မင်းကိုလမ်းပိတ်ထားမယ်
Vol. 53 Ch. 738
အခန်း (၇၃၈) မင်းကိုလမ်းပိတ်ထားမယ်
တာ့ရွှယ်တောင်မှအကြီးအကဲများက သဘောတူလိုက်သည်နှင့် ရန်ကျောက်ကဲ စိတ်ထဲက ပြုံးလိုက်သည်။
ပိုင်ကျစ်မင်မှတစ်ဆင့် ယန်ဖူကမ္ဘာအခြေအနေကို ရန်ကျောက်ကဲ အနည်းနှင့်အများ နားလည်ထားပြီး ဖြစ်၏။ ချုန်းယန်နေမင်းဂိုဏ်းက အလွန်တရာစွမ်းအားမြင့်မားပြီး တာ့ရွှယ်တောင်အပါအဝင် အခြားသောသိုင်းဂိုဏ်းများကို အမြဲတမ်းဖိအားပေးလျှက် ရှိသည်။
ထို့ကြောင့် ချုန်းယန်နေမင်းဂိုဏ်းကို ဖြိုခွင်းရန် အခွင့်သာပါက အခြားသောသိုင်းဂိုဏ်းများအနေဖြင့် ၊ အထူးသဖြင့် ချုန်းယန်နေမင်းဂိုဏ်းထက် အနည်းငယ်သာအင်အားနည်းပါးသော တာ့ရွှယ်တောင်အနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မည်မှာ အမှန်ပင်။
ယွမ်ကျန်းဖုန်း၏ တန်ခိုးစွမ်းအားက ယန်ဖူကမ္ဘာမှကျင့်ကြံသူများအားလုံးထက် သာလွန်သည်။ သူနေထိုင်ခဲ့တဲ့ မျှော်စင်ရေလှိုင်းခန်းမသည်ပင် သူ၏ တန်ခိုးစွမ်းအားအတိုင်းအတာကို နားလည်နိုင်ခြင်း မရှိခဲ့ကြပေ။
ယွမ်ကျန်းဖုန်းကြောင့်ပင် ချုန်းယန်နေမင်းဂိုဏ်းက ရေလှိုင်းမျှော်စင်ခန်းမကို တိုက်ခိုက်သည့်အခါ သံမဏိတံတိုင်းအား ခေါင်းနှင့်ဆောင့်သည့်ပမာ ဖြစ်ခဲ့ရသည်။ ချုန်းယန်နေမင်းဂိုဏ်း ကံကောင်းသွားသည်မှာ ယွမ်ကျန်းဖုန်းက ယန်ဖူကမ္ဘာတွင် နယ်မြေကျွမ်းကျင်သူတစ်ယောက် မဟုတ်သဖြင့် မြေပြင်အနေအထားထူးခြားသော အနောက်ပင်လယ်တွင် ထောင်ချောက်ဆင်ဖမ်းဆီးနိုင်ခဲ့ခြင်းပင်။
သို့ပေသိ ယွမ်ကျန်းဖုန်းကို ထောင်ချောက်ဆင်နိုင်ခဲ့သည့်တိုင် သူတို့အတွက် အလွန်တရာဒုက္ခပေးနိုင်သော ရန်သူအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
အခြေအနေကို အကဲခတ်ရင်း တာ့ရွှယ်တောင်နှင့် အခြားသောသိုင်းဂိုဏ်းများစိတ်ထဲတွင် အတွေးအချို့ မလွဲမသွေ ပေါ်ပေါက်လာခဲ့သည်။
သို့ရာတွင် ချုန်းယန်နေမင်းဂိုဏ်းက အလွန်တရာ စွမ်းအားမြင့်မားပြီး အထက်ဘုံကမ္ဘာနှင့်လည်း အဆက်အသွယ် ရှိသည်။ သူတို့၏ ခိုင်မာသောအခြေခံအုတ်မြစ်နှင့် နက်ရှိုင်းသည့်နောက်ခံကြောင့် တာ့ရွှယ်တောင်အနေဖြင့် အခွင့်ကောင်းယူလှုပ်ရှားသည့်တိုင် အောင်မြင်နိုင်ခြေမရှိဟု ထင်မှတ်ထားကြသည်။
ယခု ရန်ကျောက်ကဲထံမှ ကြားရသည့်သတင်းအရ ပိုင်ကျစ်မင်က အထက်ဘုံကမ္ဘာတွင် ကျောထောက်နောက်ခံကောင်းကောင်းရရှိထားပြီးဖြစ်ရာ ချုန်းယန်နေမင်းဂိုဏ်းကို ကြောက်လန့်မည် မဟုတ်ပေ။ ထို့ကြောင့် တာ့ရွှယ်တောင်မှ အကြီးအကဲများ၏ စိတ်ပူပန်မှုများ ပြေပျောက်သွားကြရသည်။
ယန်ဖူကမ္ဘာတွင် ချုန်းယန်နေမင်းဂိုဏ်းကိုသာ ဖြုတ်ချနိုင်လျှင် တာ့ရွှယ်တောင်က လောကပထမဖြစ်လာပြီး များစွာအကျိုးကျေးဇူး ရရှိပေမည်။
ထို့ကြောင့် သူတောင်းဆိုသည့်အရာများအား တာ့ရွှယ်တောင်က ငြင်းဆိုမည်ကို ရန်ကျာက်ကဲအနေဖြင့် စိတ်ပူပန်စရာမရှိပေ။
ဤသည်က နှစ်ဦးနှစ်ဖက်အဆင်ပြေသည့်နည်းလမ်းဟုလည်း ဆိုနိုင်သည်။ သူနှင့် သူ၏ဆရာဘိုးဘိုးက တာ့ရွှယ်တောင်ကို ကူညီပေးသည်ဟုပင် မှတ်ယူနိုင်၏။
မဟုတ်ပါက တာ့ရွှယ်တောင်တစ်ဂိုဏ်းတည်းဆိုလျှင် ယန်ဖူကမ္ဘာတွင် ချုန်းယန်နေမင်းဂိုဏ်းကို ဘယ်သောအခါမှ ဖြုတ်ချနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အခွင့်သာတုန်း ချုန်းယန်နေမင်းဂိုဏ်းအား ထိုးနှက်နိုင်ခြင်းက တာ့ရွှယ်တောင်အတွက် အကျိုးအမြတ်သာပင်။
ပိုင်ကျစ်မင်က အထက်ဘုံကမ္ဘာတွင်ရှိပြီး အရှေ့တောင်ထိပ်တန်းမျိုးနွယ်များအတွက် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ သူက အောင်မြင်သူတစ်ယောက်ဖြစ်သည့်တိုင် ရန်လိုခြင်း မရှိပေ။ သို့တိုင် ချုန်းယန်နေမင်းဂိုဏ်းက အရှေ့တောင်ထိပ်တန်းမျိုးနွယ်များကို ကြောက်ရွံ့သဖြင့် ပိုင်ကျစ်မင်နှင့် တာ့ရွှယ်တောင်ကို အခက်တွေ့အောင် ပြုလုပ်ရဲမည် မဟုတ်ပေ။
ပိုင်ကျစ်မင်အနေဖြင့် အရှေ့တောင်ထိပ်တန်းမျိုးနွယ်များကို အောက်ဘုံကမ္ဘာသို့ဆင်းကာ ယန်ဖူကမ္ဘာမှ ချုန်းယန်နေမင်းဂိုဏ်းကို တိုက်ခိုက်ပေးပါရန် တောင်းဆိုနိုင်မည် မဟုတ်ပေ။ လက်ရှိ ကျင်းထင်တောင်ရှိ ပိုင်ကျစ်မင်၏အဆင့်အတန်းဖြင့်ဆိုလျှင် သေချာပေါက် ဤသို့လုပ်နိုင်မည် မဟုတ်ပေ။
သို့တိုင် အထက်ဘုံကမ္ဘာတွင် တည်ထောင်ထားသော ချုန်းယန်နေမင်းဂိုဏ်းအနေဖြင့် အရှေ့တောင်ထိပ်တန်းမျိုးနွယ်များ၏ အရှိန်အဝါကို ကြောက်ရွံ့ကြမည် အမှန်ပင်။
ရန်ကျောက်ကဲ ယုံကြည်သည်ကတော့ တာ့ရွှယ်တောင်အနေဖြင့် ယန်ဖူကမ္ဘာတွင် လောကပထမအဖြစ် ခေါင်းဆောင်နေရာကို ရယူလိုပါက သေချာပေါက် သူပြောသည့်အလုပ်များကို သဘောတူပေလိမ့်မည်။ တစ်ချက်ရှိသည်မှာ ရန်ကျောက်ကဲက သူတို့ကိုလှည့်စားနေသည်လားဟု သံသယဝင်နိုင်သလို အထက်ဘုံကမ္ဘာမှ ချုန်းယန်နေမင်းဂိုဏ်းက နောက်ပိုင်း လက်တုံ့ပြန်မည်ကိုလည်း စိုးရိမ်ရသည်။
သို့သော် သူတို့ချည်းသာဆိုလျှင် ချုန်းယန်နေမင်းဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်နိုင်မည်မဟုတ်လေရာ ထိုသံသယများကို ဘေးဖယ်ထားလိုက်ကြတော့သည်။
ယွမ်ကျန်းဖုန်းသာ ထောင်ချောက်အတွင်းမှ လွတ်မြောက်သွားလျှင် ချုန်းယန်နေမင်းဂိုဏ်းအနေဖြင့် အတော်လေး အခက်တွေ့သွားပြီး သူတို့ကို မည်သည့်နည်းနှင့်မှ အရေးစိုက်နိုင်တော့မည် မဟုတ်ပေ။
ထိုအချိန်ရောက်လျှင် သူတို့အနေဖြင့် ယွမ်ကျန်းဖုန်းနှင့်ပူးပေါင်းကာ ချုန်းယန်နေမင်းဂိုဏ်းကိုပူးပေါင်းတိုက်ခိုက်မည်ဆိုသော်လည်း ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ စစ်ကူများရောက်ရှိလာပါက တိုက်ပွဲတွင် မည်သူအနိုင်ရမည်ကို ပြောရခက်နေသေးသည်။
တာ့ရွှယ်တောင်မှ အကြီးအကဲများ၏စကားအရ ဆရာဘိုးဘိုးယွမ်ကျန်းဖုန်းက လက်ရှိ ယန်ဖူကမ္ဘာတွင် လောကပထမ ပြိုင်ဘက်ကင်းဖြစ်ကြောင်း သိရှိနိုင်သည်။ အများနှင့်တစ်ယောက် တိုက်ခိုက်မည်ဆိုဦးတော့ သူ့အနေဖြင့် ရန်သူများကို အနိုင်ယူနိုင်ပေမည်။
ဤသို့သောအခြေအနေအောက်တွင် တာ့ရွှယ်တောင်အနေဖြင့် ရည်မှန်းချက်ကြီးကြီးသာရှိခဲ့ပါက သေချာပေါက် အနိုင်ရမည် ဖြစ်သည်။
“ဒီလိုဆိုမှတော့ ကျွန်တော် ခင်ဗျားတို့ကိုပဲ ဒုက္ခပေးရတော့မယ် ၊ ဒီ ‘ရန်’ က အရင်ဦးဆုံး ကျေးဇူးတင်လိုက်ပါတယ်”
ရန်ကျောက်ကဲစကားဆုံးသွားပြီးနောက် ပိုင်ကျစ်မင်ရုပ်တု၏ မျက်လုံးများမှ အလင်းရောင်သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဆင်းသက်ခြင်းဝိညာဉ်ကျောက်စိမ်းပြား၏ အချိန်အကန့်အသတ် ကုန်ဆုံးသွားပြီ ဖြစ်သည်။
ရန်ကျောက်ကဲ၏စိတ်အာရုံအပိုင်းအစသည် ကျောက်စိမ်းရောင်အခိုးအငွေ့များနှင့်အတူ ရုပ်တုအတွင်းမှထွက်ခွာကာ လေထဲသို့ ဖြည်းညှင်းစွာတက်လာပြီး အာကာသထဲသို့ နောက်တစ်ကြိမ် လျင်မြန်စွာဝင်ရောက်သွားသည်။
ဗလာနယ်ကို တစ်ဖန်ဖြတ်သန်းပြီးနောက် ကျောက်စိမ်းရောင်အခိုးအငွေ့များက သွေးနီရောင်သလင်းနံရံဆီသို့ ပြန်လည်ရောက်ရှိလာကြသည်။ အခိုးအငွေ့များက ကျောက်စိမ်းပြားအတွင်း ပြန်လည်ဝင်ရောက်သွားပြီး ရန်ကျောက်ကဲ၏ စိတ်အာရုံအပိုင်းအစကြိုးမျှင်သည်လည်း သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်။
ရန်ကျောက်ကဲ သတိပြန်ဝင်လာပြီးနောက် စိတ်ထဲတွင် အတွေးပေါင်းများစွာထွက်ပေါ်လာပြီး သူ့အရှေ့မှ သွေးနီရောင် ဝဲဂယက်ကြီးကို ကြည့်လိုက်သည်။
“ဒီ ဝဲဂယက်က ပြင်းထန်နေသေးပေမယ့် အဆုံးသတ်ခါနီးပြီပဲ”
‘ခန်း’ သခင်မ ၊ ထန်ကျင်းနှင့် အခြားသူများသည်လည်း ဤအချက်ကို ရိပ်မိကြသည်။ ထို့ကြောင့် သူတို့က ပျယာခတ်ခြင်းမရှိဘဲ ဝဲဂယက်စွမ်းအားများကို စိတ်ရှည်စွာဖြင့် တောင့်ခံထားကြခြင်း ဖြစ်၏။
ထိုအချိန် စီးဆင်းနေသောရေနှင့်ဆင်တူသည့် ဓားအလင်းတန်း လှည့်ပတ်ထွက်ပေါ်လာပြီး သွေးနီရောင်ဝဲဂယက်ကြီးအား လှည့်ပတ်သွားသည်။ အချိန်ရေစီးကြောင်းအတွင်းမှ အေးစက်သည့်မျက်ဝန်း (၃)စုံက သူ့ကို စူးစိုက်ကြည့်နေကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။
‘ခန်း’ သခင်မနှင့် သားနှစ်ယောက်က ရန်ကျောက်ကဲကို အရိုးထဲအထိ မုန်းတီးနေကြသည်ပင်။ ရေဝဲဂယက်ပျောက်ကွယ်သွားသည်နှင့် သူတို့က သူ့ကိုတိုက်ခိုက်ရန် စီစဉ်ထားကြဟန်ပင်။
ထိုအချိန် ထန်ကျင်းနှင့် ကွမ်းမင်ဂိုဏ်းမှကျင့်ကြံသူများကတော့ ပိုမိုတည်ငြိမ်လျှက် ရှိသည်။
ထန်ကျင်းက သွေးနီရောင်ဝဲဂယက်၏ စုပ်ယူစွမ်းအားကို တွန်းလှန်နေသော်လည်း သူမ၏ အာရုံစူးစိုက်မှုတစ်စိတ်တစ်ပိုင်းက ယူဆောင်လာသည့် ရတနာကြေးမုံမှန်ထက်တွင် ရှိနေသည်။
ရတနာကြေးမုံမှန်မှ ထုတ်လွှတ်လိုက်သော အလင်းတန်းက သွေးနီရောင်သလင်းနံရံကို ဖြတ်ကျော်ပြီး အဝေးတစ်နေရာ ဗလာနယ်ထဲသို့ရောက်ရှိသွားကြောင်း ရန်ကျောက်ကဲ သတိပြုလိုက်မိသည်။
“ကြည့်ရတာ လော့ကျီးထောင်တို့အုပ်စု မကြာခင် ပြန်ရောက်လာတော့မယ်ထင်တယ်”
မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ ခဏမျှစဉ်းစားလိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်စွန်းများထက် အပြံးတစ်စ ထင်ဟပ်လာသည်။
“သူတို့ ပြန်ရောက်လာမှာကိုတော့ ခွင့်မပြုနိုင်ဘူး”
တဖြည်းဖြည်း အားပျော့သွားသည့်အရိပ်အယောင်များ ပြသနေသည့် သွေးနီရောင်ဝဲဂယက်ကြိးကိုကြည့်ရင်း ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ကို အသာလေးပုတ်လိုက်သည်။
နဂါးနန်းတော်တံခါးပွင့်လာပြီး မိုးမြေတစ်ခွင်အားတုန်လှုပ်စေသည့် နဂါးကြုံးဝါးသံတစ်သံ ထွက်ပေါ်လာကာ နန်းတော်အတွင်းမှ အရှိန်အဝါကြီးမားသော နဂါးကြီးတစ်ကောင် ထွက်ပေါ်လာ၏။
ထိုနဂါးကြီးကိုတွေ့သည်နှင့် ‘ခန်း’ သခင်မတို့ (၃)ယောက်နှင့် ထန်ကျင်းတို့အုပ်စု တုန်လှုပ်သွားကြသည်။ သေသေချာချာကြည့်လိုက်တော့ တကယ့်နဂါးအစစ်မဟုတ်ဘဲ ကြီးမားသည့် နဂါးရုပ်အလောင်းကြီးတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။
နဂါးကြီးက သေဆုံးနေပြီဖြစ်သော်လည်း ကြီးမားသော တန်ခိုးစွမ်းအားနှင့် လွှမ်းမိုးနိုင်စွမ်းများက ထွက်ပေါ်နေဆဲပင်။
ရန်ကျောက်ကဲ တွန်းအားပေးလိုက်သည်နှင့် ထို နဂါးရုပ်အလောင်းက သွေးနီရောင်ဝဲဂယက်အတွင်း ကျရောက်သွားသည်။
ရန်ကျောက်ကဲ ကြုံးဝါးအော်ဟစ်လိုက်၏။
“ယာဇ်ပူဇော်ပါ...”
ထို့နောက် သူက လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး ဗလာနယ်ထဲတွင် အင်းသင်္ကေတတစ်ခုအား သွေးဖြင့် ရေးသားလိုက်သည်။ ထိုအင်းသင်္ကေတက သွေးနီရောင်ဝဲဂယက်အတွင်း ကျဆင်းသွားသည်။
နဂါးအစစ်တစ်ကောင်၏ ရုပ်အလောင်းအတွင်းမှ ချီစွမ်းအားနှင့် သွေးစွမ်းအားများက အလွန်တရာအစွမ်းထက်လှသည်။ ထိုတန်ခိုးစွမ်းအားများက အလွန်တရာကြီးမားလေရာ ပူပြင်းသောနေရောင်ခြည်အလား တစ်ခဏအတွင်း ပေါက်ကွဲထွက်သွားသည်။
သွေးနီရောင်ရေဝဲဂယက်က ပြင်းထန်လွန်းသော နဂါးစွမ်းအားကို စုပ်ယူပြီးသည်နှင့် အားပျော့နေရာမှ ပြန်လည်အားကောင်းလာသည်။ ရန်ကျောက်ကဲ၏ သွေးစွမ်းအားအနှစ်သာရဖြင့် ရေးဆွဲထားသည့် အင်းသင်္ကေတအား ဝဲဂယက်အတွင်း ပေါင်းစည်းစေလိုက်သည့်အခါ ဝဲဂယက်က ဆက်လက်ပြန့်နှံ့သွားခြင်းမရှိဘဲ မတည်ငြိမ်မှုက ပိုမိုကြီးထွားလာသည်။
ပတ်ဝန်းကျင်တစ်ခုလုံးအား ပိတ်ဆို့ထိန်းချုပ်ထားသည့် သွေးနီရောင်သလင်းနံရံက အချိန်မရွေးအက်ကွဲသွားတော့မည့်အလား ပြင်းထန်စွာ တုန်လှုပ်သွားသည်။
‘ခန်း’ သခင်မ ၊ ထန်ကျင်းနှင့် အခြားသူများမှာ အဆိုးဆုံးအတွက် ပြင်ဆင်ရတော့သည်။
ထိုအချိန် ပတ်ဝန်းကျင်သို့ လျှင်မြန်စွာ ပြန့်ကားသွားခြင်းမရှိသော သွေးနီရောင်ဝဲဂယက်က ပြင်းထန်စွာပေါက်ကွဲထွက်သွားသည်။
ထိုခဏတွင် အပြင်ဘက် သွေးနီရောင်သလင်းနံရံက အက်ကွဲသွားပြီး အတွင်းဘက်သို့ စိမ့်ဝင်လာသည်။
ထို့နောက် သွေးရောင်လွှမ်းခြုံနေသော အခိုးအငွေ့များအဖြစ် လျှင်မြန်စွာပြောင်းလဲသွားပြီး ကြီးမားသော သွေးနီတိမ်တိုက်ကြီးအဖြစ် ပြောင်းလဲကာ ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
လူတိုင်းမျက်စိရှေ့တွင် သွေးနီရောင်လွှမ်းသွားပြီး အပေါ် ၊ အောက် ၊ ရှေ့ ၊ နောက် ၊ ဘယ် ၊ ညာ ခွဲခြားမရတော့ပေ။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ ၊ ဇာမနီနယ်မြေတွင် ကောင်းကင်ယံ၏ မူလဒဏ်ရာသည် မိုးကုတ်စက်ဝိုင်းအလယ် သွေးရောင်စွန်းထင်းမှုများကြား တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
အချိန်ကြာသွားတော့ သွေးနီရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သို့သော် ကောင်းကင်အက်ကွဲကြောင်းကတော့ မူလအတိုင်း မဟုတ်တော့ပေ။
တိမ်တိုက်များသည် အနီရောင်မှ အရောင်မရှိသော အကြည်ရောင်အဖြစ် ပြောင်းလဲသွားသည်။
တိမ်တိုက်များထဲတွင် လူတိုင်းက အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြား ပိတ်မိနေပြီး သူတို့၏လှုပ်ရှားမှုများမှာလည်း ကန့်သတ်ခံထားရသည်။
ကွမ်းမင်ဂိုဏ်းမှ ထန်ကျင်း အလွန်တုန်လှုပ်သွားပြီး ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်လေသည်။
ကြည်လင်သောတိမ်တိုက်များမှတစ်ဆင့် အပြင်ဘက်ဗလာနယ်ထဲတွင် လူရိပ်အချို့ ထွက်ပေါ်လာသည်ကို သူမ တွေ့မြင်နေရသည်။ ထိုသူများက လော့ကျီးထောင်တို့အုပ်စုဖြစ်သည်မှာ သေချာသည်။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ ပြန်လာသေသာသူတို့၏လမ်းကြောင်းအား တိမ်တိုက်များက ပိတ်ဆို့ထားကြောင်း တွေ့ရသည့်အခါ လော့ကျီးထောင်တို့အုပ်စု ထိတ်လန့်တုန်လှုပ်သွားကြသည်။
ခက်ခက်ခဲခဲ အခြေအနေမှ ဇွဲအပြည့်ဖြင့် ပြန်လာနိုင်ရန် ကြိုးစားခဲ့ကြသော်လည်း အထက်ဘုံကမ္ဘာအပြင်ဘက် ပရမ်းပတာ ဗလာနယ်ထဲတွင် ဆက်လက်ပြီး တဝဲလည်လည် ဖြစ်နေကြရပြန်လေသည်။