ နှစ်မိသားစုလုံးနှင့် ရန်သူ မဖြစ်လိုရာ ဆိတ်ဆိတ်နေရုံသာ ရှိသည်။

“တစ်နေ့မှာ ခင်ဗျားတို့တွေ ရွေးချယ်စရာမရှိဘဲ ကျုပ်ကို ယဲ့ရွှမ်နဲ့ လက်ထပ်ပေးရလိမ့်မယ်”

ယွင်ရိဖေးသည် မတ်တတ်ရပ်လိုက်ပြီး ယဲ့မိသားစုဝင်များဘက်သို့ လှည့်ကာ ပြောသည်။

ထို့နောက် သူက ယဲ့ချန်ရပ်နေရာသို့ လှမ်းကြည့်ပြီး..။

“ယဲ့မိသားစုထဲမှာ မင်းက ပါရမီအကောင်းဆုံး ဆက်ခံသူလို့ ကြားတယ် လာမဲ့သိုင်းပြိုင်ပွဲမှာ မင်းရဲ့အရည်အချင်း  ဘယ်လောက်ရှိလဲဆိုတာ ကြည့်ချင်ပါသေးတယ် မင်းအနေနဲ့ သွေးကြောင်ပြီး ပြိုင်ပွဲကို မရှောင်လွှဲဖို့ မျှော်လင့်တယ်”

“မင်းသာ အစွမ်းအစရှိမယ်ဆိုရင်ပေါ့”

ယဲ့ချန်၏ မျက်လုံးများက အလွန်အေးစက်နေသည်။

ယွင်ရိဖေးသည် ထျန်းချီအဆင့် ၇မျှသော ကျင့်ကြံဆင့်လေးဖြင့် တစ်လောကလုံးအား အပိုင်ရထားသည့်နှယ် ပြုမူနေသည်။ ကမ္ဘာကြီး မည်မျှကျယ်ပြောကြောင်း မသိနားမလည်သေးသည့် ဖားသူငယ်နှင့် တူလှသည်။

ယွင်ရိရွှမ်သည် ဘာစကားမှ မဆိုတော့ဘဲ ခန်းမထဲမှ ထွက်ခွာသွားသည်။ နောက်လိုက်နောက်ပါ တစ်စုလည်း သူ့နောက်မှ လိုက်ပါသွားကြ၏။

“ကျုပ်တို့သွားတော့မယ် ဂရုစိုက်ပါ အစ်ကိုကျန့်ထျန်း”

ချင်ယွိနှင့် ရန်ယင်းတို့လည်း နှုတ်ဆက်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

မဖိတ်ခေါ်ဘဲ ရောက်လာကြသော အနှီဧည့်သည်တစ်စုသည် ခြေလှမ်းကျဲကြီးများဖြင့် ယဲ့မိသားစုရဲတိုက်အား အနောက်ဘက်တွင် ချန်ရစ်ထားခဲ့ကြကာ မြင်ကွင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။

***

All Chapters