← Chapters

ဓားကျိုး တစ်ချောင်း

Vol. 7 Ch. 86

ဓားကျိုး တစ်ချောင်း

Vol. 7 Ch. 86

လျှိုတစ်လျှောက်တွင် ဟိန်းဟောက်သံ စူးစူး ပျံ့နှံ့လာပြီး အသက်ဓာတ်စုပ် သားရဲသည် ယန်ချင်ယင် လက်ထဲတွင် ကြောင်ပေါက်လေး အလား တိုးဝှေ့နေလေ၏။ သူမက ငြိမ်ငြိမ်လေး ထိုင်ချလိုက်ပြီး မိုဝူကျီကို ချည့်နဲ့လှစွာ ပြောလိုက်သည်။

“ကျန်တဲ့ မူလအသက် ဆေးလုံးကို မြန်မြန် ပေးတော့ ... ”

သူ့လက်ထဲတွင် ဆေးငါးလုံး ပေါ်လာပြီး ယန်ချင်ယင်ကို လှမ်းပေး လိုက်လေ၏။ မိုဝူကျီက သူ့အတွက် သူ ဆေးနှစ်လုံး သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။ သူက မူလအသက် ဆေးလုံးကို နောက်ထပ် ဖော်စပ်နိုင်သော်ငြား သီးခြား ဝိညာဉ်ဆေးပင် တစ်မျိုးဖြစ်သည့် အနွေးမြက် ပါဝင်နေ၏။ ထိုကဲ့သို့သော ဆေးပင်သည် ဈေးကြီးရုံ သာမက အလွယ်တကူလည်း မရရှိနိုင်ပေ။ သူဖော်စပ်ခဲ့ သလောက် မူလအသက် ဆေးလုံးများတွင် လိုအပ်သော အနွေးမြက် ပမာဏကို ယန်ချင်ယင်က ထုတ်ပေးခဲ့ခြင်း ဖြစ်လေသည်။ ယခု သူမက အသက်ဓာတ်စုပ် သားရဲကို ထိန်းချုပ်ပြီးပြီ ဖြစ်၍ သူ့အတွက် ရရှိရန် ခက်ခဲ သွားပေလိမ့်မည်။ ထို့အပြင် သူမ၏ လက်ရှိ အခြေအနေဖြင့် ဆေးလုံး သုံးလုံး သုံးစွဲရန်သာ လိုအပ်ကာ ငါးလုံး ယူလိုက်ခြင်းက နှစ်လုံးကို အလဟဿ ဖြစ်စေလိမ့်မည်။

သို့ရာတွင် ယန်ချင်ယင်က ဆေးငါးလုံးကို လောဘတကြီး အရင် သောက်သုံး လိုက်လေသည်။ ထို့နောက်မှာတော့ သားရဲကို သူမ နောက်ကျောမှ အိတ်ထဲ မထည့်ခင် ကြိုးဖြင့် ချည်နှောင် လိုက်လေသည်။ ထို့နောက်တွင် သူမက မိုဝူကျီကို ပြောလိုက်လေ၏။

“ငါ ဆေးအားလုံး သောက်လိုက်တာ ဖြုန်းတီး နေသလို ဖြစ်နေပေမဲ့လည်း မင်းအတွက် မင်း ချန်ထားရင်လည်း အသုံးဝင်မှာ မဟုတ်ဘူး ... ဒီလိုဆေးတွေက မကြာခင် အာနိသင် ပြယ်သွားလိမ့်မယ် ... ”

ထိုအရာကို မိုဝူကျီက အပြုံးလေးဖြင့်သာ တုံ့ပြန်လိုက်ကာ စကားတစ်ခွန်းမျှ ပြန်မပြောလိုက်ပေ။ သူက မူလအသက် ဆေးလုံးကို သိမ်းထားသည်မှာ သောက်သုံးရန် အတွက် မဟုတ်ပေ။ သုတေသန လုပ်ကြည့်ရန် ရည်ရွယ်၍သာ ဖြစ်၏။ အဆင့်နှစ် လူသားအဆင့် ဆေးလုံး ဖြစ်သည့် မူလအသက် ဆေးလုံးကို အဆင့်ခုနစ် ကောင်းကင် အဆင့် ဆေးလုံးဖြစ်သည့် မူလအသက် ဆေးလုံးနှင့် အာနိသင် ကြာရှည်မှုကို နှိုင်းယှဉ်ကြည့်ရန် ဖြစ်လေ၏။

အချိန်တို အတွင်းတွင် အာနိသင် ပျောက်သွားမည့် အစား ကြာရှည်စွာ ရှိနေပါက ကောင်းကင်အဆင့် ဆေးလုံးနှင့် နှိုင်းယှဉ်၍ မရလျှင်ပင် သာမန် အဆင့်နှစ် ဆေးလုံး အနေနှင့် ကျန်ရှိနေမည် မဟုတ်ပေ။ သူတို့၏ အကျိုး အာနိသင်ကို အသာထား ဆေးလုံးအချို့ကို လေ့လာရန်အတွက် သိမ်းဆည်း ထားခြင်းသည် မည်သူကိုမှ မထိခိုက်နိုင်ပေ။ ထိုအကျင့်ကား ကမ္ဘာမြေပေါ်က အကျင့်ဖြစ်ကာ အားလုံးကို လေ့လာဆန်းစစ်ပြီး တန်ဖိုးရှိ၊ မရှိ စစ်ဆေးရန် ဖြစ်၏။

“ငါ့နောက်ကနေ အထဲ လိုက်ခဲ့ ... အသက်ဓာတ်စုပ် သားရဲကို ထိန်းချုပ်ပြီး ပေမဲ့လည်း ငါတို့ သတိ ထားရဦးမယ် ... ” ယန်ချင်ယင်က ထိုစကားနောက်တွင် ဘာမှ ထပ်၍ မပြောတော့ချေ။ မိုဝူကျီကို ဂူအတွင်းပိုင်း ဝင်ဖို့ရာ အချက်ပြ လိုက်လေ၏။

မိုဝူကျီသည် အရင်တုန်းက သားရဲဂူအတွင်း ဝင်ဖူးလေ၏။ ဂျီကွမ်းတို့နှင့် အတူ ပင်လယ် ကျားသစ်ပျံ၏ ဂူအတွင်းသို့ ဝင်ရောက်ဖူးလေသည်။ ပင်လယ် ကျားသစ်ပျံဂူက ရှုပ်ထွေးပြီး နံစော်နေသော်ငြား အသက်ဓာတ်စုပ် သားရဲ ဂူအတွင်းတွင် သန့်ရှင်းသပ်ရပ် နေရုံသာမက ဝိညာဉ် စွမ်းအားများလည်း သိပ်သည်း လှပေ၏။ မိုဝူကျီပင် ဤနေရာတွင် ကျင့်ကြံစိတ်များ ပေါ်ပေါက် လာလေသည်။

ဂူအတွင်း ဆယ်မီတာလောက် ဆင်းလာပြီး နောက်တွင် သူတို့ရှေ့တွင် ကျယ်ပြန့်သော ကျောက်အဆောက်အဦကို တွေ့လိုက်ရလေ၏။ မိုဝူကျီ မျက်လုံးထဲ ထင်းခနဲ ဝင်လာသည်က ကျိုးနေသော ဓားတစ်ချောင်း ဖြစ်သည်။ တစ်ဝက်ကား ကျောက်အဆောက်အဦ၏ အလယ်သို့ ထိုးစိုက်ထားသော ဓားသွား ဖြစ်နေလေသည်။ ထိုသည်က လူသတ် အငွေ့အသက်များ ထုတ်လွှင့်နေပြီး ဤနေရာတွင် ရှိနေသည်မှာ မည်မျှ ကြာမြင့်ပြီ ဖြစ်ကြောင်း မည်သူ သိမည်နည်း။

“သံစဉ်ခြွေ ဓားလား ... ” ယန်ချင်ယင်က မထိန်းချုပ် နိုင်လောက်အောင် စိတ်လှုပ်ရှား လာပြီး ထိုဓားကျိုး ရှေ့သို့ လွှားခနဲ ရောက်ရှိသွားလေသည်။

“စီနီယာ အစ်မယန် ... သံစဉ်ခြွေ ဓားက ဘာလဲ ... ” မိုဝူကျီက ယန်ချင်ယင် ဘေးသို့ လျှောက်လာရင်း မေးခွန်း ထုတ်လိုက်သည်။ သူမ မျက်လုံးများကား ဓားပေါ်တွင် စုန်ချည် ဆန်ချည် ထပ်ခါ ထပ်ခါ ကြည့်ရှုနေပြီးနောက် သူမက ပြန်ဖြေ လိုက်လေ၏။

“ငါတို့ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းက ဓားချောက်ကမ်းပါးကို သိတယ်မလား ... ”

“ဟုတ် သိပါတယ် ... ” မိုဝူကျီက မြန်မြန် ပြန်ဖြေ လိုက်လေသည်။ အရင်က ရှီဂျွန်ဆီမှ ဆေးလုံးဖော်စပ်မှု ကျရှုံးလျှင် သူ့အား ဓားချောက် ကမ်းပါးမှ ပစ်ချခံရမည့် အကြောင်းဖြင့် ခြိမ်းခြောက်ဖူးသည် မဟုတ်ပါလား ...

သူမကို ပြောပြီး နောက်တွင် အကြောင်းအရာကို သဘောပေါက်လာ၍ ထပ်မေးလိုက်သည်။

“စီနီယာ အစ်မယန် ဒီဓားကျိုးနဲ့ ဓားချောက် ကမ်းပါးက ဓားကျိုးနဲ့က တူညီတဲ့ ဓား တစ်ချောင်းတည်းလို့ ပြောချင်တာလား ... ”

ယန်ချင်ယင်က ခေါင်းညိတ် ပြလိုက်ပြီး

“ဟုတ်တယ် သူတို့က ဓားတစ်ချောင်း တည်းကပဲ ... ဓားချောက် ကမ်းပါးက တစ်ဝက်က ဓားရိုးဖြစ်ပြီး ဒီနေရာက ဓားသွားပဲ…မင်းက ဓားပညာရပ်ကို မလေ့ကျင့်ရသေးလို့ သိချင်မှ သိလိမ့်မယ် ... ဒါပေမဲ့ မင်း စတင် လေ့ကျင့်တာနဲ့ ဒါက သိသာ လာလိမ့်မယ် ... ”

မိုဝူကျီက ကိုယ့်ဘာသာ တွေးတောမိလိုက်၏။ အကယ်၍ သူက ဓားပညာရပ်ကို လေ့လာခဲ့ပါက တူညီသော ဓားတစ်ချောင်းထဲက ဖြစ်လိမ့်မည်ဟု သိလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ သူက ဓားချောက်ကမ်းပါးက ဓားရိုးကို မမြင်ဖူးသေးချေ။ ဖြစ်နိုင်သည်မှာ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် သံစဉ်ခြွေ ဓားသွားကို အရင် မြင်ဖူးသည့် ပထမဆုံး လူ ဖြစ်လိမ့်မည်။

“သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှာ ဒီဓားက အရမ်း နာမည်ကြီးတာလား ... ” မိုဝူကျီက ထပ်မေးကြည့် လိုက်လေ၏။ အကယ်၍ ဒီဓားက နာမည် မကြီးပါက တစ်ဝက်ကို ဓားချောက် ကမ်းပါးတွင် ချိတ်ဆွဲထားပြီး တစ်ဝက်ကို နတ်ဓားတောင်တွင် သိမ်းဆည်း ထားလိမ့်မည် မဟုတ်လောက်ပေ။ ယန်ချင်ယင်က ငုတ်တုတ် ထိုင်ချလိုက်ပြီး သူမလက်က ဓားကျောဘက်တွင် ဖြည်းဖြည်းချင်း ပွတ်ကြည့် နေပြီးနောက် သက်ပြင်းချကာ ပြန်ဖြေ လိုက်လေသည်။

“ပိုင်ရှင်က မိုလော့ချွီတဲ့ ငါတို့ရဲ့ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း တည်ထောင်သူ ကျောက်ဝူဟန်နဲ့ မိတ်ဆွေ ကောင်းတွေပေါ့ ... ”

မှတ်ချက်။  ။ လော့ချွီမှာ သံစဉ်ခြွေဟု အဓိပ္ပာယ် ရကာ ဝူဟန်သည် သဏ္ဌာန်မဲ့ဟု အဓိပ္ပာယ် ရလေ၏။ သူတို့၏ ဓားများသည် နာမည်ကို လိုက်၍ မှည့်ထားခြင်း ဖြစ်သည်။ ကျောက်ဝူဟန်သည် သူ့နာမည်ကို အစွဲပြု၍ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းဟု မှည့်ဆိုခဲ့ခြင်း ဖြစ်၏။

ထိုလူတွင် သူနှင့် မျိုးရိုး နာမည်တူ ရှိတာပဲဟု မိုဝူကျီက စိတ်ထဲတွင် တွေးမိ လိုက်လေသည်။

ယန်ချင်ယင်က ဆက်ပြော လိုက်လေ၏။

“ကောလာဟလတွေအရ သံစဉ်ခြွေ ဓားကို ငါတို့ရဲ့ တည်ထောင်သူ ကိုင်ဆောင်တဲ့ သဏ္ဌာန်မဲ့ နတ်ဓားက ချိုးခဲ့တာတဲ့ ”

“ဘာတွေ ဖြစ်ခဲ့တာလဲ ... သူတို့က မိတ်ဆွေကောင်းတွေ မဟုတ်ဘူးလား ... ” မိုဝူကျီက အချက်အလက် အသစ်ကို နားမလည် ဖြစ်သွားလေသည်။ ယန်ချင်ယင်က သူမ ထိုင်မြဲအတိုင်း ထိုင်နေသော်ငြား သူမလက်က ဓားပေါ်တွင် မရှိတော့ချေ။

“အကြောင်းက ဖူယန်ဖေးလို့ ခေါ်တဲ့ အမျိုးသမီး တစ်ယောက်ကြောင့်တဲ့ အဲဒီ အမျိုးသမီးက အစက မိုလော့ချွီရဲ့ ချစ်သူလေ ... ဒါပေမဲ့ မိုလော့ချွီက ကျောက်ဝူဟန်ကို ခင်မင်မှုအနေနဲ့ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းကို တည်ထောင်ဖို့ ကူညီခဲ့တယ် ...  သူမက နောက်ပိုင်းကျ ကျောက်ဝူဟန်နဲ့ ပိုပိုပြီး ရင်းနှီးလာတယ်  ကျောက်ဝူဟန်က မိုလော့ချွီထက် စာရင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပြီး ဟာသဉာဏ်လဲ ရှိတယ် ... အချိန်တိုအတွင်းမှာ ဖူယန်ဖေး နှလုံးသားက ပြောင်းလဲ လာခဲ့တယ် မကြာခင်မှာ သူမက ကျောက်ဝူဟန်ကို ချစ်သွားပြီး အတူတူ နေထိုင် လိုက်ကြတယ် အဲဒါတင် မကသေးဘူး မိုလော့ချွီကို သစ္စာဖောက်ဖို့လည်း ကူညီခဲ့တယ် ...  ပြင်းထန်စွာ ဒဏ်ရာ ရခဲ့တဲ့ မိုလော့ချွီက သူ့ဓားကျိုး တစ်ဝက်ကို ထားပြီး ထွက်သွားခဲ့တယ် ... ဒါပေမဲ့ သူက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းက ထွက်မသွားဘဲ နတ်ဓားတောင်မှာ လာပုန်းနေမယ်လို့ ဘယ်သူက ထင်မှာလဲ ... ”

မိုဝူကျီက သရော် လိုက်လေသည်။

“ဟာ အဲဒါက ချာတူးလံ စုတ်ပြတ်နေတဲ့ မြေခွေးမနဲ့ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ယောက်ျား အကြောင်းပဲ ... တကယ်လို့သာ အဲဒီမိန်းမသာ ကျွန်တော့် လက်ထဲရောက်လာလို့ ကတော့ သက်ညှာနေမှာ မဟုတ်ဘူး ... ဒီလို အသုံးမကျတဲ့ သူငယ်ချင်းမျိုးနဲ့ အောက်တန်းကျတဲ့ မိန်းမရှိတာ ဒီမိုလော့ချွီ မျက်လုံး ကန်းနေတာပဲ ဖြစ်ရမယ် ... ”

ယန်ချင်ယင်က မိုဝူကျီသည် သူ့ချစ်သူ၏ သစ္စာဖောက် ခံလိုက်ရပြီး ဒီကမ္ဘာတွင် ပြန်လည် မွေးဖွားလာခဲ့မှန်း မသိခဲ့ပေ။ မိုလော့ချွီ အပေါ် အပြစ်တင်မှု များသည် သူ့ကိုယ်သူ ရည်ညွှန်း၍ ပြောဆို နေခြင်းသာ ဖြစ်လေ၏။ ထို့ကြောင့် သူမက မိုဝူကျီကို ကြည့်ကာ မေးလိုက်လေသည်။

“မင်းက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းက တပည့်လေ… ဘယ်လိုလုပ် မင်းရဲ့ တည်ထောင်သူကို ရှုံချရဲတာလဲ ... ”

“ဟားဟား…” မိုဝူကျီက အားရပါးရ ရယ်မော လိုက်လေသည်။

“စီနီယာ အစ်မယန် … ခင်ဗျားသုံးတဲ့ လေသံကရော ကျောက်ဝူဟန်ကို အထင်မြင် မသေးဘူးလား ... ကျွန်တော်က အစေခံ တပည့်လေ တည်ထောင်သူကို အရိုအသေ မပေးရသေးတဲ့ အပြင် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ တံခါးကိုတောင် မဝင်ဖူးသေးဘူး ... ကျွန်တော့်ကိုယ် ကျွန်တော် တပည့်လို ဘယ်လိုလုပ် ယူဆလို့ ရမှာလဲဗျာ ... ”

ယန်ချင်ယင်က မတ်တတ်ရပ်ကာ ပြန်ပြော လိုက်လေသည်။

“ငါက အတိတ်က အဖြစ်အပျက်တွေကို ပြန်ပြောပြရုံပဲ ... အခုချိန် ဘာလေသံနဲ့မှ မသုံးဘူး ... ” ထိုစဉ် မိုဝူကျီက သူမနှင့် ထပ်၍ မငြင်းခုံ လိုတော့ပေ။ သူမလည်း ကျောက်ဝူဟန်ကို စိတ်ဓာတ် ညံ့ဖျင်းသော စရိုက်ရှိသည်ဟု ထင်ထားသည်မှာ သိသာလှလေ၏။ သူမက ဂိုဏ်းကို ပြန်၍ ပြောမည် မဟုတ်ကြောင်း ယုံကြည်သည်။

ယန်ချင်ယင်က ထပ်ပြောလိုက်လေ၏။

“ဒါပေမဲ့ မင်းက ဂိုဏ်းရဲ့ ဆေးလုံးဆရာ ဖြစ်လာတော့မှာလေ ... မင်း ဖြစ်တာနဲ့ တည်ထောင်သူနဲ့ အရင် ဂိုဏ်းခေါင်းဆောင် တွေကို အရိုအသေ ပေးရမှာပဲ ... အဲဒီလိုမှ မင်းက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ အမှန်တကယ် ဂိုဏ်းသား တစ်ဦး ဖြစ်လာလိမ့်မယ် … ဂိုဏ်းသား တစ်ဦးက သူတို့ရဲ့ တည်ထောင်သူကို အမှိုက်သရိုက်လို့ ပြောသင့်တယ် ထင်နေလား ... ”

မိုဝူကျီက မြေပေါ်က ဓားကျိုးကို ကြည့်လိုက်ပြီး သူ့အသံက ပို၍ ပျော့ပျောင်း လာလေ၏။

“ဒီလိုလူမျိုးရှေ့ ဒူးထောက်ရမှာ တကယ်ကို ရှက်စရာပဲ ... အဲဒါကြောင့် ကျွန်တော် ဆေးလုံးဆရာ မလုပ်တော့ဘူး ... အဲဒီလိုဆို ဘယ်သူကိုမှ အရိုအသေ ပေးစရာ မလိုတော့ဘူး ... အဲဒါကြောင့် စီနီယာ အစ်မယန် ကျွန်တော့်ကို ကူညီပေးဖို့ မလိုတော့ဘူး ... ကျွန်တော် အစေခံ တပည့်ပဲ လုပ်တော့မယ် ... ”

အကြောင်းမှာ မိုဝူကျီ ကိုယ်တိုင်က ကိုယ်ကျင့်တရား ဖြောင့်မတ်လွန်း၍ မဟုတ်ဘဲ မိတ်‌ဆွေကို သစ္စာဖောက်သော သူများကို မုန်းတီး၍သာ ဖြစ်လေ၏။ ထိုကျောက်ဝူဟန်သည် ဂိုဏ်းတည်ထောင် နိုင်ရန် ကူညီ ပေးထားသော သူ့အရင်းနှီးဆုံး မိတ်ဆွေကို သစ္စာဖောက်ရုံ သာမက မိတ်ဆွေ၏ ဇနီးကိုပင် ခိုးယူသေး၏။ ထိုသို့ ဆိုးဆိုးရွားရွား အပြုအမူ လုပ်ခဲ့သော သူ့ကို ကမ္ဘာ၏ ဆန်ကုန်မြေလေး ဟုပင် သတ်မှတ် နိုင်လေသည်။ သို့သော် ကျောက်ဝူဟန်က ထိုမျှနှင့် ရပ်တန့်မသွားပေ။ ဖူယန်ဖေးနှင့် ပေါင်းကာ မိုလော့ချွီကို အတူတူ သစ္စာဖောက်ခဲ့သေး၏။ ထိုလို လူမျိုး၏ တပည့် ဖြစ်မည့်အစား တခြား နေရာတွင် ကျင့်ကြံဖို့သာ ရွေးချယ်လိမ့်မည်။

ယန်ချင်ယင်က မိုဝူကျီ စကားများကြောင့် စိတ်အနှောင့်ယှက် မဖြစ်ပေ။ ထို့အစား ကျိုးနေသော ဓားကို ညွှန်ပြလိုက်ပြီး

“မင်းက မိုလော့ချွီကို ဒီလောက် သနားနေမှတော့ ဒီဓားကျိုး တစ်ဝက်ကို မင်းဆီ ပေးလိုက်မယ် ... ”

“ကျွန်တော်က ဓားပညာရပ်ကို မလေ့ကျင့် ဖူးဘူးလေ ... ဒီဓားက ဘာအသုံးဝင်မှာလဲ ... ” မိုဝူကျီက မေးလိုက်သည်။ သူသည် ဓားနှင့် မလေ့ကျင့်ဖူးသည့် အတွက် ဓားအကြောင်း သိပ်မသိပေ။ သို့သော် သူ့တွင် ဓားတစ်ချောင်း ရှိလာလျှင်ပင် ဓားကျိုး တစ်ချောင်းတော့ မဖြစ်သင့်ဘူး မလား။

“လိုချင်ချင် မလိုချင်ချင် မင်းအပေါ် မူတည်တယ် ... ” ယန်ချင်ယင်က ကျောက်အဆောက်အဦဆီ မသွားခင် သူ့အား ပြောလိုက်လေသည်။

အတွေးတချို့ဖြင့် မိုဝူကျီက ဓားကျောရိုးမှ မြေထဲ စိုက်ဝင်နေသော ဓားကို နုတ်ယူ လိုက်လေသည်။ ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်ရန် သူသည် မည်မျှပင် ဆိုးရွားနေပါစေ၊ ကောင်းမွန်နေပါစေ ကျောက်ဝူဟန်သည် အမှန်တကယ် လူတော် တစ်ယောက် ဖြစ်ရမည်။ ကျောက်ဝူဟန်နှင့် ဂုဏ်သရေချင်း ယှဉ်ပြိုင်နိုင်သော မိုလော့ချွီမှာ အတူတူပင် ဖြစ်လောက်၏။ ထို့ကြောင့် မိုဝူကျီက ဓားကျိုးကို သိမ်းထားရန် ဆုံးဖြတ် လိုက်လေတော့သည်။

***

All Chapters