← Chapters

ကိစ္စနှစ်ခုကူညီပါ

Vol. 53 Ch. 737

ကိစ္စနှစ်ခုကူညီပါ

Vol. 53 Ch. 737

အခန်း (၇၃၇) ကိစ္စနှစ်ခုကူညီပါ

ယွမ်ကျန်းဖုန်းအကြောင်းပြောဆိုကြသည့်အခါ တာ့ရွှယ်တောင်မှအကြီးအကဲများက အတော်လေး လေးလေးစားစား ရှိကြသည်။

ယွမ်ကျန်းဖုန်းက မျှော်စင်ရေလှိုင်းခန်းမ၏ (၂၁)ယောက်မြောက် ဧည့်သည်တော်အကြီးအကဲဖြစ်ပြီး လှုပ်ရှားမှုပြုလုပ်ခဲသည်။ သူလှုပ်ရှားသည်ဆိုလျှင်လည်း အနည်းငယ်မျှသာဖြစ်၏။

ထို့ကြောင့် လူအများစုက သူ့ကို သတိထားမိခြင်း မရှိကြပေ။

မကြာသေးမီက ချုန်းယန်နေမင်းဂိုဏ်းနှင့် မျှော်စင်ရေလှိုင်းခန်းမ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။ ထိုအခါမှ ယွမ်ကျန်းဖုန်းက စွမ်းအားအပြည့်ဖြင့် လှုပ်ရှားခဲ့သဖြင့် သူ၏တန်ခိုးစွမ်းအားက ယန်ဖူကမ္ဘာတစ်ခုလုံးတွင် လောကပထမဖြစ်ကြောင်း လူတိုင်း သိရှိခဲ့ကြရသည်။

အထက်ဘုံကမ္ဘာသို့တက်သွားသည့် ပိုင်ကျစ်မင်သည်ပင် တူညီသည့်ကျင့်ကြံခြင်းအဆင့်တွင် ယွမ်ကျန်းဖုန်းလောက် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိပေ။ ထိုအချက်ကို အထက်ဘုံကမ္ဘာရောက်သွားပြီဖြစ်သော ပိုင်ကျစ်မင်ကတော့ မသိရှိနိုင်တော့ပေ။

ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်း၏ မြေးတပည့်ဖြစ်ကြောင်း သိလိုက်ရသည်နှင့် တာ့ရွှယ်တောင်မှ အကြီးအကဲများက လေးစားသွားကြပြီး ကူညီရန်နည်းလမ်းများ တွေးတောလိုက်ကြသည်။

ယွမ်ကျန်းဖုန်းက ယန်ဖူကမ္ဘာသို့ ထူးဆန်းစွာ ရုတ်တရက်ရောက်ရှိလာသည်ဖြစ်ရာ သူ့ကို အခြားကမ္ဘာမှရောက်လာသူဟု ယူဆခဲ့ကြ၏။ ယခုတော့ တာ့ရွှယ်တောင်မှအကြီးအကဲများက ယွမ်ကျန်းဖုန်းမှာ ယန်ဖူကမ္ဘာသို့ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိလာသော အထက်ဘုံကမ္ဘာမှ လူတစ်ယောက်ဟု မှတ်ထင်သွားကြသည်။

အရင်ကဆိုလျှင် ယွမ်ကျန်းဖုန်းက သိုသိုသိပ်သိပ်ပင်နေထိုင်လေ့ရှိပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လေ့ရှိသည်။ သူတို့တွေးထင်သည်က ထိုအဘိုးအို အထက်ဘုံကမ္ဘာသို့တက်ချင်သဖြင့် ကြိုးစားနေသည်ဟူ၍ ဖြစ်၏။ သို့သော် ယခုတော့ အထက်ဘုံကမ္ဘာမှရောက်လာသဖြင့် အထက်ဘုံကမ္ဘာသို့ပြန်လိုသည်မှာ သဘာဝကျသည်ဟု ယူဆမိကြသည်။

ရန်ကျောက်ကဲကတော့ လောလောဆယ် သူတို့အတွေးများကို မှန်းဆရန် အချိန်မရှိပေ။

ကောင်းကင်အက်ကွဲကြောင်းထဲတွင် ပိတ်မိနေခြင်းက ရန်ကျောက်ကဲအတွက် အဓိကပြဿနာမဟုတ်ပေ။ အခြေအနေတစ်ခုလုံးက သူကိုယ်တိုင်ဖန်တီးထားသည်ဖြစ်ရာ သူ့အတွက် လွတ်လမ်းရှာဖွေနိုင်သည် အမှန်ပင်။

သို့သော် ပြဿနာရှိသည်က ယန်ဖူကမ္ဘာသို့ ချက်ချင်းရောက်လာရန် ခက်ခဲနေခြင်း ဖြစ်၏။

ဆရာဘိုးဘိုးယွမ်ကျန်းဖုန်းက ဤကမ္ဘာတွင်ပိတ်မိနေပြီး လောလောဆယ်တွင် အခြေအနေက ပြဿနာမရှိသေးသည့်တိုင် အချိန်ကြာလာပါက အခြေအနေဆိုးလာနိုင်သည်။

ယခု ပိုင်ကျစ်မင်၏ ဆင်းသက်ခြင်းဝိညာဉ်ကျောက်စိမ်းကိုအသုံးပြုပြီး ရန်ကျောက်ကဲ၏ စိတ်အာရုံတစ်ပိုင်းတစ်စက ယန်ဖူကမ္ဘာသို့ ရောက်ရှိလာသောလည်း အချိန်တိုအတွင်းသာ နေထိုင်နိုင်ပေမည်။

ရန်ကျောက်ကဲက...

“သူတို့က ဆရာဘိုးဘိုးကို ဘယ်လိုအစီအရင်ထဲမှာ ထောင်ချောက်ဆင်ထားတာလဲ”

တာ့ရွှယ်တောင်မှ အကြီးအကဲက...

“သူတို့က ရေပူစမ်းတစ်ခုရဲ့ ပထဝီအနေအထားကို အသုံးပြုပြီုး အစီအရင်တည်ဆောက်ထားတာပါ”

ရန်ကျောက်ကဲက...

“ရေပူစမ်းကိုအသုံးပြုပြီး အစီအရင်တည်ဆောက်ထားတယ် ဟုတ်လား”

ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...

“အဲဒီနေရာက မြေပြင်အနေအထားအခြေအနေကို ဒီ ‘ရန်’ ကို ပြောပြလို့ရနိုင်မလား”

ထိုမေးခွန်းကိုကြားတော့ တာ့ရွှယ်တောင်မှ သိုင်းသူတော်စင် (၄)ယောက် မှင်တက်သွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ထို့နောက် သူတို့ထဲမှတစ်ယောက်က အခြေအနေအသေးစိတ်ကို ရှင်းပြလိုက်၏။

စကားများကိုနားထောင်ပြီးနောက် ရန်ကျောက်ကဲက စိတ်သက်သာရာရသွားဟန်ဖြင့်...

“ဒါက ပင်လယ်မျက်လုံးဝဲဂယက်ပဲ ၊ ဒါလည်း ကောင်းတာပဲလေ”

ထို့နောက် သူက လေးနက်စွာဖြင့်...

“ဒီလိုဆိုမှတော့ အကြီးအကဲတို့က ဒီ ‘ရန်’ အတွက် ကိစ္စနှစ်ခုလောက် ကူညီပေးနိုင်မလား”

တာ့ရွှယ်စန်းတောင်မှ အကြီးအကဲများ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ရန်ကျောက်ကဲက ပိုင်ကျစ်မင်၏ ဆင်းသက်ခြင်းဝိညာဉ်ကျောက်စိမ်းပြားကို အသုံးပြုကာ ယန်ဖူကမ္ဘာသို့ရောက်ရှိလာခြင်း ဖြစ်သည်။ သို့သော် ပိုင်ကျစ်မင်နှင့် ရန်ကျောက်ကဲ၏ဆက်ဆံရေးကို သူတို့ သေသေချာချာ မသိရသေးပေ။ ရန်ကျောက်ကဲ၏ တစ်ဖက်သတ်စကားများကိုသာ နားထောင်နေရပြီး ထိုလူငယ် မည်သူမည်ဝါဆိုသည်ကလည်း သံသယဝင်စရာ ဖြစ်နေသေး၏။

သို့သော် အချင်းချင်း အသံပို့လွှတ်စနစ်ဖြင့် တိုင်ပင်ဆွေးနွေးလိုက်ကြပြီးနောက် တာ့ရွှယ်တောင်ဂိုဏ်းချုပ်က...

“’ရန်’ သခင်လေး ... ဘာကူညီရမလဲဆိုတာအရင်ဆုံးပြောပြနိုင်မလား”

စကားအသွားအလာကြည့်ရလျှင် ယွမ်ကျန်းဖုန်းကို ကူညီရင်း ချုန်းယန်နေမင်းဂိုဏ်းကိုလည်း မသိမသာ ဆန့်ကျင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် ရန်ကျောက်ကဲ၏ရည်ရွယ်ချက်ကို အတော်လေး သိချင်မိ၏။

ရန်ကျောက်ကဲက...

“သိပ်မခက်ပါဘူး ၊ ဆရာကြီး’ပိုင်’ ဆီက သတင်းကြားရတာ... ယန်ဖူကမ္ဘာမှာ ပင်လယ်အရိုးဆိုတဲ့ရတနာပစ္စည်းတစ်ခုရှိတယ်တဲ့”

တာ့ရွှယ်တောင်ဂိုဏ်းချုပ်က ခေါင်းညိတ်ရင်း...

“ဟုတ်ပါတယ် ၊ အနောက်ပင်လယ်ကထွက်တဲ့ ထူးခြားတဲ့ပစ္စည်းတစ်မျိုးပါပဲ”

ရန်ကျောက်ကဲက...

“အရင်ဆုံး ပင်လယ်အရိုးတွေ စုထားပေးစေချင်တယ် ၊ သိပ်အများကြီးတော့ မလိုပါဘူး ၊ ခပ်ကောင်းကောင်း သုံးလေးခုလောက်ဆိုရင် ရပါတယ် ၊ ပြီးရင် အနောက်ပင်လယ် ရေပူစမ်းရဲ့ မြောက်ဘက် မိုင် (၁၇၀)လောက်အကွာမှာ အဲဒါတွေကို မြှုပ်ထားပေးပါ ၊ ဒါဆိုရင် ပကတိမြေပြင်သွေးကြောဖြစ်တဲ့ ပကတိမီးသွေးကြောထဲကို ဝင်ရောက်သွားလိမ့်မယ်”

တာ့ရွှယ်တောင်မှ အကြီးအကဲက...

“အဲဒီနောက်တော့ရော...”

ရန်ကျောက်ကဲက ပေါ့ပါးစွာရယ်မောရင်း...

“ပထမတစ်ခုကတော့ အဲဒါပါပဲ ၊ ဘာမှထပ်လုပ်စရာမလိုပါဘူး”

တာ့ရွှယ်တောင်မှအကြီးအကဲများ ပ‌ဟေဠိဖြစ်သွားကြသည်။

ရန်ကျောက်ကဲက...

“ခင်ဗျားတို့ ကျွန်တော်ပြောတဲ့အတိုင်း လုပ်ရုံပါပဲ ၊ နောက်တော့ ဆရာဘိုးဘိုးထွက်လာပြီး ချုန်းယန်နေမင်းဂိုဏ်းကလူတွေကို အေးအေးဆေးဆေး တိုက်ခိုက်လိမ့်မယ် ၊ ဒါက ခင်ဗျားတို့တာရွှယ်တောင်အတွက်လည်း အကျိုးရှိတာပဲ မဟုတ်ဘူးလား”

ဟုတ်ပေ၏။

ဤသည်က တကယ့်ကိုလှပသည့်အကွက်ဖြစ်သည်။ အန္တရယ်လည်းမရှိ ပင်ပင်ပန်းပန်းလည်း လုပ်ရသည် မဟုတ်ပေ။

လုပ်ရမည့်အလုပ်က လွယ်ကူနေသဖြင့် တာ့ရွှယ်တောင်မှလူများအနည်းငယ် ရှက်သွားသော်လည်း မယုံကြည်နိုင် ဖြစ်နေမိသည်။

မိုင် (၁၇၀)ဆိုသည်က နီးသည့်ခရီးဟုမဆိုသာသော်လည်း သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူများအတွက်တော့ လက်တစ်ကမ်းမျှသာ ရှိသည်။ သို့သော် သူတို့ ပင်လယ်အရိုးကိုသွားရောက်မြှုပ်နှံစဉ် ချုန်းယန်နေမင်းဂိုဏ်းမှ ရိပ်မိသွားနိုင်သည့် အန္တရယ်ရှိသည်။

သို့သော် ချုန်းယန်နေမင်းဂိုဏ်းအနေဖြင့် သူတို့ဘာလုပ်သည်ကိုမသိရှိဘဲ အလျင်စလို အာရုံစိုက်မိမည် မဟုတ်ပေ။

ပြီးတော့ ပင်လယ်မျက်လုံးထဲတွင်ရှိနေသော ယွမ်ကျန်းဖုန်းက သူတို့ကို အတော်လေးဒုက္ခပေးနိုင်သည်ဖြစ်ရာ ချုန်းယန်နေမင်းဂိုဏ်းအနေဖြင့် မည်မျှစွမ်းအားမြင့်မားပါစေ ထိုပြဿနာကိုမဖြေရှင်းနိုင်မချင်း အခြားကိစ္စကို အာရုံစိုက်နိုင်မည် မဟုတ်ပေ။

တာ့ရွှယ်တောင်က အားနည်းသည့်သိုင်းဂိုဏ်းတစ်ခု မဟုတ်ပေ။ ပိုင်ကျစ်မင်အထက်ဘုံကမ္ဘာသို့တက်သွားပြီးသည့်နောက် သူတို့ဂိုဏ်းသည်လည်း အထက်ဘုံကမ္ဘာတွင် လူခံရှိသည်ဟု မှတ်ယူနိုင်သည်။

တာ့ရွှယ်တောင်ဂိုဏ်းချုပ်က သဘောတူသည်လည်းမပြော မတူသည်လည်းမပြောသေးဘဲ ခဏမျှစဉ်းစားပြီး ထပ်မံမေးမြန်းလိုက်သည်။

“ဒုတိယတစ်ခုကရော... ၊ ’ရန်’ သခင်လေးပြောမယ့် ဒုတိယအချက်ကဘာလဲဆိုတာ သိခွင့်ရှိမလား”

ရန်ကျောက်ကဲက...

“ဒုတိယတစ်ခုက... အနောက်ပင်လယ်ကိစ္စပြီးရင် ဆရာဘိုးဘိုးကို ဒီရေခဲနန်းတော်ကိုခေါ်လာပြီး ဒီအင်းသင်္ကေတနှစ်ခု ပေးလိုက်ပါ”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲ၏ စိတ်အာရုံတစ်စိတ်တစ်ပိုင်းဝင်ရောက်နေသည့် ပိုင်ကျစ်မင်၏ရုပ်တုမှ  မျက်ဝန်းတစ်စုံ တောက်ပလာသည်။ ရုပ်တုအတွင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရုပ်တုရှေ့တွင် အင်းသေင်္ကတနှစ်ခုအဖြစ် ပြောင်းလဲသွား၏။

ထိုအင်းသင်္ကေတများကိုတွေ့တော့ အကြမ်းဖျင်းအားဖြင့် ‘ဗလာနယ်လမ်းညွှန်သင်္ကေတ’ တစ်ခုဖြစ်ကြောင်း တာ့ရွှယ်တောင်မှသိုင်းသူတော်စင် (၄) ယောက် သိရှိလိုက်သည်။ သို့သော် အသေးစိတ်ကိုတော့ သူတို့အားလုံး နားမလည်ကြပေ။

တာ့ရွှယ်တောင်ဂိုဏ်းချုပ်က ခဏမျှစဉ်းစားပြီးနောက် ကျောက်စိမ်းပြားနှစ်ခု ထုတ်ယူလိုက်ပြီး အင်းသင်္ကေတနှစ်ခုကို တံဆိပ်ခတ်သိမ်းဆည်းကာ အင်းချပ်နှစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် သူတို့ (၄)ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး အသံပို့လွှတ်စနစ်ဖြင့် ဆက်သွယ်လိုက်ကြသည်။

ရန်ကျောက်ကဲ ခဏမျှစောင့်ဆိုင်းနေသော်လည်း သူတို့အားလုံးက တိတ်ဆိတ်နေကြသဖြင့် ပြုံးလိုက်ရင်း...

“ဒီ ‘ရန်’ က ယန်ဖူကမ္ဘာရဲ့ တည်နေရာကို အမှတ်အသားပြုလုပ်ထားခဲ့ပါတယ် ၊ တကယ်လို့ ဆရာကြီး’ပိုင်’ ရဲ့ နတ်ဝိညာဉ်ဆင်းသက်လာရင်ပဲဖြစ်ဖြစ် ၊ သူကိုယ်တိုင် ယန်ဖူကမ္ဘာကိုပြန်လာရင်ပဲဖြစ်ဖြစ် ပိုပြီးအဆင်ပြေနိုင်ပါလိမ့်မယ်”

သူက ဆက်ပြောသည်။

“အထက်ဘုံကမ္ဘာမှာ ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခုရဲ့ အရှင်သခင်များဆိုတဲ့ သြဇာကြီးမားသူတွေ ရှိတယ် ၊ ဆရာကြီး ‘ပိုင်’ က အခု အရှေ့တောင်ထိပ်တန်းအရှင်သခင်ရဲ့ တပည့်တွေဆီမှာ ဧည့်သည်အကြီးအကဲအဖြစ် နေထိုင်တယ် ၊ သူ အချိန်အားတဲ့တစ်နေ့ကျရင် သေချာပေါက် ခင်ဗျားတို့ကို ဆက်သွယ်မှာပါ ၊ သိပ်ကြာမယ်တောင် မထင်ပါဘူး”

ထိုစကားကြားတော့ တာ့ရွှယ်တောင်မှ သိုင်းသူတော်စင်များ စိတ်ထဲတစ်ချက်လှုပ်ရှားသွားသည်။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် စကားပြောနေခြင်းဖြစ်သော်လည်း ထိုစကားများ၏အဓိပ္ပါယ်က လေးနက်သည်။ ပိုင်ကျစ်မင်သည် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် အဆင်ပြေတည်ငြိမ်သော အနေအထားကို အောင်မြင်စွာရယူနိုင်ပြီး အားကောင်းသည့်နောက်ခံရရှိနေပြီဟု အရိပ်အမြွက် ပြောလိုက်ခြင်း ဖြစ်သည်။

ချုန်းယန်နေမင်းဂိုဏ်းက အထက်ဘုံကမ္ဘာတွင် သိုင်းဂိုဏ်းတည်ထောင်ထားသော်လည်း ပိုင်ကျစ်မင်အနေဖြင့် သူတို့ကို ကြောက်နေစရာမလိုပေ။ ဤနည်းအားဖြင့် ယန်ဖူကမ္ဘာတွင် တာ့ရွှယ်တောင်သည်လည်း ချုန်းယန်နေမင်းဂိုဏ်းကို ကြောက်နေစရာ မရှိပေ။

ပြီးတော့ သူတို့က ချုန်းယန်နေမင်းဂိုဏ်းကို တိုက်ခိုက်ရန်လိုခြင်းမရှိပါက ချုန်းယန်ဂိုဏ်းအနေဖြင့် တာ့ရွှယ်တောင်ကို တိုက်ခိုက်လိုသည့်တိုင် နှစ်ခါပြန်စဉ်းစားရန် လိုအပ်လာပေမည်။

စိတ်ပူပန်စရာမရှိတော့ကြောင်း သေချာသည်နှင့် သိုင်းသူတော်စင် တတိယအဆင့်ရှိသော တာ့ရွှယ်တောင်ဂိုဏ်းချုပ်က ဂိုဏ်းတူညီ (၃)ယောက်ကိုကြည့်လိုက်ပြီး အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။

“ဒီ သခင်လေးပြောတာသာအမှန်ဆိုရင် အထက်ဘုံကမ္ဘာမှာ သူကလည်း ပေါ့သေးသေးမဟုတ်လောက်ဘူး ၊ ဒါဆို ယွမ်ကျန်းဖုန်းလည်း ပေါ့သေးသေးမဖြစ်နိုင်ဘူး ၊ ငါတို့တွေ သူတို့ကို လျှော့မတွက်သင့်ဘူး ၊ မဟုတ်ရင် ဂိုဏ်းတူအစ်ကို’ပိုင်’ က ကျောက်စိမ်းပြားကို သူ့ကိုဘယ်ပေးလိုက်မလဲ”

တစ်ယောက်က တုံ့ဆိုင်းနေရင်း...

“အခု ဂိုဏ်းတူအစ်ကို’ပိုင်’ နဲ့ အဆက်အသွယ်မရသေးတော့... သူပြောတာတွေအမှန်ဆိုတာ ယုံလို့ဖြစ်ပါ့မလား”

အဘိုးအိုက...

“စောစော သူ့လုပ်ရပ်တွေက သူပြောတဲ့စကားအမှန်ဆိုတာ သက်သေပြနေတာပဲ”

ထိုစကားကြားတော့မှ စောစောက စကားပြောသူက သဘောပေါက်သွားပြီး...

“အမှန်ပဲ ၊ သူ အင်းသင်္ကေတရေးသားတဲ့နည်းလမ်းက ဂိုဏ်းတူအစ်ကို’ပိုင်’ ရဲ့ နည်းလမ်းပဲ ၊ ကြည့်ရတာ ဂိုဏ်းတူအစ်ကို’ပိုင်’ ကိုယ်တိုင် သူ့ကိုသင်ပေးလိုက်တာဖြစ်ရမယ် ၊ ဒါကသူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဘယ်လောက်ကောင်းလဲဆိုတာ သက်သေပြနေတာပဲ”

ထို့နောက် သူ့မျက်လုံးထဲတွင် အေးစက်သည့်အငွေ့အသက်များလွှမ်းခြုံသွားပြီး...

“ယွမ်ကျန်းဖုန်းသာ အနောက်ပင်လယ် ရေပူစမ်းက ထွက်လာရင်... ချုန်းယန်နေမင်းဂိုဏ်းတော့ အခက်တွေ့ပြီပဲ ၊ အဲဒီအချိန် သူတို့က ငါတို့ကိုတိုက်ခိုက်ဖို့ အချိန်တောင်ရှိမှာမဟုတ်ဘူး”

ဂိုဏ်းချုပ်ဖြစ်သူက...

“ချုန်းယန်နေမင်းဂိုဏ်း အားနည်းသွားရင် ငါတို့ တာ့ရွှယ်တောင်က ယန်ဖူကမ္ဘာမှာ လောကပထမ ဖြစ်လာမှာပဲ ၊ အန္တရယ်တော့များပေမယ့် ဒါက ပြဿနာမရှိပါဘူး”

ထိုစကားကြားတော့ ကျန် (၃)ယောက် ခဏမျှတိတ်ဆိတ်သွားပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။

တာ့ရွှယ်တောင်ဂိုဏ်းချုပ်က...

“’ရန်’ သခင်လေး စိတ်ချပါ ၊ ဒီအဘိုးကြီးက မင်းရဲ့ ဆန္ဒအတိုင်း လုပ်ဆောင်ပေးပါ့မယ်”

All Chapters