ယန်ဖူကမ္ဘာ
Vol. 52 Ch. 735
အခန်း (၇၃၅) ယန်ဖူကမ္ဘာ
ကောင်းကင်အက်ကွဲကြောင်းအစွန်းများက ပရမ်းပတာ ပုံပျက်လျှက်ရှိသည်။ အတွင်းထဲမှ မတူညီသောအချိန်စီးဆင်းမှုနှင့် ကွဲပြားနေသောဗလာနယ်များအားလုံး ယခုတော့ သွေးနီရောင်ဖန်သားပြင်ဖြင့် ဖုံးလွှမ်းသွားသည်။
‘ခန်း’သခင်မက ဗဟုသုတကြွယ်ဝသူဖြစ်ရာ သူ့စိတ်ထဲ ချက်ချင်းပင် လေးလံသွား၏။
“....... သွေးမိစ္ဆာချပ်ပြား”
ရန်ကျောက်ကဲက လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး သူ၏လက်ချောင်းထိပ်မှ သွေးထွက်စေလိုက်သည်။ ထို့နောက် လက်ချောင်းကို စုတ်တံပမာအသုံးပြုကာ သွေးစွမ်းအားအနှစ်သာရဖြင့် လေထဲတွင် စာတမ်းရှည်တစ်ကြောင်း ရေးသားလိုက်သည်။
စာတမ်းရှည်ထဲမှစာလံးများက သာမန်စာလုံးများ မဟုတ်ပေ။ ရှားပါးပြီးရှေးကျသောစာလုံးများဖြစ်ပြိး အဓိပ္ပါယ်ဖော်ရန်လည်း ခက်ခဲသည်။
ရန်ကျောက်ကဲရေးထိုးထားသည့်စာလုံးများက သွေးနီရောင်အလင်းတန်းနှင့် ဗလာနယ်ထဲတွင်ပေါင်းစပ်သွားသည်။
ထို့နောက် သူက ထူးဆန်းသောအသံ ၊ နားမလည်နိုင်သောဘာသာစကားဖြင့်...
“ယာဇ်ပူဇော်ပါ”
သွေးနီအလင်းတန်းက ချက်ချင်းပင် အသက်ဝင်လာပြီး အလွန်အမင်းရှေးကျပြီး အဆုံးမရှိသော တစ်စုံတစ်ရာက အာကာသဗလာနယ်ကိုဖြတ်ကျော်ကာ ဤနေရာသို့ ဆင်းသက်လာပုံရသည်။
ထိုအရာက သဏ္ဌန်မရှိဘဲ ထူးခြားသည်။ ထိုအရာ၏မူလပိုင်ရှင်က သေသည်လား ၊ ရှင်သည်လား မသိရသော်လည်း ယခုအခိုက်အတန့်မှာတော့ နှစ်ထောင်ပေါင်းများစွာကို ဖြတ်ကျော်လာသည့်အလား နှလုံးသားကိုတုန်လှုပ်စေသည့် ကျယ်လောင်သော ကြုံးဝါးသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ကောင်းကင်အက်ကွဲကြောင်း ပိုမိုကြီးမားလာကာ ယခင်ကထက် နှစ်ဆ ၊ သို့မဟုတ် သုံးဆခန့်ပင် ကျယ်ပြန့်လာ၏။
ကောင်းကင်အက်ကွဲကြောင်းအပြင်ဘက်တွင်ရှိနေကြသည့် ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်တို့မှာ အချိန်မီရှောင်တိမ်းနိုင်ခြင်း မရှိကြဘဲ အတွင်းမှ စုပ်ယူခြင်းကိုခံလိုက်ရသည်။
‘ခန်း’ သခင်မ အလွန်ထိတ်လန့်သွားပြီး သူမ၏ဓားအလင်းတန်းဖြင့် ကောင်းကင်အက်ကွဲကြောင်းကို ပိတ်ဆို့ရန်မကြိုးစားတော့ဘဲ ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်ကိုကယ်တင်ကာ ထွက်ပြေးရန် ရည်ရွယ်လိုက်သည်။
သို့သော် ရန်ကျောက်ကဲပြုလုပ်လိုက်သော ယာဇ်ပူဇော်သည့်ထုံးတမ်းအစဉ်အလာသည် ရက်စက်ကြမ်းတမ်းသော သားရဲတစ်ကောင်ပမာ ကောင်းကင်အက်ကွဲကြောင်းတစ်ခုလုံးအား သိမ်းပိုက်သွားသည်။ သွေးနီရောင်အလင်းတန်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် ချိတ်ပိတ်ခံရပြီး ကောင်းကင်အက်ကွဲကြောင်းအတွင်းသို့ အဝင်သာရှိပြီး ထွက်လမ်းရှိမည် မဟုတ်ပေ။
သွေးနီရောင်အလင်းတန်းက ဗလာနယ်တစ်လျှောက်လှည့်ပတ်သွားပြီးနောက် ကြီးမားသော သွေးနီရောင်ဝဲဂယက်ကြီးတစ်ခု ဖြစ်တည်လာကာ အရာအားလုံးကို စုပ်ယူဝါးမျိုတော့မည့်အလား ထင်မှတ်ရ၏။
ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့သည်လည်း တူညီသည့် ကပ်ဆိုးကြီးထဲတွင် ရှိနေသည်။
ပုံမှန်မဟုတ်တော့သော ကောင်းကင်အက်ကွဲကြောင်းက လွှမ်းမိုးနိုင်စွမ်းမြင့်မားစွာဖြင့် အားလုံးအပေါ် သာတူညီမျှ ရက်စက်ကြမ်းတမ်းမည် ဖြစ်သည်။
ကွမ်းမင်ဂိုဏ်းမှ ထန်ကျင်းတို့အုပ်စုသည်လည်း အလားတူပင် လွတ်မြောက်ခြင်း မရှိပေ။
‘ခန်း’ သခင်မကို စိတ်သက်သာရာရစေသည်မှာ ကောင်းကင်အက်ကွဲကြောင်းမူကွဲများ ဖြစ်တည်လာပြီး ထိုနေရာတွင် ပရမ်းပတာဗလာနယ်စီးကြောင်းများ သက်ရောက်ခြင်းမရှိဘဲ တည်ငြိမ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရာသိမြင်ခြင်းအဆင့်ထက် နိ့မ်ကျသော ခန်းကျင်းယွမ်နှင့် ခန်းမောက်ရှန်းတို့မှာ အထိအခိုက်မရှိဘဲ အချိန်အတော်ကြာအောင် ပုန်းခိုနေနိုင်ကြသည်။
ရန်ကျောက်ကဲသည်လည်း ကောင်းကင်အက်ကွဲကြောင်းမူကွဲတစ်ခုထဲတွင် ရှိနေပြီး အန္တရယ်ကင်းစွာနေနိုင်သဖြင့် ကျန့်မုနတ်သစ်သားယပ်တောင်ကို သိမ်းဆည်းလိုက်သည်။ ဗလာနယ်ထဲမှ သွေးနီရောင်ဝဲဂယက်၏ ဝါးမျိုခြင်းကို ခံရမည်စိုးရိမ်သဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ အတတ်နိုင်ဆုံး တည်ငြိမ်စေရန် အပြင်းအထန် ကြိုးစားနေရ၏။
ဤယဇ်ပူဇော်ခြင်း ထုံးတမ်းအစီအရင်ကို သူကိုယ်တိုင်ပြုလုပ်ခဲ့ခြင်းဖြစ်ရာ အစီအရင် သဘောသဘာဝကို သူ အသိဆုံး ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သာ သွေးနီရောင်ဝဲဂယက်ကြီးအတွင်း ကျရောက်သွားမည်ဆိုပါက ပရမ်းပတာ ဗလာနယ်စီးကြောင်းများအတွင်း လွင့်စင်ပျောက်ကွယ်သွားမည်မဟုတ်ပေ။ ယာဇ်ပူဇော်ြခင်း ထုံးတမ်းအစီအရင်ကြောင့် တစ်ခါတည်းယာဇ်ပူဇော်ခံရကာ သံသယမရှိ အသက်ပျောက်သွားပေမည်။
အုပ်စုသုံးခုလုံးမှာ အချိန်အတိုင်းအတာတစ်ခုအထိ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေရသည်။ သွေးနီရောင်ဝဲဂယက်ကြီး၏ ဝါးမျိုခြင်းမခံရစေရန် ခက်ခက်ခဲခဲ ကြိုးစားနေရသြဖင့် အခြားသူများကို တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။
ဤ ထုံးတမ်းအစီအရင်ကို ပြုလုပ်သူဖြစ်သော ရန်ကျောက်ကဲကတော့ ထိခိုက်ခံစားရသည့်တိုင် အခြားကိစ္စများတွေးတောရန် အချိန်ရနေသေးသည်။
‘ခန်း’ သခင်မနှင့် ကွမ်းမင်ဂိုဏ်း၏ ပုံရိပ်ယောင်အလင်းခန်းမ အကြီးအကဲ ထန်ကျင်းတို့က ကျင့်ကြံခြင်းအဆင့် မြင့်မားသဖြင့် အတော်လေး တောင့်ခံထားနိုင်သည်။
ဤထုံးတမ်းအစီအရင်က အချိန်အကန့်အသတ်ရှိမည်မှာ အသေအချာပင်။ ထို့ကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ပါက လွတ်မြောက်နိုင်မည်ဟု သူတို့က အခိုင်အမာယုံကြည်ထားကြသည်။
သူတို့နှစ်ဦးစလုံးက ရန်သူများဖြစ်ကြသော်လည်း သိုင်းသူတော်စင် ပဉ္စမအဆင့် တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။ လက်ရှိမှာတော့ နှစ်ယောက်လုံး စိတ်ပျက်နေကြပြီး ရန်ကျောက်ကဲကိုသာ သတ်ဖြတ်ပစ်ချင်နေကြသည်။
သူတို့နှစ်ယောက်သာလက်တွဲတိုက်ခိုက်မည်ဆိုလျှင် ရန်ကျောက်ကဲကို သေချာပေါက် အနိုင်ယူနိုင်ပေမည်။ သို့သော် ရန်ကျောက်ကဲကြောင့် ကောင်းကင်အက်ကွဲကြောင်းအတွင်း ပိတ်မိနေကြသဖြင့် လောလောဆယ်မှာတော့ အခွင့်အရေးလုံးဝမရှိဘဲ စိတ်ပျက်လက်ပျက်ဖြစ်နေကြရ၏။
ရုန်းထွက်နိုင်သည်နှင့် ရန်ကျောက်ကဲကို တစ်ပြိုင်တည်းသုတ်သင်ပစ်ရန် သူတို့နှစ်ယောက်လုံးက ဆုံးဖြတ်ထားကြသည်။ မဟုတ်ပါက ထိုလူငယ်လေး မည်သို့သောလှည့်ကွက်များ ပြုလုပ်ဦးမည်ကို ဘုရားသာလျှင် သိပေမည်။
ရန်ကျောက်ကဲမှာလည်း သွေးနီရောင်ဝဲဂယက်၏ စုပ်ယူစွမ်းအားကို တွန်းလှန်ရင်း ပတ်ဝန်းကျင်အပြောင်းအလဲများကို ဂရုတစိုက် ဆန်းစစ်နေသည်။
ကောင်းကင်အက်ကွဲကြောင်းတွင် ပြောင်းလဲမှုတစ်ခုဖြစ်လာပြီး အထက်ဘုံကမ္ဘာမှ အောက်ဘုံကမ္ဘာများသို့ဆင်းသက်ရန်လမ်းကြောင်းသည်လည်း ယာယီပိတ်ဆို့ခံလိုက်ရသည်။
သွေးနီရောင်အလင်းတန်းက ဗလာနယ်တစ်ခုလုံးအား လွှမ်းခြုံထားသည့် အရံအတားတစ်ခုနှင့် ဆင်တူသည်။ ‘ခန်း’ သခင်မနှင့် သူမ၏သားများဖြစ်စေ ၊ ကွမ်းမင်ဂိုဏ်းမှလူများဖြစ်စေ ၊ ရန်ကျောက်ကဲကိုယ်တိုင်ဖြစ်စေ သူတို့အားလုံးကို ဒီနေရာမှ မထွက်ခွာနိုင်အောင် ထိန်းချုပ်ထား၏။
တွန့်ခေါက်နေသည့်ဗလာနယ်အလွှာများက သွေးနီရောင်အလင်းတန်းများနှင့်ပေါင်းစပ်ပြီး သွေးနီရောင်သလင်းနံရံတစ်ခု ဖြစ်တည်လာသည်။
သွေးနီရောင်သလင်းနံရံအပြင်ဘက်တွင် အာကာသအတွင်း အပြောင်းအလဲများ စည်းစနစ်ကျလာပြီး တဖြည်းဖြည်း တည်ငြိမ်လာသည်။
ပုံမှန်ထက်ပင်ပိုပြီး တည်ငြိမ်လာသည်။
သွေးနီရောင်နံရံ၏ အတွင်းနှင့်အပြင်သည် လုံးဝမတူညီသော လောကနှစ်ခုပမာ ထင်မှတ်ရ၏။
အချိန်နှင့် ဗလာနယ် ပိုပြီးတည်ငြိမ်လာလေ ယန်ဖူကမ္ဘာကိုရှာဖွေရန် ပို၍ လွယ်ကူလေ ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲအနေဖြင့် သွေးနီရောင် သလင်းနံရံကို ဖောက်ထွက်မသွားနိုင်သေးပေ။ မည်သို့ပင်ဖြစ်စေ ဘာမှမလုပ်နိုင်သည့်အနေအထားမျိုးတော့ မဟုတ်ခဲ့ပေ။
ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ကို ထိန်းချုပ်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အကူအညီဖြင့် သူ့ကိုယ်သူ ငြိမ်သက်သွားအောင် ဂရုတစိုက်ကြိုးစားလိုက်သည်။ ထို့နောက် ပိုင်ကျစ်မင်ပေးလိုက်သော ကျောက်စိမ်းပြားလေးကို ထုတ်ယူလိုက်၏။
ကျောက်စိမ်းပြားအတွင်းသို့ သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရများ ပေါင်းစပ်လိုက်သည့်အခါ ကျောက်စိမ်းရောင်မီးခိုးငွေ့များ ချက်ချင်းပင် ထွက်ပေါ်လာသည်။ အခိုးအငွေ့များက သွေးနီရောင်သလင်းနံရံနှင့် ထိတွေ့သွားပြီး နံရံကိုထိုးဖောက်ကာ အတားအဆီးမရှိ ဆက်လက်ထွက်ခွာသွားသည်။
သွေးနီရောင်သလင်းနံရံကို ဖြတ်ကျော်သွားပြီးနောက် ကျောက်စိမ်းအခိုးအငွေ့များက လေထဲတွင်လွင့်ပျံနေပြီး တဖြည်းဖြည်း အဝေးတစ်နေရာသို့ စီးဆင်းသွားကာ လမ်းကြောင်းတစ်ခုအဖြစ်သိပ်သည်းသွားသည်။ ထိုလမ်းကြောင်းက အဝေးတစ်နေရာသို့ ဦးတည်နေလေသည်။
ရန်ကျောက်ကဲ၏စိတ်အာရုံတစ်ပိုင်းတစ်စက အစိမ်းရောင်မီးခိုးငွေ့များထဲတွင်ရှိနေပြီး ဦးတည်ရာတစ်ခုသို့ ဆွဲခေါ်သွားခြင်း ခံရသည်။
အချိန်မည်မျှကြာသွားသည်မသိ သူ့အရှေ့မှ အမှောင်ထုလွှမ်းခြုံသောဗလာနယ်ထဲတွင် အလင်းတန်းများထွက်ပေါ်လာသည်ကို တွေ့ရသည်။
မူလက ဦးတည်ချက်မဲ့ လွင့်ပျံလာသော ကျောက်စိမ်းအခိုးအငွေ့များက တည်နေရာကို ရှာတွေ့သွားသည့်အလား ရုတ်ချည်းပင် ထိုအလင်းရောင်နှင့် ပေါင်းစပ်သွားသည်။
အလင်းရောင် ပျောက်ကွယ်သွားပြီးနောက်၊ လှပသောကုန်းမြေအလယ်တွင် မရေမတွက်နိုင်သော တောင်နှင့်ရေကန်များ ၊ မြင်ကွင်းများစွာ ရန်ကျောက်ကဲမျက်ဝန်းထဲပေါ်လာသည်။
“ဒါက ယန်ဖူကမ္ဘာလား”
ရန်ကျောက်ကဲတွေးနေစဉ်တွင် သူ၏စိတ်အာရုံက အစိမ်းရောင်အခိုးအငွေ့များနှင့်ရောထွေးသွားပြီး အဝေးသို့လျှင်မြန်စွာ ပျံသန်းထွက်ခွာသွားသည်။
သူ့အရှေ့မှမြင်ကွင်းက ရုတ်တရက် ပျောက်ကွယ်သွားပြီး အဖြူရောင်နှင်းများအဖြစ် ပြောင်းလဲသွားသည်။
“ဒီအဘိုးကြီးပညာသင်ခဲ့တဲ့ဂိုဏ်းက ယန်ဖူကမ္ဘာ မြောက်ဘက်စွန်းက တာ့ရွှယ်တောင်ပဲ”
ပိုင်ကျစ်မင်စကားများ နားထဲဝင်လာပြီး ရန်ကျောက်ကဲက သူ့အရှေ့မှ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ မြောက်ပိုင်းရှုခင်းနှင့်ဆင်တူသည့် နှင်းများဖုံးလွှမ်းနေသော ပတ်ဝန်းကျင်ကိုကြည့်ရင်း အစိမ်းရောင်မီးခိုးများ၏ပစ်မှတ်က ပိုင်ကျစ်မင်၏ဂိုဏ်းတည်ရှိရာ တာ့ရွှယ်တောင်ဖြစ်ကြောင်း သိလိုက်ရသည်။
ယွမ်ကျန်းဖုန်းကတော့ တာ့ရွှယ်တောင်မှ ဧည့်သည်အကြီးအကဲ မဟုတ်ပေ။
မြစိမ်းရောင်မြူခိုးများက ကောင်းကင်ထက်သို့ အရှိန်အဟုန်ဖြင့် ပျံတက်သွားပြီး ရန်ကျောက်ကဲအရှေ့မှမြင်ကွင်းက တစ်ဖန်ပြောင်းလဲသွားကာ ရေခဲများဖုံးလွှမ်းနေသည့် တောင်တန်းတစ်ခုဆီသို့ ရောက်ရှိသွား၏။ နှင်းဖုံးနေသော တောင်တန်းများကြားတွင် ရေခဲနန်းတော်တစ်ခု တည်ရှိနေပြီး ရန်ကျောက်ကဲ၏စိတ်အာရုံက အစိမ်းရောင်အခိုးအငွေ့များနှင့်အတူ ရေခဲနန်းတော်ဆီသို့ ဦးတည်ထွက်ခွာသွားသည်။
အစိမ်းရောင်အခိုးအငွေ့များနီးကပ်လာသည်နှင့် ရေခဲနန်းတော်ပင်မအစီအရင်ကို လှုံ့ဆော်ပေးလိုက်ရာ မီးခိုးငွေ့များက နန်းတော်အတွင်းတစ်နေရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားကြသည်။
ရန်ကျောက်ကဲ၏စိတ်အာရုံက မီးခိုးငွေ့များနှင့်အတူ ခန်းမတစ်ခုအတွင်းရောက်ရှိလာသည်။
ထိုခန်းမထဲတွင် ဘိုးဘေးကဗျည်းကျောက်စာတစ်ချပ်နှင့် ရုပ်တုတစ်ခုထွင်းထုကိုးကွယ်ထားကြောင်း ရန်ကျောက်ကဲ တွေ့လိုက်ရ၏။
ရုပ်တုကိုသေသေချာချာကြည့်လိုက်တော့ ‘ပိုင်ကျစ်မင်’ နှင့်တစ်ပုံစံတည်းသာပင်။
ရန်ကျောက်ကဲ ဆက်မတွေးနိုင်ခင်မှာပင် ကျောက်စိမ်းရောင်အခိုးအငွေ့များက ရုပ်တုအတွင်းဝင်ရောက်သွားသည်။ တစ်ချိန်တည်းပင် ရုပ်တုမျက်ဝန်းများရုတ်တရက်တောက်ပလာပြီး ဘိုးဘေးကဗျည်းကျောက်စာသည်လည်း တောက်ပလင်းလက်သွားသည်။
ရန်ကျောက်ကဲ သိစိတ်ပြန်ဝင်လာသည့်အခါ သူက ထိုရုပ်တုအတွင်းထဲရောက်နေသည့်အလား ရှင်းလင်းစွာခံစားလိုက်ရသည်။
ထိုအချိန်...
သိုင်းကျင့်ကြံသူများစွာ ခန်းမကြီးအတွင်းရောက်ရှိလာပြီး အားလုံးက တာ့ရွှယ်တောင်မှ ထိပ်တန်းအကြီးအကဲများနှင့် တပည့်များ ဖြစ်ကြလေ၏။