သိပ်… သိပ်လှတာပဲ!
Vol. 6 Ch. 85
အန်းရှီ ရုံးခန်းထဲက ထွက်သွားပြီးနောက် ချင်ရွှယ်က တစ်ခုခု ပြောချင်သလိုလိုနှင့် ချီတုံချတုံ ဖြစ်နေသည်။ တော်တော်လေးကြာမှ သူမ စကားစလိုက်သည်။
"ယဲ့ဖန်… တကယ်တော့လေ ငါ့မှာ နင့်အကူအညီတစ်ခု လိုနေတာလေး ရှိသေးတယ်"
*ဟမ်*
ယဲ့ဖန်က သူမကို စိုက်ကြည့်ကာ "ပြောလေ" ဟု ပြောလိုက်သည်။
"အာ… နင် ပျက်ဆီးသွားတဲ့ မျက်နှာကို ပြုပြင်ပေးတတ်လား?"
ယဲ့ဖန် ကြောင်သွားရသည်။ သူ့ပုံစံကို ကြည့်ပြီး ချင်ရွှယ် အသည်းအသန် ရှင်းပြ လိုက်သည်။
"သည်မနက်တုန်းက တရုတ်ပြည်တောင်ပိုင်းရဲ့ အလှဆုံး ဥက္ကဋ္ဌဖြစ်တဲ့ လင်းလန် ဆေးရုံကို ရောက်လာတယ်။ သူမမျက်နှာက ဓားမြှောင်တစ်ချောင်းကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးနေတယ်။ ငါ သူမအခြေအနေကို စစ်ဆေးကြည့်တော့ သူ့ဒဏ်ရာထဲမှာ တားမြစ်ထားတဲ့ အဆိပ်တွေပါနေတာကို ငါ တွေ့လိုက်ရတယ်၊ အဲ့ဒါတွေက ဖယ်ထုတ်လို့ မရဘူးဖြစ်နေတယ်"
သူမစကားကြောင့် ယဲ့ဖန် အံ့ဩသွားသည်။ ချင်ရွှယ်က လင်းလန်အကြောင်း ပြောလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။
ယဲ့ဖန်က ပခုံးတွန့်၍ ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါ သူ့ဒဏ်ရာတွေကို ကုပြီးပါပြီ"
*ဘာ*
သူမ အခုလေးတင် လင်းလန်ရဲ့ အခန်းထဲက ပြန်လာတာဖြစ်ပြီး သူမမျက်နှာပေါ်မှာ ဒဏ်ရာများစွာ ရှိနေတာကို တွေ့ခဲ့ပြီး ဖြစ်သည်။ သို့ပါလျက်နှင့် ယဲ့ဖန်က သူမ ဒဏ်ရာတွေကို သူ ကုပေးပြီးပြီဟု ပြောနေသည်။
ထိုစဉ် ဒါရိုက်တာ၏ ရုံးခန်းကို ဖြတ်၍ တိတ်တိတ်လေးလျှောက်နေကြသော ခြေသံများကို နှစ်ယောက်လုံး ကြားပြီး အံ့ဩသွားကြသည်။
ထိုခြေသံများက လင်းလန်၏ အခန်းသို့ ဦးတည်နေမှန်း ယဲ့ဖန် သတိထားလိုက်မိသည်။ ထို့ကြောင့် သူ လင်းလန်၏ အခန်းသို့ အပြေးသွားလိုက်မိပြီး သူ့နောက်မှ ချင်ရွှယ် လိုက်ပါလာသည်။
လင်းလန်၏ အခန်းရှေ့သို့ ရောက်သောအခါ သတင်းထောက်တစ်စုက တံခါး အပြင်ဘက်၌ ရပ်စောင့်နေကြသည်။
သူတို့က လင်းလန်၏ အခန်းကို ဓာတ်ပုံရိုက်နေကြခြင်း ဖြစ်သည်။ ထိုသတင်း ထောက်များကို ကြည့်ပြီး ယဲ့ဖန်၏ မျက်နှာက အုံ့မှိုင်းလာသည်။
"ဟိုမှာ ... ဆေးရုံအုပ် ချင်ပဲ"
ထိုစဉ် သတင်းထောက်များက ချင်ရွှယ်ကို မြင်ပြီး သူမဘေး ဝိုင်းလာကြသည်။ သူတို့ စိတ်အားထက်သန်စွာဖြင့် ချင်ရွှယ်ကို အသည်းအသန် လုမေးကြသည်။
"ဆေးရုံအုပ် ... ကျန်းရှီမြို့ရဲ့ အလှဆုံး ဥက္ကဋ္ဌ ဖြစ်တဲ့ မမလေး လင်းလန်ရဲ့ မျက်နှာက ဓားမြှောင်တစ်ချောင်းကြောင့် ပျက်စီးသွားတယ်ဆို ... အဲ့သတင်း အမှန်ပဲလား?"
"ဆေးရုံအုပ်ချင်… မမလေးလင်းလန်ရဲ့ မျက်နှာက ပျက်စီးသွားတာလား? ပြန်ကောင်း လာဖို့ ဖြစ်နိုင်ချေရှိလား?"
"ဆေးရုံအုပ်ချင်… ကျန်းရှီမြို့ရဲ့ အလှဆုံး ဥက္ကဋ္ဌက မြို့ရဲ့ ရုပ်အဆိုးဆုံး မိန်းကလေး ဖြစ်သွားပြီလား? ကျေးဇူးပြုပြီး ဖြေပေးပါဦး"
….
သတင်းထောက်တိုင်း၏ မေးခွန်းများက စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှကာ သူတို့ သိချင်တာကိုသာ ဖိမေးနေကြသည်။
လင်းလန်မျက်နှာ ပျက်ဆီးသွားသည်ဟူသည့် သတင်းကသာ ကျန်းရှီမြို့၏ နာမည်ကြီး သတင်းတစ်ပုဒ်ဟုသာ တွက်ထားကြသည်။
သတင်းအရင်ရေးနိုင်သည့်သူက နာမည်ကြီးလာလိမ့်မည်ဟုသာ တွေးနေကြသည်။
သို့သော် သူတို့၏ မေးခွန်းများကြောင့် ချင်ရွှယ် ဒေါသထွက်လာသည်။ လင်းလန်၏ သတင်းက အတော့်ကို လွှမ်းမိုးနိုင်မှန်း သူမလည်း သိပါသည်။ သတင်းထောက်များသာ လင်းလန်၏ မျက်နှာက ပျက်ဆီးသွားပါပြီဟု သတင်းရေးလိုက်သည်နှင့် ထိုသတင်းက လင်းအုပ်စုကို ထိခိုက်သွားနိုင်သည်။
ထိုအခါ အခြားလုပ်ငန်းစုများက ပူးပေါင်း၍ တိုက်ခိုက်လာလျင် လင်းအုပ်စု ကျရှုံးသွား နိုင်သည်။
ထိုစဉ် ချင်ရွှယ် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သောအခါ သူက သူမကို ခေါင်းညိတ် ပြသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက သတင်းထောက်များကို တည်ငြိမ်စွာ ပြောလိုက်သည်။
"သတင်းထောက်များ ... ကျေးဇူးပြုပြီး တိတ်တိတ်နေပေးကြပါ"
ချင်ရွှယ်ကြောင့် သတင်းထောက်များ တိတ်သွားပြီး သူတို့၏ ကင်မရာများနှင့် ချိန်ကာ မှတ်တမ်းတင် ရိုက်ကူးတော့သည်။
"ပထမဆုံး ရှင်တို့ မမလေးလင်းလန်ကို စိုးရိမ်ပေးကြလို့ ကျေးဇူးတင်ပါတယ်"
ချင်ရွှယ်က တည်ငြိမ်စွာ ပြောလာသည်။
"ဒုတိယအနေနဲ့ မမလေး လင်းလန် ကျွန်မတို့ ဆေးရုံမှာ ရှိနေတယ်ဆိုတဲ့ သတင်းက အမှန်ဖြစ်ကြောင်း အတည်ပြုလိုပါတယ်၊ ဒါပေမယ့် သူမမျက်နှာ ပျက်ဆီးသွားတယ် ဆိုတာကတော့ သတင်းအမှားပါ"
ချင်ရွှယ်၏ စကားကြောင့် သတင်းထောက်များ ကြောင်သွားကြပြီးနောက် သတင်း ထောက် တစ်ယောက်က ထငြင်းလေတော့သည်။
"ဆေးရုံအုပ်ချင် ... ကျွန်တော်တို့ကို သတင်းပေးတဲ့သူက ဥက္ကဋ္ဌလင်းလန်ရဲ့ မျက်နှာပေါ်မှာ အမာရွတ်တွေ အများကြီးရှိနေတာကို တွေ့လိုက်တယ်လို့ ပြောတယ်၊ သူမမျက်နှာက မပျက်ဆီးဘူး ဆိုတာ ဖြစ်နိုင်လို့လား?"
"ဟုတ်တယ်၊ ကျုပ်တို့မှာ ဓာတ်ပုံတွေ ရှိတယ်။ ကျန်းရှီမြို့ရဲ့ အလှဆုံး ဥက္ကဋ္ဌလေးက ရုပ်ဆိုးတဲ့မိန်းမ ဖြစ်သွားပြီဆိုတာ အသိသာကြီးကို"
"ဆေးရုံအုပ်ချင် ဘာလို့ ကျုပ်တို့က လိမ်ရတာလဲ? ခင်ဗျားမှာ ဆရာဝန်ကျင့်ဝတ်တောင် မရှိဘူးလား?"
သတင်းထောက်များ အားလုံး ပွက်လောရိုက်လာကြသည်။
လင်းလန်၏ မျက်နှာသာ မပျက်ဆီးနေဘူးဆိုပါက သူတို့၏ သတင်းက အဓိပ္ပာယ် မရှိဘဲ ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူတို့ ဆေးရုံကို ပြေးလာခဲ့ရခြင်းက အချည်းနှီး ဖြစ်သွားပေတော့မည်။
ဆူညံနေသည်ကို ကြည့်ပြီး ချင်ရွှယ် ပို၍ ဒေါသထွက်လာသည်။
"တိတ်တိတ်နေကြစမ်း… ဥက္ကဋ္ဌလင်းလန်ကို ကုသပေးလိုက်တဲ့ ဆရာဝန်က ဒီမှာပဲ"
ချင်ရွှယ်က ယဲ့ဖန်ကို ညွှန်ပြ၍ "သူက မစ္စတာ ယဲ့ဖန်ပဲ" ဟု ပြောလိုက်သည်။
….
သတင်းထောက်များ ပြန်၍ ဆူညံလာပြန်သည်။
"ယဲ့ဖန်? သူက ဟို နာမည်ကြီး အသုံးမကျတဲ့ တရားမဝင်သား မဟုတ်ဘူးလား?"
"ဟုတ်တယ်၊ အဲ့ဒါသူပဲ။ ဘယ်လိုလုပ် သူက လင်းလန်ကို ကူညီပေးနိုင်ပါ့မလဲ? ခင်ဗျား လာနောက်နေတာလား?"
"လူလိမ်တွေ၊ ခင်ဗျားတို့ အားလုံး လူလိမ်တွေ။ လင်းလန်က ရုပ်ဆိုးသွားပြီ။ သူတို့ ပြောနေတာကို မယုံကြနဲ့တော့"
ချင်ရွှယ်တောင်မှ ယဲ့ဖန်က လင်းလန်ကို ကုသပြီးပြီဆိုတာကို မယုံနိုင်သေးပါ။ ထို့ပြင် လင်းလန်၏ မျက်နှာက ဆိုးဆိုးရွားရွား ပျက်စီးနေပြီ ဖြစ်သည်။ သူမ ပလတ်စတစ် ဆာဂျရီ လုပ်ခဲ့ရင်တောင် အရင်လို ပြန်မလှနိုင်တော့ပေ။
ယဲ့ဖန်က သူမ အခန်းထဲသို့ ဝင်ဖို့တောင် အရည်အချင်း မရှိတာ၊ သူမကို ဆေးကုပေးဖို့ ဆိုလျင် ပို၍ပင် မဖြစ်နိုင်သေးပေ။
ထိုစဉ် လင်းလန်၏ အခန်းတံခါး ပွင့်လာပြီး မိန်းကလေးတစ်ယောက်က စိတ်ညစ် နေသည့် လေသံဖြင့် ပြောလာသည်။
"အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ? ဘာလို့ ဒီလောက် ဆူညံနေရတာလဲ?"
ထိုအသံသည် နူးညံ့သိမ့်မွေ့၍ လေပြေလေညှင်းလေး တိုက်ခတ်လာသလို ကြည်လင် လန်းဆန်းလှသည်။
လင်းလန်!
သတင်းထောက်များအားလုံး သူမအသံကို မှတ်မိသွားကြသည်။
ချက်ချင်းပင် သူတို့ကင်မရာကို သူမဘက် လှည့်ကာ ရိုက်ကူးကြတော့သည်။ ထိုအချိန် လေးမှာပင် သူတို့အားလုံး မိန်းမောသွားကြသည်။
လှပသော အမျိုးသမီးလေးတစ်ယောက်က ဆေးရုံအခန်း၏ အပြင်ဘက်၌ မတ်တပ်ရ ပ်နေသည်။ သူမ၏ နက်မှောင်သော ဆံကေသာများက ရေတံခွန်သဖွယ် ပခုံးပြင်မှ လျှောကြနေသည်။ သူမ၏ လှပသော မျက်လုံးလေးများကလည်း ကြယ်ပွင့်လေးတွေလို တောက်ပနေကြသည်။
သူမ၏ အသားအရေသည်လည်း ကလေးငယ်လေးသဖွယ် ကြည်လင်ချောမွေ့နေသည်။ သူမ၏ မျက်နှာသည်လည်း မိခင်သဘာဝကြီးက ထုဆစ်ပေးထားသလား မှတ်ရလောက် အောင် လှပလှလေသည်။ သူမက သိပ်ကို လှပလွန်းသည့်အတွက် လူတိုင်း အသက်ရှူ မှားနေကြသည်။
လေးကိုင်းသဖွယ် မျက်ခုံးလေးများနှင့် လှပသော နှုတ်ခမ်း၊ နှာခေါင်းတို့နှင့် သူမသည် နှိုင်းယှဉ်၍ မရနိုင်သော မိန်းမလှလေး ဖြစ်သည်။
"လှလိုက်တာ… သိပ်ကို လှတာပဲ"
အမျိုးသား သတင်းထောက်များအားလုံး မနည်း တံတွေးမြိုချနေရသည်။ သည်လောက် လှပသည့် အမျိုးသမီးမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။ သူမသည် ပန်းချီကားထဲမှ လူ့ပြည်သို့ ထွက်လာသည့် နတ်သမီးလေးလိုပင်။ ယောကျ်ားသားတိုင်း ကိုယ့်ရင်ခုန်သံကို ကိုယ် ပြန်ကြားနေရသည်။
အမျိုးသမီး သတင်းထောက်များက ရှက်ကာ ခေါင်းကို ငုံ့ထားကြသည်။ လင်းလန်၏ လှပသော မျက်နှာလေးကို ကြည့်ပြီး သူတို့ ရှက်နေကြသည်။
ကျန်းရှီမြူနီစီပယ် ဆေးရုံ၏ ဆေးရုံအုပ် ချင်ရွှယ်ပင် သူမအလှကို မယှဉ်နိုင်ပါ။ ချင်ရွှယ်သည်လည်း ရှားပါးလှသည့် မိန်းမလှလေး ဖြစ်သော်လည်း လင်းလန်နှင့် နှိုင်းယှဉ်လိုက်သောအခါ သာမန်ကာလျှံကာလိုသာ ဖြစ်သွားရသည်။
လင်းလန်သည် နတ်သမီးလေးတစ်ပါးလိုပင်။ လင်းလန်၏ အပြုံး၊ လှုပ်ရှားမှုများက လူတိုင်း၏ ရင်ကို ဖမ်းစားသွားသည်။
လင်းလန်က ယဲ့ဖန်ကို မြင်ပြီး ဝမ်းသာအားရ ပြုံးလိုက်သောအခါ ထိုအပြုံးကြောင့် လူတိုင်း ရင်ဖိုလာကြသည်။
"ယဲ့ဖန် ရှင်က ဒီမှာကိုး"
လင်းလန်က ယဲ့ဖန်ထံသို့ ပြုံး၍ လျှောက်လာကာ သူ့လက်မောင်းကို ဖက်တွယ် လိုက်သည်။ ခပ်ရဲရဲ မျက်နှာလေးနှင့်သူမက မူပိုသော မိန်းမငယ်လေးနှင့် တူလှသည်။
ဤသည်ကို ကြည့်ပြီး ယောကျ်ားသားများအားလုံး အရူးအမူးကို မနာလိုဖြစ် လာကြသည်။ သည်လို အလှလေးမျိုးက သူ့ဘေးမှာ ရှိနေမှတော့ ယဲ့ဖန်အတွက် ဘာလိုအပ်ဦးမည်နည်း?