← Chapters

နှံကောင်ကပုဇဉ်းရင်ကွဲနောက်လိုက်နေခြင်းအား ငှက်ကျားကစောင့်ကြည့်သည့်ပမာ

Vol. 52 Ch. 733

နှံကောင်ကပုဇဉ်းရင်ကွဲနောက်လိုက်နေခြင်းအား ငှက်ကျားကစောင့်ကြည့်သည့်ပမာ

Vol. 52 Ch. 733

အခန်း (၇၃၃) နှံကောင်ကပုဇဉ်းရင်ကွဲနောက်လိုက်နေခြင်းအား ငှက်ကျားကစောင့်ကြည့်သည့်ပမာ

ကောင်းကင်အက်ကွဲကြောင်းအပြင်ဘက်တွင်မတ်တတ်ရပ်ရင်း ရန်ကျောက်ကဲက သူ့အရှေ့တွင်ထွက်ပေါ်လာသော အလင်းရောင်များကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ့မျက်ဝန်းများက အာရုံစူးစိုက်နေပြီး  ပတ်ဝန်းကျင်တွင်ဖြစ်ပေါ်နေသော လှုပ်ရှားမှုတိုင်းကို ဂရုတစိုက်ဖြင့်စောင့်ကြည့်နေ၏။

ရန်ကျောက်ကဲကိုယ်တိုင်က သိုင်းသူတော်စင်တစ်ယောက်ဖြစ်သလို သူ၏ကိုယ်ပွားဖြစ်သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကလည်း သိုင်းသူတောာ်စင် စတုတ္ထအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ အာရုံခံနိုင်စွမ်းကို လျှော့တွက်၍မရပေ။

ထို့ပြင် သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူဖြစ်သဖြင့် အခြားသူများထက် အမြင်အာရုံ ပိုမိုစူးရှသည်။

ထို့ကြောင့် ရိပ်ခနဲ ပျောက်ကွယ်သွားသည့်တစ်စုံတရာကို ချက်ချင်းပင် အာရုံခံလိုက်မိသည်။ ထိုအရာက သူ့ဘက်မှ ထင်ယောင်ထင်မှားဖြစ်ခြင်း မဟုတ်နိုင်ပေ။

ဖြစ်နိုင်ခြေကတော့ တစ်စုံတစ်ယောက်က သူ၏စိတ်အာရုံကို လှည့်စားရန် ကြိုးစားနေခြင်း ဖြစ်နိုင်၏။

ရန်သူကပုန်းကွယ်နေသဖြင့် အခြေအနေက အန္တရယ်များသည်။

ပြီးတော့ ရန်သူ၏ကျင့်ကြံခြင်းအဆင့် သူ့ထက်မြင့်မားသဖြင့် ရန်ကျောက်ကဲ၏ အာရုံခံနိုင်စွမ်းကို ထိခိုက်စေခြင်း ဖြစ်သည်။

“ဒီပုဂ္ဂိုလ်ဆီကနေ ငါ့အပေါ် ပြင်းထန်တဲ့အမုန်းတရားနဲ့ ရန်ငြိုးတွေရှိနေတာ ခံစားမိတယ် ၊ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေလည်း ပြည့်နေတယ်”

ရန်ကျောက်ကဲမျက်နှာအမူအရာ တည်ငြိမ်နေသော်လည်း စိတ်ထဲမှာတော့ လျှင်မြန်စွာပင် တွေးတောနေသည်။

“သေချာပေါက် ရန်သူပဲဖြစ်ရမယ် ၊ ဒီတော့... အရှေ့တောင်ထိပ်တန်းအဓိပတိရဲ့ တပည့်တွေ မဖြစ်နိုင်ဘူး ၊ မြောက်ပင်လယ်ဓားခန်းမ ၊ ကြေးနီကျွန်းနဲ့ ယိုးမင်ဂိုဏ်းကလူတွေလည်း မဟုတ်နိုင်ဘူး”

“တောင်ပိုင်းထိပ်တန်းမျိုးနွယ် ၊ ကွမ်းမင်ဂုဏ်းနဲ့ တာ့ရွှမ်တိုင်းပြည်ကလူတွေ ဖြစ်နိုင်တယ်”

“ပြီးတော့ ငါ့ရဲ့ အာရုံခံနိုင်စွမ်းကို နှောက်ယှက်နိုင်တယ်ဆိုတော့ သူတို့ တန်ခိုးစွမ်းအားက ပေါ့သေးသေး မဟုတ်ဘူး ၊ ဒါပေမဲ့ ချက်ချင်းမတိုက်ခိုက်သေးဘဲ စောင့်ကြည့်နေပုံထောက်ရင်... ငါ့ကိုတိုက်ခိုက်ဖို့ ယုံကြည်မှုမရှိတာလား ၊ ဒါမှမဟုတ် ငါ့လုပ်ရပ်တွေကို စောင့်ကြည့်ချင်တာလား မပြောနိုင်ဘူး”

ရန်သူနှင့်တိုက်ခိုက်လျှင် ရန်ကျောက်ကဲက လက်ဦးမှုရယူရသည်ကို သဘောကျသူ ဖြစ်သည်။ ထို့ကြောင့် သူက နောက်တွန့်မသွားဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ကောင်းကင်အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်စေလိုက်၏။

သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ကောင်းကင်အက်ကွဲကြောင်းအတွင်း ဝင်ရောက်သွားပြီးနောက် ကမ္ဘာဖြတ်လမ်းကြောင်းဖိအားများကို ဆန့်ကျင်ပြီး အတွင်းထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်မသွားခဲ့ပေ။ ထိုကိုယ်ပွားက အတွင်းပိုင်းရှိ ကောင်းကင်အက်ကွဲကြောင်းအနီးတွင် မတ်တတ်ရပ်ရင်း လက်သီးတစ်ချက် ထိုးစိုက်ချလိုက်သည်။

ပြင်းထန်သော လက်သီးချက်ကြောင့် ကောင်းကင်အက်ကွဲကြောင်း လှုပ်ခါသွားပြီး စွမ်းအားအတက်အကျများ ဖြစ်ပေါ်လာသည်။

‘ခန်’ သခင်မတို့ တွေ့မြင်ရသည့် ကောင်းကင်အက်ကွဲကြောင်းမှ မူမမှန်မှုများမှာ ရန်ကျောက်ကဲဖန်တီးလိုက်သော လှည့်စားမှုသာ ဖြစ်၏။

ခန်းကျင်းယွမ်က စိတ်လိုက်မာန်ပါလုပ်တတ်သော်လည်း ‘ခန်း’ သခင်မကတော့ စိတ်ရှည်ရှည်စောင့်ဆိုင်းပြီး မည်သည့်လှုပ်ရှားမှုမှ အလောတကြီး မလုပ်ခဲ့ပေ။ သို့တိုင် ရန်ကျောက်ကဲကတော့ သူတို့၏တည်ရှိမှုကို ရိပ်ခနဲ အာရုံခံမိခဲ့သည်။

ထိုအချိန်...

အဝေးတစ်နေရာကောင်းကင်ထက်တွင် တိုင်းဆမရ‌သောအလင်တးန်းများ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။

ရန်ကျောက်ကဲက အလင်းတန်းများကို လှမ်းကြည့်ရင်း...

“ဒီ တန်ခိုးစွမ်းအားက... ကွမ်းမင်ဂိုဏ်းကလူတွေများလား”

ရန်ကျောက်ကဲ မည်သို့မှမတတ်နိုင်စွာ မျက်မှောင်ကြုံ့လိုက်၏။

“နေပါဦး... ငါ စောစောက အာရုံခံမိတာ သူတို့မဟုတ်ဘူး ၊ ဒါဆို ရန်သူနှစ်ဖွဲ့ရောက်လာတာလား”

‘ခန်း’ သခင်မတို့အုပ်စုသည်လည်း အဝေးတစ်နေရာမှ ချဉ်းကပ်လာသည့် အလင်းတန်းများကို သတိပြုလိုက်မိသည်။

တစ်ချက်ပင်မတုံ့ဆိုင်းဘဲ ‘ခန်း’ သခင်မက ခန်းကျင်းယွမ် ၊ ခန်းမောက်ရှန်းတို့နှင့်အတူ သူမ၏ စွမ်းအားရောင်ဝါများကို နက်ရှိုင်းစွာဖုံးကွယ်လိုက်သည်။ အဝေးမှရောက်လာသူများတွင် သူမထက်မနိမ့်ကျသော တန်ခိုးစွမ်းအားရှင်တစ်ယောက်ပါဝင်ပြီး အပြည့်အဝ ရန်လိုမှုရှိနေကြောင်းလည်း အာရုံခံနိုင်သည်။

‘ခန်း’ သခင်မက ထိုသူများကို ကြောက်ရွံ့ခြင်း မရှိပေ။

သို့သော် သူမတို့၏တည်ရှိမှုကို သဲလွန်စမကျန်ဖုံးကွယ်ထားခြင်းမှာ နှံကောင်က ပုဇဉ်းရင်ကွဲနောက်လိုက်နေခြင်းအား ငှက်ကျားက အလစ်ဖမ်းတိုက်ခိုက်ရန် စောင့်ကြည့်သည့်ပမာ ဖြစ်သည်။

အဆုံးမရှိသောအလင်းတန်းများက လျှင်မြန်စွာပင် မိုးမြေတစ်ခွင် ဖုံးလွှမ်းသွားပြီး ဇာမဏီနယ်မြေတစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။ မိုးကုတ်စက်ဝိုင်းကိုဖြတ်ကျော်ပြီး ကောင်းကင်အက်ကွဲကြောင်းဆီသို့ လျှင်မြန်စွာရောက်လာသော လူအချို့အား တွေ့ရ၏။

ထိုအုပ်စုကိုခေါင်းဆောင်လာသူမှာ တစ်ခေါင်းလုံးဆံပင်များဖြူဖွေးလျှက် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် အဖွားအိုတစ်ယောက်ဖြစ်ပြီး သူမ၏မျက်နှာအမူအရာက အေးစက်တင်းမာလျှက် ရှိသည်။

သူမလက်ထဲတွင် အလင်းရောင်များတောက်ပနေပြီး မျက်နှာပြင်ထက် မြင်ကွင်းများအဆက်မပြတ် ပြောင်းလဲနေသော ကြေးမုံမှန်ဝိုင်းတစ်ချပ် ကိုင်ဆောင်ထားသည်။

ထိုအဘွားအိုက ကွမ်းမင်ဂိုဏ်းမှ ထိပ်တန်းအကြီးအကဲတစ်ယောက်ဖြစ်သလို ပုံရိပ်ယောင်အလင်းခန်းမ၏အကြီးအကဲ ‘ထန်ကျင်း’ ဖြစ်၏။ သူမက သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့် ဖြစ်သည်။

သူမဘေးတွင် ကွမ်းမင်ဂိုဏ်းမှ တန်ခိုးစွမ်းအားရှင်များစွာ ပါရှိလေသည်။

သူတို့ ဤနေရာသို့ရောက်လာရသည့်အကြောင်းရင်းမှာ ဂိုဏ်းချုပ်လော့ကျီးထောင်တို့အုပ်စုအား အထက်ဘုံကမ္ဘာသို့ ပြန်ခေါ်ရန် ဖြစ်သည်။

ယိုးမင်ဧကရာဇ်ဂူဗိမာန် ပြိုကျသွားပြီးနောက် လော့ကျီးထောင်နှင့် ကွမ်းမင်ဂိုဏ်းမှ အကြီးအကဲများက ပရမ်းပတာ အချိန်နှင့်ဗလာနယ် စီးကြောင်းများအလယ် ပျောက်ကွယ်သွားခဲ့ကြသည်။ လော့ကျီးထောင်က နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ဖြစ်သည့်တိုင် ယိုးမင်ဂမ္ဘီရစက်ဝန်း၏အကူအညီမပါဘဲ အချိန်တိုအတွင်း လွတ်မြောက်ရန် ခဲယဉ်းပေမည်။

သို့သော် လော့ကျီးထောင်တို့အုပ်စု ခရီးထွက်သွားစဉ်က အစစအရာရာ ပြင်ဆင်ပြီးမှ ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့အုပ်စု ပရမ်းပတာ အချိန်နှင့်ဗလာနယ်စီးကြောင်းများထဲမှ ရုန်းမထွက်နိုင်သေးသည့်တိုင် အထက်ဘုံကမ္ဘာတွင်ရှိနေသည့် ကွမ်းမင်ဂိုဏ်းနှင့်တော့ အောင်မြင်စွာဆက်သွယ်နိုင်ခဲ့သည်။ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာနိုင်ခြေ ရှိသည်။

သို့သော် ဇာမဏီနယ်မြေမှ ဤ ကောင်းကင်အက်ကွဲကြောင်းကို အသုံးပြုရပေမည်။

ကွမ်းမင်ဂိုဏ်းပိုင်နက်တွင်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာသို့လာရောက်စဉ်က အသုံးပြုသော ကောင်းကင်အက်ကွဲကြောင်းတစ်ခု ရှိခဲ့သည်။ သို့သော် အတွင်းထဲမှ ပရမ်းပတာအခြေအနေများ ပြင်းထန်နေသဖြင့် အသုံးပြု၍ မရနိုင်တော့ပေ။ ထို့ကြောင့် ထန်ကျင်း ၊ လော့ကျီးထောင်နှင့် အခြားသူများမှာ ကူရာကယ်ရာမဲ့စွာ ခံစားခဲ့ကြရသည်။

ထန်ကျင်းမှာ ဇာမဏီနယ်မြေသို့ အပြေးအလွှားရောက်လာရသဖြင့် လူအချို့ကိုသာ ခေါ်ဆောင်လာနိုင်သည်။ ကံကောင်းသည်မှာ တာ့ရွှမ်တိုင်းပြည်ရော ယိုးမင်ဂိုဏ်းပါ ဤနေရာကို စောင့်ကြည့်နေကြမည် မဟုတ်ပေ။ ကွမ်းမင်ဂိုဏ်းမှလူများအနေဖြင့် ဤနေရာတွင် မည်သည့်အနှောက်အယှက်မှမရှိဘဲ အစီအရင်ပြုလုပ်နိုင်မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် ဇာမဏီနယ်မြေသို့ ရောက်ရောက်ချင်းမှာပင် ဤနေရာ၌ ရန်ကျောက်ကဲရောက်နေကြောင်း တွေ့လိုက်ရ၏။ မထင်မှတ်သည့်ရန်သူဟောင်းကိုတွေ့လိုက်ရသဖြင့် သူတို့မျက်ဝန်းများက သွေးရောင်လွှမ်းကာ နီရဲလျှက် ရှိကြသည်။

ရန်သူဟောင်းကိုတွေ့ရသောကြောင့်လား ၊ ရန်ကျောက်ကဲက ကောင်းကင်အက်ကွဲကြောင်းကို ပိတ်ဆို့ထား၍ပဲလားမသိ ၊ ထန်ကျင်းတို့အုပ်စုက ခဏမျှ အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ရန်ကျောက်ကဲကို ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။

ရန်ကျောက်ကဲ မျက်လုံးတစ်ချက်လှန်ရင်း...

“ဘယ်နေရာမှာ ပုန်းနေမှန်းမသိတဲ့ ရန်သူကလည်း ရှိသေးတယ် ၊ အခု ဒီအုပ်စုကလည်း ငါ့ကိုလာတိုက်ပြန်ပြီ”

“ဆရာဘိုးဘိုးကိုသွားရှာချင်လို့ ဒီနေရာကိုလာမိပါတယ် ၊ အခုတော့ ငါ့ကိုဝိုင်းချောင်းတာခံနေရတယ်”

ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲ ခန္ဓာကိုယ်ကို ရုတ်တရက် လှည့်လိုက်ပြီး ကောင်းကင်အက်ကွဲကြောင်းအတွင်း ဝင်ရောက်သွားသည်။

ကွမ်းမင်ဂိုဏ်းမှလူများ အနားသို့ရောက်လာသည်နှင့် သူတို့မတိုက်ခိုက်နိုင်ခင်မှာပင် ကောင်းကင်အက်ကွဲကြောင်းမှ ပုံမှန်မဟုတ်သောလက္ခဏာများထွက်ပေါ်လာပြီး ပြင်းထန်စွာ တုန်ခါသွားသည်။

ကောင်းကင်အက်ကွဲကြောင်းအတွင်းဝင်ရောက်လိုက်သည်နှင့် ရန်ကျောက်ကဲခန္ဓာကိုယ်တစ်ခုလုံး ကွဲကြေသွားလုမတတ် ပြင်းထန်သောစွမ်းအားကြီးတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။

နန်းတော်ငယ်လေးအဖြစ်အသွင်ပြောင်းထားသည့် အသင်္ချေနဂါးနန်းတော်ထဲတွင်ရှိနေသော ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရှောင်အိုက်တို့မှာလည်း ရန်ကျောက်ကဲ၏ ကြယ်တာရာခချီစွမ်းအားအနှစ်သာရမှတစ်ဆင့် ထူးခြားမှုကို ခံစားလိုက်ကြရ၏။

ရန်ကျောက်ကဲ ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး ကျန့်မုနတ်သစ်သားဖြင့် ပြုလုပ်ထားသည့် စက္ကူယပ်တောင်လေးကို ထုတ်ယူကာ သူတို့အားလုံးကို ကာကွယ်ပေးလိုက်သည်။

ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကောင်းကင်အက်ကွဲကြောင်းအထွက်နားတွင် မတ်တတ်ရပ်နေရင်း ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ထိန်းချုပ်ပြီး ကောင်းကင်အက်ကွဲကြောင်းပတ်ဝန်းကျင်ကို ပိုပြီးလှုပ်ခါသွားအောင် ပြုလုပ်လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဘယ်လက်သီးထိုးစိုက်ချလိုက်ပြီး ညာလက်ကတော့ လေထုထဲတွင် တစ်စုံတရာ ရေးဆွဲလိုက်သည်။

များပြားရှုပ်ထွေးပြီး လေးနက်သော ဝိညာဉ်သင်္ကေတများ တစ်ပြိုင်တည်းထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကာ နက်ရှိုင်းသောအစီအရင်တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။

အစီအရင်၏သက်ရောက်မှုဖြင့် ဗလာနယ်အက်ကွဲကြောင်းမှ အလင်းတန်းများထွက်ပေါ်လာပြီး တဖြည်းဖြည်း စတင်ကျယ်ပြန့်လာသလို ပိုမိုအက်ကွဲလာသည်။

အက်ကွဲကြောင်းအစွန်းတွင် အလင်းတန်းများတောက်ပနေသော်လည်း အလယ်ဗဟိုမှာတော့ စုပ်ယူနိုင်စွမ်းမြင့်မားသည့် အနက်ရောင်တွင်းနက်ကြီးတစ်ခု ရှိနေသည်။

သတိလက်လွတ်ဖြစ်သွားသဖြင့် သိုင်းသူတော်စင် ပဉ္စမအဆင့်ရှိသော ၊ ကွမ်းမင်ဂိုဏ်းမှ ဝါရင့်အကြီးအကဲ ထန်ကျင်းမှာ ချက်ချင်းပင် တွင်းနက်ကြီး၏စုပ်ယူခြင်းကို ခံလိုက်ရသည်။

ကောင်းကင်အက်ကွဲကြောင်း ကျယ်ပြန့်လာသည်နှင့်အမျှ အနီးပတ်ဝန်းကျင်မှ ကွမ်းမင်ဂိုဏ်းသားများအားလုံးမှာ စွမ်းအားပြင်းထန်သော သားရဲကြီးတစ်ကောင်အလားထင်မှတ်ရသည့် တွင်းနက်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

ထန်ကျင်းတို့အုပ်စုမှာ သူတို့ကိုယ်သူတို့ တည်ငြိမ်စေရန် အဆက်မပြတ် ကြိုးစားကြရင်း ရန်ကျောက်ကဲ၏လှည့်ကွက်ထဲ ဝင်ရောက်သွားမိပြီဖြစ်ကြောင်း သိလိုက်ကြ၏။

ကွမ်းမင်ဂိုဏ်းမှလူများမှာ သွေးကြောဆုံချက်များမှ အငွေ့များထွက်လာလုမတတ် ဒေါသချောင်းချောင်း ထွက်သွားကြသည်။

ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့က အလင်းတန်းများလွှမ်းခြုံထားသည့် ကောင်းကင်အက်ကွဲကြောင်းအနီးတွင်ရှိနေပြီး သူတို့အား အလစ်ချောင်းတိုက်ခိုက်သည်မှာ ထင်ရှားသည် မဟုတ်ပါလား။

All Chapters