လူနှစ်ယောက်အတွက် ခေါက်ဆွဲကြော်တစ်ပွဲ!
Vol. 6 Ch. 76
မွန်းတည့်ချိန် ကုန်ခါနီးလောက်တွင် ယဲ့ဖန်သည် အလယ်တန်းကျောင်း၏ အားကစား ကွင်းတွင်းရှိ မိုးမခပင်ပေါ်တွင် လှဲနေ၏။ နတ်ဆိုးမျက်လုံးမှ နတ်ဆိုးချီဓာတ်များကို စုပ်ယူပြီး ယဲ့ဖန်၏ ကိုယ်တွင်း၌ နတ်ဆိုးခွန်အားများ အဖြစ်သို့ ပြောင်းလဲနေသည်။
မိုးမခပင်ပေါ်တွင် အေးအေးဆေးဆေး လှဲနေရင်း သူ့ဘာသာသူ ပျော်ရွှင်နေစဉ် ရုတ်တရက် ဖုန်းထမြည်လာသည်။
ယဲ့ဖန် ဖုန်းထုတ်ကြည့်လိုက်သောအခါ သူ မသိသော နံပါတ်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူ ဖုန်းကိုင်လိုက်သောအခါ မိန်းကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရသဖြင့် သူ တွေဝေသွားသည်။
"သူမက ဘာလို့ ငါ့ဆီ ဖုန်းဆက်တာလဲ?"
မျက်မှောင်ကြုတ်လျက် ယဲ့ဖန် ချက်ချင်း မိုးမခပင်ပေါ်မှ ခုန်ဆင်းလိုက်ကာ ကျောင်းပေါက်ဝသို့ ထွက်လာခဲ့သည်။
သူ ကျောင်းပေါက်ဝမှ ထွက်လာသည်နှင့် လမ်းတစ်ဘက်တွင် Porsche တံဆိပ် ကားအမျိုးအစား တစ်စီး ရပ်ထားပြီး လှပသော မိန်းမပျိုလေးတစ်ယောက်က ကားဘေး တွင် တွေဝေစွာ ရပ်နေသည်။
သူမ၏ လှပသော ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် သူ ရင်ဖိုလာသည်။
လေတိုက်လာသောအခါ သူမ၏ ဆံနွယ်များက လေယူရာ ယိမ်းနွဲ့လှုပ်ရှားလာလေသည်။
သူမ၏ ဆွတ်ဆွတ်ဖြူနေသော အသားအရေနှင့် ဆွဲမက်ဖွယ်ကိုယ်ခန္ဓာတို့ကြောင့် သူမသည် နတ်သမီးလေးအလား လှပလှလေသည်။
ထို့ပြင် သူမသည် အနည်းငယ် ဝမ်းနည်းရိပ်သန်းနေသည်။
လှလိုက်သည့်မိန်းကလေး!
ထိုစဉ် မိန်းမပျိုလေးထံမှ မျက်ရည်နှစ်စက် စီးကျလာပြီး ထိုမျက်ရည်က လေနှင့်အတူ မြေကြီးပေါ်သို့ ဝေ့ကာဝဲကာ ကျသွားသည်။ အသည်းဘဝင်ခိုက်ဖွယ်ကောင်းလှသည့် ပန်းချီကားတစ်ချပ်လိုပါပဲလား။
ယဲ့ဖန် ငေးငိုင်နေမိသည်။
"ယဲ့… ယဲ့ဖန်"
လင်းလန် မျက်ရည်များကို အသည်းအသန် သုတ်ကာ ဝင်းပစွာ ပြုံးပြလိုက်သည်။
သူမ၏ အပြုံးကို မြင်ပြီး ယဲ့ဖန် ရင်ထဲ လှုပ်ရှားလာသည်။ သူမ၏ အပြုံးက မိန်းကလေး တစ်ယောက် သေလုဆဲဆဲ အချိန်တွင် သူမ ချစ်ရသောသူအား နှုတ်ဆက်သည့်အနေဖြင့် ပြုံးပြနေသလိုပင်။
ဝမ်းနည်းပူဆွေးမှုများ သူ့ဆီ ကူးစက်လာသလို ခံစားလာရသည်။
ယဲ့ဖန် ခေါင်းကိုညိတ်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ?"
"ဟင့် ...ဟင့်အင်း ... ဘာမှ မဖြစ်ပါဘူး ... ငါ နင့်ကို တစ်ခုခု ဖိတ်ကျွေးချင်လို့ လာတာပါ"
လင်းလန် ယဲ့ဖန်၏ မျက်လုံးကို တည့်တည့်မကြည့်ရဲပေ၊ ထို့နောက် သူမက ကားရှေ့ခန်းရှိ ဒရိုင်ဘာခုံ၏ ဘေးခုံ၌ ဝင်ထိုင်လိုက်ပြီး
"သွားကြစို့ ... နင် မောင်းလိုက်နော်"
လင်းလန် ဘာမှ ဖွင့်မပြောချင်မှန်း သဘောပေါက်သည့်အတွက် ယဲ့ဖန် ဒရိုင်ဘာခုံ၌ ဝင်ထိုင်လိုက်သည်။
လင်းလန်က သူ့ကို စားသောက်ဆိုင်တန်းသို့ ခေါ်လာလိမ့်မည်ဟု သူ ထင်မထားမိပါ။
ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် ဝင်ထိုင်လိုက်သည်နှင့် လင်းလန်က ကလေးတစ်ယောက်လို ပျော်ရွှင်လာသည်။
"ယဲ့ဖန် ငါ နင်နဲ့ တစ်ခုလောက် ဆွေးနွေးလို့ ရမလားဟင်?" လင်းလန် ရှက်သွေးဖြာ နေသည်။
ယဲ့ဖန် ကြောင်သွားပြီးမှ ပြုံး၍ "ဆက်ပြောလေ" ဟု ပြောလိုက်သည်။
"အာ…ငါတို့နှစ်ယောက်အတွက် ခေါက်ဆွဲကြော်တစ်ပွဲ မှာလို့ရမလားဟင်"
သူမ ပြောပြီးသည်နှင့် မျက်နှာတစ်ပြင်လုံးအပြင် နားရွက်အထိပါ နီမြန်းလာသည်။
ကျန်းရှီမြို့၏ နံပါတ်တစ် လှပသော ဥက္ကဋ္ဌမလေးက ဖြူစင်သော မိန်းမငယ်လေးလို ပြုမူနေလိမ့်မည်ဟု ယဲ့ဖန် မထင်ထားမိပါ။ ထို့ကြောင့် သူ ပြုံး၍ သဘောတူလိုက်သည်။
"ကိစ္စမရှိပါဘူး"
လင်းလန် ဝမ်းသာအားရ ပြုံးလာသည်။
ခဏကြာသောအခါ ခေါက်ဆွဲကြော်တစ်ပွဲ လာချပေးသည်။
လူနှစ်ယောက်အတွက် ခေါက်ဆွဲကြော်တစ်ပွဲ!
လင်းလန်နှင့် ယဲ့ဖန်တို့ တူတစ်စုံနှင့် အတူတူ စားနေကြသည်။
သူမ စစားလိုက်သည်နှင့် လင်းလန် မျက်ရည်ဝဲလာသည်။
သူမ ယဲ့ဖန်ကို တည့်တည့်မကြည့်ဘဲ ခေါင်းကိုငုံ့ထားသည်။ သူမ၏ အနက်ရောင် ဆံနွယ်များက မျက်ရည်များနှင့် ရွှဲနေသည်။
"ယဲ့ဖန် … ငါ့မှာ ပုံပြင်တစ်ပုဒ် ပြောစရာ ရှိတယ်"
သူမ ခေါင်းကို ငုံ့ကာ သူမ မျက်ရည်ကို ယဲ့ဖန် မမြင်အောင် ဖုံးကွယ်ထားနေသည်။ သူမ ဆက်ပြောသည်။
"ဟိုးအရင်တုန်း အဓိကကလန်တစ်ခုက ကလေးမလေးတစ်ယောက်က ခေါက်ဆွဲကြော် စားဖို့ အကြောင်းဖန်လာတယ်တဲ့။ အဲ့အချိန်ကစပြီး သူမက ခေါက်ဆွဲကြော်ရဲ့ အရသာကို နှစ်သက်လာတယ်"
"ဒါပေမယ့် သူမအဖေက ခေါက်ဆွဲကြော်က အမှိုက်သာသာပဲ ရှိတယ်လို့ ထင်ခဲ့ပြီးတော့ သူတို့ကို စားဖို့ ပိတ်ပင်ခဲ့တယ်။ အဲ့ဒါကြောင့် အဲ့ကလေးမလေးက အမြဲ သူ့အိမ်က ခိုးထွက်ပြီး ခေါက်ဆွဲကြော်ကို ခိုးဝယ်ပြီး သူမအမေနဲ့ အတူတူ စားကြလေ့ရှိတယ်"
"ခေါက်ဆွဲကြော်က သူမ အကြိုက်ဆုံး အစားအစာ ဖြစ်သလို သူမအမေကလည်း သူမ အချစ်ရဆုံးသူပဲလေ။ သူမအကြိက်ဆုံး အစားအစာကို သူမ အချစ်ရဆုံးသူနဲ့ အတူတူ စားသင့်တယ်လို့ အဲ့ကလေးမလေးက ထင်ထားတာလေ"
"သူမတို့ ဘဝကို နှစ်အနည်းငယ်ကြာတဲ့အထိ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတယ်။ အဲ့ဒီနောက် သူမအဖေက သူ အကျိုးအမြတ်ရဖို့အတွက် အခြား အဓိကကလန်ကြီးတစ်ခုက သခင်လေးနဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့တယ်"
"အဲ့မိန်းကလေးက အတင်း ငြင်းဆန်ခဲ့ပင်မယ့် အိမ်ထဲမှာ သော့ပိတ်ခံခဲ့ရတယ်လေ"
"သူမအမေက သူမအဖေကို သနားညှာတာပေးဖို့ တောင်းပန်ပင်မယ့် သူမအဖေက သေတဲ့အထိ ရိုက်နှက်ခဲ့လို့ သူမအမေ သေသွားခဲ့ရတယ်"
"သူမအမေ ဆုံးသွားပြီးကတည်းက သူမ အကြိုက်ဆုံး အစားအစာဖြစ်တဲ့ ခေါက်ဆွဲ ကြော်ကို မစားတော့ဘူး၊ ဘာလို့လဲဆိုတော့ သူနဲ့ အတူစားနေကြ သူမ အချစ်ဆုံးဖြစ်တဲ့ အမေ မရှိတော့လို့လေ။ သူမအကြိုက်ဆုံး အစားအစာကို အတူစားမယ့် အချစ်ရဆုံးသူ ထပ်ပြီး ရှိမလာတော့ဘူးလေ"
လင်းလန် ခေါက်ဆွဲကြော်ကို ဖြည်းဖြည်းချင်း စားနေသည်။
တစ်မျှင်၊ နှစ်မျှင်…
ခေါက်ဆွဲဖတ် တစ်ဖတ်တိုင်းက အလွန် အဖိုးတန်သလို သူမ ပြုမူနေသည်။ သူမ အချစ်ရဆုံးသူနှင့် အကြိုက်ဆုံး အစားအစာကို စားနေသကဲ့သို့ပင်။
သူမ ခေါက်ဆွဲကြော်ကို ကုန်အောင် စားလိုက်ပြီးသည်နှင့် မျက်ရည်မိုး သွန်းဖြိုးလာသည်။
တောက်!
တောက်!
သူမ မျက်ရည်ကို သုတ်လိုက်ပြီးနောက် ခေါင်းမော့ကာ ယဲ့ဖန်ကို အားပါးတရ ပြုံးပြသည်။
"ကျွန်မနဲ့အတူ ခေါက်ဆွဲကြော် လိုက်စားပေးလို့ ကျေးဇူးပါ ယဲ့ဖန်"
သူမ ပြုံးနေပင်မယ့် မျက်ရည်က ကျနေဆဲပင်။
ဝမ်းနည်းဖွယ် ကောင်းလှသည့်အပြုံးပါတကား။
သူမ၏ စိုစွတ်နေသည့် မျက်နှာလေးကို ကြည့်ပြီး ယဲ့ဖန် ရင်တွေ ကွဲလာရသည်။
ပုံပြင်ထဲက မိန်းမငယ်လေးက လင်းလန်မှန်း သူ သိပါသည်။သို့သော် ဒီခေါက်ဆွဲကြော် လေးတစ်ပွဲက သူမ၏ ငယ်ဘဝနှင့် သူမအချစ်ရဆုံးသူကို ကိုယ်စားပြုနေလိမ့်မည်ဟု သူ မထင်ထားမိပါ။
သူမ အကြိုက်ဆုံး အစားအစာကို သူနှင့် ဘာလို့ အတူစားချင်ရတာလဲဆိုတာကို သူ နားမလည်နိုင်ပါ။
ထိုအချိန်တွင် ယဲ့ဖန် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေပြီး ဇဝေဇဝါ ဖြစ်ပေါ်နေသည်။
"သွားကြရအောင်"
လင်းလန်က ပိုက်ဆံ ယွမ် ၁၀၀ ကို စားပွဲပေါ် တင်ပြီး ယဲ့ဖန်ကို ဆွဲ၍ ထွက်လာခဲ့သည်။
….
ဆယ့်ငါးမိနစ်ခန့် ကြာသောအခါ Porsche တံဆိပ်ကားက ကျန်းရှီ အလယ်တန်းကျောင်း ပေါက်ဝ၌ ရပ်လိုက်သည်။
လင်းလန်က ယခုထိ စိတ်ထိခိုက်နေသည့်ပုံပင်။ ထို့နောက် သူမ မျက်နှာက ရေခဲတမျှ အေးစက်လာကာ
"ယဲ့ဖန် အခု စားပြီးသွားတာနဲ့ ကျွန်မတို့နှစ်ယောက်ကြားက ဖြစ်ခဲ့တာတွေကို မေ့လိုက်ပါ။ အခုက စပြီး ကျွန်မတို့ ကိုယ့်လမ်းကိုယ် လျှောက်ကြရအောင်"
*ဘာ*
ယဲ့ဖန် ကြောင်သွားသည်။
ထို့ပြင် သူမက ထပ်ပြောလာသည်။
"တစ်ယောက်ယောက်က ရှင့်ကို ဖုန်းဆက်ပြီး ကျွန်မမှာ အန္တရာယ် ရှိလာပြီလို့ ပြောလာရင် မယုံလိုက်ပါနဲ့။ မှတ်ထားနော်၊ လုံးဝ မယုံနဲ့။ ကျွန်မ အကျပ်အတည်းထဲ ရောက်နေလည်း ရှင့်အကူအညီ မလိုဘူး။ အခုကစပြီး ကျွန်မတို့ ဘယ်လိုမှ မပတ်သက်တော့ဘူး"
လင်းလန် ချက်ချင်း နောက်လှည့်ကာ ငိုချလိုက်သည်။
"ရှင် သွားလို့ရပြီ။ ကျွန်မစကားကို မှတ်ထားပါ"
သူမရဲ့ သတိပေးစကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ သို့သော် ကားက ဘီးလှိမ့်၍ ထွက်သွားသည်ကို သူ ငြိမ်၍ ကြည့်နေမိသည်။
Porsche ကားလေး ဘီးလှိမ့်၍ ထွက်သွားသည်ကို ကြည့်ရင်း ယဲ့ဖန် ပို၍ မျက်မှောင်ကြုတ် လာသည်။
လင်းလန် ဒီနေ့ ပုံမှန် မဟုတ်သည်ကို သူ သတိထားမိသည်။
ခဏမျှကြာသောအခါ အဝေးပြေးလမ်းမကြီး၏ ဘေးတွင် ကားရပ်ကာ လင်းလန် အားပါးတရ ငိုကြွေးနေသလို မုန်တိုင်းထန်လာတော့မည်ဟုလည်း ခံစားမိနေသည်။
"ရောက်လာတော့မှာလား?"
လင်းလန် မကြောက်သော်လည်း သူမ ချစ်ရသောသူကို တစ်သက်လုံး ချစ်မြတ်နိုးခွင့် မရတော့သည့်အတွက်တော့ နောင်တရမိသည်။
ထို့နောက် သူမ ဖုန်းကို ထုတ်၍ နံပါတ်တစ်ခုကို ဆက်လိုက်သည်။ ခဏကြာသော တစ်ဘက်မှ တလေးတစားနှင့် ပြန်ဖြေလာသော အမျိုးသမီးအသံတစ်သံ ထွက်ပေါ် လာသည်။
"ဥက္ကဋ္ဌလင်း ကျွန်မ ဝမ့်ချမ်ပါ"
သူမ အသံကို ကြားသည်နှင့် လင်းလန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"မစ်ဝမ့်… ရှင် ကျွန်မအတွက် သေတမ်းစာ တစ်စောင် ပြင်ဆင်ပြီးပြီလို့ ကျွန်မ မျှော်လင့်ပါတယ်"
*ဘယ်လို*
လင်းလန်၏ စကားကြောင့် ဝမ့်ချမ် ကြောင်သွားသည်။
"ဥက္ကဋ္ဌလင်း ရှင်က ဒီလောက် ငယ်သေးတာ၊ ဘာလို့ ရုတ်တရက်ကြီး သေတမ်းစာ ချန်ထားခဲ့ချင်တာလဲ?"
ဝမ့်ချမ် ကိုယ့်နားကိုယ် မယုံချင်သလို ဖြစ်သွားရသည်။
သို့သော် လင်းလန်က ယခင်အတိုင်း ဆက်ပြောလိုက်သည်။
"အကြောင်းရင်း မရှိဘူး။ ဒီအတိုင်း လုပ်ထားလိုက်ပါ"
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌလင်း" ဝမ့်ချမ် သဘောတူလိုက်ရုံသာ ရှိတော့သည်။
"ကျွန်မ သေသွားခဲ့ရင် လင်းအုပ်စုရဲ့ အဓိက ရှယ်ယာတွေအပြင် လင်းအုပ်စုရဲ့ လုပ်ငန်းတူ ပူးပေါင်းမှုက ပိုင်ဆိုင်မှုတွေကိုပါ ယဲ့ဖန်ရဲ့ နာမည်နဲ့ လွှဲထားပေးပါ"