ငါ့ကို စုမင်လို့ ခေါ်နိုင်တယ်
Vol. 115 Ch. 1601
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်သည် မန်ဟို တတ်မြောက်ခဲ့သည့် ပထမဆုံးမိစ္ဆာချုပ်နှောင်မန္တန် ဖြစ်သလို၊ အများဆုံးအသုံးပြုသည့် မန္တန်လည်း ဖြစ်၏။ ၎င်းက သူ့အတွက် အနှစ်သာရတစ်ခု မွေးဖွားပေးခဲ့သော ပထမဆုံးချုပ်နှောင်မန္တန်ဆိုလည်း မမှားပေ။
အာကာသအနှစ်သာရသည် အပြည့်အဝထုတ်လွှတ်ခံလိုက်ရသည်နှင့် အတိုင်းထက်အလွန် ကြောက်မက်ဖွယ်ကောင်း၏။ မှန်သည်၊ မန်ဟို့အနေဖြင့် လက်ရှိကျင့်ကြံအဆင့်ကြောင့် အဋ္ဌမမန္တန်အား အမြင့်ဆုံးအစွမ်းအထိ ထုတ်သုံးနိုင်သည်။
သူ မြင်သမျှ မည်သည့်အရာကိုမဆို နှစ်ဖက်မြင်ပန်းချီကားသဖွယ် အတိုင်းနှစ်ခုဒိုင်မန်းရှင်းထဲ၌ ပိတ်လှောင်နိုင်သည်။ သို့ဖြစ်၍ မန်ဟိုသာ စိတ်ရှိလျှင် သူမြင်မြင်သမျှအရာအားလုံးအား ချုပ်နှောင်နိုင်၏။
အဋ္ဌမမန္တန် ထုတ်လွှတ်ခံလိုက်ရသဖြင့် မိုးထစ်ချုန်းသံများ ပဲ့တင်ထပ်နေသည်။ မန်ဟို့အတွက် ကြယ်တာရာကောင်းကင်တစ်ခုလုံးသည် ပန်းချီဆွဲရာပတ္တူစဖြစ်လာ၏။ တစ္ဆေလောကဂိတ်တံခါးနှင့် ၎င်းအတွင်းမှ ဆန့်ထွက်လာနေသော တစ္ဆေလက်ကြီးပင်လျှင် ပန်းချီကား ဖြစ်သွားသည်။
ချုပ်နှောင်ခြင်းမန္တန် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြယ်တာရာကောင်းကင်တစ်ခုလုံး တဝုန်းဝုန်း လှုပ်ခတ်တုန်ခါလာသည်။
“ပျက်စီးစမ်း” သူက သတ်ဖြတ်လိုစိတ်တို့ဖြင့် မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် ပြောသည်။ ပတ္တူစသည် စုတ်ပြဲသွားပြီး အနက်ရောင်တစ္ဆေလက်ကြီး ပေါက်ကွဲသွားသည်။ ဧရာမတစ္ဆေဂိတ်တံခါးကြီးလည်း ပတ္တူစနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွား၏။
တစ္ဆေမှာ ပြိုကွဲတော့မတတ် တုန်ရီနေပြီး သူ့မျက်နှာသည် တွန့်လိမ်ပုံပျက်နေလေသည်။ သူ ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည့်အခါ သူ့အနောက်ရှိ တစ္ဆေဘုရင်ကြီးက ပြန်တိုက်ခိုက်ဖို့ပြင်သည်။ သို့သော် ထိုအချိန်မှာပဲ မန်ဟိုက အဋ္ဌမမန္တန်ကို အားထပ်ဖြည့်ရန် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံ ဆင့်ခေါ်လိုက်သည်။
“ငါ့ကောင်းကင်ချုပ်နှောင်ခြင်းမန္တန်ကိုရော၊ ငါ့စစ်လက်နက်ကိုရော မသုံးရသေးဘူး။ လောကပါလနတ်မင်းရဲ့ မှတ်ဉာဏ်တွေထဲက တန်ခိုးရှင်တစ်ယောက်ရဲ့ ပုံတူကိုယ်ပွားကိုတောင် အနိုင်မယူနိုင်ရင် ငါက တစ္ဆေအစစ်နဲ့ တန်းတူရပ်တည်ပိုင်ခွင့် ဘယ်လိုလုပ်ရှိတော့မလဲ
“ပျက်စီးစမ်း” မန်ဟိုသည် မျက်လုံးများအေးစက်စွာ တောက်ပနေလျက် လက်နှစ်ဖက်ဖြင့် အားပါပါစုတ်ဖြဲလိုက်ဟန် လုပ်သည်။ တစ္ဆေမှာ တောင့်မခံနိုင်တော့၍ တစ္ဆေဘုရင်လည်း ပြိုကွဲစပြုလာသည်။ သို့သော် မန်ဟို့စိတ်ထဲရှိ အန္တရာယ်အချက်ပေးခေါင်းလောင်းသံများသည် ပိုမိုဆူညံလာ၏။
သူက တစ်ချက်လေးပင်တွန့်ဆုတ်မနေဘဲ ဘေးခုန်လိုက်သည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်အလင်းတန်းတစ်တန်းက သူ့ညာပခုံးကို ဖောက်ထွက်သွား၏။ ညာလက်တစ်ဖက်လုံး အငွေ့ပျံသွားပြီး သွေးများက ရေပန်းသဖွယ် ဖြာထွက်သွားသည်။ ထို့နောက် မန်ဟိုက ဖျတ်ခနဲ ပျောက်ကွယ်ကာ အဝေး၌ ပြန်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် အေးစိမ့်စိမ့်သေခြင်းအငွေ့အသက်များ တထောင်းထောင်း ထလာပြီး မန်ဟို့ဆီ တန်းတန်းမတ်မတ် ထိုးစိုက်လိုက်သော လက်ချောင်းတစ်ချောင်း ပေါ်လာ၏။
မန်ဟို့မျက်လုံးများ မီးဝင်းဝင်းတောက်သွားပြီး အားမာန်အပြည့်ဟိန်းဟောက်လိုက်ကာ သူ၏ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်နှင့်ကြယ်တာရာကောင်းကင်အား ကြေမွသွားစေပြီး လေဆင်နှာမောင်းတစ်လုံး ဖြစ်လာစေသည်။ သူ့အနောက်ရှိ မိစ္ဆာဘုရင်လည်း ဒေါသတကြီးဟိန်းဟောက်ရင်း လာနေသောလက်ချောင်းဆီ ပြေးတက်သွား၏။
ထိုအခိုက်အတန့်တွင် အေးစက်စက်နှာမှုတ်သံနှင့်အတူ ဧရာမအရိပ်ကြီးတစ်ခု ဘွားခနဲ ပေါ်လာသည်။ အရိပ်ကြီးသည် မည်းနက်နေပြီး မိစ္ဆာတစ်ကောင်နှင့် တူသော်လည်း အမျိုးမျိုးအထွေထွေပြောင်းလဲတတ်မှု ကင်းမဲ့နေ၏။ ၎င်းကား .... သေခြင်းအငွေ့အသက်များ လှိုင်လှိုင်ထနေသည့် ရှေးနတ်ဆိုးတစ္ဆေတစ်ကောင်ပင်။
မိစ္ဆာဘုရင်နှင့် နတ်ဆိုးတစ္ဆေတို့ ဝင်တိုက်သွားသဖြင့် အုန်းခနဲအသံအကျယ်ကြီး ရိုက်ညောင်းသွားပြီး တုန်ခါလှိုင်းကြီးတစ်လုံး လိမ့်ထွက်လာသည်။ မန်ဟိုမှာ သွေးအန်လျက် နောက်ဆုတ်ရပြန်သည်။ ထောင်ချောက်ထဲမှ လွတ်အောင် ရုန်းထွက်နိုင်ခဲ့ပြီးနောက် မန်ဟိုသည် ခေါင်းမော့၏။ အငွေ့ပျံသွားခဲ့သော သူ့ညာလက်က လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာသည်။ သူ ယခုကြည့်နေသည်မှာ ကြောက်မက်ဖွယ် နတ်ဆိုးချီများဖြင့် နတ်ဆိုးတစ္ဆေကြီးမဟုတ်တော့၊ ၎င်းအောက်၌ ပျံဝဲနေသော အနက်ရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်ကိုပင်။
လူငယ်၏ပုံပန်းသွင်ပြင်မှာ သာမန်ဖြစ်သော်လည်း သူ့မျက်နှာအပေါ်၌ ထူးထူးဆန်းဆန်း အနက်ရောင်အမှတ်များရှိပြီး သူသည် လူရိုင်းအငွေ့အသက်ကို ထုတ်လွှတ်နေ၏။
“နတ်ဆိုး” မန်ဟိုက ပြောသည်။ ဤလူငယ်ကို တစ်ခါမှ မမြင်ခဲ့ဖူးသော်လည်း သူ တန်းသိလိုက်၏။ ဤသည်မှာ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တွင် တန်ခိုးရှင်အဆင့်တက်ခဲ့သည့် ဒုတိယပုဂ္ဂိုလ်၊ နတ်ဆိုးလောကမှ ချုံမန်းတိုင်၏ဆရာပင်။
မန်ဟို တစ္ဆေဘုရင်အား ဖျက်စီးတော့မည့်အခိုက်အတန့်တွင် ဤလူငယ်က အငိုက်ဖမ်းကာ မန်ဟို့အား ဒဏ်ရာရစေခဲ့သည်။
မန်ဟိုက မထိန်းချုပ်တော့သည့်အတွက် သူ၏အဋ္ဌမမန္တန်မှာ ပြိုကွဲလာပြီး တစ္ဆေအပေါ်ရှိ ချုပ်နှောင်ခြင်းအမှတ်အသားလည်း စတင်မှေးမှိန်လာသည်။ တစ္ဆေ လွတ်မြောက်လာဖို့ ကြာတော့မည်မဟုတ်ပေ။
သူ လွတ်လာလျှင် မန်ဟို့အနေဖြင့် တစ္ဆေနှင့် နတ်ဆိုးကို တစ်ပြိုင်တည်း ရင်ဆိုင်ရလိမ့်မည်။
“နတ်ဆိုးလို့ အခေါ်ခံရတာကို ငါ မကြိုက်ဘူး” အနက်ရောင်ဝတ်ရုံနှင့်လူငယ်က ပြောသည်။ “ငါ့ကို စုမင်လို့ ခေါ်နိုင်တယ်” လူငယ်၏မျက်လုံးများသည် ဆန်းကြယ်သောအလင်းရောင်ဖြင့် တောက်ပနေပြီး သူ့မျက်နှာပေါ်ရှိ အနက်ရောင်အမှတ်များက ရုတ်တရက် လူးလွန့်လှုပ်ရှားကာ ပြန့်ကားလာကြ၏။
လူငယ်သည် စကားပြောပြီးလျှင်ချင်း ညာလက်ကို ဆန့်တန်းလိုက်သည်။ တဂျိန်းဂျိန်းထစ်ချုန်းသံများနှင့်အတူ သူသည် ပုံစံပြောင်းလဲလာရင်း တဖြည်းဖြည်း အကိုင်းအခက်များပေါင်းများစွာဖြင့် ဧရာမသစ်ပင်ကြီးတစ်ပင် ဖြစ်သွား၏။ သစ်ပင်ကြီးက တိုက်ခိုက်လိုစိတ်များ မျက်လုံးများတွင် တောက်ပနေလျက် မန်ဟို့ဆီ ပျံသန်းလာသည်။
မန်ဟိုက ၎င်းကို ကြည့်ရင်း ရုတ်တရက် ဟက်ခနဲ ရယ်သည်။
“ကျေးဇူးအများကြီးတင်တယ် လောကပါလနတ်မင်း။ မင်းကျေးဇူးနဲ့ အတိတ်တုန်းက အစွမ်းအထက်ဆုံးလူတွေကို တိုက်ခိုက်နိုင်တဲ့ အခွင့်အရေးရသွားပြီ။ သူတို့က ငါ့ထက် ပိုအားကြီးလား၊ အားနည်းလား အကဲစမ်းကြည့်ဖို့ သိပ်စိတ်ဝင်စားမိတယ်” မန်ဟိုသည် ရိပ်ခနဲ အနက်ဝတ်လူငယ်ထံ ထွက်သွား၏။ သူက အနားရောက်သွားသည့်အခါ လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်၍ မီးပင်လယ်တစ်စင်း ဆင့်ခေါ်သည်။ အသက်ရှူချိန်အနည်းငယ်အတွင်း မိစ္ဆာဘုရင်ကြီး ပြန်ပေါ်လာသဖြင့် မီးတောက်မီးလျှံများသည် ခရမ်းရောင်ဖြစ်သွား၏။
မိစ္ဆာဘုရင်နှင့် နတ်ဆိုးတစ္ဆေ ဝင်တိုက်သွားစဉ် မန်ဟိုက စုမင်နှင့် စတင်တိုက်ခိုက်သည်။ နှစ်ယောက်လုံးသည် တန်းတူညီတူ မြန်၏။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် မထိဘဲ မှော်အတတ်များ၊ နတ်ဘုရားစွမ်းရည်များဖြင့် တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ကြယ်တာရာကောင်းကင်မှာ စိစိညက်ညက် ကြေမွနေပြီး ဟင်းလင်းပြင်သည်လည်း ကွေးညွတ်ပြိုကျရသည်။ တခဏလေးအတွင်း နတ်ဘုရားစွမ်းရည်ပေါင်းမရေမတွက်နိုင်အောင် ထုတ်လွှတ်နေသည့်အလား ထင်ရသည်။ ထို့နောက် ရှုချင်က ရုတ်တရက် ရှေ့တစ်လှမ်းလှမ်းလိုက်ရာ သူ၏တန်ခိုးသည် စတင်မြင့်တက်လာ၏။ ထို့နောက် နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်း။
မန်ဟိုလည်း ကျယ်လောင်စွာ အော်ရယ်ရင်း ရှေ့လျှောက်သွားသည်။ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်း...
သူတို့သည် တစ်ယောက်ထံတစ်ယောက် လျင်မြန်စွာ ချဉ်းကပ်သွားပြီး နှစ်ယောက်လုံး ခြေခုနစ်လှမ်းလျှောက်ပြီးသည့်အခါ သူတို့၏တန်ခိုးကား စိတ်ကူးဖြင့်ပင်မှန်းဆမကြည့်နိုင်သော အဆင့်သို့ မြင့်တက်သွားတော့၏။ စုမင်အရှေ့ရှိ ကြေမွနေသည့်ဟင်းလင်းပြင်ထဲမှ ခြေဖဝါးကြီးတစ်ခုကား မန်ဟို့အပေါ် နိမ့်ဆင်းလာသည်။ သို့သော် မန်ဟို၏ခုနစ်လှမ်းမြောက်ခြေလှမ်းလည်း အလားတူပင်။
ဒုန်းးးးးးးးးးးးးးးးးးးးးးးးး
နားကွဲလုမတတ် ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။ စုမင်နှင့်မန်ဟိုတို့နှစ်ယောက်လုံး ပါးစပ်များ သွေးများပန်းထွက်လျက် တစ်ယောက်ထံမှတစ်ယောက် လွင့်ထွက်သွား၏။ သို့သော် တခဏကြာသော် သူတို့သည် တိုက်ခိုက်ဖို့ တစ်ယောက်ဆီ တစ်ယောက် ပြန်ဦးတည်သွားကြ၏။
ကြည့်ရသရွေ့ နှစ်ယောက်မှာ လက်ရည်တူနေသည့်အလားပင်။
ကံဆိုးစွာနှင့် တစ္ဆေနှင့်နတ်ဆိုးနှစ်ယောက်လုံးတွင် ယခုထက်ထိ ထုတ်မသုံးရသေးသည့် သူ၏ကောင်းကင်ချုပ်နှောင်ခြင်းမန္တန်ကဲ့သို့ ဝှက်ဖဲကိုယ်စီရှိကြောင်း မန်ဟို ခံစားနေရသည်။ သို့သော် .... လောကပါလနတ်မင်း၏မှတ်ဉာဏ်က ထိုဝှက်ဖဲများအား အပြည့်အဝမမှတ်မိခြင်းလည်း ဖြစ်နိုင်သည်။ လောကပါလနတ်မင်းသည် လောလောဆယ်တွင် များစွာအားနည်းနေခဲ့ပြီမဟုတ်လော။
မန်ဟိုက အဋ္ဌမမိစ္ဆာချုပ်နှောင်ခြင်းမန္တန်ကို နောက်တစ်ကြိမ် ထုတ်လွှတ်သည်။ ထင်ထားသည့်အတိုင်း သူ့ရန်သူမှာ ချုပ်နှောင်ခံလိုက်ရရာ မန်ဟို့အား တိုက်ခိုက်ခွင့်ရသွားစေသည်။ တိုက်ပွဲက ကြယ်တာရာကောင်းကင်ကို သွက်သွက်ခါနေစေပြီး အနီးနားရှိ အပျက်အစီးများအား အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်စေကုန်၏။
ဤအခိုက်အတန့်မှာပင် တစ္ဆေက ဟိန်း၍ အာကာသစည်းအား ဖောက်ထွက်လာသည်။ ထို့နောက် သူသည် မန်ဟို့အား ဖြည်းဖြည်းချင်း လှည့်ကြည့်၏။
တစ္ဆေကား တွန့်ဆုတ်ခြင်းမရှိ တိုက်ပွဲထဲ ဝင်ရောက်လာသည်။ သူ၏ပထမတိုက်ကွက်က လက်သီးချက်တစ်ချက် ဖြစ်သည်။ အဆိုပါလက်သီးချက်က အဆုံးမဲ့တစ္ဆေအရိပ်များအား ဖြာထွက်လာစေပြီးနောက် လက်သီးထဲ ဝင်ရောက်စုစည်းသွားစေသည်။
မျက်စိတစ်မှိတ်အတွင်း တစ္ဆေ၏လက်သီးတစ်ချက်ကား ဘယ်အရာနှင့်ယှဉ်မရလောက်အောင် အင်အားကြီးမားလာခဲ့လေပြီ။