နတ်ဘုရားဆင်းသက်လာခြင်း
Vol. 115 Ch. 1602
တစ္ဆေပေါင်းများစွာ၏ ဤလက်သီးချက်သည် ခွန်အားအပေါ် မမူတည်။ အမြန်နှုန်းအပေါ် မူတည်၏။ ၎င်းသည် အရိပ်များစွာ ပေါ်လာသည့်တိုင်အောင် မြန်လွန်းသော လက်သီးချက်ပေါင်းသောင်းချီဖြင့် ဖွဲ့စည်းထားသည့်တိုင် လက်သီးတစ်လုံး၏ပုံရိပ်ကိုသာ မြင်ရစေလေသည်။
မန်ဟိုမှာ အံ့အားသင့်သွားသည်။ ဤလက်သီးချက်ကို သူ ခုခံနိုင်သော်လည်း စုမင်ကို ရင်ဆိုင်နေရင်းတန်းလန်း ထိုသို့လုပ်လိုက်ပါက တစ္ဆေရော၊ နတ်ဆိုးကိုပါ ပြိုင်တူရင်ဆိုင်ရမည်ဖြစ်ရာ သူ့အတွက် အသက်အန္တရာယ်များလိမ့်မည်။
လက်သီး နီးကပ်လာနေစဉ် မန်ဟိုသည် သူ့ကိုယ်သူ ကာကွယ်ဖို့ ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံ ဆင့်ခေါ်ရင်း ဟိန်းဟောက်လိုက်၏။ အုန်းခနဲ ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားပြီး သူ့ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူ လွင့်ထွက်သွားသည့်အချိန်မှာပင် စုမင်က ချဉ်းကပ်လာကာ နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်ဖော်သည်။
မန်ဟိုမှာ မျက်နှာမသာမယာဖြင့် သွေးထပ်အန်ရသည်။ သူ့အနေဖြင့် လက်ဦးမှုမရယူနိုင်ခဲ့သည့်အပြင် လက်ရှိအချိန်တွင် ပြန်ရယူနိုင်မည့်အခွင့်အရေးလည်း မရှိပေ။ တစ္ဆေက လက်သီးနောက်တစ်လုံးဖြင့် ထိုးဆင်းလာနေချေပြီ။
မန်ဟိုမှာ တစ္ဆေနှင့် နတ်ဆိုး၏ တစ်လှည့်စီ ထိုးနှက်ခြင်းကို မရှုမလှခံနေရသည်။ သူ့ဆံပင်များသည် စုတ်ဖွာနေပြီး သူ့အခြေအနေမှာ အားရစရာမကောင်းပေ။ သူ့မှာ ဆုတ်ပြီး ဆုတ်နေရာ အမှန်တကယ်ရှုံးတော့မည့်ပုံပေါ်နေတော့သည်။
သိသိသာသာပင် လောကပါလနတ်မင်းသည် အနိုင်ရရုံသာ ရချင်ခြင်းမဟုတ်။ မန်ဟို့ကို စားကာ အားပြန်ဖြည့်ချင်နေသည်။ မန်ဟို့အား သူ၏နိဗ္ဗာနပြန်မွေးဖွားခြင်းအတွက် အသုံးချဖို့ အစီအစဉ်အား လက်မလျှော့နိုင်သေးပေ။
တစ္ဆေဘုရင်နှင့် နတ်ဆိုးတစ္ဆေက မန်ဟို၏မိစ္ဆာဘုရင်အား ဝိုင်းတိုက်နေသဖြင့် တဒုန်းဒုန်းမြည်ဟည်းသံများ ဆူညံနေသည်။ သူတို့ မိစ္ဆာဘုရင်အား အပြီးတိုင်ဖျက်စီးဖို့ ပြင်လိုက်ကြသည့်အချိန်မှာပဲ အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်လာသည်။ တစ္ဆေ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် မီးဝင်းဝင်းတောက်သွား၏။ သူက လက်နှစ်ဖက်လုံး လက်ပေါ်မြှောက်ရင်း တစ္ဆေလောကဂိတ်တံခါးအား နောက်တစ်ကြိမ် ဆင့်ခေါ်သည်။ အနက်ရောင်လက်ကြီးတစ်ဖက်သည် မန်ဟို့အား အသည်းအသန်လှမ်းဖမ်းရင်း ဆန့်ထွက်လာ၏။
တစ်ချိန်တည်းမှာပင် စုမင်၏မျက်လုံးများလည်း သတ်ဖြတ်လိုစိတ်ဖြင့် မီးဝင်းဝင်းတောက်လာကာ အနက်ရောင်အမှတ်များက သူ့မျက်နှာတစ်ခုလုံး ဖုံးသွားသည်။ သူလည်း လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်လိုက်ရာ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူ့အောက်၌ တောင်တစ်လုံး၏ပုံရိပ် ပေါ်လာသည်။ တောင်တွင် လက်ချောင်းငါးချောင်းသဏ္ဍာန် တောင်ထိပ်ငါးခုရှိပြီး ၎င်း၏အခြေတွင်မူ လူရိုင်းမျိုးနွယ်စုခံတပ်တစ်တပ် ရှိသည်။ ထိုမျှသာမက တောင်အပေါ်ရှိ လေထုထဲ၌ သွေးရောင်လတစ်စင်း ပျံဝဲနေ၏။
အဆိုပါတောင်ပုံရိပ်ယောင်ထံမှ မိုးနှင့်မြေကို လှုပ်ခတ်နိုင်သော အရှိန်အဝါ၊ မည်သည့်အရာကိုမဆို ဖျက်စီးနိုင်သော စွမ်းအားဖြင့် အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။ တစ်ကမ္ဘာလုံးကား မန်ဟို့အပေါ် ဖိနှိပ်နင်းခြေနေသယောင် ထင်ရပြီး တောင်သည် တစ္ဆေလောကဂိတ်တံခါးနှင့် ပေါင်းစည်းသွား၏။ ပတ်ဝန်းကျင်ရှိ ကြယ်တာရာကောင်းကင်မှာ အသွင်ပြောင်းသွားလေသည်။
လောကပါလနတ်မင်းနှင့် နောက်ဆုံးတိုက်ပွဲက ခက်ခဲမည်မှန်း မန်ဟို တွေးထားခဲ့ပြီးဖြစ်သော်လည်း ဤသို့ဖြစ်လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ ထိုမျှသာမက လောကပါလနတ်မင်းကိုယ်တိုင်ပင် ပေါ်မလာသေး။ ဤသည်က သူ၏အဋ္ဌမအသွင်သာ ရှိသေးသည်။
တစ်ချိန်တည်းမှာပင် မန်ဟိုမှာ ယခုထက်ထိ ပေါ်မလာသေးသော တစ်စုံတစ်ယောက်နှင့်ပတ်သက်၍လည်း အဆက်မပြတ် သတိကပ်ထားရသည်။ ထိုတစ်စုံတစ်ယောက်က ... နတ်ဘုရားပင်။
ရုတ်တရက် မန်ဟိုသည် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ တခြားနေရာသို့ ရောက်နေမှန်း တွေ့လိုက်ရ၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် မိုးနှင့်မြေမှာ လူရိုင်းမြေတစ်မြေ ဖြစ်လာခဲ့သည်။
သူကား ရှေးခေတ်သို့ ပို့ခံလိုက်ရသည့်အလားပင်။ အဝေးတွင် လက်ပုံစံတောင်တစ်လုံးရှိပြီး တောင်ခြေတွင်မူ လူရိုင်းမျိုးနွယ်စုတစ်စု၏ခံတပ် ရှိသည်။ သွေးရောင်လတစ်စင်းက မိုးအထက်၌ ပျံဝဲနေပြီး တစ္ဆေများ တဝေါဝေါ ထွက်လာနေသည့် ဧရာမဂိတ်တံခါးကြီးတစ်ခုကိုလည်း မြင်ရနိုင်သည်။
တစ္ဆေများသည် သူ့ဆီ ဆန့်တန်းလာနေသော လက်မည်းမည်းကြီးအဖြစ် စုစည်းသွားကြ၏။ ရုတ်တရက် သွေးလက သွေးလင်းနို့များအဖြစ် ဖောင်းခနဲ ပေါက်ကွဲသည်။ သွေးလင်းနို့တို့သည် စူးစူးဝါးဝါးအော်လျက် မန်ဟို့ဆီ တဟုန်ထိုးပျံသန်းလာကြ၏။
သို့သော် ဤတင်မပြီးသေး။ ကမ္ဘာတစ်ကမ္ဘာလုံးက မန်ဟို၏ရန်သူ ဖြစ်နေသကဲ့သို့ အရာအားလုံး တွန့်လိမ်ကွေးကောက်နေသည်။ ထို့နောက် ကမ္ဘာကြီးသည် သူ့အား မှုန့်မှုန့်ညက်ညက်ကြေအောင် ကြိတ်ခြေချင်နေသကဲ့သို့ ကျုံ့ဝင်လာ၏။
တစ်ချိန်တည်းမှာပင် လူရိုင်းခံတပ်မှ လူရိုင်းများ သူ့ထံ ချီတက်လာနေကြသည်။ ဤကမ္ဘာရှိ မြက်ပင်မှစ၍ သစ်ပင်အထိ မည်သည့်အရာမဆို သူ့ကို သတ်ချင်နေသော လက်နက်များ ဖြစ်လာကြလေသည်။
မန်ဟိုက မျက်လုံးများနီရဲနေလျက် ပတ်ဝန်းကျင်အား တိတ်ဆိတ်စွာ ကြည့်သည်။ ထို့နောက် တဟားဟား အော်ရယ်၏။ ရယ်သံက မိစ္ဆာဆန်သည်။ သူ့မျက်နှာအမူအရာသည် ဩဇာကြီးမားသောအမူအရာဖြစ်လိုက်၊ ရက်စက်ခက်ထန်သွားလိုက်၊ ဖြောင့်မတ်တည်ကြည်လိုက်၊ စဉ်းလဲကောက်ကျစ်သွားလိုက် အမျိုးမျိုးအဖုံဖုံပြောင်းလဲနေ၏။
ထို့နောက် သူက ညာလက်ကို ဝှေ့ယမ်းကာ အော်သည်။ “ကြက်တူရွေး”
ချက်ချင်းပင် ဂီးခနဲ ခပ်စူးစူးအော်သံနှင့်အတူ ကြက်တူရွေး ပေါ်လာသည်။ ထို့နောက် ပုလဲတစ်လုံးရှိနေပြီဖြစ်သော ကြေးမုံလည်း ထွက်လာ၏။
ထိုပုလဲသည် တုန်းဟူ မသေခင် မန်ဟို့အား ပေးခဲ့သော ပုလဲဖြစ်လေသည်။ ၎င်းနှင့်ပေါင်းစည်းသွားပြီးနောက် ကြေးမုံသည် များစွာပို၍ အစွမ်းထက်လာခဲ့၏။
ကြက်တူရွေးနှင့် ကြေးမုံက မန်ဟို့လက်မောင်းကို ဖုံးလွှမ်းလျက် ချက်ချင်း အရည်ပျော်သွားပြီးနောက် ချပ်ဝတ်ပမာ သူ့ကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။ ကိုးမီတာရှည်သော မဟူရာစစ်လက်နက်သည်လည်း ရင်သပ်ရှုမောဖွယ်အသွင်အပြင်ဖြင့် ပေါ်လာသည်။
ကြေးမုံ၏စွမ်းအားက သူ၏ကျင့်ကြံခြင်းအခြေခံကို အားဖြည့်ပေးနေစဉ် အနီရောင်ခြုံထည်သည် မန်ဟို့အနောက်၌ ရေလှိုင်းပမာ တအိအိလှုပ်ခတ်လျက် လွင့်နေ၏။
“တစ္ဆေနဲ့ နတ်ဆိုးဖြစ်နေတော့ရော ဘာဖြစ်လဲ” မန်ဟိုက ဖြည်းဖြည်းချင်း လေပေါ်ပျံတက်သွားသည်။ သူသည် ညာလက်ဖြင့် စစ်လက်နက်ကို ခေါင်းပေါ်မြှောက်၍ အမျိုးမျိုးပြောင်းလဲနေသည့်အမူအရာဖြင့် တဟားဟားရယ်သည်။ သူ၏မျက်လုံးများသည်လည်း အနီရောင်တောက်လျက်ရှိ၏။
“မင်းတို့အားလုံး ပျက်စီးရမယ်” သူက ဟစ်ကြွေးသည်။
မန်ဟိုသည် ညာလက်နှင့်ရော၊ ဘယ်လက်ဖြင့်ပါ စစ်လက်နက်၏အရိုးကို ဆုပ်ကိုင်လျက် သူ့ပတ်ပတ်လည်ရှိ ကမ္ဘာကြီးအား ကြည့်ပြီးနောက် စစ်လက်နက်၏အသွားဖြင့် ပိုင်းချလိုက်တော့သည်။
ဧရာမအကွဲကြောင်းကြီးတစ်ကြောင်း မြေကြီးတွင် ပွင့်သွားပြီးနောက် တစ်ကမ္ဘာလုံးအနှံ့ဖြာထွက်သွားသည်။ တစ္ဆေလက်ကြီး ပျက်စီးကာ သွေးရောင်ကောင်းကင်လည်း ကြေမွသွားသည်။ သွေးလင်းနို့များလည်း အပိုင်းပိုင်းအစစပြတ်ထွက်ကုန်ပြီး ချီတက်လာနေသော လူရိုင်းများမှာတော့ အစအနပင်မကျန်ခဲ့ပေ။ တောင်ထိပ်ငါးခုဖြင့် တောင်လည်း နှစ်ပိုင်းပြတ်ထွက်သွားသည်။ မိုးနှင့်မြေကား လုံးလုံးလျားလျား ပျက်စီးသွားချေပြီ။
ဝုန်းးးးးးးးးးးးးးးးးးး
တစ်လောကလုံး နှစ်ပိုင်းကွဲထွက်သွားပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။ ထိုအခါ မန်ဟိုသည် အာကာပြင်ကျယ်စကြဝဠာ၏အပြင်ဖြစ်သော အပျက်အစီးဧရိယာအား ပြန်မြင်လိုက်ရ၏။ အပျက်အစီးများမှာ ယခုတွင် ဖုန်ပြာများထက် မပိုတော့ပေ။ တစ္ဆေနှင့် နတ်ဆိုးနှစ်ယောက်လုံးမှာ မန်ဟို၏တန်ခိုးလှိုင်းကြောင့် သွေးအန်လျက် နောက်ဆုတ်လိုက်ကြရသည်။
ဤအခိုက်အတန့်တွင် တဖွေးဖွေးလှုပ်နေသည့် မန်ဟို၏တန်ခိုးကား စူးရှတောက်ပသောအလင်းရောင်ကို ဝေနေယျဖြစ်တည်မှုအားလုံးအပေါ် ဖြန့်ကျက်လျက် လောကပါလနတ်မင်း၏ရင်ထဲ၌ ကြောက်စိတ်တို့ ပေါက်ဖွားလာစေတော့သည်။
မန်ဟိုသည် ကြောက်မက်ဖွယ်ချပ်ဝတ်ကို ဝတ်လျက်၊ အတန်ငယ်တုန်ခါနေသော စစ်လက်နက်ကို ဆုပ်ကိုင်လျက် ခံညားထည်ဝါစွာ ပျံဝဲနေ၏။ သူ၏အသက်ရှူသံမှာ အနည်းငယ်မောဟိုက်နေပြီး ဝင်လေတစ်ရှိုက်တိုင်းက ကြယ်တာရာကောင်းကင်အား ကျုံ့ဝင်သွားစေသယောင် ထင်ရလေသည်။
မန်ဟိုက စစ်လက်နက်ကို ကိုင်မြှောက်လျက် အက်ကွဲကွဲအသံဖြင့် ပြောသည်။ “နတ်ဘုရားက အဋ္ဌမအသွင်ရဲ့ နောက်ဆုံးအပိုင်းပဲ။ မင်း ဘယ်အချိန်မှာမှ မျက်နှာထွက်ပြမှာလဲ”
ချက်ချင်းဆိုသလို အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်လာပြီး အရိပ်တစ်ခုသည် အလင်းကဲ့သို့အမြန်နှုန်းဖြင့် အပေါ်မှ ဆင်းသက်လာ၏။
ကြယ်များက သူ၏နဖူးထက်တွင် ရစ်ပတ်လည်နေပြီး သူကား အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေသည်။ သူ့ဆံပင်များလည်း အဖြူရောင်ဖြစ်ကာ သူ၏အမူအရာသည် သနားကြင်နာမှုကင်းမဲ့နေ၏။
မန်ဟို ဤမျက်နှာအား မြင်ခဲ့ဖူးသည်။ ဤမျက်နှာသည် အင်မော်တယ်နတ်ဘုရားကုန်းမြေပေါ်ရှိ ရုပ်တုကြီး၏မျက်နှာနှင့် တူသလို၊ သတ်ဖြတ်သူ၏မျက်နှာနှင့်လည်း အတူတူပင် ဖြစ်သည်။
မတူသည့်အရာဆို၍ ... သူ ရင်ဆိုင်နေရသော တစ္ဆေ၊ နတ်ဆိုးနှင့် နတ်ဘုရားတို့က အစစ်မဟုတ်သည်သာ ရှိသည်။ ဤလူတို့သည် လောကပါလနတ်မင်း သူ၏မှတ်ဉာဏ်များအပေါ် အခြေခံ၍ ဖန်ဆင်းထားသော ရုပ်သေးရုပ်များသာ ဖြစ်၏။
မန်ဟိုက နတ်ဘုရားကို ကြည့်ပြီးနောက် ခေါင်းနောက်လှန်ကာ ရယ်သည်။ သူ၏တိုက်ခိုက်လိုစိတ်မှာ ဆထက်တိုး၍သာ ပြင်းထန်လာ၏။