မင်း မသေရင် ငါပျော်နိုင်မှာမဟုတ်ဘူး!
Vol. 6 Ch. 79
*မဖြစ်နိုင်ဘူး*
ကုန်းယွင်ဖေးနှင့် သူ့နောက်လိုက်များ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေကြသည်။ သွေးစွန်းတစ္ဆေက ယဲ့ဖန်ကို အရိုအသေပေးလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြချေ။
လင်းလန်တောင်မှ လုံးဝကို မှင်တက်နေသည်။
*သွေးစွန်းတစ္ဆေက တရုတ်ပြည်တောင်ပိုင်းတစ်ခုလုံးမှာ အကြမ်းဆုံးသူလေ၊ ဘာလို့ သူက ယဲ့ဖန်ရှေ့မှာ အပိုးကျိုးနေတဲ့ အိမ်မွေးတိရိစ္ဆာန်လေးလို လုပ်နေတာလဲ၊ အံ့ဩစရာကြီး*
ထိုစဉ် သွေးစွန်းတစ္ဆေက ယဲ့ဖန်က ထိတ်လန့်ကြောက်ရွံ့သည့်ဟန်ဖြင့် ပြောလိုက်သည်။
"ခင်ဗျားရဲ့လက်ဖဝါး ဓားတစ်ချောင်းလိုပဲ လူတစ်ယောက်ရဲ့ လက်ကောက်ဝတ်ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်နိုင်တာပဲ၊ ကြောက်ဖို့ကောင်းတဲ့ တိုက်ပွဲဝင် စွမ်းရည်ပါပဲ"
ထိုသို့ပြောပြီး သွေးစွန်းတစ္ဆေက ယဲ့ဖန်အား ထပ်၍ အရိုအသေပေးလိုက်ကာ "အကယ်၍ အရင်တစ်ခါက ခင်ဗျားရဲ့ လေကဲ့သို့ဓားလက်ဖဝါးကို သုံးပြီး ကျုပ်ကို တိုက်ခဲ့မယ်ဆိုရင် ကျုပ် သေသွားလောက်တယ်"
သွေးစွန်းတစ္ဆေသည် စန်းပျောင်၏ ဆရာဖြစ်သည်။ ထိုသူသည် ဟိုတယ်၌ ရှိနေစဉ်က ဖိုသီဖတ်သီနှင့် တစ်ယောက်တည်း အရက်သောက်နေသော သက်လတ်ပိုင်းအရယ် လူကြီးဖြစ်ပြီး စန်းပျောင် ခံခဲ့ရသည်များအတွက် လက်စားပြန်ချေရာမှ ယဲဖ့န်ကို ရှုံးသွားခဲ့သည့် သူ ဖြစ်ပေသည်။
ထိုဖိုသီဖတ်သီနှင့်လူကြီးက သွေးစွန်းတစ္ဆေ ဖြစ်နေလိမ့်မည်ဟု ယဲ့ဖန် ထင်မထားခဲ့ပါ။
"စီနီယာ သွေးစွန်းတစ္ဆေ… ဘာလို့… ခင်ဗျား ဘာလို့…"
ကုန်းယွင်ဖေး အံ့အားသင့်နေသည်။ သူ အစီအစဉ်ပေါင်းများစွာ ကြံစည်ထားသော်လည်း ယဲ့ဖန်က သွေးစွန်းတစ္ဆေအား ယခင်ကတည်းက အနိုင်ယူထားပြီး ဖြစ်လိမ့်မည်ဟု သူ မတွေးထားမိပါ။
ကုန်းယွင်ဖေး၏ စကားကြောင့် သွေးစွန်းတစ္ဆေက မထီမဲ့မြင်ပြုသော မျက်နှာထိမျက်နှာထားနှင့် Hennessy အရက်ပုလင်းအား ထုတ်ကာ ကုန်းယွင်ဖေးထံသို့ ပစ်ပေးလိုက်သည်။
"ဒီမှာ မင်းပေးတဲ့ အရက်၊ ငါ ထပ်မသောက်တော့ဘူး၊ ငါ သခင်လေးကို မသတ်နိုင်ဘူး"
သွေးစွန်းတစ္ဆေသည် အရက်နှင့် ပတ်သက်လျင် အရူးအမူး စွဲလမ်းသည်။ သူ၏ စည်းကမ်းအရ တစ်ယောက်ယောက်က သူ့ကို အကောင်းစား အရက်တစ်ပုလင်း ပေးမည်ဟု ကတိပေးလိုက်တာနှင့် သူက သူတို့အတွက် လူတစ်ယောက် သတ်ပေးလေ့ရှိသည်။
ဟိုအရင်တုန်းကတည်းက သူ အရက်အမျိုးအစားများစွာကို သောက်ပြီး လူများစွာကို သတ်ခဲ့သည်။ သူ လူသတ်ရန် ငြင်းဆန်သည်က ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။
*မ… မဖြစ်နိုင်ဘူး*
ချက်ချင်းပင် ကုန်းယွင်ဖေး၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
ယဲ့ဖန်၏ တစ်မူထူးခြားသော တိုက်ပွဲဝင်စွမ်းရည်ကို သတိထားမိပြီး သူ ချက်ချင်း ဆတ်ခနဲ ဖြစ်သွားကာ နောက်သို့ အရှိန်နှင့် ဆုတ်ခွာလိုက်သည်။
"ခြင်္သေ့ရိုင်း သူတို့ကို တားထားလိုက်"
သူ့အတွက် အခြေအနေ မဟန်တာကို ရိပ်မိလိုက်သည်နှင့် ကုန်းယွင်ဖေးက ချက်ချင်း ရှောင်ထွက်သွားသည်။
ခြင်္သေ့ရိုင်းနှင့် အခြားသက်တော်စောင့်များ ယဲ့ဖန်ကို ကြောက်နေသော်လည်း မတတ်သာဘဲ ဝိုင်းထားလိုက်ရသည်။
သို့သော် ကုန်းယွင်ဖေးက စက်ရုံပျက်ထဲက ထွက်သွားသည်နှင့် ချက်ချင်း ကိုယ်လွတ်ရုန်း၍ ပြေးလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပါ။
သူက ယဲ့ဖန်နှင့် သွေးစွန်းတစ္ဆေကို ကြည့်ပြီး ဟားတိုက်ရယ်မောလိုက်သည်။
"ဟဟ… ယဲ့ဖန် ငါမင်းကို အထင်သေးခဲ့မိတယ်၊ ဒါပေမယ့် မင်း သေရမှာက သေရမှာပါပဲ"
ကုန်းယွင်ဖေးသည် သူ၏ သက်တော်စောင့်များအား စိတ်မကောင်းသလို ကြည့်ကာ နှုတ်ခမ်းတွန့်ရုံလေး ပြုံး၍ ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး၊ မင်းတို့အားလုံး ယဲ့ဖန်နဲ့ အတူသေလိုက်တာ ပိုကောင်းပါတယ်"
*ဘာ*
ကုန်းယွင်ဖေး၏ စကားကြောင့် သွေးစွန်းတစ္ဆေ၊ ခြင်္သေ့ရိုင်းနှင့် အခြားသော သက်တော်စောင့်များ ခေတ္တမျှ ကြောင်သွားရသည်။
ကုန်းယွင်ဖေးက အဝေးထိန်းကရိယာကို ထုတ်လိုက်သည့်အခါ၌ သူတို့၏ မျက်နှာများ ချက်ချင်း ဖြူရော်လာသည်။
"မဖြစ်ဘူး …. ဗုံးထောင်ထားတယ်ဟ"
ကုန်းယွင်ဖေးက သူ၏ ကိုယ်ပိုင်သက်တော်စောင့်များကိုပင် ငါးစာအဖြစ် အသုံးပြုရဲလောက်သည်အထိ အညှာအတာကင်းမဲ့လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။
သူတို့အားလုံး ထွက်ပြေးရန် ကြံလိုက်သော်လည်း နောက်ကျသွားချေပြီ။
"နောင်ဘဝမှာ ပြန်တွေ့ကြတာပေါ့"
ထိုသို့ပြောပြီး ကုန်းယွင်ဖေးက သူ့လက်ထဲရှိ ခလုတ်ကို နှိပ်ချလိုက်သည်။
ဘန်း!
စက်ရုံပျက်ကြီးတစ်ခုလုံး မီးပင်လယ်အလား တဟုန်းဟုန်းတောက်လောင်သွားလေတော့သည်။
*သူ သေသွားပြီ*
*နောက်ဆုံးတော့ သူ တကယ် သေသွားပြီ*
ထိုအခါမှသာ ကုန်းယွင်ဖေး သက်ပြင်းချလိုက်မိသည်။
သူ၏ ကျိုးနေသော လက်ကောက်ဝတ်မှ နာကျင်မှုကြောင့် နဖူးပေါ်တွင် ချွေးများ စို့နေလေ၏။
ထို့နောက် သူ့ဘေး အနီးအနားမှ အမှောင်ထုအား စိုက်ကြည့်ကာ မာန်မဲလိုက်သည်။
"လူအိုကြီး ခုနက ခင်ဗျား ဘာလို့ ကျုပ်ကို ဝင်မကူတာလဲ?"
အမှောင်ထုထဲမှ ကြမ်းတမ်း၍ အိုမင်းပုံရသောအသံတစ်သံ ပြန်လည် ထွက်ပေါ်လာသည်။
"သခင်လေး ကျုပ် မင်းကို ကူညီဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဖြစ်အပျက်က မြန်လွန်းတာကြောင့် ကျုပ် အချိန်မီ မလှုပ်ရှားနိုင်ခဲ့တာပါ"
ထိုအသံထွက်ပေါ်လာပြီးနောက် အမှောင်ထဲမှ အနက်ရောင် ဝတ်စုံနှင့် ခါးကုန်းသော အဘိုးအိုတစ်ယောက် ထွက်လာ၏။
အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုသည် အမှောင်ထဲမှ တစ္ဆေတစ်ကောင်လို ပေါ်လာပြီး သူ့ထံမှ ရက်စက်သော ချီဓာတ်များ ထွက်ပေါ်နေသည်။
သူက ထိတ်လန့်၍ ရီဝေနေသော မျက်လုံးများနှင့် မီးလောင်ထုကြီးအား ကြည့်ကာ ပြောလိုက်သည်။
"အဲ့ကောင်လေးရဲ့ လှုပ်ရှားပုံက အရမ်း ထူးဆန်းတယ်၊ အထူးသဖြင့် သူ့ရဲ့ အနက်ရောင်ချီဓာတ်က သက်ရှိလိုမျိုးပဲလို့ ခံစားနေရတယ်"
လူအိုကြီးက လွန်စွာ စိတ်ဝင်စားဟန်နှင့် စိတ်ပျက်နေသော အမူအရာတို့ ရောထွေးနေသော မျက်နှာထားမျိုးနှင့် ဆက်ပြောလိုက်သည်။
"သူ့ရဲ့ ကျင့်ကြံမှုစနစ်ကလည်း ထူးခြားမှာ သေချာတယ်။ အဲ့လိုမှမဟုတ်ရင် သူ့လက်ဖဝါးကို ဓားတစ်ချောင်းလို အသုံးပြုနိုင်မှာ မဟုတ်သလို လူတွေကိုလည်း လက်ချည်းသက်သက်နဲ့ သတ်နိုင်မှာ မဟုတ်ဘူး။ သူ့ကျင့်ကြံခြင်းစနစ်က သူနဲ့အတူ ပျောက်ကွယ်သွားတာ စိတ်မကောင်းစရာပဲ"
လူအိုကြီးက စိတ်မကောင်းသလိုနှင့် သက်ပြင်းချလိုက်သည်။
သာမန်လူများက ကုန်းယွင်ဖေး၏ အဓိကသက်တော်စောင့်နှစ်ယောက်ကို လက်ခြောက်ချောင်းမြွေနှင့် ခြင်္သေ့ရိုင်းဟုသာ သိထားကြသော်လည်း ကုန်းယွင်ဖေး၌ နောက်ထပ် ကာကွယ်သူတစ်ယောက် ရှိနေသေးသည်။ ထိုသူက သည်လူအိုကြီးပင် ဖြစ်လေသည်။
"ဟွန့် အဲ့ကောင်က သေသွားပြီးပဲ၊ ခြင်္သေ့ရိုင်းပါ သေသွားရတာတော့ စိတ်မကောင်းပါဘူး"
ထိုသို့ ပြောသာပြောနေသော်လည်း ကုန်းယွင်ဖေးက နည်းနည်းလေးမှ သနားနေပုံ မပေါက်ပေ။ သူ့စိတ်ထဲတွင် အခြားသူတိုင်း၏ အသက်က ကစားစရာ သာသာ, သာ ဖြစ်သည်။
"အဲ့ကောင်က ကျုပ်လက်တစ်ဘက်ကိုတောင် ချိုးသွားသေးတယ်။ သူ သေသွားတာတောင် ကျုပ် သူ့ကို ခွင့်မလွှတ်နိုင်ဘူး"
ကုန်းယွင်ဖေး၏ နဖူးမှ ချွေးဒီးဒီးကျနေပြီး သူ၏ ကျိုးနေသော လက်တစ်ဘက်ကို ကြည့်ကာ အလွန် မုန်းတီးဟန်ဖြင့်
"လူအိုကြီး ကျုပ်နောက်လိုက်ခဲ့၊ ကျုပ် အဲ့ခွေးကောင်နဲ့ ပတ်သက်တဲ့ သူတိုင်းကို သတ်ချင်တယ်။ သူတို့အားလုံး သေသင့်တယ်"
ကုန်းယွင်ဖေးသည် ယဲ့ဖန်ကို မုန်းသလို သူ့နှင့် ပတ်သက်သောသူတိုင်းကိုလည်း မုန်းတီးသည်။
သူ့သခင်လေး၏ ဒေါသကို လူအိုကြီး နားလည်သည်။ ကုန်းယွင်ဖေး၏ စကားကို ကြားသည်နှင့် သူ ခေါင်းညိတ်ပြလိုက်ကာ ကုန်းယွင်ဖေးနှင့်အတူ သည်စက်ရုံပျက်မှ ထွက်သွားရန် ပြင်လိုက်သည်။
ထိုစဉ် ခြေသံတစ်ချို့ ကြားလိုက်ရသောကြောင့် သူတို့ ကြောင်သွားကြသည်။
*အမ်*
တစ်ယောက်ယောက် သည်မှာ ရှိနေလိမ့်မည်ဟု မထင်ထားသဖြင့် ကုန်းယွင်ဖေး မျက်မှောင်အနည်းငယ် တွန့်သွားသည်။ သူ ချက်ချင်း လူအိုကြီးကို စကားဆိုလိုက်သည်။
"လူအိုကြီး ခင်ဗျား ကြားလိုက်လား? အဲ့ခြေသံက ဘယ်ကထွက်လာတာလဲ?"
လူအိုကြီး၏ နားက ဆတ်ခနဲ တစ်ချက်လှုပ်သွားပြီးနောက် သူ အကြီးအကျယ် တုန်လှုပ်သွားပြီး အရိပ်တစ်ခုကို မြင်လိုက်ရသကဲ့သို့ မျက်နှာ ပျက်ယွင်းလာသည်။
"အဲ့…အဲ့အသံက စက်ရုံပျက်ထဲက လာနေတာ"
*ဘာ*
ကုန်းယွင်ဖေး အံ့ဩသွားသည်။ စက်ရုံပျက်တစ်ခုလုံး မီးဟုန်းဟုန်းတောက်နေတာတောင် အထဲမှာ တစ်ယောက်ယောက် ရှိနေတာ ဖြစ်နိုင်ပါ့မလား။
ကုန်းယွင်ဖေး မီးထဲသို့ ကြောက်ရွံ့စွာ ကြည့်လိုက်မိသည်။
ခြေသံများနှင့်အတူ ယောကျ်ားလေးတစ်ယောက်က လူနှစ်ယောက်ကို သယ်၍ မီးထဲမှ ထွက်လာသည်။
ထိုသူကို မြင်မြင်ချင်း ကုန်းယွင်ဖေး သရဲကို မြင်လိုက်ရသလို ကြောက်လန့်လာသည်။
"ယဲ့… ယဲ့ဖန်၊ မဖြစ်နိုင်ဘူး၊ မင်း မသေဘူးလား?"
ကုန်းယွင်ဖေး မယုံသင်္ကာဖြင့် မေးလိုက်သည်။ သူ ပေါက်ကွဲရေးပစ္စည်း အမြောက်အများ သုံးစွဲခဲ့ခြင်း ဖြစ်သဖြင့် သံမဏိတောင် အရည်ပျော်ကျနိုင်သောကြောင့် လူဆို ပြောနေစရာပင် မလိုတော့သည့် အနေအထား ဖြစ်သည်။
သို့ဖြစ်ပါလျက်နှင့် ယခု…
မဖြစ်နိုင်ဘူး!
ထိုစဉ် ယဲ့ဖန်က မီးထဲမှထွက်လာသည်။ အဝတ်အစားများ စုတ်ပြတ်နေပြီး သွေးများနှင့် ရွှဲနေသော လင်းလန်နှင့် သွေးစွန်းတစ္ဆေကို ချီလာသည်။
ကုန်းယွင်ဖေး ပြောခဲ့သော စကားများကိုကြားပြီး ယဲ့ဖန်၏ မျက်လုံးတွင် လူသတ်ချင်သည့် အငွေ့အသက်များ ဖုံးလွှမ်းလာကာ "ဒီနေ့မှ မင်းမသေရင် ငါ ပျော်ပျော်နေနိုင်မှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် မင်း အသက်ကို ဒီမှာ ထားခဲ့လိုက်တော့"