← Chapters

ငါမင်းကို သတ်ဖို့ကိုပဲ ရွေးချယ်မယ်

Vol. 6 Ch. 78

ငါမင်းကို သတ်ဖို့ကိုပဲ ရွေးချယ်မယ်

Vol. 6 Ch. 78

*ကုန်းယွင်ဖေး...မင်းအသက်ကို ယူဖို့ ငါလာပြီ*

ထိုအသံသည် အင်မတန်မှကို တင်းမာလှကာ ငရဲမှ ထွက်ပေါ်လာသော အသံဟုတောင် ထင်မှတ်ရသည်။

ထိုအသံ ထွက်ပေါ်လာပြီးနောက် အရိပ်တစ်ခုက စက်ရုံပျက်ထဲသို့ တစ္ဆေတစ်ကောင်ပမာ လှစ်ခနဲ ဝင်ရောက်လာသည်ကို စက်ရုံပျက်ထဲရှိ သူများအားလုံး မြင်လိုက်ရသည်။

*ယဲ့ဖန်*

ကုန်းယွင်ဖေး ပီတိဖြစ်သွားသည်။ ဒါဟာ သူ ယဲ့ဖန်၏ မျက်နှာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သလို နောက်ဆုံးအကြိမ် မြင်ဖူးချင်လည်း ဖြစ်ပေသည်။

ကုန်းယွင်ဖေးက လှောင်ပြုံးပြုံး၍ နှုတ်ဆက်လိုက်သည်။

"ယဲ့ဖန်… မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ။ ကဲ… အခု ရောက်လာမှတော့ ဒီမှာပဲ တစ်သက်လုံးနေလိုက်တော့"

သူ့စကားကို ကြားသော်လည်း ယဲ့ဖန်က ယခင်အတိုင်း တည်ငြိမ်နေဆဲပင်၊ သို့သော် လင်းလန်၏ မျက်နှာလေးကတော့ ဖြူရော်နေကာ ထအော်လိုက်သည်။

"ယဲ့ဖန်… အခု ဒီက မြန်မြန် ထွက်သွား ... မြန်မြန်သွား… သွေးစွန်းတစ္ဆေ ဒီကို ရောက်နေတယ်။ ရှင် သူ့ကို မနိုင်နိုင်ဘူး ... မြန်မြန်ပြေးတော့ ... ပြေး"

သွေးများနှင့် ရွှဲနစ်နေသော်လည်း လင်းလန်သည် သူမ၏ အသက်ကိုတော့ စိုးရိမ်နေခြင်း အလျဉ်းမရှိခဲ့ပေ။ သူမ ယဲ့ဖန် အသက်ရှင်တာကိုသာ လိုချင်ခဲ့သည်။

ယဲ့ဖန်သာ အသက်ရှင်မည်ဆိုလျင် သူမအသက်ကို ပေးဆပ်ရမည်ဆိုလည်း သူမ နှမြောတွန့်တိုနေခြင်း ရှိမည်မဟုတ်ပါ။

သူမမျက်နှာပေါ်က လတ်လတ်ဆတ်ဆတ် ဒဏ်ရာများကို မြင်ပြီး ယဲ့ဖန် ရင်ထဲ စို့တက်လာသည်။

"ဘာ ... ဘာလို့ ဒီလောက် မိုက်ရူးရဲဆန်ရတာလဲ ..."

ယခုမှသာ လင်းလန် ပြောခဲ့သည့် စကားများကို ယဲ့ဖန် နားလည်တော့သည်။

*ဒီကောင်မလေးက အန္တရာယ်ကို ဟိုးအရင်ကတည်းက ရိပ်စားမိနေတာပဲ*

*သူမက ငါ့ကို နောက်ဆုံး နှုတ်ဆက်စကားပြောနေတာပါလား*

*သူမက ငါ့ကို ဒီအန္တရာယ်ထဲ ကြားမညပ်စေချင်ခဲ့တာပဲ*

သူမ၏ သွေးများနှင့် စွန်းပေနေသော ပါးလေးနှစ်ဘက်ကို ကြည့်ရင်း ယဲ့ဖန် ဝမ်းနည်းနေသော မျက်နှာနှင့် ပြောလိုက်သည်။

"မင်းက ငါ့ရဲ့ မိန်းကလေးပဲ၊ ဘယ်သူမှ ငါ့ကောင်မလေးကို နာကျင်အောင် လုပ်ခွင့်မရှိဘူး"

ယဲ့ဖန်၏ မျက်လုံးတွင် ကြောက်မက်ဖွယ် အလင်းတစ်ချို့ ဖြတ်ပြေးသွားပြီး ထပ်မံ၍ စကားဆိုလိုက်သည်။

"မင်းကို နာကျင်အောင် လုပ်တဲ့သူက နတ်ဘုရားဖြစ်နေရင်တောင် အဲ့နတ်ဘုရားကို ငါ သတ်မယ်။ မင်းကို နာကျင်အောင်လုပ်တဲ့သူက ဘုရားသခင်ဖြစ်နေရင်တောင်မှ အဲ့ဘုရားသခင်ကို ငါသတ်ပစ်မယ်။

…

ဒေါသသံစွက်နေသော အသံက စက်ရုံပျက်တစ်ခုလုံး ဟိန်း၍ ပျံ့ထွက်လာပုံက နတ်ဆိုးဘုရင်တစ်ယောက် ဒေါသထွက်၍ မုန်တိုင်းထန်တော့မည့်ဟန်ဖြင့် သဏ္ဌာန်တူလှသည်။

လင်းလန် မှင်တက်မိသွားသည်။

"သူ့ရဲ့မိန်းကလေး … ငါက သူ့ရဲ့ မိန်းကလေးလို့ သူပြောလိုက်တာလား…"

လင်းလန် ပျော်လွန်း၍ မျက်ရည်ကျလာသည်။ ကမ္ဘာပေါ်မှာ အပျော်ဆုံးအရာက ကိုယ်ချစ်ရသည့်သူ၏ ချစ်မြတ်နိုးခြင်းကို ခံရခြင်းပင် ဖြစ်ပေသည်။

သို့သော် သူမ၏ ပျက်ဆီးနေသော မျက်နှာကို ပြန်သတိရမိပြီး သူမ တုန်ယင်လာကာ ပြန်ပြောလိုက်သည်။

"ဟင့်အင်း… မဟုတ်ဘူး… ကျွန်မက ရှင့်အချစ်နဲ့ မထိုက်တန်ပါဘူး။ ကျွန်မက ရှင့်အချစ်နဲ့ မထိုက်တန်ပါဘူး"

လင်းလန် အသည်းအသန် ငိုကြွေးမိသည်။ သူမက အကြိုက်ဆုံးအရုပ်လေး ပျက်စိးသွားလို့ ငိုနေသည့် ကလေးမလေးကဲ့သို့ ရင်ကွဲမတတ် အာခေါင်ခြစ် ငိုနေသည်။

"ယဲ့ဖန်… မြန်မြန် သွားတော့ ... ကျွန်မက ရှင့်အချစ်နဲ့ မထိုက်တန်ဘူး။ ရှင့်အသက်ကို စွန့်စားရလောက်တဲ့အထိ ကျွန်မက ရှင့်အချစ်နဲ့ မထိုက်တန်ပါဘူး"

လင်းလန်က မျက်ရည်များနှင့် ယဲ့ဖန်ကို အော်ဟစ်လိုက်သည်။

"ဒီက မြန်မြန် ထွက်သွားတော့၊ အဲ့လူက သွေးစွန်းတစ္ဆေပဲ ... မြန်မြန်ပြေးတော့"

*သွေးစွန်းတစ္ဆေ*

သူမ စကားကြောင့် ယဲ့ဖန် အမှောင်ထဲက လူကို လှမ်းကြည့်လိုက်သည်။ သူ့ကို မည်သူမျှ မမြင်သော်လည်း ယဲ့ဖန်နှင့် အကြည့်ချင်းဆုံသွားမိသည့်အခိုက်တွင် ထိုလူ တုန်လှုပ်လာသည်။

"ဟီးဟီး… ကြည်နူးစရာ အခန်းလေးပါလား" ကုန်းယွင်ဖေး၏ တင်းမာသောအသံက စက်ရုံပျက်အတွင်း ပဲ့တင်ထပ်သွားသည်။

သူ ယဲ့ဖန်ကို ဟိုးအရင်ကတည်းက ကြည့်မရခဲ့ပါ၊ သူ့သတို့သမီးလောင်းက အခြားယောကျ်ားတစ်ယောက်နှင့် ချစ်ပြ၊ ကြည်နူးပြနေသည်ကို မြင်ပြီး ကုန်းယွင်ဖေး ပေါက်ကွဲလာသည်။

ချက်ချင်း ဓားမြှောင်ကို လင်းလန်၏ လည်ပင်နားကပ်ကာ မသတီစရာကောင်းလောက်အောင် ပြုံး၍ "ယဲ့ဖန် …. မင်းအသေခံမလား၊ သူမကို သတ်လိုက်ရမလား နှစ်ခုထဲက တစ်ခုကို ရွေးလိုက်"

လင်းလန် မျက်နှာလေး ဖြူစုတ်သွားပြီး ချက်ချင်း သူမလည်ပင်းကို ဓားမြှောင်နှင့် ပို၍ ထိလိုက်သည်။ သူမ သေသွားသည့်အခါမှသာ ယဲ့ဖန် လွတ်အောင် ပြေးနိုင်ပေလိမ့်မည်။

လင်းလန်၏ လည်ပင်းက ဓားသွားနှင့် နီးကပ်မလာခင် ကုန်းယွင်ဖေးက သူမလည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

"ဟီး ဟီး … လင်းလန် မင်းမှာ ရွေးချယ်ခွင့်မရှိဘူး။ သူပဲ ရွေးချယ်ရမှာ"

ကုန်းယွင်ဖေးသည် ယဲ့ဖန်အား သွေးဆာနေသော အပြုံးမျိုးနှင့် လက်ညှိုးထိုး၍ ထပ်ပြောလိုက်သည်။

"ယဲ့ဖန် တစ်ခုကိုပဲ ရွေး"

*ရွေးရမယ်*

ယဲဖ့န်က နတ်ဆိုးသဖွယ် ပြုံး၍

"ဒီလိုဆိုမှတော့ ငါလည်း မသေနိုင်သလို သူမလည်း မသေစေရဘူး။ ငါ မင်းကိုပဲ ရွေးတယ်"

*ဘာ*

ယဲ့ဖန်၏ ရွေးချယ်မှုကြောင့် ကုန်းယွင်ဖေး ကြောင်သွားသည်။

ထိုစဉ် ယဲ့ဖန်ထံမှ အနက်ရောင်ချီအမျှင်စုတစ်စုက အလင်းတန်းကဲ့သို့ ထွက်လာသည်ကို ကုန်းယွင်ဖေး မြင်လိုက်ရသည်။

ထိုအမျှင်တန်းလေးသည် ကုန်းယွင်ဖေး၏ လက်ဖဝါးဆီသို့ လှစ်ခနဲ တိုးဝင်လာသည်။

"အား"

ကုန်းယွင်ဖေး ဤကဲ့သို့ ထူးဆန်းသည့် မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ထို့နောက် ထိုအနက်ရောင်ချီ အမျှင်စုသည် သူ၏ လက်ဖဝါးမှတစ်ဆင့် ရေကူးနေသော မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားလာနေသောကြောင့် သူ့လက်ဖဝါးက ကြွက်တက်လာသလို ဖြစ်လာသည်။

နာကျင်မှုကြောင့် သူ့လက်ဖဝါးပင် တုန်ယင်လာသည်။ ထိုစဉ် ယဲ့ဖန်က လှစ်ခနဲ ပျောက်သွားသည်။ သူ ပြန်ပေါ်လာသည့်အခိုက်တွင် ကုန်းယွင်ဖေး၏ ရင်ဘက်နားသို့ ရောက်နေပြီ ဖြစ်သည်။

*မဟုတ်ဘူး*

ကုန်းယွင်ဖေး ချက်ချင်း မျက်နှာပျက်သွားကာ လင်းလန်၏ လည်ပင်းကို ဓားနှင့်ထိုးရန် ပြင်လိုက်သော်လည်း နောက်ကျသွားချေပြီ။

….

ဆိုးရွားသော လေတစ်ချက် တိုက်အပြီးတွင် ကုန်းယွင်ဖေး၏ လက်ဖဝါးသည် လက်ကောက်ဝတ်မှ နေ၍ ကျိုးသွားလေတော့သည်။

"အား"

ကုန်းယွင်ဖေး လက်ကောက်ဝတ်မှ အားမရှိတော့သည်ကို ခံစားလိုက်မိသည်။ ထို့နောက် ရဲရဲနီနေသောသွေးများ ပန်းထွက်လာသည်။ နာကျင်မှုကြောင့် သူ အသားကုန် အော်ငိုမိသည်။

မျက်တောင်တစ်ခတ်အတွင်းမှာတင် အရာအားလုံး ပြီးသွားလေသည်။

ခြင်္သေ့ရိုင်းသာမက သွေးစွန်းတစ္ဆေပါ တုန့်ပြန်ချိန် မရလိုက်ပါ။

"သေစမ်း ... သေစမ်း"

ကုန်းယွင်ဖေး ခပ်ဝေးဝေးသို့ ဆုတ်လိုက်မိသည်။ ခဏလေးအတွင်းမှာတင် အခြေအနေက ပြောင်းပြန် ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။

ယဲ့ဖန်က လင်းလန်ကို ကယ်တင်နေသည်ကို ကြည့်ပြီး သူ့မျက်နှာ အုံ့မှိုင်းလာသည်။

"ခွေးကောင်… သေလိုက်တော့"

ကုန်းယွင်ဖေး နောက်သို့လှည့်ကာ အမှောင်ထဲမှ သွေးစွန်းတစ္ဆေကို အော်ပြောလိုက်သည်။

"သွေးစွန်းတစ္ဆေ ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပါဦး၊ သူ့ကို သတ်ပေးပါ၊ သူ့ကို အသားစဖြစ်တဲ့အထိ အပိုင်းပိုင်းဖြစ်အောင် ခုတ်သတ်ပေးပါ"

ကုန်းယွင်ဖေး၏ အသံက စူးရှ၍ ရက်စက်ပုံ ပေါက်သည်။

သူ့ကြုံးဝါးသံကို ကြားလိုက်သည်နှင့် အမှောင်ထဲမှ သွေးစွန်းတစ္ဆေ ထွက်လာသည်။

သွေးစွန်းတစ္ဆေကို မြင်မြင်ချင်း ယဲ့ဖန် ကြောင်သွားသည်။

သွေးစွန်းတစ္ဆေက ယဲ့ဖန်ထံသို့ တစ်လှမ်းချင်း ခပ်ဖြည်းဖြည်း လျှောက်လာသည်။

သူ တစ်လှမ်းလိုက်တိုင်း သူ၏ ချီပင်လယ်ကြီးက  ရန်မူတော့မည့် သားရဲတိရိစ္ဆာန်ရိုင်းကြီးကဲ့သို့ ပို၍ ကြမ်းကြုတ်လာသည်။

ဤသည်ကို ကြည့်ပြီး ကုန်းယွင်ဖေး စိတ်လှုပ်ရှားလာကာ အော်ဟစ်လိုက်သည်။

"သူ့ကိုသတ်၊ သတ်လိုက်၊ သတ်ပစ်လိုက်၊ သူသေတာကို ကျုပ် မြင်ချင်တယ်"

ယဲ့ဖန် တစ်စစီ ဖြစ်သွားသည်ကို သူ မြင်ယောင်နေသကဲ့သို့ ပြောဆိုနေသည်။

သွေးစွန်းတစ္ဆေ၏ သာလွန်သော ချီဓာတ်ကို ခံစားမိပြီး လင်းလန် အကြီးအကျယ် ကြောက်လန့်လာသည်။ ထို့ကြောင့် သူမ အော်ပြောလိုက်သည်။

"ယဲ့ဖန် ... မြန်မြန် ထွက်သွားတော့ ... သူက သွေးစွန်းတစ္ဆေပဲ"

လင်းလန် အလွန်အမင်း စိုးရိမ်နေသည်။ သို့သော် ယဲ့ဖန်က တစ်ချက်ကလေးမှ မလှုပ်ပဲ သွေးစွန်းတစ္ဆေကိုသာ တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေသည်။

သွေးစွန်းတစ္ဆေက ယဲ့ဖန်နှင့် တစ်မီတာလောက်သာ ကွာတော့သည့်အခါတွင် သူက လျှပ်စီးကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်လိမ့်မည်ဟု အားလုံး ထင်ထားခဲ့ပင်မယ့် သွေးစွန်းတစ္ဆေက ရုတ်တရက် အရိုအသေပေးကာ တရိုတသေနှင့် စကားဆိုလိုက်သည်။

"သခင်လေး … ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ အရင်တစ်ခါက ကျုပ်ကို ညှာတာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

*ဘာရယ်*

ကုန်းယွင်ဖေးသာမက လင်းလန်ပါ ကြောင်သွားသည်။

သူတို့ မြင်နေရသည့်အရာကို သူတို့ မယုံသင်္ကာဖြစ်နေသည်။ နာမည်ကြီး သွေးစွန်းတစ္ဆေက ယဲ့ဖန်ကို တရိုတသေနဲ့ အရိုအသေပေးနေတယ်။ ဘယ်လိုကြီးလဲဟ

*အရင်တစ်ခါက သူ့ကို ညှာတာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်?*

သူပြောသည့်စကားများကို သူတို့ မယုံကြည်နိုင်သလို ဖြစ်နေကြသည်။

All Chapters