ကျန်းရှီမြို့တော့ အကြီးအကျယ်ပြောင်းလဲမှုနဲ့ ကြုံရတော့မှာပဲ!
Vol. 6 Ch. 81
ကုန်းယွင်ဖေး၏ အော်သံ ပျောက်ကွယ်သွားသည်နှင့် စက်ရုံပျက်တစ်ခုလုံး တိတ်ကျ သွားသည်။
မြေကြီးပေါ်တွင်လည်း သွေးအိုင်များက မနည်းမနောပေ။ ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော လူသတ်သမားကြောင့် သွေးစွန်းတစ္ဆေတစ်ယောက် အေးခဲသလို ဖြစ်နေသည်။
မြေကြီးပေါ်၌ လဲနေရင်း သွေးများ ပေကျံနေသော ယဲ့ဖန်ကို ကြည့်ကာ သွေးစွန်းတစ္ဆေက အေးစက်စက်ချီဓာတ်တို့ ခေါင်းမှခြေအဆုံး တိုးဝင်လာသလို ခံစားလိုက်ရသည်။
*ရက်စက်တယ်*
*ပြင်းထန်တယ်*
*သွေးဆာနေပုံပေါက်တယ်*
သူ့စိတ်ထဲတွင်တော့ ယဲ့ဖန်အား တကယ့်နတ်ဆိုးအဖြစ် မြင်နေမိသည်။ အထူးသဖြင့် ကုန်းယွင်ဖေးကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်သည်ကို မြင်ပြီး သွေးစွန်းတစ္ဆေ ကတုန်ကယင် ဖြစ်လာသည်။
နတ်ဆိုးတစ်ကောင်၏ ရန်သူဖြစ်မည့်အစား ကိုယ့်ကိုယ်ကိုယ် သတ်သေသင့်သည်ဟု သူ့ကိုယ်သူ အကြိမ်ပေါင်းများစွာ သတိပေးလိုက်သည်။
ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ လုပ်ရက်ပါလိမ့်။
ထိုစဉ် ယဲ့ဖန်က သူ့မျက်နှာပေါ်၌ ပေနေသော သွေးများကို သုတ်၍ သွေးစွန်းတစ္ဆေထံသို့ အလွန် ရက်စက်သော မျက်လုံးများဖြင့် လျှောက်လာနေသည်။ သူ၏ ပုံစံက ငရဲမှတက်လာသော နတ်ဆိုးတစ်ကောင်နှင့် သဏ္ဌာန်တူလှပေသည်။
ခန္ဓာကိုယ်တစ်ခုလုံး ဆိုးဆိုးရွားရွား ဒဏ်ရာရနေပြီး သေအံ့ဆဲဆဲ ဖြစ်နေသော သွေးစွန်းတစ္ဆေကို ကြည့်ပြီး ယဲ့ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်၊ သေဖို့ အချိန်ကို စောင့်နေမလား ဒါမှမဟုတ် ငါ့ကျေးကျွန် လုပ်မလား"
ယဲ့ဖန်က သွေးစွန်းတစ္ဆေအား တည်ငြိမ်စွာ ကြည့်၍ အေးစက်စက် လေသံနှင့် ဆိုလိုက်သည်။
သူ့စကားကို ကြားပြီး သွေးစွန်းတစ္ဆေ ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာသည်။ ထို့နောက် သူသည် အားနည်းနေသော လေသံဖြင့် ပြန်ပြောလိုက်သည်။
"သခင်လေး ခင်ဗျား ကျုပ်ကို အရင်တစ်ခါကတည်းက မသတ်ခဲ့တဲ့အပြင် အခုလည်း ကျုပ်ကို ကယ်ခဲ့တယ်။ ဒါကြောင့် ကျုပ်, သွေးစွန်းတစ္ဆေက ခင်ဗျားရဲ့ ကျေးကျွန်အဖြစ် တစ်သက်လုံး နေချင်ပါတယ်"
သွေးစွန်းတစ္ဆေက ယတိပြတ် ဆုံးဖြတ်ချက်ချထားပြီးဟန်ဖြင့် ပြောလိုက်သည်။
ယဲ့ဖန်သည် နတ်ဆိုးတစ်ကောင်သာ ဖြစ်ပြီး သူ့လောက်ကြောက်ဖို့ကောင်းသည့် သူမျိုး သူ တစ်ခါမှ မမြင်ဖူးချေ၊ တစ်နည်းပြောရလျင် သူ ယဲ့ဖန်ကို လူသားတစ်ယောက်ဟုပင် မမြင်မိတော့ချေ။
ထို့ပြင် ယဲ့ဖန်က လင်းလန်ကို ကယ်တင်ရန် ကျားဂူထဲကို တစ်ယောက်ထဲဝင်လာခဲ့သည်။ ဤကဲ့သို့ ဖြောင့်မတ်သော လုပ်ဆောင်ချက်ကြောင့် သွေးစွန်းတစ္ဆေ သူ့ကို လေးစားမိသည်။
သွေးစွန်းတစ္ဆေထံမှ စကားကို ကြားပြီးနောက် ယဲ့ဖန်က ခေါင်းညိတ်ကာ သူ့ကို နတ်ဆိုးပြန်လည်ရှင်သန်ခြင်း ဆေးလုံး၏ အကြွင်းအကျန်ကို ကျွေးလိုက်သည်။
သွေးစွန်းတစ္ဆေ ငြင်းဆန်ခြင်း မရှိဘဲ သောက်လိုက်သည်။ ဆေးသောက်ပြီးသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ နာကျင်မှုများ ချက်ချင်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
သူ့ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် သွေးစွန်းတစ္ဆေ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ငါးမိနစ်လောက်တောင် မကြာသည့်အချိန်လေးအတွင်းမှာပင် သေအံ့ဆဲဆဲဖြစ်နေသော သွေးစွန်းတစ္ဆေသည် လုံးဝကို ပြန်လည်ကောင်းမွန်လာကာ သူ၏ အမာရွတ်များလည်း တစ်ခုပြီးတစ်ခု ပျောက်ကင်းလာသည်။
*မ…. မဖြစ်နိုင်လိုက်တာ*
သွေးစွန်းတစ္ဆေ ရုတ်တရက် ထရပ်ကာ သူ့ခန္ဓာကိုယ်ကို သူ မယုံနိုင်စွာ ကြည့်နေမိသည်။ အပြည့်အဝပြန်ကောင်းလာသည့်အပြင် သူ့ကိုယ်ထဲမှ အဆုံးမရှိသောခွန်အားများကို ခံစားလိုက်မိသည်။
*အံ့ဩစရာကောင်းလိုက်တာ*
သွေးစွန်းတစ္ဆေက ယဲ့ဖန်အား နတ်ဘုရားဟု ထင်မှတ်ကာ အလွန်လေးစားသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
သွေးစွန်းတစ္ဆေ ဒူးထောက်ချလိုက်ပြီး အလွန် လေးစားသည့်အသွင်ဖြင့် "အရိုအသေပေးပါတယ် သခင်ကြီး" ဟု ပြောလိုက်သည်။
ယဲ့ဖန်က ခေါင်းညိတ်ပြီး သွေးစွန်းတစ္ဆေ၏ နဖူးတည့်တည့်ကို လက်ဖြင့်ထိလိုက်သည်။
….
ရွှေအိုရောင်အလင်းတန်းတစ်ခုက သူ့ခေါင်းထဲ စီးဝင်လာသည်။ သွေးစွန်းတစ္ဆေ ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ ထိုသက်တောင့်သက်သာ မရှိသော ခံစားချက်ကြီး ပျောက်ကွယ်သွားပြီးနောက် သူ့စိတ်ထဲမှ စကားလုံးသုံးလုံးကြီးကို သူ မြင်လိုက်ရသည်။
"သွေးစွန်းမိုရို ဆုဒြာ"
"ဒါက…"
သွေးစွန်းတစ္ဆေသည် သူ့စိတ်ထဲတွင် စာအုပ်တစ်အုပ် ရောက်နေသည်ကို မြင်ပြီး အံ့ဩသွားသည်။ သူ အိပ်မက်ထဲ ရောက်နေသလို တွေဝေငေးငိုင်နေသည်။
"သွေးစွန်းမိုရို ဆုဒြာက မိုရိုဘုရင်ရဲ့ တစ်သက်တာလုံး ကျင့်ကြံခဲ့တဲ့ ကျင့်စဉ်ပဲ။ သူက နတ်ဆိုးဂြိုဟ်ရဲ့ နတ်ဆိုးဘုရင် ၈ယောက်ထဲက တစ်ယောက်ပဲ။ မိုရိုဘုရင်ရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီအောင် နေနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"
ယဲ့ဖန်၏ ရှင်းပြချက်အပြီးတွင် သွေးစွန်းတစ္ဆေက မြေကြီးပေါ်၌ ဝပ်တွားလိုက်ကာ ယဲ့ဖန်အား အလွန်လေးစားသည့်လေသံဖြင့် "အရိုအသေ ပေးပါတယ်၊ သခင်ကြီး။ အခုကစပြီး ကျွန်တော်က သွေးစွန်းမိုရို တစ္ဆေပါပဲ၊ ဒီ သွေးစွန်းမိုရိုတစ္ဆေက နတ်ဆိုးဧကရာဇ်အနားမှာ အမြဲ ခစားသွားမှာပါ"
ယဲ့ဖန်က ကျေနပ်သွားသလို ခေါင်းညိတ်၍ လင်းလန်ထံသို့ လျှောက်သွားလိုက်သည်။ ထိုအချိန်တွင် လင်းလန်သည် သတိလစ်မေ့မြောနေကာ သူမ၏ လှပသော မျက်နှာလေး၌ ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး အရေပြားအောက်က အသားတွေကိုတောင် မြင်နေရသည်။
သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးကို ယဲ့ဖန် ကာကွယ်လိုက်နိုင်သော်လည်း သူမ၏ နံရိုး ဆယ်ချောင်းက ကျိုးသွားခဲ့ပြီး သေလုနီးပါး ဖြစ်နေသည်။
"အရူးမလေး … ဘာလို့ အဲ့လောက် မိုက်ရူးရဲဆန်ရတာလဲ?"
ယဲ့ဖန် ခါးသီးစွာ ပြုံး၍ ရေရွတ်လိုက်သည်။ "အလှလေးရဲ့ အကူအညီကို ပြန်ဆပ်ဖို့ ခဲယဉ်းလိုက်တာ"
ယဲ့ဖန် တစ်ဘဝလုံး မည်သူ့ကိုမှ အကြွေးတင်နေသည်ကို မကြိုက်ပါ။ သို့သော်လည်း သူ အခု လင်းလန်ကို အကြွေးများစွာ တင်နေချေပြီ။
ယဲ့ဖန် လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်သောအခါ နတ်ဆိုးပြန်လည်ရှင်သန် ဆေးလုံးက သူ့လက်ထဲ ပေါ်လာသည်။
ဤဆေးလုံးသည် ဖန့်ယင်း၏ သွေးနှင့် ဖော်စပ်ထားခြင်းဖြစ်ပြီး သေလူကိုတောင် အသက်ပြန်ရှင်လာနိုင်စေကာ အရိုးများကိုလည်း အသစ်တစ်ဖန် ပြန်ထွက်လာစေသည်။
လင်းလန်ကို နတ်ဆိုးပြန်လည်ရှင်သန်ဆေးလုံး တိုက်ပြီးနောက် ယဲ့ဖန်က ပြုံး၍ "အခုကစပြီး မင်းက ကျန်းရှီမြို့ရဲ့ အလှဆုံး ဥက္ကဋ္ဌ ဖြစ်လာရုံတင်မကဘဲ တရုတ်ပြည်တစ်ပြည်လုံး၊ ဒါမှမဟုတ် တစ်ကမ္ဘာလုံးမှာ အလှဆုံး မိန်းကလေး ဖြစ်လာလိမ့်မယ်"
ထိုသို့ပြောပြီး ယဲ့ဖန်က လင်းလန်၏ နဖူးအလယ်တည့်တည့်ကို ခံစားချက်များစွာနှင့် နမ်းရှိုက်လိုက်သည်။
လင်းလန် သတိလစ်နေသော်လည်း သူမ၏ မှိတ်နေသော မျက်ဝန်းများမှ မျက်ရည်ကျလာသည်။
….
တစ်ချိန်တည်းမှာပင် လူအိုကြီးသည် ဆင်ခြေဖုံးရပ်ကွက်၌ အရှိန်အဟုန် အပြည့်ဖြင့် ပြေးလွှားနေသည်။ သူသည် ချွေးဒီးဒီးကျနေပြီး မျက်လုံးများကလည်း အကြီးအကျယ် တုန်လှုပ်နေဟန် ပေါ်သည်။ သူ့ပုံစံက တာဝန်မယူတတ်သော ခွေးနှင့်တူလှသည်။
"နတ်ဆိုး… သူက နတ်ဆိုးတစ်ကောင်ပဲ"
နတ်ဆိုးချီက သူ့လက်မောင်းကို အလျင်အမြန် တိုက်စားနေသည်။ သူ၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် သူ့လက်မောင်းက ခြောက်သွေ့လာကာ ကျိုးကျေ၍ ပြတ်ကျတော့မလို ဖြစ်လာသည်။
"သေစမ်း"
သူ၏ အတွင်းအားကို သုံး၍ နတ်ဆိုးချီကို ဖိနှိပ်ရန် ကြိုးစားသော်လည်း နတ်ဆိုးချီက သူ့လက်မောင်းအား ဆက်၍ လှိုက်စားနေသည်။ ထို့ကြောင့် သူ့မျက်နှာက သေမလို ဖြူရော်လာသည်။
….
ဓားတိုတစ်ချောင်း သူ့လက်ထဲ ပေါ်လာသလို သူ့မျက်လုံးမှလည်း ပြတ်သားသော အရိပ်တစ်ချို့ ဖြတ်ပြေးသွားသည်။ ထို့နောက် ထိုဓားနှင့် သူ့လက်မောင်းရင်းကို ဖြတ်ချလိုက်သည်။
ရွှစ်!
သူ့လက်မောင်းတစ်ဘက်လုံး ပြတ်ထွက်သွားပြီး သွေးများက ဒလဟော လျှံကြလာသည်။
တုန်တုန်ယင်ယင်နှင့် မြေကြီးပေါ် ထိုင်ချလိုက်ပြီးနောက် လူအိုကြီးက အသက်ကို မနည်းရှူနေရသည်။
သရဲခြောက်နေသကဲ့သို့ သူ၏ ပြတ်သွားသောလက်က ပြာအဖြစ် ပြောင်းသွားသည်ကို သူ မြင်လိုက်ရသည်။
လူအိုကြီး မျက်ခုံးပင့်မိသွားသည်။
"ဘယ်လောက်တောင် ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်းနည်းလမ်းပါလိမ့်"
လူအိုကြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။ တော်တော်ကြာသည်အထိ တုန်လှုပ်နေပြီးမှ သူ သတိဝင်လာကာ ဖုန်းကိုထုတ်၍ တစ်စုံတစ်ယောက်ဆီသို့ ဖုန်းခေါ်လိုက်သည်။
တစ်ဘက်မှ ဖုန်းကိုင်ပြီးနောက် အမျိုးသမီး၏ အေးတိအေးစက် အသံထွက်ပေါ်လာသည်။
"ဘာကိစ္စလဲ"
သူမအသံကို ကြားလိုက်သည်နှင့် လူအိုကြီး ကြောက်လန့်တကြား တုန်ယင်လာကာ ပြန်ပြောလိုက်သည်။
"မဒမ် … သခင်လေး သေသွားပါပြီ"
ဖုန်းတစ်ဘက်မှ အလွန်တရာကို တိတ်ဆိတ်နေသည်။ ပိုတိတ်နေလေလေ လူအိုကြီး ပိုကြောက်လာလေလေ ဖြစ်သည်။
ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ အေးတိအေးစက်အသံကို ထပ်ကြားလိုက်ရသည်။
"ဘယ်သူ သတ်တာလဲ?"
"လူသတ်သမားက ယဲ့ဖန်ပါ"
သူ ပြန်ဖြေတာကို ကြားပြီးသည်နှင့် တစ်ဘက်က ဖုန်းချသွားသည်။ ထိုအခါမှသာ လူအိုကြီး သက်မချလိုက်မိသည်။ ထိုအမျိုးသမီးနှင့် စကားပြောရန် သူ အားကုန်သုံးလိုက်ရသကဲ့သို့ ပင်ပန်းသွားလေတော့သည်။
အမှောင်ထဲမှနေ၍ ကျန်းရှီမြို့ကို ကြည့်နေရင်း လူအိုကြီးက အောင့်သက်သက်နှင့် ပြုံးကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"သခင်လေးရဲ့ သေဆုံးမှုက လော့ဟန်ရွှမ်းကို သေချာပေါက် ဒေါသထွက်စေမှာပဲ၊ ကျန်းရှီမြို့တစ်ခုလုံး အကြီးအကျယ် ပြောင်းလဲမှုနှင့် ကြုံရမှာကို ကျုပ် စိုးရိမ်မိတယ်"
ထိုကြောက်စရာကောင်းသော အမျိုးသမီးအကြောင်းကို လူအိုကြီး ကောင်းကောင်းသိသည်။ တစ်ယောက်ယောက်က သူမကို ဂြိုလ်လာမွှေလို့ကတော့ အဲ့လူက ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးကို သွားဆွလိုက်တာနဲ့ အတူတူပဲ"
သူမကို ဒေါသထွက်အောင်လုပ်သည့် မည်သူမဆို ဘယ်လောက် အင်အားကြီးပါစေ သေကို သေရလိမ့်မည်။