တံခါးရှေ့ ရောက်လာသည့် အရိုင်းအစိုင်း
Vol. 7 Ch. 89
“ဂျုနီယာ မောင်လေးမိုကို ဂုဏ်ယူပါတယ် မင်းကို ဂုဏ်ပြုလက်ဆောင် များများစားစား ပေးစရာတော့ မရှိဘူး အဲဒါကြောင့် ဒီဆေးပင်တွေကိုပဲ ပေးလိုက်မယ် ... ” ယန်ချင်ယင်က အိတ်ကို ထုတ်ယူကာ မိုဝူကျီကို လက်ဆင့်ကမ်း ပေးလိုက်လေသည်။
“စီနီယာ အစ်မယန်ကို ကျေးဇူးတင်ပါတယ်ဗျ ... ” မိုဝူကျီက အလျင်အမြန် အိတ်ကို ယူလိုက်သည်။ ထိုသည်က သူမကို သိမ်းထားရန် အကူညီ တောင်းထားသော အိတ်ပင် ဖြစ်လေသည်။ အိတ်ထဲတွင် သူဖော်စပ်ထားသော ဆေးလုံးများ၊ ဓားကျိုးနှင့် ကျင့်စဉ် ကူးပြောင်း သလင်းကျောက်တို့ ပါဝင်လေသည်။ သူ့လက်ထဲသို့ အိတ်ရောက်လာ သောကြောင့် မိုဝူကျီက စိတ်အေးလက်အေး သက်ပြင်းချ လိုက်မိတော့၏။ ယန်ချင်ယင်က သူ့ကို ဆေးပင်များ ပေးမည်ဟု ပွင့်ပွင့်လင်းလင်း ပြောကတည်းမှ ထိုဆေးပင်များသည် နတ်ဓားတောင်မှ ဖြစ်ကြောင်း သိသာနိုင်လေ၏။ သို့သော်လည်း အိတ်ထဲမှ ဆေးလုံးတစ်လုံးပင် မထုတ်ရဲချေ။ သူတို့ကြားတွင် စွမ်းဆောင်ရည်၊ အဆင့်အတန်း နှင့် အနေအထားများ ကွာခြားလှသည်။
“ဆေးလုံးသခင်မို တကယ်လို့ တောင်းဆိုစရာရှိရင် ဆေးလုံးဆရာ ခန်းမကိုသာ လာခဲ့လို့ ရပါတယ် ... ” ဂူရန်က ပျူပျူငှာငှာ ပြောဆိုရင်း လေးလေးစားစား ဆက်ဆံလိုက်လေ၏။ မိုဝူကျီ၏ ဂူရန် အပေါ် အမြင်သည် ကောင်းမွန်လှသည်။ သို့သော် သူသည် ဂိုဏ်းခေါင်းဆောင်တွင် သိက္ခာရှိမှန်း သိသော်လည်း ခေါင်းဆောင်၏ အဓိက ရည်ရွယ်ချက်ကား ဂိုဏ်းအတွက် အနာဂတ်၌ အလုပ် ကြိုးစားလုပ်ရန် သူ့အား ကောင်းမွန်စွာ ဆက်ဆံပေးခြင်းသာ ဖြစ်လေ၏။
မိုဝူကျီက ခေါင်းဆောင်ကို ကျေးဇူးထပ်ကာ တင်လိုက်လေသည် “ဂိုဏ်းခေါင်းဆောင်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ် အခုတော့ ကျွန်တော် အရမ်း ပင်ပန်းလာလို့ သွားနား လိုက်ပါဦးမယ်ဗျ ... ” သူသည် ယခု ဧည့် ဆေးလုံးဆရာ ဖြစ်သွားပြီ ဖြစ်၍ ဂိုဏ်းကိစ္စများကို များများစားစား ဆွေးနွေးစရာ မရှိတော့ချေ။ ထို့ကြောင့် သူသည် သူ့နေရာသူ သိ၍ မြန်မြန် ထွက်လာလိုက်လေသည်။
မိုဝူကျီက ယန်အာနှင့် တစ်လတာ ဝေးကွာနေရ၍ စိတ်ထဲတွင် ပူပန်နေမိလေသည်။ သူမ လက်ရှိ အခြေအနေကို မသိရသေးချေ။ ထို့ကြောင့် အကြီးအကဲများနှင့် နှုတ်ဆက် ပြီးသည်နှင့် သွေးပဒုမ္မာ ကြာကန်ဆီ တတ်နိင်သမျှ မြန်မြန် သွားလာလိုက်လေ၏။
“သခင်လေးမို ရှင်ပြန်လာပြီပဲ ... ” ရှုန်းရှုကျူက မိုဝူကျီအား ရိုရိုသေသေ နှုတ်ဆက် လိုက်လေသည်။ သူမက ယန်အာ အကျင့်ကို လိုက်၍ သူ့အား သခင်လေးလို့သာ ခေါ်ဆိုလေသည်။
“ယန်အာ အဆင်ပြေနေတယ် မလား ... ” မိုဝူကျီက အလျင်အမြန် မေးကြည့်လိုက်လေသည်။
ရှုန်းရှူကျူက မြန်မြန်ဆန်ဆန် ခေါင်းညိတ်လိုက်ပြီး “မမလေး ယန်အာက အဆင်ပြေပါတယ် ... သူမက အခု ဒီမှာရှိတယ်လေ...”
မိုဝူကျီက ရှုန်းရှုကျူ ပြောသည့်အတိုင်း သူသတ္တမ ပင်လယ်မှ ယူလာသော ဥအဝါလေးကို ကိုင်ဆောင်ထားသည့် ယန်အာကို တွေ့လိုက်ရလေ၏။ သူမသည် သွေးပဒုမ္မာကြာကန်ဆီ တစ်လှမ်းချင်းစီ လျှောက်သွား နေလေသည်။ ဖြစ်နိုင်သည်က ဒီဥလေးကို မိုဝူကျီ ပေးခဲ့၍ သူမအတွက် ရိုးရှင်းသော ဆော့စရာတင် မကဘဲ သူမကို အပ်နှံခဲ့သော အရာလည်း ဖြစ်နေပေ၏။ ရင်းနှီးမှုကို ခံစားမိ၍လားတော့ မသိချေ။ ယန်အာက သူ ရောက်လာသောအခါ မိုဝူကျီဘေးနားတွင် ချစ်စဖွယ် ကောင်းစွာ ရပ်နေလေသည်။
ယန်အာမျက်နှာ အရောင်ကို လေ့လာ လိုက်ပြီးနောက်တွင် သူမ ခန္ဓာကိုယ်ကား အနည်းငယ် ဖွံ့ဖြိုးလာ၍ သူသည် ရှန်းရှုကျု၏ ဂရုစိုက်မှုများကို ကျေနပ်သွားလေသည်။ ထိုသည်က သူမက ယန်အာကို ကောင်းကောင်း စောင့်ရှောက်သည့် အဓိပ္ပာယ်ပင် ဖြစ်၏။
“ခင်ဗျား တကယ်ကို ကောင်းကောင်း လုပ်ခဲ့တာပဲ ... ” မိုဝူကျီက သူမကို ကျေကျေနပ်နပ် ချီးမွမ်းလိုက်မိသည်။
ရှုန်းရှုကျူက လျင်မြန်စွာ အရိုအသေ ပေးလိုက်ပြီး “သခင်လေး ကျွန်မတို့ကို ခေါ်ယူပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ် ဒီနေရာမှာ အရင်ကထက် ပိုကောင်းကောင်း နေရပါတယ်ရှင့် သခင်လေး အမောပြေ ရေလေး အရင်သောက်ပါဦး ... ” ရှုန်းရှူကျူ ပါးစပ်မှ ထွက်လာသော ထိုစကားများသည် အလိမ်အညာ မဟုတ်ချေ။ သူမ အသားအရေ လတ်လာရုံ သာမက လက်များသည်ပင် အသားမာများ ရှိမနေတော့ပေ။ သူမက မိုဝူကျီ ပြန်ရောက်လာမှုကို ကြိုဆိုရန် ချက်ချင်း ရေတစ်ခွက် ထည့်ပေး လိုက်လေသည်။
“ဟားဟား ဘယ်လိုတောင် အရှက်မရှိတာလဲ သာမန် အစေခံကများ သူ့ကိုယ်သူ သခင်လေးတဲ့လား ... ”
“ခွမ်း ... ” ရှုန်းရှူကျူ ထိုအသံကို ကြားသည်နှင့် လက်ထဲမှ ခွက်သည် မြေပြင်ပေါ် လွတ်ကျ သွားလေတော့သည်။ မိုဝူကျီက သူမ အရိပ်ပင် တုန်ယင်နေကြောင်း မြင်တွေ့နိုင်၏။ ထို့နောက်တွင် သူ့နောက်သို့ ဝင်ကွယ် လိုက်လေသည်။ သူမက ထိုအသံပိုင်ရှင်ကို မည်မျှ ကြောက်လန့်နေကြောင်း သိသာလှပေသည်။
ခေါင်းကို မော့ကြည့် လိုက်သောအခါ သွေးပဒုမ္မာကြာကန် တစ်လျောက်တွင် အေးအေးလူလူ လမ်းလျှောက်လာသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ယောက်ကား သူနှင့် ကောင်းကောင်း သိကျွမ်းလှသည့် တာဝန်ခံ ဝူခိုင်း ဖြစ်လေ၏။ ဝူခိုင်းသည် နောက်တစ်ယောက်ကို မရပ်တမ်း အကြံပြုလာဟန် ရှိသော်လည်း ထိုသူ့ဆီမှ ဘာတုံ့ပြန်မှုမှ မရရှိပေ။
ဝူခိုင်းက မိုဝူကျီကို သတိပြုမိ လိုက်သည့်အခါ သူက အလျင်အမြန် ရှေ့တိုးလာပြီး မိုဝူကျီကို ပြောလိုက်လေ၏။
“ညီလေးမို မင်းပြန်ရောက်လာပြီပဲ ... ”
ဝူခိုင်းကဲ့သို့ အနေအထားနှင့် သူတစ်ယောက်သည် နတ်ဓားတောင် ရွေ့ပြောင်း အစီအရင် ကဲ့သို့သော ကိစ္စရပ်မျိုးကို သိလိမ့်မည် မဟုတ်ပေ။ သူ သိသမျှကား မိုဝူကျီသည် ဆေးလုံးသခင်ရှီ၏ နှစ်သက်မှုကို ရရှိ၍ ဆေးပင် သယ်ယူရေး ကောင်လေး ဖြစ်လာသည့် အဆင့်ထိသာ ဖြစ်သည်။
မိုဝူကျီက ခေါင်းအသာ ညိတ်ပြလိုက်ပြီး နောက်တွင် သူ့အား စော်ကားမော်ကား စကား ပြောဆိုထားသည့် သူ့ကို ကြည့်လိုက်သည်။ ထိုလူတွင် သာမန် ရုပ်ရည်ဖြင့် ကောက်ကျစ် စဉ်းလဲသော မျက်ဝန်းတစ်စုံ ပါရှိလေသည်။ သို့သော် ထိုမျက်လုံးများသည် သူ့သွင်ပြင်ကို အဆများစွာ ဆိုးရွား သွားစေလေ၏ “အစေခံတပည့်ကများ ဝူခိုင်းနဲ့ သိရုံနဲ့ သူ့ကိုယ်သူ သခင်လေးလို့ အခေါ်ခံရဲတယ်ပေါ့ ဟားဟား အဲဆိုရင်တော့ ငါကိုယ်ငါ ဘုရင်လို့ ခေါ်သင့်တာပဲ ... ” ထို ကောက်ကျစ်သော မျက်လုံးနှင့် လူသည် မိုဝူကျီ တုံ့ပြန်သည်ကို မမြင်၍ နောက်တစ်ကြောင်း ထပ်ပြော လိုက်လေသည်။
မိုဝူကျီက စောစောမှ ရှုန်းရှူကျူ၏ တုံ့ပြန်မှုအရ ထိုလူကို အကြမ်းဖျင်း မှန်းဆမိလိုက်သည်။ အကယ်၍ သူမှန်းဆတာ မမှားလျှင် ထိုလူသည် ထောင်အောင်း၏ ခြေထောက်ကို ချိုးခဲ့သော သူဖြစ်ရမည်။
“ညီလေးမို ဒီလူက မီးတောက်ဓား အထွတ်အထိပ် သခင်နဲ့ ဆက်စပ်နေတဲ့ တပည့် ချောက်ဝမ်ဘင်းတဲ့ ... ” ဝူခိုင်းက မိုဝူကျီသည် ထိုလူကို ရန်စမိမည် စိုး၍ မြန်မြန် ရှင်းပြလိုက်လေသည်။
မိုဝူကျီသည် ဆေးလုံးသခင်ရှီ၏ အရေးပေးမှု ခံရသော်လည်း ချောက်ဝမ်ဘင်းနှင့် ယှဉ်လျှင်မူ အနည်းငယ် အဆင့်ကွာခြားသေး၏။ ထို့အပြင် သူသည် ဆေးပင် သယ်ယူရေး ကောင်လေးသာ ဖြစ်၍ မည်သို့ ကိစ္စပင် ဖြစ်လာပါစေ ဆေးလုံးသခင်ရှီသည် မီးတောက်ဓား အထွတ်အထိပ် သခင်နှင့် ထိပ်တိုက်တွေ့ရမည့် စတေးမှုမျိုး လုပ်မည် မဟုတ်ပေ။
မိုဝူကျီကို ပြောပြီးသည်နှင့် ဝူခိုင်းက အလျှင်စလို လှည့်ကာ ထိုကောက်ကျစ် မျက်လုံးပိုင်ရှင်အား ရှင်းပြလိုက်လေသည် “သခင်ချောက် ဒါကတော့ မိုဝူကျီပါဗျ သူက ဆေးလုံးသခင်ရှီရဲ့ အရေးပေး ခံထားရပြီးတော့ ယခု သူ့လက်အောက်မှာ အလုပ်လုပ်နေတာပါ ... ” ထိုသည်က ချောက်ဝမ်ဘင်း အနည်းငယ် ကြောက်လန့်သွားရန် ရည်မှန်း၍ ပြောလိုက်ခြင်း ဖြစ်လေသည်။
“အိုဟိုဟို မင်းက တကယ့်ကို ဆေးပင် သယ်ယူရေး ကောင်လေးပဲ ... ”
ချောက်ဝမ်ဘင်းက ငေါ့တော့တော့ ပြောလိုက်ပြီးနောက် မျက်နှာ မည်းနက်သွားလေသည်။
“အဆင့်နိမ့် ဆေးပင် သယ်ယူရေး ကောင်လေးက ဘေးဖယ်နေစမ်း ဒီနေ့ မင်းအတွက် ရောက်လာတာ မဟုတ်ဘူးကွ…”
ချောက်ဝမ်ဘင်းက ဤနေရာသို့ ရောက်လာခြင်းမှာ မိုဝူကျီက ရှုန်းရှုကျူနှင့် သူမခင်ပွန်းတို့ကို ခေါ်ဆောင် သွားသောကြောင့် ဖြစ်ကာ ဤကိစ္စနှင့် ပတ်သက်၍ မကျေနပ်လှပေ။ သို့သော် ထိုအချက်က မိုဝူကျီက အတွေးများစေ၏။ သဘောတရားအရ ဆိုရလျှင် အကယ်၍ ထောင်အောင်းတို့ ဇနီးမောင်နှံက သူ့အား စော်ကားမိလျှင်ပင် ထောင်အောင်း ခြေထောက်ကို ချိုးပြီးသည်နှင့် ဆက်၍ ပတ်သက် နေတော့မည် မဟုတ်ပေ။ သို့သော်လည်း သူသည် အခုထိ စိတ်ထဲရှိနေဆဲ ဖြစ်ကာ သွေးပဒုမ္မာ ကြာကန်အထိပင် လိုက်လာသေး၏။
“သခင်ချောက် ကျွန်မတို့တွေ အဲဒါတွေ အားလုံးပေးပြီးပြီလေ ထောင်အောင်း စကားများလို့ ဆိုပြီး သူရဲ့ ခြေထောက်ကလဲ ရှင့်ကြောင့် ကျိုးသွားခဲ့ပြီးပြီလေ ကျေးဇူးပြုပြီးတော့ ကျွန်မတို့ကို လွှတ်ပေးပါတော့လား ... ” ရှုန်းရှုကျူက မြေပြင်ပေါ် ဒူးထောက်လျက် လဲကျသွားလေသည်။
ချောက်ဝမ်ဘင်း၏ အမူအရာကား ချက်ချင်း ပြောင်းလဲသွားကာ “အဲဒါတွေက ဘာတွေလဲ ... ဘာလို့ ငါလို အပြင်စည်း တပည့်က မင်းတို့လို အစေခံတွေဆီက ဘာရမှာ မလို့လဲ…”
ထိုအရာကြောင့် ရှုန်းရှုကျူက မြေပြင်ပေါ် ခေါင်းတိုက်ကာ ထပ်ကာ ထပ်ကာ ရေရွတ်လိုက်လေသည် “တောင်းပန်ပါတယ် သခင် ... ကျွန်မ မှားသွားတာပါ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါရှင့် ... ”
“ကောင်းပြီလေ မင်းကို ခွင့်လွှတ် ပေးရမှာပေါ့ ... ဟားဟား မင်းယောက်ျား ခြေကျိုးကို ခေါ်ပြီး ငါ့နောက် လိုက်သရွေ့ပေါ့ ... ဟားဟား ... ” ချောက်ဝမ်ဘင်းသည် သရော်လိုက်ပြီး သူ့၏ ကောက်ကျစ်လှသော မျက်လုံးအစုံမှ ခက်ထန်သည့် အရိပ်အယောင်တွေ ဖြစ်ပေါ်နေလေသည်။
လတ်တလော လေ့လာချက်အရ ရှုန်းရှူကျူဆီမှ ယူသွားသော ပစ္စည်းကား သာမန် မဟုတ်ကြောင်း သူ့ မသိစိတ်မှ ပြောပြနေ၏။ ထို့ကြောင့် ကမ္ဘာမြေပေါ်မှ ထိုအရာအကြောင်း သိသူများ အားလုံးကို ရှင်းလင်း ပစ်ချင်လေသည်။ သူနှင့်အတူ ထွက်သွားရန် ကြားသောအခါ ရှုန်းရှူကျူက လုံးဝ နုံးချည့် သွားလေ၏။ အကယ်၍ သူမသာ သူနှင့်အတူ လိုက်သွားပါက သူမ သေဆုံးသွားလိမ့်မည်။ သို့သော် သူမသာ ဤနေရာတွင် ဆက်နေနေပါက မိုဝူကျီပါ ပါဝင်ပတ်သက်မိနိုင်၏။
“ကောင်းပါပြီ သခင် အခုချက်ချင်းပဲ ကျွန်မတို့တွေ လိုက်ခဲ့ပါ့မယ် ... ” ရှုန်းရှုကျူက တုန်တုန်ယင်ယင် ပြန်ပြောလိုက်လေသည်။
“ခဏနေဦး ... ” မိုဝူကျီက ချောက်ဝမ်ဘင်း လုပ်သည့်အရာများကို စိတ်ထဲ မထားချေ။ သို့သော် ရှုန်းရှုကျူ ထွက်သွားတော့မည့် အချိန်တွင်သာ ဝင်ပါလိုက်ကာ “အစ်မရှုန်းက အခု ကျွန်တော့ ဧည့်သည်လေ ဘယ်လိုလုပ် ဒီလို ထွက်သွားရတာလဲဗျ ... ပြီးတော့ ကျွန်တော် မရှိတုန်း ဒီလူ အရင်ကလဲ လာဒုက္ခ ပေးသေးတယ်မလား ... ”
“ဟင် ... ဟင် ... ” ရှုန်းရှုကျူသည် မိုဝူကျီကို ဘာပြန်ပြောရမှန်း မသိ၍ အကြောက်တရားကြောင့် သွားများပင် တဆတ်ဆတ် ထိရိုက်နေလေသည်။ အမှန်တကယ်တွင် မိုဝူကျီ မရှိသည့်အခိုက် ချောက်ဝမ်ဘင်းသည် တစ်ခေါက် ရောက်လာဖူးလေ၏။ သို့သော် သူ ဘာမှ မပြောခင် အကြောင်းတချို့ကြောင့် မောင်းထုတ်ခံ လိုက်ရလေ၏။
“မင်း သေစမ်း ... ” ချောက်ဝမ်ဘင်းက မိုဝူကျီ မျက်နှာကို လက်သီးဖြင့် ဝှေ့ယမ်း လိုက်လေသည်။
ဘေးသို့တိုးကာ ခါးကို လှည့်ရင်း ရှောင်လိုက်ရင်း မိုဝူကျီက တစ်ချက် ပြန်ချလိုက်သည့် အခါ ချောက်ဝမ်ဘင်း မျက်နှာကို ကွက်တိ ရိုက်မိသွားလေ၏။ ချောက်ဝမ်ဘင်းတွင် ဝိညာဉ်ကြော ရှိသော်လည်း သူတို့လဲ အဆင့်နိမ့် ဝိညာဉ်ကြောများသာ ဖြစ်နေလေသည်။ သူ လုပ်ခဲ့သမျှကား သူ့ဦးလေးနာမည် သုံးကာ ခြစ်ခြုတ်၍ ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်နှစ်ထိ ရောက်လာခဲ့ရုံသာ ဖြစ်လေ၏။ သူသည် မိုဝူကျီ၏ တန်ပြန် တိုက်ခိုက်မှုကို ကာကွယ်လိုက်သော်လည်း ထိုရိုက်ချက်ကို မရှောင်နိုင်လိုက်ချေ။ သူသည် လုံးဝကို မကာကွယ်နိုင်လိုက်ချေ။
ထိုရိုက်ချက်သည် သူမျက်နှာပေါ်သို့ ကွက်တိ ကျရောက်လာပြီး ခေါင်းပင် တစ်ဖက် စောင်းသွားလေကာ ပါးစပ်တွင်းမှ သွားများနှင့် သွေးများပါ ထွက်လာလေသည်။ မိုဝူကျီလက်၏ အားအရှိန်ကား သူ့အား အဝေးသို့ ရောက်သွားစေလေ၏။
ဝူခိုင်းက ကြောင်နေမိလေသည်။ မိုဝူကျီက ချောက်ဝမ်ဘင်းကို ထိုမျှအားနှင့် အမှန်တကယ်ပင် ရိုက်နှက် လိုက်လေသည်။ ထို့အပြင် ချောက်ဝမ်ဘင်း၏ သွားများပင် ကျွတ်သွားစေလေ၏။ ကိစ္စများကား ကြည့်မကောင်းတော့ချေ။
***