ပူးပေါင်းရန် ဆုံးဖြတ်ခြင်း
Vol. 6 Ch. 82
မိုဝူကျီက တိတ်တဆိတ် နေနေလေသည်။ သို့သော်လည်း ယန်ချင်ယင်က ရိုးရှင်းသော ဆေးလုံးဆရာ မဟုတ်ချေ။ ထို့အပြင် သူမက ငယ်ငယ်ရွယ်ရွယ်ဖြင့် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် ဆေးလုံးဆရာ အဖြစ် အမြင့်မားဆုံး နေရာကို ယူထားနိုင်လေသည်။ ဂိုဏ်းအတွင်းရှိ သူမ၏ အဆင့်အတန်းကား ဂိုဏ်းခေါင်းဆောင်နှင့်ပင် ယှဉ်လို့ ရလေ၏။ သူမက မိုဝူကျီ အမူအရာကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သူသည် ထိုအရာကို မလုပ်ချင်ကြောင်း သိ၏။
“ဂျူနီယာ မောင်လေးမို ... ဒီအရဲစွန့်မှုက လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ် ... ဒါပေမဲ့ ကျင့်ကြံခြင်း လောကမှာ အန္တရာယ်ကို ရင်မဆိုင်ဖူးတဲ့ ပါရမီရှင်တွေ မရှိဖူးဆိုတာ အပိုပြောတာ မဟုတ်ဘူးနော် ... အများစုက သေခြင်းတရားနှင့် လက်တစ်လုံးခြား ကြုံတွေ့ခဲ့ရတာ ချည်းပဲ ... မင်းရဲ့ ကျင့်ကြံခြင်း လမ်းစဉ်မှာ ချောမွေ့နေရင် ပါရမီရှင် ဖြစ်ဖို့ မဖြစ်နိုင်ဘူး ... မင်းရဲ့ ကျင့်ကြံခြင်းက ချောချောမွေ့မွေ့ ဖြစ်နေရင်တောင် သေခြင်း ရှင်ခြင်း အတွေ့ကြုံတွေ မရှိဘဲ အစစ်အမှန် ကျင့်ကြံသူ ဖြစ်လာမှာ မဟုတ်ဘူး ... ” ယန်ချင်ယင်က မိုဝူကျီဆီတွင် တစ်ခုခုကို သတိထားမိဟန်ဖြင့် စတင်၍ အကြံပေး လိုက်လေသည်။
မိုဝူကျီက ပြုံးလိုက်သော်ငြား ဘာမျှ ပြန်မပြောခဲ့ပေ။ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေ၏။ သူ့ကို လူများက အကြံဉာဏ် ပေးရန် မလိုအပ်ပေ။ သူက ဤကမ္ဘာကို ရောက်ရှိ လာသည်မှာ အချိန်တိုတွင်း ဖြစ်သော်ငြား သူ့ရင်ဆိုင်ခဲ့ရသော သေခြင်း၊ ရှင်ခြင်းများကား သူ့ရှေ့တွင် ရှိနေသော မိန်းကလေးထက်ပင် ပိုများနိုင်သေး၏။
အကယ်၍ ထိုအရာက ထိုက်တန်လျှင် သူ့အား ဖြောင့်ဖြရန် မည်သူကိုမျှ မလိုပေ။ မဟုတ်ပါက သူသည် သူ့အသက်အား ပြက်လုံး တစ်ခုကဲ့သို့ မမြှုပ်နှံနိုင်ချေ။
“ဂျူနီယာ မောင်လေးမို ... မင်းရဲ့ ကျင့်ကြံအဆင့်က နိမ့်သေးတယ် ငါတို့ဂိုဏ်း အတွက် ဓားသိုင်းကျင့်စဉ် အကောင်းတစ်ခုက ဘယ်လောက် အရေးပါလဲဆိုတာ သိဦးမှာ မဟုတ်လောက် သေးဘူး ... ..”
မိုဝူကျီက ထပ်၍ ရေငုံနှုတ်ပိတ် မနေတော့ဘဲ ယန်ချင်ယင် စကားများကို ဖြတ်ပြော လိုက်လေသည်။
“စီနီယာ အစ်မယန် ... ကျွန်တော်က အစေခံ တပည့်ပဲလေ ... .”
ယန်ချင်ယင်က ရုတ်ခြည်း ရပ်တန့် လိုက်လေ၏။ ဟုတ်သား မိုဝူကျီက အစေခံတပည့်သာ ဖြစ်သေး၏။ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် အစေခံတပည့်က ဂိုဏ်းနှင့် ပတ်သက်နေသည်ဟု ပြော၍ မရပေ။ သူ့ကို ဓားသိုင်း ကျင့်စဉ်ဖြင့် ဆွဲဆောင်သည်မှာ ကျွဲပါး စောင်းတီး ဖြစ်နေလေ၏။
သို့သော်လည်း ဂိုဏ်းကို ရောက်လာသောသူ မည်သူမဆို ကျင့်ကြံခြင်းနှင့် ပတ်သက် လာလျှင် အစေခံတပည့်ပင် ဖြစ်နေပါစေ အတူတူ ဖြစ်ကြောင်း ယန်ချင်ယင်က နားလည်လေသည်။
“ဂျူနီယာ မောင်လေးမို ... အခု လက်ရှိ မင်းရဲ့ ကျင့်ကြံစဉ်က ဘာလဲ ... .” ယန်ချင်ယင်က ကျင့်စဉ်များ၏ ရှုထောင့်ကနေ ခွဲခြားစိတ်ဖြာ ပြရန် ဆုံးဖြတ် လိုက်လေသည်။ သူ့အား သာလွန်လှသော ကျင့်စဉ်နှင့် နိမ့်ကျသော ကျင့်စဉ်များ၏ ခြားနားချက်ကို သိစေလိုသည်။
မိုဝူကျီ အမူအရာကား ရုတ်တရက် အလေးအနက် ဖြစ်သွားပြီး လက်ကို ဆုပ်ကာ ပြောလိုက်သည်။
“စီနီယာ အစ်မယန် ... ကျွန်တော်က အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်နေတာပါ ... .”
ယန်ချင်ယင်က မိုဝူကျီ စကားများ ကြားသောအခါ ပါးစပ် ဟောင်းလောင်း ဖြစ်သွားပြီး တံတွေးများပင် သီးထွက်လု မတတ် ဖြစ်သွားလေသည်။
‘အင်မော်တယ် မော်တယ် ကျင့်စဉ်’ ကို ထိုသို့သော အလေးအနက်ပုံဖြင့် ပြောခြင်းကို သူမအနေနှင့် ပထမဆုံး တွေ့မြင်ဖူးတာ ဖြစ်လေ၏။ ထို့အပြင် ထိုကဲ့သို့ လေးနက်မှုကား ကျင့်စဉ်ကို အစစ်အမှန် လေးစားရာမှ ထွက်ပေါ် လာခြင်းသာ ဖြစ်လေသည်။ အကယ်၍ သူမသာ ရယ်မောခြင်းကို နှစ်သက်သောသူ တစ်ယောက် ဖြစ်နေခဲ့လျှင် ဝက်ဝက်ကွဲ အူတတ်မတတ် ရယ်မော လိုက်လေပြီ။
ခဏအကြာတွင် သူမက ဆက်ပြော လိုက်လေသည်။
“ဂျူနီယာ မောင်လေးမို... ‘အင်မော်တယ် မော်တယ် ကျင့်စဉ်’က ဈေးရောင်းသူတွေ ခေါ်တဲ့ အခေါ်အဝေါ်လေ ... နာမည်က အထင်ကြီးဖွယ် ဖြစ်ပေမဲ့လည်း တကယ်တမ်းကျ ‘အခြေခံ ကျင့်စဉ်’ တစ်ခုပဲလေ ... နောက်တစ်ခါကျ မင်း အဲဒါကို ‘အင်မော်တယ် မော်တယ် ကျင့်စဉ်’ လို့ ထပ်မခေါ်သင့်ဘူး ... .”
သူမက မိုဝူကျီ မျက်နှာပျက် သွားမည်ကိုလည်း စိုးရိမ်မိ၏။
မိုဝူကျီက ခေါင်းညိတ် လိုက်ပေမဲ့ ဆက်ပြော လိုက်လေ၏။
“စီနီယာ အစ်မယန် ... ပြောပြတဲ့ အတွက် ကျေးဇူးတင်ပါတယ် ... ဒါပေမဲ့ ကျွန်တော့်ရဲ့ ‘အင်မော်တယ် မော်တယ် ကျင့်စဉ်’က အမှန်တကယ်ပါ ... တကယ်လို့ တစ်ယောက်ယောက် မေးရင်လည်း တူညီတဲ့ အဖြေပဲ ပေးမိမှာပါ ... အဲဒီအရာ အတွက် ရှက်စရာ မလိုပါဘူး ... ..”
မိုဝူကျီက ထိုကျင့်စဉ်ကို အမှန်တကယ် လေးစား ယုံကြည်လေ၏။ သူ့အတွက် ထိုကျင့်စဉ်ကား နာမည်နှင့် လိုက်ဖက်သည်ဟု အမှန်တကယ် ခံစားမိလေသည်။
တချို့သော လူများက ကျင့်ကြံခြင်း နှေးကွေးခြင်းကြောင့် အမှိုက်သရိုက်ဟု သမုတ် ကြသော်လည်း မိုဝူကျီ အတွက်တော့ ရွှေဖြစ်နေလေ၏။ သေမျိုးမှ အင်မော်တယ် အထိ တက်လှမ်းနိုင်သော တစ်ခုတည်းသော ကျင့်စဉ် ဖြစ်လေသည်။ သေမျိုး ဝိညာဉ်ကြော ရှိသော သေမျိုးတစ်ယောက် အတွက် ထိုနာမည်တွင် မုသားများ မပါဝင်ကြောင်း သေချာလေသည်။
မိုဝူကျီက ခေါင်းမာသည်ကို မြင်သောအခါ ယန်ချင်ယင်က နားစပ်ကို ပွတ်ကာ ထပ်ပြော လိုက်လေသည်။
“အဲဒါဆို ကောင်းပြီလေ ... မင်းက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်ရင်တောင် တကယ့် တတ်ကျွမ်းသူ ဖြစ်ဖို့ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်တွေ လိုဦးမှာပဲလေ ... မင်းက ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းတဲ့ အခါ အဲဒီစွမ်းအင် ကျင့်စဉ်တွေက အားကောင်းတဲ့ ကျင့်ကြံသူတွေ အတွက်တောင် ဝှက်ဖဲ ဖြစ်လာနိုင်တယ် ... ...”
ထိုစဉ် ယန်ချင်ယင်က ဆက်၍ မပြောတော့ပေ။ မိုဝူကျီက အစေခံတပည့်သာ ဖြစ်လေ၏။ သူ့တွင် ဆေးလုံး ဖော်စပ်နိုင်စွမ်း ရှိသည်ကိုက အံ့ဩဖွယ် ဖြစ်နေပြီ ဖြစ်လေသည်။ သို့သော်လည်း သူ့ကျင့်ကြံခြင်းကား လိုအပ်နေ၍ သူ့ဝိညာဉ်ကို အောင်အောင်မြင်မြင် တည်ဆောက် နိုင်မည် မဟုတ်လောက်ပေ။ ဝိညာဉ် တည်ဆောက်ခြင်း အဆင့်နှင့် သိမ်းသွင်းလျှင် ရိုးရှင်းလှလေ၏။
ယန်ချင်ယင်က သက်ပြင်း ချလိုက်ပြီး ပြောဆိုခြင်း ရပ်တန့် လိုက်လေသည်။ သူမက မိုဝူကျီ မသွားချင်သည့် အကြောင်းရင်းကို နားလည်လေ၏။ အကယ်၍ သူမသာ မိုဝူကျီ နေရာတွင် ရှိနေပါက သူမလည်း သွားချင်မှာ မဟုတ်ပေ။ ထိုအဆင့်သို့ မရောက်နိုင်သော သူကို ဝိညာဉ် တည်ဆောက်ခြင်း အဆင့် စွမ်းအင် ကျင့်စဉ်များနှင့် ဖြားယောင်းခြင်းက သူသာ ဆွဲဆောင် ခံရပါလျှင် အထူးအဆန်း ဖြစ်နေမှာ အသေချာပင်။
စွမ်းအင် ကျင့်စဉ်တွေလား ... ...
မိုဝူကျီ မျက်လုံးတွင် အရောင် လက်လာလေသည်။ သာမန် ကျင့်စဉ်များက သူ့အား မဆွဲဆောင် နိုင်သော်လည်း စွမ်းအင် ကျင့်စဉ်က ဆွဲဆောင် နိုင်လေ၏။ ယန်ချင်ယင် စကားများနောက် အသံယောင် လိုက်ရင်း ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ရောက်သည့်အခါ စွမ်းအင်ကျင့်စဉ်က အလွန် အရေးပါလိမ့်မည်။ တကယ်တမ်းတွင် သူသည် စွမ်းအင် ကျင့်စဉ်များ၏ သဘောသဘာဝကို သိသော်လည်း သူ့၏ အခြေခံ ကျင့်စဉ်ကို ရဖို့ပင် အလွန့်လွန် ခက်ခဲလှပေ၏။ တချို့သော စွမ်းအင် ကျင့်စဉ်များရရန်က စိတ်ကူးယှဉ် အိပ်မက်သာ ဖြစ်လေသည်။
“စီနီယာ အစ်မယန် ... စွမ်းအင် ကျင့်စဉ်တွေရှိတာ သေချာရဲ့လား ... ” မိုဝူကျီ မျက်လုံးများကား မေးခွန်း မေးလိုက်ရင်း တဖျတ်ဖျတ် တောက်ပနေလေ၏။
ယန်ချင်ယင်က မိုဝူကျီကို ကြည့်လိုက်ရင်း ပြန်ဖြေ လိုက်လေသည်။
“အဲဒီလို အရာတွေ ရှိတာတော့ ဘယ်လိုလုပ် သေချာသိမှာလဲ ... ဒါပေမဲ့ အဲဒီနေရာက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ စီနီယာ တစ်ယောက်က ချန်ထားခဲ့တာ ဆိုတော့ စွမ်းအင် ကျင့်စဉ် တချို့တော့ တွေ့မှာပါ ... ...”
“စီနီယာ အစ်မယန် ... ကျွန်တော် ပါမယ်ဗျာ ... ကျွန်တော်က ဘာလုပ်ဖို့ လိုတာလဲ ပြောပါဦး ... ” မိုဝူကျီက ပြောဖို့ရာ မတွန့်ဆုတ် နေတော့ပေ။
ယန်ချင်ယင်က မိုဝူကျီကို တအံ့တဩ ကြည့်လိုက်လေသည်။ အရင်က သူမသည် သူ့အား ဆွဲဆောင်ရန် အားများစွာ ထုတ်ခဲ့ရသော်လည်း သူသည် အနည်းငယ်မျှပင် စိတ်မဝင်စားပေ။ သို့သော် သူမ လက်လျှော့မည့် အချိန်မှ သူက သူမနှင့် သွားရန် သဘောတူ လိုက်လေသည်။
“မင်းက စွမ်းအင် ကျင့်စဉ်တွေ လိုချင်တာလား ... .” ယန်ချင်ယင်က မိုဝူကျီသည် စွမ်းအင် ကျင့်စဉ်များ လိုချင်ကြောင်း မှန်းဆမိလိုက်၏။
မိုဝူကျီက ခေါင်းညိတ် ပြလိုက်ပြီး
“ဟုတ်တယ် ... ကျွန်တော့် ဘာသာ ကာကွယ်ဖို့ စွမ်းအင် ကျင့်စဉ်တချို့ လိုချင်တယ်. ... ကျွန်တော် ကျင့်ကြံဆင့်က နိမ့်နေတာ ဆိုတော့ ဘယ်လို ကူညီပေးရမှာလဲ ... ..”
ယန်ချင်ယင်က အားရပါးရ ပြန်ပြော လိုက်လေသည်။
“မင်းက ကူညီနိုင်ရုံတင် မကဘူး အများကြီး ကူညီနိုင်တယ် ... အသက်ဓာတ်စုပ် သားရဲကို ကြားဖူးလား ... ..”
သူမက စွမ်းအင် ကျင့်စဉ်များကို မိုဝူကျီထံ ရှင်းပြသည်က အသုံးမဝင်ကြောင်း သိ၍ လေးတွဲ့ နေမိသည်။
မိုဝူကျီက ခေါင်းခါလိုက်လေ၏။ သူက ဆေးပင်များနှင့် ပတ်သက်လာလျှင် ဗဟုသုတ ရှိသည်ဟု ယူဆ၍ ရသော်လည်း သားရဲများနှင့် နတ်ဆိုး သားရဲများတွင် သူကား လူသစ်သာ ဖြစ်လေ၏။
ယန်ချင်ယင်က မိုဝူကျီ အသက်ဓာတ်စုပ် သားရဲကို မသိသည့် အကြောင်းမှာ ထူးဆန်း လှသည်ဟု မထင်မိချေ။ သူမက ဂရုတစိုက် ရှင်းပြ လိုက်လေသည်။
“အသက်ဓာတ်စုပ် သားရဲက သားရဲတွေထဲမှာ အတော်ကို အဖိုးတန်တယ် ... လူအများကြီးက အဲဒီသားရဲကို ရချင်ကြ ပေမဲ့လည်း မရရှိနိုင်ကြဘူး ... အဲဒီသားရဲမှာ စွမ်းရည် တစ်ခုပဲ ရှိတယ် ... သူများတွေရဲ့ အသက်ဓာတ်ကို ခိုးပြီး စုပ်ယူတာပဲ ... အသက်ဓာတ်ကို ဆေးပင်တွေက ဖြစ်စေ ကျင့်ကြံသူတွေဆီက ဖြစ်စေ အသက်ဓာတ် ရှိသရွေ့ စုပ်ယူနိုင်တယ် ... ”
“စီနီယာ အစ်မယန် ... အဲဒါဆို ဒီမှာ အသက်ဓာတ်စုပ် သားရဲရှိတယ်လို့ ပြောတာလား ... အဲဒါကြောင့် ဆေးပင်တွေရဲ့ အသက်ဓာတ် အားလုံး စုပ်ယူ ခံလိုက်ရပြီး ခြောက်သွေ့ သွားကြတာလား ... ..”
ယန်ချင်ယင်က ပြန်ဖြေ လိုက်လေသည်။
“အမှန်ပဲ ... ဒါပေမဲ့လည်း ဆေးပင်တွေက အသက်ဓာတ်တွေက အဲဒါကြောင့် စုပ်ယူခံလိုက် ရတာလားတော့ မသေချာဘူး ... သားရဲ ပိုင်ရှင်ရဲ့ လက်ချက်လည်း ဖြစ်နိုင်တယ် ... ဒီနေရာမှာ သားရဲက မှော်ဆန်ဆန် ပေါ်လာတာတော့ မဖြစ်နိုင်ဘူး ... တစ်ယောက်ယောက် ကသာ ခေါ်ခဲ့လို့ မဟုတ်ဘူးဆိုရင် အသက်ဓာတ်စုပ် သားရဲက နတ်ဓားတောင်ထဲ ဝင်နိုင်မယ် ထင်လား ... ..”
မိုဝူကျီ မျက်နှာတွင် လေးနက်သော အမူအရာ ဖြတ်ပြေး သွားလေသည်။ သူသည် အရင်တုန်းက အသက်ဓာတ်စုပ် သားရဲကို မမြင်ဖူးချေ။ သို့သော် ယန်ချင်ယင်၏ ပုံစံအရ သူ့အတွက် အတော်အလှမ်း ကွာကာ အင်အားကြီးမည် ဖြစ်ကြောင်း သိလိုက်သည်။ အကယ်၍ ပိုင်ရှင်နှင့်သာ ထိပ်တိုက် ဖြေရှင်းရလျှင် သေခြင်းကို လက်ယပ် ခေါ်နေခြင်းသာ ဖြစ်ရမည်။
မိုဝူကျီ အတွေးများကို ထိုးဖောက်သိနေ သကဲ့သို့ ယန်ချင်ယင်က ပြုံးကာ ပြန်ပြော လိုက်လေသည်။
“အရမ်း စိုးရိမ်ဖို့ မလိုပါဘူးတကယ်လို့ ဒီသားရဲငယ်လေးကို ဒီအတိုင်း ထားခဲ့ပုံ ထောက်ရင် ... အသက်ဓာတ်စုပ် သားရဲ ပိုင်ရှင်က မရှိလောက်တော့ဘူး ... ပြီးတော့ ငါ ထွက်ပြေး လာတုန်းက သားရဲက အလွန်ဆုံး အဆင့်သုံး သားရဲအဆင့်ပဲ ရှိသေးတယ် ... ငါတို့ရဲ့ အဆင့်အနေနဲ့ ဆိုရင် လူသား အဆင့်လွန်နဲ့ အဆင့်တူတယ် ... သားရဲသာ ငါ့ကို ရုတ်တရက် တိုက်ခိုက်တာ မဟုတ်ရင် ဒီလိုမျိုး ဆိုးရွားလှတဲ့ ရလဒ်ဖြစ်လာမှာ မဟုတ်ဘူး ... ..”
လူသားအဆင့်လွန် ဖြစ်နေသော အဆင့်ကို ငယ်သည်ဟု ယူဆ၍ ရသည်လား ... ..
နောက်တစ်ဆင့်သာ ထပ်တက်လျှင် ယွန်ဒန် အဆင့်သို့ ရောက်ပေတော့မည်။ ထိုအဆင့်ကား စိတ်ကူးယဉ် မြေကမ္ဘာ အဆင့်ထဲမှ တစ်ခု ဖြစ်လေ၏။
“အဲဒါဆို စီနီယာ အစ်မယန်က ဘယ်အဆင့်လဲ ... ” မိုဝူကျီက တခြားသူများ၏ ကျင့်ကြံဆင့်ကို မေးခြင်းက ရိုင်းမှန်း သိသော်ငြား ထိုကိစ္စတွင် သူ့အသက်လေးပါ ပါဝင်နေသည် မဟုတ်ပါလော။ ထို့ကြောင့် မေးကြည့်ရန် လိုအပ်လေသည်။
“ငါက လူသား အဆင့်လွန် ပြီးပြည့်စုံ အဆင့်ပဲ ... တကယ်လို့ ငါတွေ့ခဲ့တာက အသက်ဓာတ်စုပ် သားရဲ မဟုတ်ဘူးဆိုရင် အဲဒီနေရာကို ဝင်ဖို့ အကူအညီ လိုမှာမဟုတ်ဘူး ... ” ယန်ချင်ယင်က ပြတ်ပြတ် ပြောလိုက်လေသည်။
မိုဝူကျီက စိတ်ထဲတွင် ညည်းတွား နေလေ၏။ သူမသည် အသက်ဓာတ်စုပ် သားရဲနှင့် အဆင့်တူတွင် ရှိနေသေးသည် ဖြစ်ကာ မည်ကဲ့သို့ သူမက ဖြေရှင်း နိုင်လိမ့်မည်ဟု သေချာ နေသနည်း။ ထို့အပြင် သူ့ကျင့်ကြံဆင့်က နိမ့်သည့်အတွက် မည်ကဲ့သို့ အကူညီ ဖြစ်မည်နည်း။
“ဂျူနီယာ မောင်လေးမို ... ငါ့မှာ မူလအသက် ဆေးလုံး ဖော်စပ်နည်း ရှိတယ် ... အဆင့်နှစ် ဆိုပေမဲ့ မင်းရဲ့ အသက်ဓာတ် ကိုတော့ ပြန်လည် ဖြည့်တင်းပေးပြီး လျော့နည်းခြင်းကို ကာကွယ် ပေးလိမ့်မယ် ... ဒါပေမဲ့ ဆိုးကျိုး တစ်ချက် ရှိတယ် ... ဆေးစွမ်းက ခဏတာပဲ ခံမယ် ... ဖော်စပ်ပြီး တစ်ခါတည်း စားဖို့ လိုအပ်တယ် ... .”
ယန်ချင်ယင် စကားဆုံးသည်ကို မစောင့်ဘဲ မိုဝူကျီက သူမ၏ ရည်ရွယ်ချက်ကို နားလည် သွားလေ၏။
“စီနီယာ အစ်မယန် ... ကျွန်တော့်ကို ခင်ဗျားနောက် လိုက်ပြီး မူလအသက် ဆေးလုံးကို ဖော်စပ်ဖို့ ကူညီ စေချင်တာလား ... ..”
ယန်ချင်ယင်က ခေါင်းညိတ်ပြ လိုက်ပြီး
“ဟုတ်တယ် ... ငါက သားရဲ တိုက်ခိုက်မှုတွေကို ကာပေးထားမယ် မင်းက ဆေးလုံး ဖော်ရုံပဲ ... ငါတိုက်နေတုန်းမှာ မင်းက ဆေးလုံးကို ငါ့ပါးစပ်ထဲ ထည့်ပေးရမယ် ... .”
သူ့အကူအညီ လိုအပ်သည်မှာ မထူးဆန်းတော့ချေ။ သူမက သူ့အား ဆေးလုံး ဖော်စပ်ရန် လိုအပ်ခြင်း ဖြစ်လေ၏။ သူမ၏ အစီအစဉ်ကို နားထောင်ပြီး မိုဝူကျီက ကိုးရိုးကားရား ပြောလိုက်လေသည်။
“ဒါပေမဲ့ စီနီယာ အစ်မယန် ကျွန်တော်က အခုမှ အဆင့်တစ် ဆေးလုံးဆရာ ဖြစ်ခါစလေ ... ..”
***