← Chapters

အရန်ဇာတ်လမ်း ၅ မူစစ်

Vol. 165 Ch. 2309

အရန်ဇာတ်လမ်း ၅ မူစစ်

Vol. 165 Ch. 2309

ကျွန်တော် သူမကိုတွေ့တုန်းက ကျန်းရှို့ ဆိုးဆိုးဝါးဝါးရိုက်တာကို ခံနေရ တဲ့အချိန်ပေါ့။

အဲလူတွေက ကျွန်တော့်ကိုအမြဲတမ်းရိုက်တယ်။ ရိုက်တိုင်းမှာလည်း ကျွန်တော့်အရိုးတွေ ကျိုးသွားတော့မယ်လို့ ခံစားရတဲ့အချိန်မှ သူတို့ထွက်သွား တတ်ကြတယ်။ အဲလိုမျိုးဖြစ်လာတာ အချိန်ကြာလာတော့ ခန္ဓာကိုယ်ထိခိုက် တာကို နည်းနိုင်သမျှနည်းစေတဲ့ နည်းလမ်းရှာတတ်လာတယ်။

ဒီတစ်ခါ အရိုက်ခံရတာ အိပ်ရာထဲမှာ ရက်ပိုင်းလောက်တောင် လဲသွားခဲ့ တော့ သူတို့တွေ ခဏတော့အလျော့ပေးခဲ့ကြတယ်။ ခါတိုင်းလိုပါပဲ.. ကျွန်တော် မြေပေါ်ကိုကျသွားပြီးတော့ လက်နှစ်ဖက်နဲ့ ခေါင်းကိုထောက်ထားပြီး တွားသွား နေခဲ့တယ်။

အဲအချိန်မှာပဲ တောက်ပတဲ့မျက်လုံးတစ်စုံကို မြင်ခဲ့တာပဲ။ အဲဒီမျက်လုံး တွေက ကောင်းကင်ပေါ်က ကြယ်တွေလိုပဲ အရမ်းလှလို့ ကျွန်တော်တောင် ခဏတော့  မှင်တက်သွားမိသေးတယ်။

ကျန်းရှို့နဲ့တခြားလူတွေက သူမကိုတွေ့သွားပြီး သတ်ဖို့လုပ်ခဲ့ပေမဲ့ သူမ က အမြင်အရသာအားနည်းပေမဲ့ သန်မာလွန်းလို့ သူတို့ကို မေ့အောင်ရိုက်ခဲ့ပြီး သူတို့ရဲ့သားရဲတွေကိုတောင် သတ်ခဲ့သေးတယ်။ သူမက ကျန်းရှို့ကို စိုးရိမ်စရာ အခြေအနေတစ်ခုကို တွန်းပို့ခဲ့ပြီး ကျန်းရှို့က တခြားတစ်ယောက်ကို တောင်းပန်ရတာကို မြင်ရတဲ့နေ့ရောက်လာလိမ့်မယ်လို့ ကျွန်တော်ဖြင့် တွေး တောင်မတွေးဖူးဘူး။ အဲတုန်းက သူ အရမ်းသနားစရာကောင်းနေပြီး သူ့ အသက်ကိုချမ်းသာပေးဖို့ သူမကို အတင်းတောင်းဆိုနေခဲ့တယ်။

သူ့ရဲ့နှိမ့်ချလွန်းပြီး စိတ်ပျက်ဖို့ကောင်းတဲ့ အသံကိုနားထောင်ပြီးတော့ သူ ကျွန်တော့်ကိုရိုက်တဲ့အချိန်တိုင်း၊ အဖေ့ကိုစော်ကားကျိန်ဆဲတာတွေကို ပြန် ကြားယောင်လာတယ်။ သူ သတိလွတ်နေတဲ့အချိန်မှာပဲ ကျွန်တော် ဓားမြှောင် တစ်ချောင်းထုတ်ပြီး ကျန်းရှို့ရဲ့ ရင်ဘတ်တည့်တည့်ကိုထိုးစိုက်ခဲ့တယ်။

နောက်တော့ သူမ ကျွန်တော့်နာမည်ကိုမေးလာတယ်။ ကျွန်တော် သူမ ကို ပြောပြချင်ပါတယ်။ ဒါပေမဲ့ အဲလူတွေကိုလျစ်လျူရှုပစ်ဖို့ ကျွန်တော့်ကိုယ် ကျွန်တော်ပြောမိလို့ ပြန်လှည့်ပြီး ထွက်ပြေးခဲ့တယ်။ ခြေလှမ်းနှစ်လှမ်းလောက် လှမ်းပြီးတာနဲ့ ကျွန်တော်မေ့လဲသွားလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။

ကျွန်တော် နိုးလာတော့ သူမအစေခံရဲ့ ကျောပေါ်ရောက်နေပြီ။ သူကပဲ ကျွန်တော့်ကိုကုန်းပိုးပြီး တည်းခိုဆောင်ကို ခေါ်သွားပေးဖို့ပြောခဲ့တယ်။ သူတို့ တွေ တည်းခိုဆောင်ကို ဘယ်လိုရှာတွေ့နိုင်မှာလဲ။ တစ္ဆေမြို့တော်မှာ တည်းခို ဆောင်မှမရှိတာ။ အဲဒါကြောင့် အဖေ့ရဲ့အိမ်ကိုပဲ ခေါ်သွားပေးခဲ့တယ်။

အိမ်ကအရမ်းစုတ်ချာနေလို့ သူမ ကြိုက်လိမ့်မှာမဟုတ်ဘူးလို့ ထင်ထားခဲ့ တယ်။ ဒါပေမဲ့ သူမက အရမ်းတည်ငြိမ်ပြီး ကမ္ဘာမြေပေါ်ကို နတ်သမီး ဆင်းသက်လာသလိုမျိုး လျှောက်နေခဲ့တယ်။

အဲဒါကြောင့် ဒီတစ်ခါ သူမ ကျွန်တော့်နာမည်ကိုမေးတော့ ပြောပြခဲ့ တယ်။

မူစစ်.. ကျွန်တော့်နာမည်မူစစ်ပါ.. အဖေပေးခဲ့တဲ့နာမည်ပေါ့.. ဒါပေမဲ့ သူ့ ကိုမမြင်ရတာ နှစ်တွေအများကြီးကြာနေပြီ။

နောက်ပိုင်းကျ သူမက ဦးလေးယန်းကျိရဲ့ အရေခြုံထားတာကို ခွာပစ်ခဲ့ တယ်။ ဒါပေမဲ့ ကျွန်တော် သိနေတာကြာပါပြီ။ သူမ ဖော်ထုတ်စရာမလိုပါဘူး။ ဒီအတိုင်း သူမရှိရင် ကျွန်တော် အသက်မရှင်နိုင်တော့ဘူးလို့ ထင်လို့ပါ။

ကျွန်တော်ဗိုက်ဆာလို့ သူမက စားသောက်စရာတွေ ချက်ပြုတ်ပေးခဲ့ တယ်။ ကျွန်တော်တစ်ခါမှမစားဖူးတဲ့ အရသာရှိတာတွေကို သူမ ချက်ပေးခဲ့ပါ တယ်။ ဒီကမ္ဘာမှာ ဒီလိုအံ့ဩစရာကောင်းတဲ့လူဘယ်လိုရှိနိုင်တာလဲလို့ အဲတုန်း က ကျွန်တော်တွေးခဲ့ပါသေးတယ်။ သူမက လူသတ်တဲ့အချိန်ကျရင် မျက်တောင်တစ်ချက်မခတ်တတ်ပေမဲ့ ကျွန်တော့်ကိုစကားပြောရင် အရမ်းကို နူးညံ့ပြီး နားဝင်ချိုတဲ့အသံနဲ့ပြောတတ်တယ်။ ပြီးတော့ အရသာရှိတဲ့ အစား အသောက်တွေကိုလည်း ချက်တတ်သေးတယ်။ နောင်တစ်ချိန် သူမကို လက်ထပ်တဲ့သူကတော့ သေချာပေါက် ပျော်ပြီး မင်္ဂလာရှိမှာပဲ။

နောက်ပိုင်းကျတော့ ကျွန်တော်က သူမနဲ့တူတယ်လို့ပြောလာတယ်။ သူမရဲ့အဖေက သူမဘေးမှာမရှိဘူးဆိုပဲ။ သူမရှာနေတဲ့အဖေဆိုတာက အဲဒီလူ ဖြစ်နေတာကို သိခဲ့ရတယ်။

အန္တရာယ်များလို့ သူမကို မသွားဖို့ပြောချင်‌ပေမဲ့ သူမရဲ့ တောက်ပတဲ့ မျက်လုံးတွေနဲ့ ယုံကြည်ချက်ရှိနေတဲ့ပုံကိုမြင်တော့ ဘာမှမပြောနိုင်ခဲ့ဘူး။

ကျွန်တော့်အဖေက သူမရဲ့အဖေကိုသွားရှာတာကို သူမ သိတော့ ကျွန်တော့်ကိုကူပြီး အဖေ့ကိုရှာပေးချင်တယ်တဲ့။ ဒါပေမဲ့ အဖေဆုံးသွားပြီဆိုတဲ့ သတင်းကိုပဲ သူမ ယူလာပေးခဲ့တယ်။

ဝူမန်က အဖေသေတာကို ကိုယ်တိုင်မြင်တွေ့ခဲ့တယ်လို့ သူမ ပြောခဲ့ တယ်။ အဲဒါကြောင့် သူမနဲ့အတူ ဒီကနေထွက်သွားမလားလို့ မေးခဲ့တယ်။

တစ္ဆေမြို့တော်ကနေ ထွက်သွားရမှာလား။

ဒီမေးခွန်းကို အရင်ကတစ်ခါမှမတွေးဖူးဘူး။ ကျွန်တော် မှတ်မိတတ်တဲ့ အရွယ်ကစပြီး တစ္ဆေမြို့တော်မှာနေခဲ့တာလေ။ ဒီနေရာက အဖေ့ရဲ့အိမ်ဖြစ်ပြီး တော့ သူ့အမှတ်တရတွေလည်း အပြည့်ပဲ။

သူမနောက်ကိုလိုက်ရင် ကျွန်တော့်ကိုစောင့်ရှောက်မယ်လို့ ပြောခဲ့တယ်။ ကျွန်တော်သာ နေခဲ့ဖို့ရွေးမယ်ဆိုရင် ရှီယူကို စောင့်ရှောက်ခိုင်းပေးမယ်တဲ့။ သူမကတော့ ဒီမှာမနေဘူးတဲ့လေ။

သူမ ထွက်သွားမယ်လို့ တွေးလိုက်တော့ ကျွန်တော့်နှလုံးသားက နားမလည်နိုင်လောက်အောင်ကို ဒေါသထွက်ခဲ့တယ်။ ဘာကိုမှမတွေးတော့ဘဲ သူမနဲ့အတူ လိုက်ချင်တယ်လို့ ပြန်ဖြေခဲ့မိတာပဲ။

အဖေလည်းမရှိတော့ဘူးဆိုတော့ အိမ်ဆိုတာလည်း ကျွန်တော့်မှာမရှိ တော့ဘူးလေ။ သူမက ကျွန်တော့်ကို နွေးနွေးထွေးထွေးဆက်ဆံပေးတဲ့ တစ်ဦး တည်းသောသူဆိုတော့ သူမနောက်လိုက်ပြီး ဘာလို့ဒီနေရာကနေ ထွက်မသွား ရမှာလဲ။

အဲဒါကြောင့် သူမအဖေကိုကယ်ပြီးတော့ သူမနောက်လိုက်ပြီး တစ္ဆေ မြို့တော်ကနေထွက်ပြီး အပြင်ဘက်ကမ္ဘာကိုလာခဲ့တယ်။ အပြင်ဘက်ကလူ တွေက အမှောင်ဝိညာဉ်သခင်ဆိုရင် ရွံရှာတတ်ပေမဲ့ သူမနဲ့ဆိုရင် ကျွန်တော် ဘာကိုမှမကြောက်ဘူး။

သူမက ကျွန်တော့်ကို တပည့်အဖြစ်လက်ခံပေးခဲ့တယ်။ ပြီးတော့ ကျွန်တော်ကလည်း သူမကို ဆရာဆိုပြီး ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။ တကယ် တော့ သူမ မသိဘူး။ သူမကို ဆရာလို့ခေါ်တိုင်းမှာ ကျွန်တော့်နှလုံးသားတွေ နာကျင်ခဲ့ရတယ်။ ဒါပေမဲ့ သူမဘေးမှာ နေနိုင်သရွေ့တော့ ဘယ်လိုသရုပ်မှန်ပဲ ရှိပါစေ ကိစ္စမရှိပါဘူး။

သူမက အစ်ကိုကြီးလင်းယူကို ချစ်တာလေ။ ပြီးတော့ အစ်ကိုကြီးလင်းယူ ကလည်း သူမကိုချစ်တယ်။ သူတို့ရဲ့ အပြန်အလှန်ခံစားချက်ကြားကို ဘယ်သူမှ ကြားဝင်လို့မရဘူး။

ကျွန်တော် သူမကို ကာကွယ်နိုင်သရွေ့တော့ ကျွန်တော်ကျေနပ်ပါတယ်။

ပညာရှိစံအိမ်တိုက်ပွဲမှာ သူမ ပေါက်ကွဲပြီး သေသွားခဲ့တယ်။ ဝူလင်းယူက အသက်မဲ့တဲ့ခန္ဓာကိုယ်ကို ပြန်ယူလာတော့ ကျွန်တော့်မှာ မှင်တက်နေခဲ့တာ ပေါ့။ ကျွန်တော့်စိတ်ထဲမှာ အတွေးတစ်ခုပဲရှိခဲ့တယ်။ သူမ သေသွားပြီဆိုရင် ဒီကမ္ဘာကြီးမှာ ကျွန်တော် ဘာအတွက် အသက်ရှင်နေမှာလဲ။

ကံကောင်းစွာနဲ့ပဲ သူမက တကယ်သေမသွားခဲ့ဘူး။ သူတို့က သူမကို ကယ်ပြီး သူမရဲ့ဝိညာဉ်ကတော့ တစ္ဆေလောကကို ရောက်သွားခဲ့တယ်။

အစ်ကိုကြီးလင်းယူက သူမနဲ့တစ္ဆေလောကကို သွားတာကိုသိတော့ ကျွန်တော်လည်း လိုက်သွားချင်ခဲ့တယ်။ ဒါ‌ပေမဲ့ ကျွန်တော့်မှာ အင်အားမှမရှိ တာ။ အဲဒါကြောင့် သူမရဲ့ခန္ဓာကိုယ်ကို စောင့်ကြပ်ပြီး စောင့်ရှောက်ပေးခဲ့တာ။ သူမရဲ့ခြေလက်တွေကို နှိပ်နယ်ပေးပြီး နေ့တိုင်း သူမရဲ့ခန္ဓာကိုယ်ကို ဟိုဘက် ဒီဘက်လှည့်ပေးခဲ့တယ်။ အဲဒါမှ သူမပြန်လာတဲ့အချိန်ကျ ခန္ဓာကိုယ်တောင့် တင်းတာတို့ အလောတကြီးလုပ်ရတာတို့မရှိမှာလေ။

ကျွန်တော့် အားထက်တိုးတက်လာပြီလို့ သူမကိုပြောပြတယ်။ သူမကို ဘယ်လောက်သဘောကျပြီး ဘယ်လောက်လွမ်းတဲ့အကြောင်းတွေပြောပြခဲ့ တယ်။ ဒီလျှို့ဝှက်အခန်းလေးက ကျွန်တော့်ရဲ့စိတ်အတွင်းထဲက အတွေးတွေ ကို ပြောပြလို့ရတဲ့ တစ်ခုတည်းသောနေရာလေးပဲ။

နောက်တော့ သူမရဲ့ဝိညာဉ်ပြန်လာတယ်။ ဒါပေမဲ့ တစ္ဆေလောကမှာ ထိခိုက်ထားတော့ ပြန်လာပြီးတာတောင် အိပ်မောကျနေတုန်းပဲ။ သူမ ကျွန်တော်ပြောခဲ့တာတွေကို ကြားလားမသိဘူး။ အဲဒါကြောင့် ကျွန်တော့် အတွေးကို မပြောရဲတော့ဘဲ သူမရဲ့မိသားစုအကြောင်းလိုမျိုး တခြားအကြောင်း တွေကိုပဲ ပြောဖြစ်ခဲ့တယ်။

သူမကို စကားပြောနေရရင်ကို ကျွန်တော်ပျော်နေပါပြီ။

ဒါပေမဲ့ ဒီပျော်ရွှင်မှုကို အနှောက်ဝင်လာတယ်။

ကျွန်တော်အဖမ်းခံရပြီး ရှီမာအိမ်တော်ကနေ တိတ်တဆိတ် ထွက်သွားခဲ့ ရတယ်။ ကျွန်တော့်ကိုဖမ်းသွားတဲ့သူ မျက်နှာဖုံးချွတ်လိုက်တော့ အံ့ဩသွာခဲ့ တယ်။ ဒေါသလည်းထွက်ခဲ့တယ်။

ရွှမ်ချုံးဟော်.. ကျွန်တော့်ကို ဖမ်းတဲ့သူက ဘယ်လိုလုပ် ရွှမ်ချုံးဟော် ဖြစ် ရတာလဲ။ သူမ သိသွားရင် ဘယ်လောက်များ ဝမ်းနည်းလိုက်မလဲ။

ဒါပေမဲ့ သူကတော့ ကျွန်တော့်ဒေါသကို လျစ်လျူရှုပြီး အားကောင်းတဲ့လူ တွေဆီကို ကျွန်တော့်ကိုပေးလိုက်တယ်။ အဲနောက်ကစပြီး ကျွန်တော့်ရဲ့ လူမဆန်တဲ့ဘဝကို စခဲ့တာပါပဲ။

သူတို့တွေ ကျွန်တော့်ကို နေရာအများကြီးကိုခေါ်သွားပြီး ရှေးဟောင်း အထွဋ်မီးအမိန့်တော်ကို ရှာပေးဖို့ပြောခဲ့တယ်။ သူတို့တွေ လမ်းမှာ ကျွန်တော့် ကို အမျိုးမျိုး နှိပ်စက်ပေမဲ့ သေခွင့်တော့မပေးခဲ့ကြဘူး။ သူတို့တွေက ကျွန်တော့်ကို လူသတ်ခိုင်းခဲ့တယ်။ အပြစ်မရှိတဲ့လူတွေ၊ တချို့က အရင်တုန်း က အတွင်းလူတွေ၊ တချို့က သူတို့ကိုပြစ်မှားကြလို့တဲ့.. ကျွန်တော် လူသတ် တာကို မြင်ချင်တာနဲ့ပဲ အများကြီးသတ်ခိုင်းခဲ့တယ်။

အဲဒီကနေစပြီး ၁၀ နှစ်ကြာတဲ့အထိ ကျွန်တော်သည်းမခံနိုင်တော့ဘူးလို့ ထင်ခဲ့ပေမဲ့ ခံနိုင်ရည်ရှိခဲ့တယ်။ ကျွန်တော်က အပြစ်ရှိတာကို ဝန်ခံသင့်ပါတယ်။ ဒါပေမဲ့ အရှက်မရှိစွာနဲ့ အသက်ရှင်ကျန်ခဲ့ပြန်ရော။ ဘာလို့လဲဆိုတော့ ကျွန်တော် အသက်ရှင်နေမှ သူမကိုပြန်တွေ့နိုင်မှာလေ။ အထူးသဖြင့် သူမ နိုး လာကတည်းက ကျွန်တော့်ကိုနေရာတိုင်းမှာ လိုက်ရှာနေတယ်လို့ကြားတော့ အသက်ရှင်ရတာ တန်တယ်လို့ခံစားလာရတယ်။

သူမကို ပြန်တွေ့ရတော့ သူမနိုးလာတာ ၂ နှစ်ရှိနေပြီ။ သူမ ကျွန်တော့် ရှေ့မှာ မျက်ဝါးထင်ထင်ရပ်နေတာကို ကြည့်ပြီး လက်ရှိကျွန်တော်ဆိုတာကို တွေးမိတာနဲ့ ရုတ်တရက် ခပ်ပျာပျာဖြစ်ရသေးတယ်။ ကျွန်တော် သူမကို ဆရာ လို့ခေါ်ချင်ပေမဲ့ အကြာကြီးကြိုးစားတာတောင် ခေါ်မထွက်ခဲ့ဘူး။

သူမ ပြောခဲ့တာက ‘တောင်းပန်ပါတယ် ဆရာနောက်ကျသွားတယ်’ တဲ့။

ကျွန်တော် ခေါင်းခါမိတယ်။ မျက်လုံးတွေလည်း စိုစွတ်လာတယ်။ သူမက ကျွန်တော့်အပေါ် အပြစ်မကင်းသလိုခံစားနေရတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ် လိုလုပ် သူမကို အပြစ်တင်ရက်မှာလဲ။

သူမက တုံဆိုင်းမှုတောင်မရှိဘဲ သူတို့ကို ရှေးဟောင်းအထွဋ်မီးအမိန့် တော်ကို ထုတ်ပေးခဲ့တယ်။ ဒီလိုကိစ္စမျိုးကို သူမ တွေးတောင်မတွေးခဲ့ပေမဲ့ ကျွန်တော့်ကိုဖမ်းသွားခဲ့လို့ သူမ ဒေါသထွက်ခဲ့တာပါ။

သူမက အရမ်းသန်မာတယ်။ နောက်ဆုံးတော့ ကျွန်တော့်ကိုကယ်တင်ခဲ့ တယ်။ ကျွန်တော် ပျော်သင့်တာပါ.. ဒါပေမဲ့ ကျွန်တော်က အရင်လို ကျွန်တော် မဟုတ်တော့ဘူးလေ။ ပြီးတော့ သူမကလည်း အရင်ကသူမမဟုတ်တော့ဘူး။

သူမက အိမ်ထောင်သည်အမျိုးသမီးတွေလို ဆံပင်ကိုထုံးဖွဲ့ထားတယ်။

ကောင်းပါတယ်… ကျွန်တော့်လိုလူကို ဘယ်လိုလုပ် သဘောကျနိုင်မှာ လဲ။ ကျွန်တော့်လို စက်ဆုပ်ဖို့ကောင်းတဲ့လူက သူမကို အရင်လိုမျိုး စောင့်ကြပ် နိုင်ဦးမှာလား။

သူမ ရောက်လာပြီး လက်ဆန့်ထုတ်ပြီး အရင်လိုမျိုး ကျွန်တော့်ခေါင်းကို ပွတ်သပ်ပေးခဲ့တယ်။ နောက်တော့ သူမရဲ့မျက်လုံးထဲမှာ ဖုံးဖိမရတဲ့စိတ်မပျော် ရွှင်မှုနဲ့အတူ ကျွန်တော့်နာမည်ကိုခေါ်ခဲ့တယ် “မူစစ်”

သူမက အရမ်းစိတ်မကောင်းဖြစ်နေပြီး ကျွန်တော့်ကို တစ္ဆေမြို့တော်က နေ ခေါ်မထုတ်ခဲ့သင့်ဘူးလို့ ခံစားနေရတယ်။ သူမ ကျွန်တော့်ကို မကာကွယ် နိုင်လို့၊ ရှာတွေ့ဖို့ကိုလည်း အရမ်းကြာခဲ့လို့ ကျွန်တော် ဒီလောက်အများကြီး ခံစားခဲ့ရတယ်လို့ သူမ ထင်နေတယ်။

ကျွန်တော့်နှလုံးသားတွေ ပျာယာခတ်သွားတယ်။ သူမ ဝမ်းနည်းအောင် ကျွန်တော်မလုပ်ချင်ဘူး။ အဲဒါကြောင့် သူမကိုပြုံးပြပြီး ပြောခဲ့တယ်  “ဆရာ ဘာမှမဖြစ်ဘူး ကျွန်တော် အဆင်ပြေပါတယ်”

ကျွန်တော် တကယ်အဆင်ပြေပါတယ်။ သူမသာ ကောင်းကောင်းရှိနေ ရင် ကျွန်တော် ဘာပဲကျော်ဖြတ်ခဲ့ရ၊ ကျော်ဖြတ်ခဲ့ရ ကိစ္စမရှိပါဘူး။ သူမ အဆင်ပြေနေတာကိုမြင်နေရရင် ဘာမှမဖြစ်ဘူး။

ဒါပေမဲ့ ကျွန်တော် သူမကို ငိုအောင်လုပ်ခဲ့တယ်။ သူမက ကျွန်တော့်ကို အပ်စိုက်ပေးချင်တယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ငြင်းခဲ့တယ်။ အဲဒါမှ ကျွန်တော့်ရဲ့ ကျိုးကြေနေတဲ့ ခန္ဓာကိုယ်ကို မြင်ပြီး မငိုတော့မှာလေ။ ဒီဒဏ်ရာ တွေကအရင်တုန်းက ရခဲ့တာဖြစ်လို့ မနာတော့ဘူးလို့ သူမကိုပြောခဲ့တယ်။

ကျွန်တော့်ကို အနာကျင်စေဆုံးက သူမရဲ့ မျက်ရည်တွေပါ။ ဒါပေမဲ့ ကျွန်တော် အဲဒါကိုတော့ မပြောခဲ့ဘူး။

နောက်တော့ ဟေးဒီးစ်က သူမကိုမရဏာလောကကို ခေါ်သွားလို့ သူမ လည်း ကျွန်တော့်ကိုပါ ခေါ်သွားခဲ့တယ်။ ဟွမ်ဆိုတဲ့လူက နလန်ထူဖို့ ကျွန်တော့်ကိုခေါ်သွားပြီး ကျန်းမာတဲ့အချိန်ထိ မလေ့ကျင့်ဖို့ပြောခဲ့ပါတယ်။ ကျွန်တော်နလန်ထူနေတုန်းမှာပဲ သူမ အမွှာလေးနှစ်ယောက် မွေးခဲ့တဲ့ အကြောင်း ကြားခဲ့ပါတယ်။ ဟေးဒီးစ်က သူမကို ကလေးမွေးဖို့ မရဏာလောက ကို ခေါ်လာခဲ့တာကိုး။

သူမရဲ့ခြံဝင်းအပြင်မှာ ရပ်ရင်းနဲ့ အစ်ကိုကြီးလင်းယူက ကလေးနှစ် ယောက်ကို ပျော်ပျော်ရွှင်ရွှင် မြူပေးနေတာကို မြင်ခဲ့ရတယ်။ ကျွန်တော် သူမ ကိုသွားတွေ့သင့်တာပါ။ ဒါပေမဲ့ ကျွန်တော့်ခြေထောက်တွေ အမြစ်တွယ်နေပြီး လှုပ်မရခဲ့ဘူး။

နောက်မှပဲ ကလေးနှစ်ယောက်ကို သွားတွေ့တော့ သူတို့ရဲ့လက်ကို ထိတွေ့လိုက်တာနဲ့ ရှောင်းသောင့်က ကျွန်တော့်လက်ချောင်းကို ဆွဲပြီး တခစ်ခစ် ရယ်ပါလေရော။ အဲဒီနူးညံ့တဲ့ခံစားချက်၊ အဲဒီလန်းဆန်းနေတဲ့ ရယ်သံ ကြောင့် နှစ်ပေါင်းများစွာနာကျင်လာခဲ့တဲ့ ကျွန်တော့်နှလုံးသားက ရုတ်တရက် နာကျင်မှုလျော့သွားတယ်။

ဒါပေမဲ့ အနာဂတ်မှာ ဘယ်လိုဆက်သွားသင့်သလဲမသိဘူး။ အနာဂတ်မှာ ဘာကိုမျှော်လင့်လို့ရလည်းမသိဘူး။

ကျွန်တော်ဟွမ်ကိုသွားရှာပြီး မြေပြင်ပေါ်မှာလေ့ကျင့်ချင်လို့ ခေါ်သွားပေး ဖို့ပြောခဲ့တယ်။ ဒီနေရာက ကမ္ဘာမြေနဲ့ယှဉ်ရင် ငရဲဖြစ်လို့ ဝင်လာပြီးရင် စံနှုန်း တစ်ခုမရောက်ခင်အထိ ထွက်သွားလို့မရဘူးလို့ ပြောခဲ့တယ်။

သူ့စကားတွေကြားပြီးတော့ ကျွန်တော်ရယ်မိတယ်။ ပြီးတာနဲ့ ဘာမှ တွေဝေမနေတော့ဘဲ လျှောက်ထွက်ခဲ့တယ်။ ကျွန်တော် ငရဲမှာနေလာခဲ့တာ ကြာနေပြီလို့ သူ့ကိုပြောချင်ခဲ့တယ်။

ဖြစ်နိုင်တာက.. ကျွန်တော် ဒီကနေထွက်သွားတဲ့အချိန်ကျ နှလုံးသားထဲ က ငရဲတွင်းကနေ ထွက်ရင်ထွက်နိုင်မှာပေါ့။

ဖြစ်နိုင်ရင်ပေါ့….

All Chapters