ဧည့်ဆေးလုံး ဆရာ
Vol. 7 Ch. 88
“မင်းဖမ်းလိုက်တာက ငါ့အိမ်မွေး တိရစ္ဆာန်လေး ...” သုန်မှုန်နေသော အသံက ထွက်ပေါ်လာလေ၏။
မိုဝူကျီနှင့် ယန်ချင်ယင်တို့ မည်မျှပင် ကြိုးစားကြည့်ပါစေ သူတို့မြင်ရသည်မှာ အနက်ရောင် အမျိုးသမီး အရိပ်သာ ဖြစ်လေသည်။ သူမက ဘယ်လိုပုံ ရှိမှန်းပင် မှန်းဆမရချေ။
ဂူအတွင်းတွင် မိနစ်နှင့်အမျှ အားကောင်းလာသော မှုန်မှိုင်းမှိုင်း အငွေ့အသက်ကြောင့် မိုဝူကျီက တုန်ယင် လာလေသည်။ အမှန်တကယ် တစ်ခုမှ မပြောင်းလဲသော်လည်း သူ့ပတ်ဝန်းကျင်မှ လေထုသည်ပင် အေးခဲ သွားတော့မတတ် ခံစားနေရသည်။
ယန်ချင်ယင်က အသက်ဓာတ်စုပ် သားရဲကို သိမ်းဆည်း ထားသော အိတ်ကို ဖွင့်လိုက်ကာ တွန့်ဆုတ် မနေဘဲ ပြန်ပြော လိုက်လေ၏။
“စီနီယာ ယန်ဖေး ဒီဂျူနီယာလေးရဲ့ အတွေးတိမ်မှုကို ခွင့်လွှတ်ပေးပါ ဒီသားရဲကို တစ်ယောက်ယောက် ပိုင်လိမ့်မယ်လို့ မတွေးခဲ့မိလို့ပါ ဂျူနီယာ မောင်လေးမို ငါတို့ ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး ...”
ဖူယန်ဖေးလား ....
မိုဝူကျီက ယန်ချင်ယင်သည် တခြားသော သူကို မည်သို့ မှတ်မိကြောင်း တစ်စက်မျှ မသိပေ။ သို့သော်လည်း ယန်ချင်ယင်၏ မျက်လုံးများမှ သူမသည် လိမ်ညာနေကြောင်း ပြောနိုင်လေ၏။ သို့သော် သူမ၏ ထိုသို့ လုပ်ဆောင်ရသော အကြောင်း အစစ်အမှန်ကိုမူ မသိသေးချေ။
“ဒီရောက် နေမှတော့ ထွက်သွားဖို့ အလျင် မလိုပါနဲ့ဦး အဲဒီ ကျောက်ဝူဟန်ရဲ့ ရိုးရာဟောင်းက နတ်ဓားတောင်မှာ မင်းတို့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်ဖို့ မဟုတ်ဘူးလို့ မပြောထားဘူးလား....” အရိပ်က လက်ကို ဆန့်ထုတ်လိုက်ပြီး မိုဝူကျီ၏ ဦးခေါင်းကို ဖမ်းဆုပ် ထားလိုက်လေသည်။
မိုဝူကျီက ရုန်းကန်ဖို့ ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်နေလေ၏။
ကောင်းကောင်း ဖမ်းဆုပ် ထားခံရပြီးနောက် ယန်ချင်ယင်က ဓားကို ထုတ်ကာ တိုက်ခိုက်လိုက်ပြီး မိမိဘာသာ လွှတ်ဖို့ ကြိုးစားရင်း သွေးတစ်ပွက် အန်လိုက်လေ၏။ မိုဝူကျီဘေးရှိ အေးစက်စက် တင်းမာသော လေထုက အနည်းငယ် လျော့ပါး သွားလေသည်။
“ဂျူနီယာ မောင်လေးမို ဒါက မင်းကို ငါ အကူညီနိုင်ဆုံးပဲ မြန်မြန် ထွက်ပြေးတော့ ...” ယန်ချင်ယင်က ဓားဖြင့် တိုက်ခိုက်ပြီး နောက်တွင် ပျောက်ကွယ်သွားသည်။
မိုဝူကျီက သူမ အပြုအမူများကို အပြစ်မတင်ပေ။ အကြောင်းမှာ သူသည် ‘မိမိကိုယ်ကိုယ်ကိုယ် အရင် ဂရုစိုက်သင့်ကြောင်း’ ထိုသဘောတရားကို နားလည်၍ ဖြစ်သည်။ ယခုကဲ့သို့သော အခြေအနေနှင့် ကိုက်ညီလှပေသည်။ ယန်ချင်ယင်က သူ့အား ကယ်တင်ရန် မဖြစ်နိုင်ကြောင်း သိ၏။ ထို့ကြောင့် ဘေးနားရှိ အေးစက်သော လေထုကို ဖယ်ရှားပေးသည့် သူမ၏ အားထုတ်မှုကိုပင် အမှန်တကယ် ကျေးဇူး တင်မိလေသည်။
မိုဝူကျီက အကြောင်းအရာ တစ်ခုကို နားလည်သည့် အတွက် ယန်ချင်ယင်နှင့် အတူ လွတ်မြောက်ဖို့ ကြိုးစားရန် စိတ်မကူးချေ။ ဝံပုလွေအုပ်နှင့် ရင်ဆိုင် တွေ့သောအခါ အသက်ရှင်ဖို့ရန် ဝံပုလွေထက် မြန်အောင် ပြေးစရာ မလိုပေ။ မင်းရဲ့ အပေါင်းအပါထက် ပိုမြန်အောင် ပြေးဖို့သာ လိုအပ်လေသည်။ သို့သော်လည်း သူ့အပေါင်းအပါကား ယန်ချင်ယင် ဖြစ်သည့်အတွက် သူမကို ကျော်၍ မပြေးနိုင်ချေ။
ထိုအကြောင်းက ယန်ချင်ယင် အတွက် ဖြစ်ပြီး သူ့အတွက် မဟုတ်ခဲ့လေ။ အကြောင်းမှာ ယန်ချင်ယင် သူ့ကို ကူညီလိုက်ခြင်းမှာ သူမတွင် သူ့ကို ကယ်တင်ရန် အကြံစည်ရှိပြီး ရန်သူထံ ချကျွေးခဲ့ခြင်း မဟုတ်ဟု သက်သေပြနေလေ၏။
ဖြစ်နိုင်သည်က ယန်ချင်ယင်က မိုဝူကျီ တစ်ယောက်တည်း ဤအရိပ် အမျိုးသမီးနှင့် ဆန့်ကျင်ပြီး အချိန်ဆွဲထားရန် မတတ်နိုင်မှန်း သိလေ၏။
သူ့ကို လွှတ်ပေးလိုက်သည့် အခိုက်အတန့်တွင် ထွက်ပြေးမည့် အစား မိုဝူကျီက ဓားကို ဆွဲထုတ်ကာ ချက်ချင်း ပြန်လည် တိုက်ခိုက် လိုက်လေသည်။
“အာ့...” အပြာရောင် လျှပ်စီးဓာတ် ရောက်ရှိ လာပြီးနောက် မကြာခင်တွင် အော်ဟစ် ငိုကြွေးသံကို ကြားလိုက်ရလေ၏။ မိုဝူကျီက သူ့ရန်သူသည် လျှပ်စီးကို ကြောက်ရွံမှန်း သတိထားမိ လိုက်လေသည်။
မိုဝူကျီက ချက်ချင်း ၁၈၀ ဒီဂရီ လှည့်ကာ ဂူထဲမှ တတ်နိုင်သလောက် မြန်မြန် ထွက်ပြေး လာလိုက်သည်။
အမျိုးသမီးက မယုံကြည် နိုင်လောက်အောင် စွမ်းအားကြီးမား လှပေသည်။ အကယ်၍ သူမက မိုဝူကျီသည် လျှပ်စီးဓာတ် စက္ကူကျားလေး ဆိုတာသာ သိသွားခဲ့လျှင် မိုဝူကျီ၏ ဘဝ အဆုံးသတ် သွားလိမ့်မည်။
မိုဝူကျီ၏ လျှပ်စီးဓာတ်က အမှန်တကယ် ထိရောက်သွားပုံ ပေါ်လေ၏။ သူက ဂူအဝင်ပေါက် အနားရှိ အစိမ်းရောင် နွယ်ပင်တွေဆီ ရောက်သွားသည့် အထိ သူမသည် လက်တုံ့ ပြန်ဖို့ရန် လိုက်မလာခဲ့ပေ။
မိုဝူကျီက ဂူမှ ထွက်လာသည်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်သည့် အားတစ်ခုက သူ့ဆီ ကျရောက် လာလေသည်။ မိုဝူကျီက အလွန့်လွန် အားကောင်းသော အမျိုးသမီးဆီမှ ဖြစ်ရမည်ဟု တွေးမိကာ ကြောက်လန့်လာလေ၏။ သို့သော်လည်း သူ့နောက်သို့ ပြန်လှည့်ကြည့် လိုက်သောအခါ အမျိုးသမီးသည် ဂူအပေါက်ဝသို့ ရောက်နေသော်ငြား ထိုအားက သူမဆီမှ မဟုတ်ပေ။
အမျိုးသမီး လက်က မိုဝူကျီကို နောက်တစ်ကြိမ် ထပ်ဆွဲယူတော့မည့် အချိန်တွင် မိုဝူကျီက မြင်ကွင်းမှ ပျောက်ကွယ် သွားလေ၏။
မိုဝူကျီကို ဆွဲခေါ်လိုက်သော အားတစ်ခုသည် အားကောင်းလှ၍ ပက်လက် လန်မကျခင် အထိ အရမ်းကို ထိတ်လန့် သွားမိလေ၏။ မိုဝူကျီက ပတ်ဝန်းကျင်ကို သေချာစစ်ဆေး ကြည့်လိုက်သောအခါ သူသည် နတ်ဓားတောင်ကို ဝင်ရောက်သည့် အချိန်က တူညီသော အဆောက်အဦ အတွင်း ရောက်ရှိနေသည် ဖြစ်ကြောင်း သတိမူ မိလိုက်သည်။
မိုဝူကျီက အနီးအနားတွင် ယန်ချင်ယင်၊ ဆေးလုံး သခင်ဂျူနှင့် နောက်တစ်ယောက်ကိုပါ သတိထားမိ လိုက်သည်။
ဆယ့်သုံးယောက် ဝင်သွားကြပေမဲ့ သုံးပုံတစ်ပုံ အောက်သာ ပြန်ထွက်လာ နိုင်ကြလေ၏။ ဆေးလုံး သခင်ရှီသည် ဤနေရာတွင် မရှိသည့် အတွက် မိုဝူကျီက သူသည် ဝရုန်းသုန်းကား အခြေအနေ အောက်တွင် အသက်ရှင်လျက် မကျန်ရစ်မှန်း မှန်းဆ လိုက်လေသည်။ ဆေးလုံး သခင်ရှီ၏ ဆေးလုံး ဖော်စပ်ခြင်း အရည်အချင်းမှာ မတော်သော်လည်း သူ့တွင် အရည်အချင်း နိမ့်ကာ ဒေါသကြီး နေစေကာမူ သူသည် တဲ့တိုးသမားသာ ဖြစ်ကာ ကလိမ် ကျတတ်သော လူမဟုတ်ပေ။
ယန်ချင်ယင်က မိုဝူကျီကို မြင်လိုက်သော အခါ မျက်လုံးများ ပြူးကျယ် သွားလေ၏။ အမှန်မှာ သူမတွင် မိုဝူကျီကိုပါ ကယ်တင်ရန် စွမ်းရည်မရှိမှန်း သိသည့် အခိုက်အတန့်တွင် အပြစ်ရှိစိတ် များစွာ ခံစားခဲ့ရ၏။ သူမသည် မိုဝူကျီတွင် ရှိနေသာ ကံကောင်းမှု အသေးစားလေးကို ဂရုမစိုက်ချေ။
ဆေးလုံး သခင်ဂျူက မိုဝူကျီကို မြင်သောအခါ မယုံကြည်နိုင်ပေ။ ရွှေ့ပြောင်းမှု အစီအရင် မှားယွင်းမှု အောက်တွင် မိုဝူကျီကဲ့သို့သော ဆေးပင် သယ်ဆောင်ရေး ကောင်လေးသည် အသက်ရှင်နိုင် လိမ့်မည်ဟု မယုံကြည်နိုင် ဖြစ်နေလေ၏။
မည်သူကမှ မပြောခင် လူအုပ်ကြီးကို ဦးဆောင်လာသော ဂိုဏ်းခေါင်းဆောင် ဂူရန်က ဝင်လာလေသည်။
ဂူရန်က ယန်ချင်ယင်ကို မြင်လိုက်သောအခါ စိတ်အေးသွားသည်မှာ သိသာလှ၏။ သူက ကြေညာလိုက်ကာ
“ရွှေ့ပြောင်း အစီအရင်က မှားယွင်းမှု ရှိတဲ့အတွက် ငါတို့ဂိုဏ်း အတွက် ဆုံးရှုံမှု အမြောက်အမြား ဖြစ်ခဲ့ရတယ် ... ကျေးဇူးတင်ဖို့ ကောင်းတာက ထွက်လာနိုင်ခဲ့တဲ့ လေးယောက်က ဆေးလုံးဆရာ သုံးယောက်ဖြစ်တဲ့ အတွက် ကံဆိုးမှုထဲက ကံကောင်းမှုလို့ ဆိုရမှာပဲ ...”
“ဂိုဏ်းခေါင်းဆာင် ကျွန်တော်တို့ ခန်းမထဲ ပြန်ရောက်မှ ဆက်ပြောသင့်တယ်...”အကြီးအကဲ တစ်ယောက်က ယန်ချင်ယင်ကို မြင်တွေ့ပြီးသော အခါ သက်ပြင်း ချလိုက်လေ၏။
“မင်းက ဆေးလုံးသခင်ရှီရဲ့ ဆေးပင် သယ်ယူရေး ကောင်လေး မဟုတ်ဘူးလား.... ဘယ်လိုလုပ် အသက် ရှင်နေတာလဲ....” တစ်ယောက်က မိုဝူကျီကို သတိပြုမိ သွားလေ၏။
ထိုစဉ် ဂိုဏ်းခေါင်းဆောင်၏ အာရုံစိုက်မှုသည် မိုဝူကျီအပေါ် ကျရောက်လာလေ၏။ မိုဝူကျီသည် မည်သို့ အသက်ရှင်ခဲ့မှန်း သိချင်သော်လည်း သူသည် ယန်ချင်ယင် အပေါ်တွင်သာ အာရုံစိုက်နေသည့် အတွက် မေးရန် လုံးလုံး မေ့လျော့ သွားချေ၏။
မိုဝူကျီက မြန်မြန် အရိုအသေ ပြုလိုက်ပြီး ပြောလိုက်လေ၏။
“စီနီယာများ ဒီဂျူနီယာလေးက ဆေးလုံး သခင်ယန်ရဲ့ အကူအညီတွေ ရရှိခဲ့လို့သာ ကျွန်တော့်ရဲ့ အသက်လေးကို ယူဆောင်သွားခြင်း မခံရတာပါဗျ ...”
မိုဝူကျီသည် ဂိုဏ်းမှ အကြီးအကဲများ ရှေ့တွင် ယန်ချင်ယင်ကို စီနီယာအစ်မဟု ခေါ်ရန် အခွင့်အရေး မရှိကြောင်း သိလေ၏။
“ဒါက အမှန်ပဲလား....” အားလုံး၏ အကြည့်များက ယန်ချင်ယင်ပေါ်တွင် ကျရောက် သွားလေသည်။
ယန်ချင်ယင်က ခေါင်းညိတ် ပြလိုက်ပြီး
“အမှန်ပါပဲ ... ကျွန်မ သူ့ကို တွေ့တဲ့အချိန်မှာ ဂျူနီယာ မောင်လေးမိုက ဒဏ်ရာရနေလို့ ကူညီခဲ့တာပါ ပြီးတော့ ဂျူနီယာ မောင်လေးမိုက ယောင်ကျိုးတုန်းက ဆေးလုံးဆရာ ဖြစ်ခဲ့ကြောင်း သိလိုက်ရတယ် သူ့မှာ အဆင့်နိမ့် ဝိညာဉ်ကြော ရှိပေမဲ့ ဆေးလုံးတွေ အပေါ် သူ့ဗဟုသုတတွေက သာမန်ထက် ထူးချွန်နေတယ် ... သူ့ကို တွေ့တုန်းက ...”
မိုဝူကျီက မြန်မြန် ဖြတ်ပြော လိုက်လေသည်။
“ချီးကျူးမှု အားလုံးကို စီနီယာ အစ်မယန်ပဲ ခံယူသင့်ပါတယ် စီနီယာရဲ့ စိတ်ရှည်လှတဲ့ လမ်းညွှန်မှုကြောင့်သာ မဟုတ်ရင် ဆေးလုံးဆရာ ဖြစ်မလာနိုင်ပါဘူး ...”
ယန်ချင်ယင်က မိုဝူကျီပြောသည့် ကိစ္စကို သံသယ ရှိလေသည်။ သူမ သူ့ကို ပထမဆုံး မြင်ကာစတွင် မိုဝူကျီက အဆင့်တစ် ဆေးလုံးဆရာ ဖြစ်နေပြီး အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာရန် တစ်လှမ်းလောက်သာ လိုတော့လေသည်။ အကြောင်းမှာ သူမသည် သူ့ကို ပြည့်ပြည့်စုံစုံ လမ်းညွှန် ပေးခဲ့သည် မဟုတ်ဘဲ ဟိုဟိုဒီဒီ ထောက်ပြခဲ့ရုံသာ ဖြစ်လေ၏။ သူမက မိုဝူကျီသည် အဘယ်ကြောင့် သူမအား ချီးကျူးမှု အားလုံး ပေးချင်လဲ ဆိုသည့် အကြောင်းကို ရှုပ်ထွေးနေ၍ သူမစကားကို အဆုံးထိ မပြောနိုင်ခဲ့ပေ။
“မင်းက ဆေးလုံး ဆရာလား ...” ဂူရန်က မိုဝူကျီကို သံသယရှိရှိ ကြည့်လိုက်သည်။ အစေခံတပည့် ကဲ့သို့ ဆေးပင် သယ်ယူရေး ကောင်လေးသည် ရုတ်တရက် ဆေးလုံးဆရာ ဖြစ်လာသည့် အကြောင်းကို မကြားဖူးချေ။
ယန်ချင်ယင်က မိုဝူကျီကိုယ်စား ပြန်ဖြေ လိုက်လေသည်။
“ဟုတ်ပါတယ် ဂိုဏ်းခေါင်းဆောင် မိုဝူကျီက ဆေးလုံးဆရာ တင်မကဘဲ အဆင့်နှစ် ဆေးလုံးဆရာ နီးပါး ကောင်းပါတယ် ... ကျွန်မက သူ့ကို လမ်းညွှန်မှု နည်းနည်း ပေးလိုက်ရုံနဲ့ အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာမယ်လို့ သေချာပါတယ် ... အရေးကြီးဆုံး အချက်က ဆေးလုံးဖော်စပ်ခြင်း အတွက် သူ့ပါရမီက ကျွန်မထက်ကို တော်တယ်လို့ ထင်မိတယ်ရှင့် ...”
မိုဝူကျီ စောစောက ပြောသည်များကို တွေးမိပြီး ယန်ချင်ယင်က သူမ၏ ချီးကျူးမှု အားလုံးကို မိုဝူကျီ အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာရေး အတွက် အသုံးချ လိုက်တော့သည်။
“အဲဒီလို ဖြစ်ခဲ့တာကိုး...” ယန်ချင်ယင် ပြောပြီးသည့် နောက်တွင် ဂူရန် မျက်လုံးများ ပြူးကျယ်သွားကာ ပြန်၍ ပြောလိုက်လေသည်။
“အဲဒါဆို မိုဝူကျီက အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်နေမှတော့ ချင်ယင်ရေ ဘာလို့ သူ့ကို ဂိုဏ်းရဲ့ တရားဝင် ဆေးလုံးဆရာ မလုပ်ခိုင်းတာလဲ ...”
မိုဝူကျီနှင့် အဆင်မပြေသော ဆေးလုံး သခင်ဂျူသည် ထိုအရာကို ကြားပြီး နောက်တွင် ပို၍ပင် မကျေမနပ် ဖြစ်လာလေသည်။ ဆေးပင် သယ်ယူရေး ကောင်လေးနှင့် အဆင့်တန်းတူ ဖြစ်သွားသည့် ကိစ္စကို မယုံကြည်နိုင်ချေ။ မိုဝူကျီသာ တရားဝင် အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာပါက သူသည် မိုဝူကျီကို ညှဉ်းပန်းမှု လုပ်ရမည့် အကြောင်း မရှိတော့ပေ။
ယန်ချင်ယင်က ထပ်၍ ပြောလိုက်လေသည်။
“ဂျူနီယာ မောင်လေးက အဆင့်နှစ် ဆေးလုံး ဆရာလိုမျိုး တော်တယ် ဆိုပေမဲ့ သူ့ဝိညာဉ်ကြောတွေက သိပ်မကောင်းတော့ ...”
ယန်ချင်ယင် ဆုံးအောင် မပြောရသေးခင် ဆေးလုံး သခင်ဂျူက တစ်ခုခုကို တွေးမိဟန်ဖြင့် ဝင်ပြော လိုက်လေသည်။
“ဂိုဏ်းခေါင်းဆောင် စီနီယာအစ်မ ပြောတာ မှန်တယ် ... ဂျူနီယာ မောင်လေးမိုက အရင်က ဆေးပင် သယ်ယူရေး ကောင်လေး ဖြစ်ခဲ့တာဆိုတော့ သူ့ကျင့်ကြံဆင့်ကလည်း နိမ့်လောက်တယ်.... ဆေးလုံးဆရာ အောင်မြင်ဖို့က ဆေးလုံး ဖော်စပ်နိုင်ရုံ သာမက ကျင့်ကြံခြင်းမှာလည်း ကောင်းရမယ် ... ကျင့်ကြံဆင့် တက်မလာ နိုင်တဲ့လူက နောက်တစ်ဆင့် တက်လှမ်းနိုင်မှာ မဟုတ်ဘူး ... အဲဒါကြောင့် သူ့လိုမျိုး လူကို ဂိုဏ်းအနေနဲ့ ဆေးလုံးဆရာ အဖြစ် ဝင်ခွင့် မပေးသင့်ဘူးမလား .... ကျွန်တော်တို့ ဂိုဏ်းရဲ့ ဂုဏ်ကို ထိခိုက်လိမ့်မယ် ...”
ဂိုဏ်းခေါင်းဆောင်က သေချာ ပြန်စဉ်းစား ကြည့်လိုက်လေ၏။ ဂိုဏ်းသည် ဆေးလုံးဆရာများကို ပျိုးထောင်ရန် အရင်းအနှီးများစွာ သုံးထားရလေ၏။ နောက်တစ်ဆင့် တက်မလှမ်း နိုင်သော ဆေးလုံးဆရာကို ခန့်လိုက်ခြင်းသည် ဂိုဏ်းအတွက် မည်သို့သော ကောင်းကျိုး ရှိမည်နည်း။
“ဂိုဏ်းခေါင်းဆောင် ကျွန်မကတော့ ဆေးလုံး သခင်မိုကို ဧည့်ဆေးလုံး ဆရာအဖြစ် ခန့်အပ်ရင် ပိုသင့်တော်တယ်လို့ ထင်မိတယ် ” ယန်ချင်ယင်က ထပ်ပြော လိုက်လေသည်။
ဆေးလုံးသခင်ဂျုက ထိုအကြံပြုချက်ကို ကြားသောအခါ အရမ်းကို ပျော်ရွှင်မိ သွားလေ၏။ ဧည့် ဆေးလုံးဆရာနှင့် တရားဝင် ဆေးလုံးဆရာတို့ လက်ခံရရှိသော အထောက်အပံ့၏ ကွာခြားချက်ကြီးကို သိ၍ ဖြစ်လေသည်။ ပါရမီအပြင် ဆေးလုံးဆရာ အတွက် အရေးကြီးဆုံး အရာမှာ အထောက်အပံ့ လုံလုံလောက်လောက် ရရှိရန် ဖြစ်သည်။ ဆေးလုံး ဖော်စပ်ရန် အထောက်အပံ့များ မပါရှိပဲ ပါရမီက မည်သို့ အသုံးဝင်မည်နည်း။
ဂူရန်နှင့် အခြားသော အကြီးအကဲများသည် ယန်ချင်ယင်၏ စကားများ ကြားသောအခါ သက်ပြင်း ချလိုက်ကြလေ၏။ ယန်ချင်ယင်တွင် ဆေးလုံး ဖော်စပ်ခြင်းတွင် ပါရမီ ထူးသော်လည်း သူမသည် ပေါင်းသင်း ဆက်ဆံရေး ညံ့လှပေသည်။ သူမသည် မိုဝူကျီကို ဧည့် ဆေးလုံးဆရာ ဖြစ်စေလိုလျှင်ပင် သူမသည် သူ့ရှေ့ တည့်တည့်တွင် မပြောသင့်ချေ။ ထိုသည်က မိုဝူကျီ၏ သူမအပေါ် ကျေးဇူးတင်မှုများ လျော့သွား ပေလိမ့်မည်။
ယခုအခါ ယန်ချင်ယင်သည် လူသိရှင်ကြား ပြောလိုက်သောအခါ ဂူရန်အတွက် မေးရုံအပြင် ရွေးချယ်စရာ မရှိတော့ချေ။
“ဆေးလုံး သခင်မို မင်း ငါတို့နဲ့ ပူးပေါင်းပြီး ဧည့်ဆေးလုံးဆရာ ဖြစ်လာမလား....”
သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း၏ ဧည့်ဆေးလုံးဆရာ ဖြစ်လာရေးသည် ယန်ချင်ယင်နှင့် မိုဝူကျီတို့ အစတကည်းမှ သဘော တူထားသော အရာဖြစ်လေ၏။ ယခု ဂိုဏ်းခေါင်းဆောင်က မေးသောအခါ မိုဝူကျီက တွန့်ဆုတ်ခြင်းမရှိ ဖြေကြား လိုက်လေသည်။
“ဖိတ်ကြားမှု အတွက် ကျေးဇူး တင်ပါတယ်ဗျ ... ကျွန်တော် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းကို ဧည့်ဆေးလုံးဆရာ အဖြစ် ပူးပေါင်းဖို့ ဆန္ဒရှိပါတယ် ...”
ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အစေခံတပည့်ကို ကိုင်တွယ်ရသည်မှာ လွယ်ကူလှကြောင်း နိဂုံးချုပ် လိုက်ကြလေသည်။
***