မိုလော့ချွီ၏ အမွေအနှစ်
Vol. 7 Ch. 87
“ပန်းပု ရုပ်တုသုံးခု ရှိနေတာလား ...” ကျောက်နံရံရှေ့တွင် မလှုပ်မယှက် ရပ်နေသော ယန်ချင်ယင်ကို မြင်လိုက်၍ မိုဝူကျီက လျှောက်လှမ်း လာလိုက်သည်။ ကျောက်သား နံရံပေါ်တွင် ရေးထိုးထားသော ရုပ်တု သုံးခုကို တွေ့လိုက်ရလေ၏။
ထိုရုပ်တု သုံးရုပ်ထဲတွင် နှစ်ခုက မျက်နှာချင်း ဆိုင်လျက် ရှိနေပြီး နောက်တစ်ခုမှာ အနည်းငယ် ကွာဝေးကာ ဘေးသွင်ပြင်ကိုသာ မြင်တွေ့နိုင်လေသည်။
“မျက်နှာချင်းဆိုင် ရှိနေတဲ့ ရုပ်တု နှစ်ခုရဲ့ အောက်ခြေကို မြင်လား ဒါနဲ့ ဝတ်ရုံရဲ့ အနားသတ်က နံရံထဲကို ထွင်းထုထားတာ မလား ...” ယန်ချင်ယင်က နားမလည်စွာ မေးလိုက်လေသည်။
မိုဝူကျီက ပန်းပုလက်ရာကို သေချာစစ်ဆေး ကြည့်လိုက်ပြီး နောက်ကွယ်က အဓိပ္ပာယ်ကို သဘောပေါက် သွားလေ၏။
“စီနီယာ အစ်မယန် ဒီပန်းပုရုပ် နှစ်ခုက ကျောက်ဝူဟန်နဲ့ မိုလော့ချွီကို ကိုယ်စားပြုတယ်လို့ ပြောချင်တာလား ပြီးတော့ မိုလော့ချွီရဲ့ ဝတ်ရုံ အနားသတ်က မြေပြင်ပေါ် ပြဲပြီး ကျနေတာက သူတို့သွေးသောက် ညီအစ်ကို ဘဝကို စွန့်လွှတ် လိုက်တာကို ပြောချင်တာ များလား ...”
(မှတ်ချက်။ ။ ဝတ်ရုံအနား စုတ်ပြဲနေသည့် တရုတ် စကားလုံးသည် အတိတ်က ရင်းနှီးမှု အားလုံးကို ဖြတ်တောက်လိုက်သည် ဟုလည်း အဓိပ္ပာယ် ရလေ၏။)
ယန်ချင်ယင် ခေါင်းညိတ်လိုက်ပြီး
“အဲဒီလို ဖြစ်လောက်တယ် ... ဘေးက အမျိုးသမီးက သူတို့နှစ်ယောက် အချင်းချင်း ဆန့်ကျင် သွားစေတဲ့သူ ဖူယန်ဖေးပဲ ... တကယ်လို့ ငါမမှားဘူး ဆိုရင် ဒီပန်းပုတွေကို မိုလော့ချွီက ဒီနေရာ ထွက်ပြေးလာပြီးမှ ရေးထွင်းထားတာ ဖြစ်လောက်မယ် ...”
ယန်ချင်ယင်က ရုပ်တုတွေကို ခဏတာ ကြည့်လိုက်ပြီး နောက်တွင် သူမက ရုတ်တရက် အကြံပြု လိုက်လေ၏။
“ဂျူနီယာ မောင်လေးမို ... မင်းက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ တည်ထောင်သူကို မုန်းတီးနေတာ မလား သူ့ကို မုန်းနေမှတော့ ဘာလို့ ဒီရုပ်တုကို မဖျက်ဆီးပစ်တာလဲ ...”
မိုဝူကျီက ယန်ချင်ယင်ကို စိုက်ကြည့်လိုက်ပြီး ခဏအကြာတွင် သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“သူ့ကို မုန်းတီး နေတာတော့ ဟုတ်ပါတယ် ဒါပေမဲ့ ဘာလို့ သူ့ရုပ်တုကို ဖျက်ဆီးပစ်ဖို့ လိုမှာလဲ အဲဒါအပြင် ကျွန်တော်က အဖြစ်အပျက်တွေကို ခင်ဗျားဆီကပဲ ကြားဖူးတာလေ ခင်ဗျားကလည်း တခြားသူဆီက ကြားခဲ့တာပဲ ကျွန်တော် သူ့ကို မကြိုက်တာက ခင်ဗျားရဲ့ အကြောင်းအရာကြောင့် ဒါပေမဲ့ မသေချာသေး သရွေ့ ဘာမှ လုပ်မှာ မဟုတ်ဘူး ...”
“တကယ်လို့ မင်း မလုပ်ရင် ငါ လုပ်မယ် ...” ယန်ချင်ယင်က ပြောရင်း သူမ လက်ထဲက ဓားဖြင့် ရှေ့ကို ထိုးစိုက် လိုက်လေသည်။
မိုဝူကျီက မှင်တက် သွားမိလေသည်။ မှင်တက်နေစဉ် ယန်ချင်ယင်၏ ပစ်မှတ်ကား ကျောက်ဝူဟန် မဟုတ်ဘဲ ဘေးမှာရှိသော ဖူယန်ဖေး ဖြစ်လေ၏။
မိုဝူကျီက တဟားဟား ရယ်မောလိုက်ရင်း
“စီနီယာ အစ်မယန် အမျိုးသမီး တစ်ယောက် အနေနဲ့ ဖူယန်ဖေးကို နည်းနည်း သက်ညှာ သင့်တယ်လေ ...”
“ငါက ဒီလိုအကျင့်ပျက် မိန်းမတွေကို မကြိုက်ဘူး ... သူမကြောင့်သာ မဟုတ်ရင် ငါတို့ဂိုဏ်းရဲ့ တည်ထောင်သူနဲ့ ဂိုဏ်းက လူအများရဲ့ ရှုတ်ချစရာ ဖြစ်လာမှာ မဟုတ်ဘူး ...”
“အညှီမရှိဘဲ ယင်မလာဘူးလေ မီးမရှိဘဲ မီးခိုးထွက်မှာ မဟုတ်ဘူး တကယ်လို့ ကျောက်ဝူဟန်က ဖူယန်ဖေးကို တကယ် ချစ်သွားခဲ့တာ ဆိုရင် သူလည်း အကျင့်ကောင်းတဲ့သူ မဖြစ်နိုင်ဘူးလေ ...”
“ဘမ်း...” ဖျက်ဆီးလိုက်သည့် အသံက မိုဝူကျီ၏ စကားများကို ဖြတ်တောက် လိုက်လေသည်။
ယန်ချင်ယင်၏ ဓားက ဖူယန်ဖေး ရုပ်တုကို စိုက်သွားသောအခါ ကျောက်နံရံ တစ်ခုလုံးကား ပြိုကျလာလေ၏။
နံရံနောက်တွင် ကျောက်စိမ်းဖြူ စင်မြင့်တစ်ခု ရှိနေပြီး ထိုစင်မြင့်ပေါ်တွင် သလင်းကျောက် အလုံး သုံးလုံး ရှိလေ၏။ ကျောက်နံရံနောက်ရှိ စင်မြင့်ကို သေချာကို အချောသပ် ထားလေသည်။ ထိုပေါ်တွင် စာတစ်တန်း ရေးသားထားကာ ‘ငါ့ရဲ့ အမွေအနှစ်တွေ ရရှိသော ကံထိုက်သူသည် သံစဉ်ခြွေဓား ပညာရပ်ကို ပြန်လည် ထွန်းပေါက်စေအံ့’
“အဲဒါဆို ဒါက စီနီယာ လော့ချွီရဲ့ အနားယူရာ နေရာပေါ့” ယန်ချင်ယင်က ကျောက်စိမ်းဖြူ စင်မြင့်ကို အရိုအသေမပြုခင် သက်ပြင်း ချလိုက်လေသည်။
မိုဝူကျီလည်း စင်မြင့်ကို အရိုအသေ ပေးလိုက်လေ၏။ သူသည် ယန်ချင်ယင်ကို မလေးစားဘဲ မနေနိုင်ချေ။ ထိုအမျိုးသမီးသည် သူ့ထက် အစစ အရာရာ ပိုသာလေ၏။ သူမက ဖူယန်ဖေး ရုပ်တုကို ဖျက်ဆီးပစ် လိုက်သောကြောင့် သူက သူမသည် ဖူယန်ဖေးကို မကျေနပ်ကြောင်း အမှန်ပင် ထင်မိသွားလေသည်။ သို့သော် သူမက ဤဖုံးကွယ်ထားသော အဖိုးတန် နယ်ပယ်ကို ထုတ်ဖော် ခဲ့လေသည်။
“ငါက ဂိုဏ်းရဲ့ စီနီယာ တစ်ယောက်ကို အရိုအသေ ပေးတာလေ ... ဘာလို့ မင်းကရော အရိုအသေ ပေးနေတာလဲ ...” မိုဝူကျီ အရိုအသေ ပေးနေသည်ကို မြင်၍ ယန်ချင်ယင်က မထိတထိ မေးလိုက်လေ၏။
မိုဝူကျီက စိတ်ထဲ မထားဘဲ ဖြေလိုက်လေသည်။
“ကျွန်တော်လဲ စီနီယာမိုကို အရိုအသေ ပေးနေတာပါ ... ပါရမီရှင် အများအပြားက သူတို့ရဲ့ အမွေတွေ ချန်ထားခဲ့ပေမဲ့ သူတို့က ထောင်ချောက် တချို့တော့ ရည်ရွယ်ချက်ရှိရှိ ထားခဲ့ကြတယ်လေ ဒါပေမဲ့ စီနီယာမိုက ထောင်ချောက် ဘာညာ မထားခဲ့တဲ့ အတွက် သူက ဖြောင့်မတ်ပြီး လေးစားဖို့ ကောင်းတဲ့သူ ဆိုတာ သိသာတယ်လေ ... အဲဒါအပြင် ကျွန်တော်က သူ့ရတနာထဲက တစ်ခုကို မကြာခင် ရတော့မှာလေ အဲဒါကြောင့် ဒီစီနီယာကို အရိုအသေပြုတာက မှန်ပါတယ် ...”
ယန်ချင်ယင် ပြုံးကာ မိုဝူကျီက သူမအား သူ့၏ ဝေစုကို မမေ့ရန် သတိပေးနေခြင်း ဖြစ်ကြောင်း သဘောပေါက် လိုက်လေသည်။
“ဒီ သလင်းကျောက် သုံးလုံးက ကျင့်စဉ် ကူးပြောင်းနိုင်တဲ့ ကျောက်တွေပဲ ဒီသလင်း ကျောက်လုံးတွေရဲ့ ကောင်းချက်က ကျင့်စဉ်နဲ့ ပညာရပ်တွေမှာ အရင်လူ၏ ထိုးထွင်း သိနိုင်စွမ်းနဲ့ နားလည် နိုင်စွမ်းတို့ ပါရှိကြတယ် ... ထိုးထွင်းသိမြင် နိုင်စွမ်းက အလွန့်လွန် ထူးခြားတယ် ပြီးတော့ ဆက်ဆံသူက ဉာဏ်ဖျင်းရင်တောင် သူ့ကို စိတ်ထွေပြားမှု မဖြစ်စေဘဲ ဒီသလင်းကျောက်နဲ့ အရှုပ်အထွေး အားလုံးကို အသေးစိတ် နားလည် နိုင်စေလိမ့်မယ် ...” ယန်ချင်ယင်က မိုဝူကျီ၏ အမူအရာကို ကြည့်လိုက်ပြီး သူတို့ ကြည့်နေသော အရာကို မသိသောသည့် ပုံပေါ်နေသောကြောင့် သူမက စ၍ ရှင်းပြလိုက်လေသည်။
“အဲဒါဆို ဒီသလင်းကျောက်နဲ့ ရိုးရာ ကျင့်စဉ်တွေနဲ့ ယှဉ်လိုက်ရင် သူတို့က ပညာရပ်တွေမှာ ဆက်ဆံသူရဲ့ ဉာဏ်အလင်း ကင်းမဲ့နေတာပေါ့ အဲဆို သူက အရင်လူရဲ့ ထိုးထွင်းသိမြင် နိုင်စွမ်းနဲ့ နားလည်နိုင်စွမ်းကို အကုန် ရရှိမှာလား ...” မိုဝူကျီက မေးလိုက်လေသည်။
ယန်ချင်ယင်က အသာ ပြုံးလိုက်ကာ
“မင်းက ဒီလိုကျ နားလည်သား ... ဒါပေမဲ့ ကျင့်စဉ်နဲ့ ပညာရပ် အများကြီးအတွက် ပါရမီအရှိဆုံး လူတောင် ဒီလို အချိန်တိုအတွင်း နားမလည်နိုင်ကြဘူး ... တချို့က အကြာကြီး လေ့ကျင့်ပြီးတဲ့ အချိန်အထိ နားမလည် နိုင်ကြဘူး ...”
ယန်ချင်ယင်က သလင်းကျောက်၏ ကောင်းကျိုးများကို ဆက်၍ ရှင်းမပြတော့ပဲ ပထမ အလုံးကို ညွှန်ပြလိုက်ကာ
“သလင်းလုံး နောက်မှာ စာတွေပါတယ် ... ပထမတစ်ခုက သံစဉ်ခြွေ လျှို့ဝှက် ဓားပညာရပ်တဲ့ အဲဒါက ကျင့်စဉ်ပဲ ... စီနီယာ လော့ချွီ ပြောတဲ့အတိုင်း သူ့အမွေအနှစ်ထဲက အရေးကြီးဆုံး ဓားပညာပဲ ...”
မိုဝူကျီ၏ ကျင့်ကြံအဆင့်က ယန်ချင်ယင် အောက်တွင် ရှိသောကြောင့် သူက နောက်မှ စာလုံး အသေးလေးများကို မမြင်ချေ။ သို့သော်လည်း သူသည် ထိုဓားပညာရပ်ကို ပြန်လည် ထွန်းပေါက် လာစေဖို့ မရည်ရွယ် ထားပေ။ သူသည် သူ့အတွက် သင့်တော်သော ကျင့်စဉ် တစ်ခုကို ရှာတွေ့ချင်ရုံသာ ဖြစ်လေ၏။
“ဒုတိယ တစ်ခုက စီနီယာမိုရဲ့ ကျင့်ကြံခြင်း ကျင့်စဉ်ပဲ မင်းက စိတ်မဝင်စားတဲ့ အတွက် အဲဒါကို မပြောတော့ဘူး ... နောက်ဆုံး တစ်ခုကလည်း ဓားနဲ့ ပတ်သက်တဲ့ ပညာရပ်ပဲ အဲဒါကို ပျောက်ကွယ် ဓားလို့ ခေါ်တယ် ....”
ကျင့်စဉ်များကို ပြောပြီးနောက်တွင် ယန်ချင်ယင်က မိုဝူကျီကို လေးလေးနက်နက် ပြောလိုက်လေသည်။
“ဂျူနီယာ မောင်လေးမို စီနီယာမိုက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း အမွေအနှစ်ထဲက အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပဲ ငါတို့ အရင်က သဘောတူထားတဲ့ အတိုင်းဆိုရင် မင်းကို သံစဉ်ခြွေ လျှို့ဝှက်ဓား ပညာရပ်ကို ပေးရမှာ ဒါပေမဲ့ ဒီ ဓားကျင့်စဉ်နဲ့ ကျင့်ကြံခြင်း ကျင့်စဉ်တွေက ငါ့အတွက် အရမ်း အရေးကြီးလွန်းတယ် ဒီပျောက်ကွယ်ဓားက သုံးခုထဲမှာ အဆိုးဆုံး ဖြစ်နေပြီး မင်းအတွက် အသုံး မတည့်ရင်တောင် ငါ့မှာ ဒီဟာပဲ ပေးစရာ ရှိတယ် ... ”
မိုဝူကျီက ကျင့်စဉ် နှစ်ခုလုံးသည် ဓားနှင့် ဆက်နွှယ် နေသောကြောင့် စိတ်ပျက်နေလေ၏။ သူသည် သံစဉ်ခြွေ လျှို့ဝှက် ဓားပညာရပ်ကို လည်းကောင်း ပျောက်ကွယ်ဓား ပညာရပ်ကို လည်းကောင်း စိတ်မဝင်စားချေ။ ဤနေရာသို့ လာဖို့ရန် စတေးမှု အကြီးကြီး ယူပြီးနောက်တွင် လျှပ်စီး တိုက်ခိုက်မှုနှင့် ဆက်နွှယ်နေသော အံ့မခန်း ကျင့်စဉ်များကို ရရန် စိတ်ကူး ထားလေသည်။ သို့သော် ဤနေရာတွင် ဓားပညာရပ် နှစ်ခုသာ ရှိနေမည် ဖြစ်ကြောင်း ထင်မထားခဲ့ပေ။
“ရပါတယ် အဲဒီ ပျောက်ကွယ်ဓား ပညာရပ်ပါတဲ့ ဟာသာ ပေးလိုက်ပါ ...” သူက သံစဉ်ခြွေ လျှို့ဝှက် ပညာရပ်ကို ပို၍ လိုလားသော်လည်း စိတ်ထဲ မထားပေ။
“ကျေးဇူးအများကြီး တင်ပါတယ် ဂျူနီယာ မောင်လေးမို ... မင်းက ငါတို့ဂိုဏ်းရဲ့ ဆေးလုံးဆရာ မဖြစ်ချင်ဘူး ဆိုတော့ ငါတို့ ထွက်သွားတာနဲ့ မင်းကို ဧည့်ဆေးလုံး ဆရာ ဖြစ်လာအောင် ကူညီပေးပါ့မယ် အဲဒါဆိုရင် မင်းလည်း ဂိုဏ်းကို တရားဝင် ဝင်စရာ မလိုတော့ဘူး ငါတို့ဂိုဏ်းရဲ့ အထောက်အပံလည်း ရနိုင်လိမ့်မယ် ...” ယန်ချင်ယင်က ကျေးဇူးတင်စွာ ပြောလိုက်လေသည်။
သူမက သလင်းကျောက် သုံးခုလုံးကို ယူလိုက်ပြီး ပျောက်ကွယ်ဓား ပညာရပ်ကို မိုဝူကျီထံ ပေးလိုက်လေ၏။
အရင်က သူမသည် မိုဝူကျီနှင့် သဘောတူ ထားသည်က သူ့အား အရင်ရွေးစေရန် ဖြစ်သော်လည်း ယခုအခါ သူမက အကုန်ရွေး၍ မိုဝူကျီကို လက်ကျန် ပေးလိုက်ရလေ၏။ ထိုသည်က သူမစိတ်ထဲတွင် အားနာစိတ် ဖြစ်ပေါ်လာစေသည်။ သူမသည် သဘောတူမှုကို ချိုးဖောက်ချင်၍ မဟုတ်ဘဲ အမွေအနှစ်များက မိုလော့ချွီဟာ ဖြစ်နေကြောင်း ထင်မထားမိ၍သာ ဖြစ်လေသည်။
“ဧည့်ဆေးလုံး ဆရာက စာကြည့်တိုက်ထဲ ဝင်ခွင့်ရမှာလား ပြီးတော့ အကြီးအကဲတွေရဲ့ သင်ပြမှုကိုရော နားထောင်ခွင့် ရမှာလား ...” မိုဝူကျီက အလျင်အမြန် မေးလိုက်လေသည်။ သူ ဂိုဏ်းကို ဝင်သည့် အဓိက ဦးတည်ချက်ကား သူ့ကျင့်ကြံခြင်းနှင့် ပတ်သက်၍ သင်ပြလမ်းညွှန်မှု ရရှိရန်သာ ဖြစ်လေ၏။
“ဧည့်ဆေးလုံးဆရာက ငါတို့ဂိုဏ်းမှာ သီးသန့် တည်ရှိမှု တစ်ခုပဲ ပုံမှန်ဆိုရင် စာကြည့်တိုက်က ဂိုဏ်းရဲ့ ကျင့်စဉ်တွေကို ငှားယူဖို့ ဝင်လို့ရတယ် ... ဒါပေမဲ့လည်း ကန့်သတ်ချက်တော့ ရှိတာပေါ့ ... ဧည့်ဆေးလုံး ဆရာတွေက ငါတို့ဂိုဏ်းရဲ့ ဓားပညာရပ်တွေနဲ့ လျှို့ဝှက် ဓားပညာရပ်တွေ ထားတဲ့နေရာတော့ ဝင်ခွင့်မရှိဘူး ... ” ယန်ချင်ယင်က တောင်းတောင်းပန်ပန် ရှင်းပြလိုက်လေသည်။
“ကျွန်တော့်အတွက် အဲဒီလောက်ဆို ရပါပြီ စီနီယာ အစ်မယန်ကို ကျေးဇူး တင်ပါတယ်ဗျ ...” မိုဝူကျီက ကျေးဇူးတင်မှုကို အလောတကြီး ဖော်ပြလိုက်လေ၏။ သူသည် ဂိုဏ်း၏ တရားဝင် ဂိုဏ်းသား တစ်ယောက်လည်း မဖြစ်ချင်သလို ဂိုဏ်း၏ အဓိက ကျင့်စဉ်များကိုလည်း စိတ်မဝင်စားချေ။
ထို့နောက်တွင် မိုဝူကျီက ပျောက်ကွယ်ဓား ပညာရပ် သလင်းကျောက်ကို သူ့အိတ်ထဲ ထည့်လိုက်ပြီး ယန်ချင်ယင်ဆီ လှမ်းပေး လိုက်လေ၏။
“စီနီယာ အစ်မယန် ဒီအိတ်ထဲမှာ ကျွန်တော့် အသုံးအဆောင်တွေနဲ့ ဓားကျိုးအပြင် ပျောက်ကွယ်ဓား ပညာရပ်လည်း ပါတယ် ပြီးတော့ ဆေးလုံးတချို့နဲ့ ဆေးပင်တွေလည်း ပါတယ် ... ထွက်သွားရမဲ့ အချိန်ကျ စီနီယာကို ဒါလေး ယူလာပေးဖို့ အပူကပ်ရဦးမယ် ...”
အစေခံ တပည့် တစ်ယောက် အနေနှင့် သူသာအပြင်ကို ထုတ်ယူသွားပါက တခြား သူများ၏ လက်ချက်မိ သွားလိမ့်မည်။
ယန်ချင်ယင်က မိုဝူကျီ အိတ်ကို သူမ သိုလှောင်အိတ်ထဲ ထည့်ထားလိုက်ကာ
“ငါ ဒီပစ္စည်းတွေကို အပြင်ယူသွားဖို့ ကူညီပေးပါ့မယ် တကယ်တမ်း မင်းက အဆင့်နှစ် ဆေးလုံးဆရာဆိုတော့ ဧည့်ဆေးလုံးဆရာ ဖြစ်လာဖို့ ငါ့အကူအညီတော့ မလိုဘူးရယ် ... အဲဒါကြောင့် ဒါကို မင်းကို အကြွေးတင် နေတယ်လို့သာ သဘောထားပေးပါ ငါတို့ ထွက်သွားတဲ့ အခါမှ ထပ်ပြောကြတာပေါ့ ...”
“ဘယ်လို ထွက်သွားကြမှာလဲ ...” မိုဝူကျီက မေးလိုက်လေ၏။
“တစ်လလောက် ရှိတော့မှာ ဆိုတော့ အစီအရင်က ပြဿနာ ရှိနေရင်တောင် ရက်အနည်းငယ်ပဲ ကြာလိမ့်မယ် ငါတို့ ထွက်သွားလို့ ရမှာပါ အဲဒီအချိန်ကျ စိုးရိမ်မနေနဲ့ ငါတို့ ထွက်သွားတဲ့အခါ ဘာပြဿနာမှ ရှိမှာ မဟုတ်တော့ဘူး ...”
ယန်ချင်ယင်က တစ်ခုခုကို သတိထား မိဟန်ဖြင့် ဆက်မပြောတော့ချေ။
မိုဝူကျီက စိတ်ထဲတွင် သံသယများ ရှိနေသော်လည်း
“အရင်တစ်ခါက စီနီယာ ပြောသလိုဆိုရင် အသက်ဓာတ်စုပ် သားရဲက နတ်ဓားတောင်မှာ ဗြုန်းခနဲ ပေါ်မလာသင့်ဘူး မလား ... အဲဒါဆိုတော့ ဂိုဏ်းထဲက တစ်ယောက်ယောက် လက်ချက်လို့ ပြောချင်တာလား ... ကျွန်တော်တို့ရဲ့ အစီအရင် အမှားယွင်း ဖြစ်တာက သူ့ကြောင့်ပဲလား ... ”
ယန်ချင်ယင်က တွေဝေစွာ ပြောလိုက်လေသည်။
“ပြောဖို့ ခက်တယ် တကယ်လို့ တစ်ယောက်ယောက်က ငါတို့ထက် အရင် ရောက်နေခဲ့တယ် ဆိုရင် စီနီယာ လော့ချွီရဲ့ အမွေအနှစ်တွေက ငါတို့ လက်ထဲ ရောက်လာမှာလဲ ...”
“ဖြစ်နိုင်တာက သူက အရမ်း အားကောင်းလွန်းလို့ စီနီယာမို ပစ္စည်းတွေကို မျက်လုံးထဲ မထည့်တာများလား ...”
မိုဝူကျီ စကားမဆုံးခင် ကြောက်မက်ဖွယ် ဟားတိုက် ရယ်မောသံ တစ်ခုထွက်ပေါ် လာလေ၏။
“ဟားဟား မင်းမှန်တယ် မိုလော့ချွီရဲ့ ပစ္စည်း မွှားတားလေးတွေက ငါ့အကြိုက် မဟုတ်ဘူး ...”
“ဘယ်သူလဲ…” ယန်ချင်ယင်က ရုတ်တရက် လှည့်ကာ မေးလိုက်လေ၏။
***