← Chapters

သူ ရူးနေပြီ

Vol. 6 Ch. 80

သူ ရူးနေပြီ

Vol. 6 Ch. 80

*မင်း အသက်ကို ဒီမှာ ထားခဲ့လိုက်တော့*

ယဲ့ဖန်၏ အေးစက်စက်အသံကို ကြားလိုက်ရသည်နှင့် လူအိုကြီး ချက်ချင်း မျက်နှာပျက် သွားသည်။

"သခင်လေး သတိထား"

လူအိုကြီးက သူ၏ ခါးကုန်းနေသော ခန္ဓာကိုယ်ကို အဆိပ်ပြင်းသော မြွေကဲ့သို့ ဆတ်ခနဲ မတ်လိုက်သည်။ ထို့နောက် ကုန်းယွင်ဖေး၏ ရှေ့သို့ သူ လှစ်ခနဲ ပြေးဝင်သွားသည်။

ထိုစဉ် ယဲ့ဖန်က လက်ဖဝါးနှင့် အားကုန် ခုတ်လိုက်သည်။

သူ၏ လက်ဖဝါးတွင် အလွန်အမင်း ပြင်းထန်သော အတွင်းအားများ ပါဝင်နေပြီး ဓားတစ်ချောင်းကဲ့သို့ ထက်ရှသော သူ့လက်ဖဝါးကို ကုန်းယွင်ဖေး သေမတတ် ကြောက်နေမိသည်။

သူ သေလုသေဆဲ အခြေအနေတွင် လူအိုကြီး၏ လက်ဖဝါးက ဖျတ်ခနဲ ပေါ်လာသည်။

ဘန်း!

လူအိုကြီး၏ လက်ဖဝါးနှင့် ယဲ့ဖန်၏ လက်ဖဝါးတို့ ထိပ်တိုက်ရင်ဆိုင်မိသွားသည်။

ယဲ့ဖန် နောက်သို့ အသာပြန်ဆုတ်လိုက်သော်လည်း လူအိုကြီးက နောက်သို့ ခြေလှမ်း သုံး၊လေးလှမ်း ဆုတ်ပြီးမှ ရပ်သွားသည်။

ထို့နောက် သူ၏ မွဲခြောက်ခြောက် လက်ဖဝါးကို ကြည့်လိုက်သောအခါ အကြီးအကျယ် ဒဏ်ရာရသွားသည်ကို တွေ့လိုက်ရသည်။

….

လူအိုကြီး အရမ်း ထိတ်လန့်သွားသည်။ သူ၏ ပြင်းထန်သော လက်ဖဝါးချက်သည် လူတစ်ယောက်၏ ကိုယ်ကို ဖောက်ထွင်းနိုင်ပြီး ကျည်ဆံများကိုပင် ကာဆီးနိုင်သည်။ သူ့ကို တားဆီးနိုင်သည့်အရာက မရှိသလောက် ရှားသည်။

သို့သော် ယဲ့ဖန်၏ လေလက်ဝါးက ကျည်ဆန်ထက်ပင် ပို၍ ထက်နေသေးသည်။

*မ… မဖြစ်နိုင်ဘူး*

ယဲ့ဖန်တောင်မှ တအံ့တဩ ဖြစ်သွားသည်။ လူအိုကြီးသည် သူ၏ လက်ဖဝါးချက်ကို အံတုနိုင်သည့် ပထမဆုံးသူ ဖြစ်သည်။

"တစ္ဆေအိုကြီး… မင်း… မင်းပါလား"

ထိုစဉ် သေခါနီးဆဲဆဲ ဖြစ်နေသော သွေးစွန်းတစ္ဆေက လူအိုကြီးကို မြင်ပြီး အကြီးအကျယ် ထိတ်လန့်သွားကာ ယဲ့ဖန်အား ကပျာကယာ သတိပေးလိုက်သည်။

"သခင်လေး သတိထား ... သူက တရုတ်ပြည်တောင်ပိုင်းရဲ့ ကြောက်စရာအကောင်းဆုံး လူသတ်သမားထဲက တစ်ယောက်ဖြစ်တဲ့ တစ္ဆေအိုကြီးပဲ။ ကျုပ် သူနဲ့ အရင်က တိုက်ဖူးတယ်၊ ကျုပ် ဆယ်ကွက်အတွင်း သူ့ကို အရှုံးပေးလိုက်ရတာ"

သာမန်လူ အနည်းငယ်လောက်သာ တစ္ဆေအိုကြီးကို သိကြသည်။ အမှန်က သူသည် တရုတ်ပြည်တောင်ပိုင်း၏ အရက်စက်ဆုံးနှင့် အသန်မာဆုံး သူများထဲမှ တစ်ယောက်ဖြစ်သည်။

ထိုသူသည် ရက်စက်၍ အညှာအတာ ကင်းမဲ့သည်။ လူသည် ပုန်းကွယ်ရာ၌ အင်မတန် တော်ကာ သူ၏ ပစ်မှတ်ကို တစ်ချက်တည်းနှင့် အသေသတ်နိုင်စွမ်း ရှိသည်။

လူများ ပြောစမှတ်ပြုကြသည်က တစ္ဆေအိုကြီးသည် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း တရုတ်ပြည်တောင်ပိုင်းတစ်ဝိုက်တွင် ပြိုင်ဘက်ကင်း၍ သန်မာသော လူပေါင်း ၁၁၇ယောက်ကို တစ်ချက်တည်းနှင့် နှလုံးကို ဆွဲထုတ်၍ သတ်ခဲ့သည်ဟု ဆိုကြသည်။

သူသည် အခြားသန်မာသောသူများ ကြောက်ရွံ့ကြသည့်သူမျိုး ဖြစ်သည်။ သွေးစွန်းတစ္ဆေ၏ သတိပေးစကားကြောင့် ယဲ့ဖန်က မချောက်ချားသည့်အပြင် ပြုံးစိစိဖြင့် "စိတ်ဝင်စရာပဲ၊ ဒါပေမယ့် သူက ငါ့ပစ်မှတ် မဟုတ်ဘူး"

ထို့နောက် ယဲ့ဖန် လှစ်ခနဲ ပျောက်သွားကာ ကုန်းယွင်ဖေးရှေ့ ပြန်ပေါ်လာသည်။

လူအိုကြီးက အရှိန်မြှင့်၍ ယဲ့ဖန်အား တားရန် ကြံလိုက်သော်လည်း အနက်ရောင်ချီဓာတ်များက သူ့လက်မောင်းထဲသို့ သက်ရှိသဖွယ် ဝင်ရောက်လာသည်။

*သေစမ်း*

လူအိုကြီး ချက်ချင်း မျက်နှာပျက်သွားသည်။ အနက်ရောင်ချီဓာတ်က သူ့အသွေးအသားထဲတွင် သက်ရှိသဖွယ် လှည့်လည်သွားလာနေသည်ကို သူ ခံစားလိုက်ရသည်။

ထိုသည်သာမကသေး သူ့လက်မောင်းတစ်ဘက်လုံး မွဲခြောက်လာကာ သူ့အသွေးအသားများက အနက်ရောင်ချီဓာတ်၏ စုပ်ယူခြင်း ခံလိုက်ရသည်။

"သောက်ကျိုးနည်း… ဘာကြီးလဲဟ"

လူအိုကြီး သွေးပျက်သွားသည်။ ထိုစဉ် စူးရှသော အော်သံတစ်ချက်ကြောင့် သူ တုန်လှုပ်သွားသည်။

ဂျွတ်!

အသံကြောင့် လူအိုကြီး လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်၏ လက်မောင်းကြားထဲတွင် ကုန်းယွင်ဖေးက ကြက်ကလေး၊ ငှက်ကလေးလို ဖြစ်နေသည်။

ယဲ့ဖန်က ကုန်းယွင်ဖေး၏ လက်တစ်ဘက်ကို ချိုး၍ ဆွဲဖြုတ်ပစ်လိုက်သောကြောင့် သွေးများက ငေါက်ခနဲ ပန်းထွက်လာသည်။

….

လူအိုကြီး သွေးပျက်သွားသည်။ သူကိုယ်တိုင်က ရက်စက်သည်ဆိုသော်လည်း သူ့ထက် ပိုရက်စက်သည့်သူမျိုးကိုတော့ သူ တစ်ခါမှ မမြင်ခဲ့ဖူးပါ။

ယဲ့ဖန်၏ မှင်သေသေမျက်နှာထားကို ကြည့်ပြီး သူက တကယ့်နတ်ဆိုးဖြစ်သည်ဟု လူအိုကြီး ခံစားလိုက်မိသည်။

ပြုတ်ထွက်သွားသော လက်မောင်းဘက်မှ နာကျင်မှုကြောင့် ကုန်းယွင်ဖေး တုန်ယင်နေကာ အာခေါင်ကွဲမတတ် အော်ဟစ်နေသည်။

ကုန်းယွင်ဖေး ကြောက်လာသည်။ သူ အတည်ပေါက်ကို ကြောက်နေခြင်း ဖြစ်သည်။ ယဲ့ဖန်၏ လုပ်ရပ်များက လူသား မဆန်သောကြောင့် ကုန်းယွင်ဖေး သေသာသေလိုက်ချင်တော့သည်။

"ယဲ့ဖန် ရပ်၊ မြန်မြန် ရပ်လိုက်ပါတော့၊ ငါ့အမှားပါ… မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါ မင်းလိုချင်တာ ဘာမဆို ပေးပါ့မယ်"

ကုန်းယွင်ဖေးတစ်ယောက် ယဲ့ဖန်ကို ဒူးထောက်၍ တောင်းပန်လေသည်။

ဖြူဖတ်ဖြူရော်မျက်နှာနှင့် သူက သေမတတ် ကြောက်ရွံ့နေသည်။

"လင်းလန် … အိုး.. ဟုတ်သားပဲ၊ လင်းလန်က မင်းအပိုင်ပါပဲ။ မင်း ပိုက်ဆံလိုချင်ရင် ငါ့မိသားစုဝင်တွေကနေ မင်းဆီကို ချက်ချင်း ပို့ခိုင်းလိုက်ပါ့မယ်။ ကျေးဇူးပြုပြီး … ငါ့ကို သွားခွင့်ပေးပါ.."

ကုန်းယွင်ဖေး အရမ်းနောင်တရနေသည်။ သူသည် ကျန်းရှီမြို့၏ အခွင့်ထူးခံသခင်လေး မဟုတ်တော့ပေ။

ယဲ့ဖန်၏ ခွန်အားနှင့် ရက်စက်တတ်မှုတို့ကို သူ အစကတည်းက သိခဲ့လျင် သူ ရန်စမိမှာ မဟုတ်ပါ။

"မင်းကို လွှတ်ပေးရမယ်?"

ယဲ့ဖန်က လှောင်ရယ်၍ "ငါ လွှတ်ပေးလို့ ရပါတယ်"

*ဘယ်လို*

ယဲ့ဖန် သဘောတူလိမ့်မည်ဟု မထင်ထားသဖြင့် ကုန်းယွင်‌ဖေး အံ့ဩသွားသည်။ ထို့နောက် သူ ချက်ချင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ သူ ဆက်၍ ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။

သို့သော် ယဲ့ဖန် ထပ်ပြောလာသော စကားကြောင့် သူ ငရဲသို့ အလည်တစ်ခေါက် ရောက်သွားသလို ခံစားလိုက်ရသည်။

"တမလွန်ကနေ ငါလွှတ်ပေးတာကို စောင့်နေလိုက်တော့"

"တမလွန်ဘဝ"

ယဲ့ဖန်၏ စကားကြောင့် ကုန်းယွင်ဖေး ဝမ်းသာနေရာမှ ချက်ချင်း တုန်လှုပ်လာသည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး။ ယဲ့ဖန် မင်း ငါ့ကို သတ်ရင် မင်း သေရလိမ့်မယ်နော်၊ လင်းလန်လည်း သေသွားလိမ့်မယ်"

ကုန်းယွင်ဖေး ရုန်းကန်နေသည်။ သူ မသေချင်ပါ။ သူက တရုတ်ပြည်တောင်ပိုင်း၏ ကုန်းကလန်နှင့် လော့ကလန်တို့၏ ဆက်ခံသူလေ။

သူ့အမေက တရုတ်ပြည်တောင်ပိုင်း၌ ဩဇာအရှိဆုံး အမျိုးသမီးဖြစ်သည့် လော့ဟန်ရွှမ်း ဖြစ်သည်။ သူက တရုတ်ပြည်တောင်ပိုင်း၏ အဓိက ကလန်နှစ်ခု၏ ပေါင်းစက်ခြင်း သင်္ကေတဖြစ်သည်။ မွေးဖွားစဉ်ကတည်းက ဂုဏ်သိက္ခာပြည့်ဝသော သာမန်ထက် ပိုသော သခင်လေးတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ ပို၍ မသေချင်ပါ။

"ယဲ့ဖန် ငါ့အမေက လော့ဟန်ရွှမ်းပဲ။ မင်း ငါ့ကို သတ်ရင် ငါ့အမေက မင်းကို တစ်စစီဖြစ်အောင် လုပ်ပစ်မှာ"

လော့ဟန်ရွှမ်း!

တစ်ယောက်ယောက်က သူ့နောက်တွင် လော့ဟန်ရွှမ်း ရှိသည်ဟု ပြောလိုက်သည်နှင့် ဘယ်သူမှ သူ့ကို မထိရဲကြတော့ပေ။

စိတ်မကောင်းစရာက ယဲ့ဖန်က ဒါကို သောက်ဖက်တောင် မလုပ်ခြင်းပင် ဖြစ်သည်။ လှောင်ရယ်၍ ယဲ့ဖန်၏ မျက်လုံးမှ သွေးဆာနေသော အလင်းတစ်ချက် ဖျတ်ခနဲ ပြေးသွားသည်။

"ငါ့ကို တစ်စစီ ဖြစ်အောင် လုပ်မယ်၊ ငါ သဘောကျတယ်"

*ဘာ*

ယဲ့ဖန်၏ စကားနှင့် သွေးဆာနေသော မျက်နှာထားကို ကြည့်ပြီး ကုန်းယွင်ဖေးတစ်ယောက် မျှော်လင့်ချက် မဲ့စွာ တုန်ယင်လာသည်။

"မင်း… မင်း ဘာ ... ဘာကိုလိုချင်တာလဲ?"

ကုန်းယွင်ဖေး ဖင်ထိုင်လျက် လဲကျကာ နောက်သို့ ကြောက်လန့်တကြား ဆုတ်ဆုတ်သွားသည်။ သို့သော် ယဲ့ဖန်က ခြေလှမ်းကျဲကျဲ လျှောက်လာပြီး သူ့ကို ပိတ်ဆို့လိုက်သည်။

"မင်း သိပါတယ်။ ငါမင်းကို တစ်စစီ ဖြစ်အောင် လုပ်ချင်တာလေ"

ထို့နောက် ယဲ့ဖန်က ကုန်းယွင်ဖေး၏ ခြေထောက်ကို လှမ်းဆွဲ၍ ဆွဲဖြဲပစ်လိုက်သည်။ ကြောက်ခမန်းလိလိအသံနှင့်အတူ ဘေးမှ ကြည့်နေသော လူအိုကြီး ကိုင်ရိုက်ထားသလို တောင့်တင်းသွားသည်။

"ရူးနေပြီ ... သူ ... သူ ရူးနေပြီ"

ဒီလောက် ရက်စက်သည့်သူမျိုး လူအိုကြီး တစ်ခါမှ မမြင်ဖူးချေ။ သူ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးသွားသည်။

သူ၏ လှုပ်ရှားမှုက မြန်ဆန်လှသည့်အတွက် အမှောင်ထုထဲ လှစ်ခနဲ ပျောက်ကွယ်သွားသည်။

မျက်နှာပေါ်မှ သွေးများကို သုတ်ပစ်ပြီး ထိုသူ၏ နောက်ကို လိုက်မည့်အစား ယဲ့ဖန်က အမှောင်ထုကိုသာ ကြည့်နေသည်။

*ငါ့ရဲ့နတ်ဆိုးချီဓာတ်က သူ့လက်မောင်းထဲ ချင်းနင်းဝင်ရောက်နေပြီးပြီ။ သူ မသေရင်တောင် သေချာပေါက် ကျိုးကန်းသွားမှာပဲ*

*အာရုံစိုက်ရမှာဆိုလို့…*

ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြုံး၍ ယဲ့ဖန်က အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်နေသော ကုန်းယွင်ဖေးကို စိုက်ကြည့်လိုက်သည်။

All Chapters