မူလအသက် ဆေးလုံး
Vol. 7 Ch. 85
“အသက်ဓာတ်စုပ် သားရဲက ငါတို့ ကျူးကျော် လာတာကို ခံစားမိသွားပြီ ... ဆေးလုံး မြန်မြန် ဖော် ... ” ယန်ချင်ယင်က ထိုစကားကို အားကုန်သုံးကာ ပြောလိုက်ရလေ၏။ ထို့နောက်တွင် သူမ တစ်ကိုယ်လုံး လှုပ်ရှားမှု ရပ်တန့်သွားလေသည်။
မိုဝူကျီက သူ့ခန္ဓာကိုယ်ထဲမှ အားပြင်းသော အသက်ဓာတ် လှည့်ပတ်မှုကို ခံစားမိလိုက်သည်။ ထိုအားပြင်းလှသော လှည့်ပတ်မှုက အပြင်ဘက်မှ အသက်ဓာတ် စုပ်ယူမှုကို ဆန့်ကျင်နိုင်စွမ်း ရှိ၍ သူ့အပေါ်တွင် သက်ရောက်မှု မရှိပေ။
မိုဝူကျီအတွက် တစ်နေရာတည်းသော ဘေးကင်းသည့် နေရာကား ယန်ချင်ယင်၏ ဘေးတွင်သာ ဖြစ်လေ၏။ အကယ်၍ သူသာ ခြေတစ်လှမ်းလောက် နောက်ကျလိုက်ပါက သူ၏ နိမ့်ကျသော ကျင့်ကြံအဆင့်ဖြင့် သူ့အသက်ဓာတ် အားလုံးကား ချက်ချင်းပင် စုပ်ယူခံလိုက် ရလိမ့်မည်။ ထိုစဉ် အတွေးတစ်ခု ဝင်ရောက်လာကာ ယန်ချင်ယင်နှင့် သူ့အသက်ကား တစ်ခုတည်း မဟုတ်ချေ။ အကယ်၍ သူမက ထပ်၍ တောင့်မခံ နိုင်တော့ပါလျှင် သူမ ဘာသာ ထွက်ပြေးပြီး သူ့ကို အလွယ်တကူ စွန့်ပစ် သွားနိုင်လေသည်။ ထိုသို့သာ ဖြစ်ခဲ့ပါက သူ့အနေဖြင့် သေခြင်းကို စောင့်ဆိုင်းနေရုံ အပြင် မရှိတော့ချေ။
ထိုသဘောတရားကို နားလည်သည့် အတွက် မိုဝူကျီက မည်ကဲ့သို့ အချိန် ထပ်ဖြုန်း ရဲမည်နည်း။ သူက အမြန်ဆုံးနှုန်းနှင့် ဆေးပြင်းမီးဖိုကို ချကာ လိမ္မော်ရောင် မီးကျောက်တုံးကို စတင် မီးညှိ လိုက်လေ၏။
လိမ္မော်ရောင် မီးကျောက်တုံးက မီးပြင်းဖို အောက်တွင် အားကောင်းစွာ လောင်ကျွမ်း နေလေ၏။ မိုဝူကျီက ဘေးတွင် မူလအသက် ဆေးလုံးတွင် လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ဆင် ထားလိုက်သည်။ ထို့နောက်တွင် သူက မီးပြင်းဖိုကို စတင် သန့်စင်လိုက်လေ၏။
သူ့အပြုအမူတွင် တွန့်ဆုတ်မှုများ ပါဝင်မနေချေ။ ရေကဲ့သို့ပင် ချောမွေ့နေလေ၏။
ယန်ချင်ယင်က အခက်အခဲများကို ရင်ဆိုင် နေရသော်ငြား သူမက မိုဝူကျီကို စိတ်ထဲမှ မချီးကျူးပဲ မနေနိုင်ချေ။ အန္တရာယ်နှင့် ရင်ဆိုင်နေရစဉ် မိုဝူကျီက ကြောက်စိတ်ဝင်ကာ ခေါင်းပူမနေချေ။ ထို့အစား သူက မယုံနိုင်လောက်ဖွယ် တည်ငြိမ်မှုနှင့် ကိစ္စများကို အချက် ကျကျဖြင့် အမှားအယွင်းမရှိ လုပ်ဆောင် သွားနိုင်သည်။
ဆေးပြင်း မီးဖိုကို ယခင်က အကြိမ်များစွာ သန့်စင်ထား ပြီးသောကြောင့် ဤအကြိမ်တွင် တစ်ကြိမ်သာ လုပ်ရန် လိုအပ်လေ၏။
မိုဝူကျီက ဆေးပင်များကို မီးဖိုထဲ ပစ်ထည့်ကာ သန့်စင်ရန် လုပ်ဆောင် လိုက်သည်။
အရင်က သူ့ဆေးလုံး ဖော်စပ်ခြင်း အားထုတ်မှုများတွင် မိုဝူကျီက အမြဲတမ်း အနီရောင် မီးကျောက်တုံး ကိုသာ သုံးခဲ့ရ၏။ အခြားသော ကျောက်တုံးများကို မစမ်းကြည့်ဖူးပေ။ လိမ္မော်ရောင် မီးကျောက်တုံးကို သုံးလိုက်ရသည့် အခိုက်အတန့်တွင် အနီရောင်ထက် ပို၍ လွယ်ကူ နိုင်ကြောင်း သိလိုက်သည်။ သူ့လက်ထဲတွင် ဝိညာဉ်စွမ်းအား နည်းနည်းနှင့် ဆေးနည်း ပညာရပ်ကို သုံးရန်သာ လိုအပ်လေ၏။
ဝိညာဉ်ဆေးပင် တစ်ခုချင်းစီကို မိုဝူကျီက သန့်စင်လိုက်ကာ ဆေးအကြွင်း အကျန်များကို မီးပြင်းဖိုမှ ဖယ်ထုတ် လိုက်လေသည်။ မိုဝူကျီက အားထုတ်မှု အားလုံး သုံးထားသောကြောင့် သူသည် တိုတောင်းသော မိနစ် ၂၀ အတွင်းတွင် ဆေးပင်များ အားလုံးကို သန့်စင် နိုင်လိုက်၏။
ဆေးအဆီအနှစ်များ ပေါင်းစပ်မှု ဖြစ်စဉ်က လိမ္မော်ရောင် မီးကျောက် အကူဖြင့် ထူးခြားမှု မရှိလှပေ။ မိုဝူကျီက အချိန်တိုအတွင်း ဆေးအဆီအနှစ်များကို ပေါင်းစပ်နိုင်ခဲ့သည်။
ဆေးလုံး ဖြစ်တည်ခြင်း ဖြစ်စဉ်ကို လုပ်ဆောင်တော့မည် ဆဲဆဲတွင် မိုဝူကျီက သူ့အသက်ဓာတ် လျော့ပါး လာသည်ကို ခံစားမိလိုက်၏။
မိုဝူကျီက သူ့လက်တွေ အနည်းငယ် တုန်ယင်လာပြီး ကြောက်ရွံ တုန်လှုပ်သွားမိ သောကြောင့် အဆီအနှစ်များ ပေါင်းစပ်မှု ဆေးကို ဖျက်ဆီးမိလု နီးပါး ဖြစ်သွားလေ၏။ သူ့စွမ်းရည်များကို ထပ်၍ ဖုံးကွယ် ထားသည် ဖြစ်စေ၊ မဖြစ်စေ ဂရုမစိုက်တော့ချေ။ ဝိညာဉ် စွမ်းအားများ အသုံးပြုပြီး အောင်မြင်ဖို့ရန် ဆေးနည်း ပညာရပ် အမျိုးမျိုးကို ထုတ်သုံး လိုက်တော့သည်။
ကျိုးတိုးကျဲတဲ ဖြစ်သွားသော ဆေးက တစ်ကြိမ် ထပ်၍ ခဲသွားလေ၏။ မိုဝူကျီက စိတ်အေးသွားဟန် သက်ပြင်းချကာ ယန်ချင်ယင်ကို တစ်ချက် လှမ်းကြည့် လိုက်လေသည်။
ယန်ချင်ယင် မျက်လုံးများက ပိတ်လျက်ရှိနေပြီး မျက်နှာ အသားရောင်က ဖြူဖပ်နေကာ အနည်းငယ်ပင် တုန်ယင်နေလေ၏။ ထိုအချိန်တိုအတွင်း မိုတူကျီက သူမတွင် ၁၀ ကီလိုဂရမ်လောက် အလေးချိန် လျော့သွားသည်ဟု ထင်မိ၏။ သူမ နားစပ်ရှိ ဆံပင်တချို့ကား စတင်၍ ဖြူလာကြလေပြီ။
ထိုအခိုက်အတန့် မိုဝူကျီသည် ယန်ချင်ယင်က နောက်ထပ် တောင့်မခံနိုင်တော့မှန်း သိလိုက်၏။
အကယ်၍ သူမ ထပ်၍သာ တောင့်ခံနိုင်ပါက သူမ ဘာသာ ကိုယ်လွတ်ရုန်း ပြေးဖို့ပင် အလွန် ခက်ခဲလိမ့်မည်။ ယန်ချင်ယင်က သူမတွင် ထွက်ပြေးဖို့ အခွင့်အရေး ရှိမှန်း သိရက်နှင့် အသက်ဓာတ်စုပ် သားရဲနှင့် ရင်ဆိုင် တွေ့ဖို့ရာ ရွေးချယ်ခဲ့လေ၏။ သူမသည် အမွေအနှစ်များ အတွက် တိုက်ခိုက် နေလျှင်ပင် မိုဝူကျီအတွက် သူမ အပြုအမူများက စိတ်လှုပ်ရှား စေသည်။ ယခု သူ့အသက်သည် ယန်ချင်ယင် ဆုံးဖြတ်ချက်ပေါ်တွင် မူတည် နေလေပြီ။ အကယ်၍ သူမက မဆုတ်မနစ် ထပ်ကြိုးစားဖို့ ရွေးချယ်လျှင် သူသည်လည်း အသက် ဆက်ရှင်လိမ့်မည်။ အကယ်၍ သူမက ထွက်ပြေးဖို့ ရွေးချယ်ပါက သူ့အတွက် သေခြင်းတရားနှင့် ရင်ဆိုင်ရန် ပြင်ဆင် ထားရလိမ့်မည်။
ထိုစဉ် မိုဝူကျီတွင် စိတ်ထင့်နေခြင်း မရှိတော့ချေ။ ဆေးလုံး ဖြစ်တည်ခြင်း ပညာရပ်ဖြင့် မီးဖိုအပေါ်သို့ စတင် လုပ်ကိုင်လိုက်သည်။ ယန်ချင်ယင်က သူ့ကို သတိထား မိမည်ကို စိုးရိမ်နေ၍ မဟုတ်ပေ။ အကယ်၍ သူမ သတိထားမိလျှင်ပင် သူ၏ ဖုံးကွယ် ထားသော ကျွမ်းကျင်မှု ဖြစ်သည့် ဆေးလုံး ဖြစ်တည်ခြင်း ပညာရပ်ကို အသုံးပြုရမည် ဖြစ်၏။
မိုဝူကျီ၏ တစ်သတ်မတ်တည်း အားထုတ်မှု အောက်တွင် ဆေးလုံးရနံ့ သင်းပျံ့လာရန် ဆယ်မိနစ် လောက်သာ ကြာမြင့်လေသည်။
အောင်မြင် သွားလေပြီ။ မိုဝူကျီက ပီတိဖြာကာ မတူညီသော သူ့ဆေးနည်း ပညာရပ်များကို တစ်ခုပြီး တစ်ခု ထုတ်အသုံးပြု တော့သည်။ သူ့ဝိညာဉ် စွမ်းအားသည် ဆက်တိုက် လျော့ပါးနေကာ မျက်နှာပင် ဖြူဖပ်ဖြူရော် ဖြစ်နေလေချေ၏။ မိုဝူကျီ လက်များ တုန်ယင်လာရင်း နဖူးမှ ချွေးများ တပေါက်ပေါက် ကျလာလေသည်။
ဖြစ်နိုင်သည်မှာ သူသည် နောက်ထပ် တောင့်မခံ နိုင်တော့ချေ။ သို့သော်လည်း မိုဝူကျီက စိတ်ထဲတွင် ကျေးဇူးတရားကို နှလုံးသွင်း ထားရင်း ဆက်လက် လုပ်ဆောင် နေလေသည်။ ယန်ချင်ယင်၏ အသက်ဓာတ်ကို ဆက်တိုက် ဝါးမျို ခံနေရပေမဲ့ သူမက ဆက်နေပြီး သူ့အား ကာကွယ်ပေးရန် ဆုံးဖြတ်ခဲ့၏။ ထိုမှသာ သူ့တွင် ဆေးလုံး ဖြစ်တည်လာရန် အခွင့်အရေး ရလာမည် ဖြစ်လေ၏။
နောက် မိနစ် ကုန်ဆုံး သွားပြီးနောက် အစိမ်းရောင် ဆေး ၁၂လုံးကား မီးပြင်းဖိုထဲတွင် ထွက်ပေါ် လာလေသည်။ မီးဖိုကို ရိုက်လိုက်ပြီး မိုဝူကျီက ဆေးလုံးများကို စတင် သိမ်းယူလိုက်သည်။
သူသည် ဆေးလုံး ဖြစ်တည်ရန် ဆေးနည်း ပညာရပ်များကို အသုံးပြု နိုင်သော်လည်း ဆေးလုံး စုဆောင်းခြင်းကို မလုပ်ဆောင် နိုင်သေးပေ။ သူ့၏ ကျင့်ကြံ အဆင့်ဖြင့် အကောင်းဆုံး ကြိုးစားလျှင်ပင် ဆေးလုံး စုဆောင်းခြင်း ပညာရပ်များကို ထုတ်ဖော်နိုင်မည် မဟုတ်။ သို့သော်လည်း ထိုပညာရပ် ထုတ်မသုံးခြင်းသည် ဆေးလုံး၏ အာနိသင်၊ အရည်အသွေးများ ပေါ်တွင် သက်ရောက်မှု အနည်းငယ် ရှိနိုင်၏။ သို့သော် မိုဝူကျီက ယခုအချိန်တွင် ဘာတစ်ခုမှ ဂရုမစိုက်နိုင်ချေ။ ဆေးလုံးများကို ဖော်စပ်နိုင်သည် ကပင် ကြီးမားသော အံ့ဖွယ် ဖြစ်နေလေပြီ။
ဆေး ၁၂လုံးက ယန်ချင်ယင် သူ့အတွက် ပြင်ဆင် ပေးထားသော ကျောက်စိမ်း ပုလင်းထဲသို့ ဝင်ရောက် သွားလေသည်။ မိုဝူကျီက မီးပြင်းဖိုအောက်က မီးကို ငြိမ်းသတ်ဖို့ရန် မလုပ်ဆောင်သေးဘဲ မူလအသက် ဆေးနှစ်လုံးကို ယန်ချင်ယင် ပါးစပ်ထဲ တိုက်ကျွေး လိုက်လေသည်။ တစ်ချိန်တည်းတွင် သူကိုယ်သူလည်း တစ်လုံး မျိုချလိုက်၏။
မိုဝူကျီက မူလအသက် ဆေးလုံးကို သောက်လိုက် သောအခါ သူ့ခန္ဓာကိုယ် အတွင်း ပူပြင်းလှသော အားပြင်းပြင်း တစ်ခု ပေါက်ထွက် လာသည်ဟု ခံစားမိလိုက်၏။ ထိုအားက သူ့အသက် ဓာတ်ကို စုပ်ယူနေသော အားနှင့် အချင်းချင်း ဆန့်ကျင် နေကြလေသည်။
မိုဝူကျီက အောင်ပွဲခံနေလေ၏။ ထိုသည်က အရမ်းကို ကောင်းသော အရာဖြစ်လေသည်။
မူလအသက် ဆေးလုံး၏ အာနိသင်က မြန်ဆန်လေ၏။ ဆေးလုံးက ယန်ချင်ယင် ပါးစပ်ထဲ ရောက်ပြီး ချက်ချင်း ဆိုသလို သူမ မျက်လုံးများ ပွင့်လာလေသည်။
သူမ မျက်လုံးများ ဖွင့်လိုက်သည်နှင့် မိုဝူကျီက ကျန်ဆေးလုံးများ စုဆောင်း နေသည်ကို မြင်လိုက်ရကာ သူမ စိတ်ထဲတွင် အားကောင်းသော ခံစားချက်များ ဖြစ်ပေါ်လာလေ၏။ သူမက လူမှန်ကို ရွေးခဲ့မိကာ မိုဝူကျီက အောင်မြင်ခဲ့လေသည်။ အခွင့်အရေး တစ်ခုတည်းဖြင့် ဖိအားများစွာ အောက်တွင် အဆင့်တစ် ဆေးလုံးဆရာက အဆင့်နှစ် ဆေးလုံးကို ဖော်စပ် နိုင်ခဲ့လေပြီ။ ကံကောင်းလှစွာ သူမသည် မိုဝူကျီကို အဆုံးထိ ယုံကြည်ခဲ့လေ၏။ အကယ်၍ သူမသာ မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး ထွက်ပြေးသွားပါက သူမအတွက် အမွေအနှစ်များ ဆုံးရှုံးမည် သာမက မိုဝူကျီ သေခြင်း အပေါ်တွင် အမြဲတမ်း အပြစ်ရှိစိတ် ခံစား နေရလိမ့်မည်။
သူမသည် မူလအသက် ဆေးလုံးကို မျိုချဖို့ရန် တွန့်ဆုတ်မနေပေ။ အစိမ်းရောင် နွယ်ပင်များဆီ ပြေးမသွားခင်
“ဂျူနီယာ မောင်လေးမို ... မြန်မြန် ငါ့နောက်လိုက်ခဲ့ ... ငါ တောင့်မခံ နိုင်တော့ရင် ဆေးလုံး ချက်ချင်း တိုက်လိုက် ... ”
သူ့ကို ယန်ချင်ယင်က သတိပေးဖို့ မလိုပေ။ မိုဝူကျီက စ၍ အစိမ်းရောင် နွယ်ပင်တွေဆီ ပြေးသွား လိုက်လေသည်။
“ဘမ်း ... ” အားကောင်းသော အင်အားတစ်ခု ထွက်ပေါ်လာပြီး မိုဝူကျီကို အစိမ်းရောင် နွယ်ပင်တွေဆီ ပစ်လွှင့်လိုက်လေ၏။
မိုဝူကျီက နောက်ဆုံးတွင် ယန်ချင်ယင် ရင်ဆိုင်နေရသည့် အရာကို မြင်လိုက်ရသည်။ ထိုအရာက ခေါင်းတစ်လုံးနှင့် ၃၀ စင်တီမီတာပင် မမြင့်သော သေးငယ်သော အကောင်လေး ဖြစ်၏။ မြေခွေးငယ်လေးနှင့် တူညီလှသော်ငြား အမြီးနှင့် နားရွက်မှာ တိုလေ၏။ အပြန်အလှန် ထိုအရာက မြေခွေးနှင့် ခွေးပေါက် မျိုးစပ်အဖြစ် မြင်နိုင်ပေသည်။
“အစိမ်းရောင် နွယ်ပင်ပေါ် မနင်းနဲ့ ... ” ယန်ချင်ယင် အသံ ထွက်ပေါ်လာသည့် တချိန်တည်းတွင် မိုဝူကျီက သူ့နောက်ကျောတွင် တစ်စုံတစ်ရာက ကိုက်လိုက်ကြောင်း ခံစားမိလိုက်၏။ သူ့ခန္ဓာ တစ်လျှောက်လုံး ထုံထိုင်းမှုက စတင်၍ ပျံ့နှံ့လာလေ၏။
ထိုသည်က အဆိပ်ပြင်းမြွေ ဖြစ်လေ၏။ ကမ္ဘာမြေပေါ်တွင် မိုဝူကျီက သူ့အချိန် အများစုကို အပင်များကို သုတေသန လုပ်၍သာ ကုန်ဆုံးခဲ့လေ၏။ ဤတစ်ကြိမ်က သူ့အတွက် ပထမဆုံး မြွေကိုက်ခံရခြင်း မဟုတ်ပေ။ အကိုက်ခံလိုက် ရရချင်း သူက ကျောက်စိမ်း ပုလင်းကို ထုတ်ကာ အဆိပ်ပြယ် ဆေးလုံးကို ချက်ချင်း မျိုချ လိုက်လေသည်။
အဆိပ်ပြယ် ဆေးလုံးက ချက်ချင်း အာနိသင် ပြလာပြီး ထုံထိုင်းမှု ပျံ့နှံ့နေမှု ရပ်တန့် သွားစေကာ ဆေးလုံး၏ အကျိုး အာနိသင်ကြောင့် ကြေပျက် သွားလေသည်၊
မိုဝူကျီက ထွက်မသွားခင် လေပူ မှုတ်ထုတ် လိုက်လေ၏။ အရင်က ယန်ချင်ယင်က သူမသည် အသက်ဓာတ်စုပ် သားရဲနှင့် တိုက်ခိုက်နေသည်ဟု ပြောခဲ့ခြင်းကြောင့် သားရဲက သူ့အသက် ဓာတ်အား စုပ်ယူမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် သတိတရားကို လက်လွှတ် ထားမိခဲ့လေ၏။
အသက်ဓာတ်စုပ် သားရဲနေသော နေရာတွင် အဆိပ်ပြင်း မြွေများ ရှိနေမည်ဟု မည်သူက သိမည်နည်း။ ကံကောင်းလှစွာ သူသည် အဆိပ်ပြယ် ဆေးလုံးကို ကြိုတင် ဖော်စပ်ခဲ့သည့် အတွက် သူ့အသက်လေး မဆုံးရှုံးခြင်း ဖြစ်လေ၏။
မိုဝူကျီက အဆိပ်ကို ဖယ်ရှား လိုက်သည်ကို မြင်ပြီး ယန်ချင်ယင်က စိတ်ထဲတွင် သက်ပြင်းချမိ လိုက်လေသည်။ မိုဝူကျီသည် သေရမှာ ကြောက်သော ငကြောက်ဟူသည့် သူမ အတွေးကား လုံးဝ လွင့်စဉ် သွားလေပြီ။ မိုဝူကျီကို ကိုက်လိုက်သော မြွေသည် သာမန်မြွေ မဟုတ်ပေ။ အကယ်၍ မိုဝူကျီတွင် မူလအသက် ဆေးလုံး ရှိမနေပါက သူ့ကို ကယ်တင်ရန် တွန့်ဆုတ် နေမိလိမ့်မည်။
မိုဝူကျီက အဆိပ်ကို ကိုယ်တိုင် မြန်မြန် ဆန်ဆန် ဖြေလိုက်မည်ဟု မျှော်လင့် မထားခဲ့ပေ။ သူ့အပြုအမူကို ကြည့်ခြင်းအားဖြင့် သူ့အတွက် ဤတစ်ကြိမ်က ပထမဆုံး မြွေကိုက်ခံရခြင်း မဟုတ်ကြောင်း သေချာလေ၏။ သူက အဆင့်နှစ် ပထမဆုံး ဆေးအသုတ်ကို ဖော်စပ်စဉ်တွင် အဆိပ်ပြယ် ဆေးလုံးကို ရွေးချယ် ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ သူ့အပြုအမူက အမြဲတမ်း ကြိုတင် စီစဉ် ထားသည်များ ရှိပုံပေါ်လေသည်။ ထိုသည်က ယန်ချင်ယင်က သူ့အပေါ်တွင် အမြင်ပြောင်းလဲ သွားစေသည်။
အဆိပ်ကို ဖြေပြီးသည်နှင့် မိုဝူကျီက ပေါင်တံတွင် ချည်ထားသော ဓားမြှောင်တိုဖြင့် ပြန်လည် တိုက်ခိုက် လိုက်လေသည်။ မိုဝူကျီကို ကိုက်မိသော မြွေကား နှစ်ပိုင်း ခြမ်းကာ သွေးများ ပန်းထွက်လာလေ၏။
ထိုစဉ် မိုဝူကျီက နွယ်ပင်ပေါ်တွင် မြွေတစ်ကောင်တည်း ရှိခြင်း မဟုတ်ကြောင်း တွေ့ရှိသွားသည်။ မရေတွက်နိုင်သော မြွေများသည် နွယ်ပင်များပေါ်တွင် ရစ်ပတ်နေကြပြီး မိုဝူကျီက မြွေမည်မျှ ရှိမှန်းပင် မဆုံးဖြတ်နိုင်ပေ။
“မူလအသက် ဆေးလုံး…” ထိုအခိုက်အတန့်တွင် မိုဝူကျီက ယန်ချင်ယင်၏ အမောတကော အသံကို ထပ်ကြား လိုက်ရသည်။
မိုဝူကျီက လှည့်ကြည့် လိုက်သောခါ ယန်ချင်ယင် အပေါ်သို့ အသက်ဓာတ်စုပ် သားရဲ ခုန်အုပ် နေသည်ကို မြင်လိုက်ရလေ၏။ ယန်ချင်ယင်၏ လှုပ်ရှားမှုများကား နှေးကွေး လေးလံ လာလေသည်။ သူက ထပ်၍ မတွေးတောတော့ပဲ ယန်ချင်ယင်၏ ပါးစပ်ထဲသို့ ဆေးလုံး ထည့်ပေး လိုက်လေသည်။
မူလအသက် ဆေးလုံးကို ယန်ချင်ယင်က မျိုချ လိုက်လေသည်။ တိုက်ဆိုင်လှစွာ ထိုအခိုက်တန့်တွင် သားရဲသည် ယန်ချင်ယင် အပေါ်သို့ ရောက်ရှိလာလေ၏။ ယန်ချင်ယင်၏ လက်က ပန်းပွင့်သဏ္ဌာန် ဖြစ်ပေါ်လာကာ ရှုပ်ထွေး များပြားလှသည့် လက်သင်္ကေတများ ပြုလုပ်ပြီး သားရဲအပေါ် ကျရောက် စေလိုက်သည်။
***