← Chapters

သံမဏိ တိုင်လုံး

Vol. 7 Ch. 90

သံမဏိ တိုင်လုံး

Vol. 7 Ch. 90

“မင်း ... ” ချောက်ဝမ်ဘင်းက မိုဝူကျီကို ဒေါသတကြီး လက်ညှိုး ထိုးလိုက်ပြီး သူသည် မိုဝူကျီကို သင်ခန်းစာ ပြန်ပေးသင့်ကြောင်းပင် မေ့လျော့ နေလေသည်။ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် နေစဉ် ကာလပတ်လုံး သူသည် အစေခံတစ်ယောက်မှ သူ့အား ဆန့်ကျင်ရဲသည့် ကိစ္စရပ်မျိုးနှင့် တစ်ခါလေးမျှ မကြုံတွေ့ဖူးပေ။

မိုဝူကျီက ကြောက်စိတ်တချို့ ဖုံးလွှမ်း၍  ရှေ့သို့ တက်လှမ်းလာ လိုက်လေသည်။ ကံကောင်းလှစွာ ထိုလူသည် ပထမအကြိမ်တွင် ဘာမှ လုပ်ခွင့် မရသွား၍ ဖြစ်သည်။ အကယ်၍ ယန်အာသာ အမှန်တကယ် ထိခိုက်သွားပြီး မသန်မစွမ်း ဖြစ်သွားခဲ့ပါက မိုဝူကျီအတွက် နောင်တရရန် အလွန် နောက်ကျ သွားပေလိမ့်မည်။ ထိုမတော်တဆမှုကား သူ့အား အသိပြန်ဝင်စေ၏။ အနာဂတ်တွင် မည်သို့ပင် ဖြစ်လာပါစေ ယန်အာကို သူနှင့်အတူ ခေါ်သွားရန် လိုအပ်ပေမည်။

မိုဝူကျီက နောက်တစ်ခါ ထပ်ရိုက်မည်ကို မြင်၍ ဝူခိုင်းက အလျင်အမြန် အော်တားလိုက်ရ၏။

“ညီလေးမို ကျေးဇူးပြုပြီးတော့ သူ့ကို ဆက်မရိုက်ပါနဲ့တော့လား ဒီလိုဆိုရင် မင်းကိုယ်မင်း ပြန်ထိခိုက်မိလိမ့် ... ”

အကယ်၍ မီးတောက်ဓား အထွတ်အထိပ် သခင်သာ ဒေါသ ထွက်သွားပါက ရှီဂျွန်က သူ့အား ကာကွယ်ပေးလျှင်ပင် မိုဝူကျီသည် သေခြင်းတရားမှ ကင်းလွတ်လိမ့်မည် မဟုတ်ပေ။ မိုဝူကျီ၏ သေခြင်းသည် ဝူခိုင်းအတွက် များစွာ အဓိပ္ပာယ် မရှိသော်လည်း ဝူခိုင်းသည် အချိန်များကို ရင်းနှီး၍ သူတို့ကြားမှ ဆက်ဆံရေးကို တည်ဆောက်ခဲ့ရသေးသည် မဟုတ်ပါလော ...

“မင်းလို ကောင်မျိုးက  ငါ့ကို ရိုက်ရတယ်ပေါ့ ... ” ချောက်ဝမ်ဘင်းသည် အသိစိတ် ပြန်ကပ်လာသောအခါ မိုဝူကျီကို ဒေါသတကြီး လက်ညှိုးထိုးလိုက်ကာ ပြောလိုက်လေသည်။ ဒေါသထွက်လွန်း၍ သူမျက်နှာပင် အစိမ်းရောင် သန်းနေလေ၏။ အစေခံတစ်ယောက်ထံတွင် အရိုက်နှက် ခံရသည်က အလွန်ပင် ရှက်ဖွယ် ကောင်းလှလေသည်။

“တာဝန်ခံဝူ  ဒီလူသာ အရင်တကြိမ်က ထွက်မသွားခဲ့ရရင် ယန်အာ ဘာဖြစ်သွားမယ် ဆိုတာ ဘယ်သူ သိနိုင်မှာလဲ … သူ့ကို ရိက်သင့်လား မရိုက်သင့်ဖူးလား ဆိုတာ ပြောပြစမ်းပါ ” မိုဝူကျီ၏ အမူအရာကား အလွန်ပင် ဆိုးရွားနေလေသည်။ အကယ်၍ ယန်အာကို  ဝူခိုင်း ကူညီခဲ့ခြင်း မဟုတ်ပါက ဝူခိုင်းအား ရှင်းပြနေမည် မဟုတ်ချေ။

ဝူခိုင်းက အလျင်အမြန် ရှင်းပြလိုက်ကာ “ပထမအကြိမ်က သူက ရှုန်းရှုကျူကို လာရှာတာ မြင်တော့ ငါက ချင်ရှုန်းယုဆီ သွားပြီး သတင်းပို့ ပေးလိုက်တယ် အဲတုန်းက ချင်ရှုန်းယု ကူညီပေးလိုက်တာပါ  သူမ ဘယ်လို လုပ်လိုက်တာတော့ မသိလိုက်ပေမဲ့ ချောက်ဝမ်ဘင်းက ဘာမှ မလုပ်ဘဲ ထွက်သွားခဲ့တယ် ဒီတစ်ခါကျ ချင်ရှုန်းယုကို ရှာဖို့ ကြိုးစားပေမဲ့ ဂိုဏ်းထဲမှာ ရှာမတွေ့လိုက်ဘူး ... ”

မိုဝူကျီက အခြေအနေ အရပ်ရပ်ကို လုံးဝ နားလည် သွားလေ၏။ ပထမအကြိမ်က ဘာမှ မဖြစ်ခဲ့ခြင်းသည် အံ့ဩစရာ မဟုတ်တော့ချေ။ သူသည် ချင်ရှုန်းယုကို အမှန်ပင် ကျေးဇူတင်ဖို့ လိုအပ်နေလေပြီ။ သူသည် သူမကို အရင်တကြိမ်က ဘာသိဘာသာ ကူညီခဲ့သော်လည်း သူမသည် သူ့အား များစွာ ပြန်ပေးဆပ်ခဲ့၏။

“တာဝန်ခံဝူ ကျေးဇူး အများကြီး တင်ပါတယ်ဗျာ ... ” မိုဝူကျီက ဝူခိုင်း ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။ ဝူခိုင်းသည် အဘယ်ကြောင့် ချင်ရှုန်းယုအား အကြောင်းကြား ပေးသည်မှာ ကိစ္စမရှိလှပေ။ မိုဝူကျီက သူ့အပြုအမူအတွက် များစွာ ကျေးဇူးတင်လှ၏။

ဝူခိုင်းက လောကဝတ် စကားတချို့ကို ပြန်၍ ပြောချင်သော်ငြား သူ့မျက်လုံးထဲတွင် တစ်ယောက်က ပြေးဝင်လာလေသည်။ ထိုသည်က တာဝန်ခံ ဝတ်စုံ ဝတ်ထားသော လူတစ်ယောက်ပင် ဖြစ်လေ၏။

ဝူခိုင်းသည် သူ့ကို မှတ်မိလေသည်။ သူသည် ဆေးလုံးဆရာ ခန်းမတာဝန်ခံ ယွန်ချီပင် ဖြစ်လေ၏။ သူတို့ နှစ်ယောက်လုံးမှာ တာဝန်ခံဖြစ်သော်လည်း ဝူခိုင်ကား ယွန်ချီ အမြင်အာရုံထဲတွင် မရှိချေ။

ယွန်ချီ အဘယ်ကြောင့် လာသည်ကို မသိသော်ငြား ဝူခိုင်းက ဘေးမှ အလျင်အမြန် အရိုအသေ ပေးလိုက်လေသည် “တာဝန်ခံဝူက တာဝန်ခံယွန်ကို နှုတ်ခွန်းဆက်ပါတယ် ... ”

ယွန်ချီက ခေါင်းညိတ်လိုက်ပြီးနောက် မိုဝူကျီထံ လက်နှစ်ဖက် ယှက်လျက် “ဆေးလုံးသခင်မိုကို နှုတ်ဆက်ပါတယ် ကျွန်တော်က ဆေးလုံးသခင်မိုရဲ့ အမှတ်အသားပြားနဲ့ ဧည့်ဆေးလုံးဆရာ ဝတ်ရုံကို လာပို့တာပါ ပြီးတော့ ဆေးလုံးသခင်မို အားတဲ့အခါ  အလုပ်ခန်းမကို သွားပြီးတော့ နေထိုင်ရမဲ့ နေရာအသစ် ဓားအထွတ်အထိပ်ကို ရွေးချယ်နိုင်ပါတယ် ... ”

မိုဝူကျီက ထိုမျှ မြန်ဆန်လိမ့်မည်ဟု မမျှော်လင့်ထားချေ။ သူ ရောက်ရှိပြီးနောက် တစ်နာရီလောက် အကြာတွင် အားလုံးသည် သေသေသပ်သပ် ပြီးစီးသွားလေ၏။

“တာဝန်ခံယွန်ကို ကျေးဇူးတင်ပါတယ် ... ” မိုဝူကျီက ပစ္စည်းများကို သိမ်းဆည်း ထားရင်း ပြောလိုက်သည်။ သူသည် ချောက်ဝမ်ဘင်းကို ရိုက်နှက်ရဲသည်မှာ သေဆုံးသွားသော ဆေးလုံးသခင်ရှီနှင့် သူ့ဆက်ဆံရေးကြောင့် မဟုတ်ဘဲ သူသည် ယခုလေးပင် ဆေးလုံးဆရာ ဖြစ်လာ၍သာ ဖြစ်သည်။

“ညီ ... ” ဝူခိုင်းက မိုဝူကျီ လက်ထဲမှ အမှတ်အသားပြားကို မြင်၍ စကားလုံးများကို မျိုသိပ်လိုက်ကာ “အခု ဧည့် ဆေးလုံးဆရာ ဖြစ်သွားတာလား ... ”

ဝူခိုင်းသည် မိုဝူကျီကို “ညီလေး”ဟု ခေါ်ခါနီးတွင် “လေး”ကိုမ အလျင်စလို မျိုချလိုက်ရလေ၏။ ဧည့်ဆေးလုံး ဆရာသည် အစေခံများကို တာဝန်ယူရသော တာဝန်ခံထက် အမြင့်မှာ ရှိလေသည်။ မိုဝူကျီသည် ချောက်ဝမ်ဘင်းကို မကြောက်တော့သည်မှာ အထူးအဆန်း မဟုတ်တော့ချေ။ အကယ်၍ သူလဲ ဧည့်‌ ဆေးလုံးဆရာ ဖြစ်ပါက သူသည် ချောက်ဝမ်ဘင်းကို ကြောက်နေမည် မဟုတ်ပေ။

သူသည် ထိုအရာကို တွေးမိသောကြောင့် စိတ်ထဲတွင် ပျော်ပွဲရွင်ပွဲ ကျင်းပနေလေပြီ။ ကံကောင်းလှစွာ သူသည် မိုဝူကျီကို ချန်ရှုန်းယုထံ အကူအညီ တောင်းကာ ချောက်ဝမ်ဘင်းအား တားဆီးရန် ကူညီခဲ့လေသည်။

ကိုယ့်ဘာသာ မတ်တတ် ရပ်လာသော ချောက်ဝမ်ဘင်း မျက်နှာတွင် ဆွံ့အနေသော အမူအရာများ ဖြစ်ပေါ်နေလေသည်။ မိုဝူကျီသည် ဧည့်ဆေးလုံးဆရာ ဖြစ်နေသောကြောင့် သူ့ကိုယ်သူ ကျားသခင် ထင်နေသေ မြေခွေးတစ်ကောင်ကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။

သူသည် မီးတောက်ဓား အထွတ်အထိပ် သခင်ဖြစ်သော သူ့စီနီယာ ဦးလေးပေါ် မှီခို၍ သူ့စိတ်ကြိုက် ပြုမူနေခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း တစ်စုံတစ်ခု ဖြစ်ပျက်လာပါက  သူ့စီနီယာ ဦးလေးထံ အခစား ဝင်ရင်ပင် လွယ်ကူမည် မဟုတ်လောက်ပေ။

သူက ခြေလှမ်းများ နောက်ဆုတ်လိုက်ပြီး ထွက်ပြေးဖို့ရန် ကြံစည်လိုက်လေသည်။ သို့သော်လည်း မိုဝူကျီက အေးတိအေးစက် လှောင်ကာ ပြောလိုက်လေသည်။

“မင်း ထွက်သွားလို့ ရမယ်လို့ ထင်နေတာလား ... ”

ချောက်ဝမ်ဘင်းသည် အလျင်အမြန် အရိုအသေ ပြုလိုက်ပြီး “ဆေးလုံးသခင်မို ဒီတပည့်က မသိလို့ အမှား ကျူးလွန်မိပါတယ် အရင်က အမှားကို ပတ်သက်ပြီး ကျွန်တော်ကို ခွင့်လွှတ် ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျ။ ပြီးတော့ ဒီကိစ္စကို ကျွန်တော် ဦးလေးနားထဲ မရောက်အောင် လျှို့ဝှက်ထားပါ့မယ် ...  ”

နောက်ဆုံးစကားက မိုဝူကျီကို သတိပေးခြင်း ဖြစ်လေ၏။ သူ့ဦးလေးသည် မီးတောက်ဓား အထွတ်အထိပ် သခင်ဖြစ်ကာ အရမ်း ရှေ့တိုးမလာဖို့ရန် ဖြစ်သည်။

မိုဝူကျီက ပြန်၍ ပြောလိုက်လေသည် “မင်းဘာသာ စီနီယာ ဦးလေးကို သတင်း ပို့ပို့ မပို့ပို့ ငါနဲ့ မဆိုင်ဘူး ဒါပေမဲ့ ရှုန်းရှုကျုနဲ့ သူ့ယောက်ျားက ငါ့အတွက် အလုပ် လုပ်ပေးနေတာ ငါ့နေရာမှာ မင်းက အထက်စီးဆန်ဆန် ပြုမူခဲ့သေးတယ် ပြီးတော့ ထောင်အောင်း ခြေထောက်ကို ချိုးပစ်ရုံတင် မကဘူး သူ့ပစ္စည်းလဲ ယူသွားသေးတယ် ငါက အဲဒါကို မေ့ပစ်လိမ့်မယ်လို့ မင်းက ထင်နေတာလား ... ”

အရင်တုန်းက မိုဝူကျီသည် ထောင်အောင်းတို့ကို အမှန်တရား ကူညီရန် အာဏာ မရှိခဲ့ချေ။ ထို့အပြင် သူက ထောင်အောင်းနှင့် ဘာမှ မတော်စပ်ပေ၊ ထို့ကြောင့် ထောင်အောင်းကြောင့် သူ့အတွက် ရန်စများရန်လည်း မလိုအပ်ချေ။

သို့သော်လည်း ကိစ္စရပ်များက ယခု ခြားနားလှလေပြီ။ ရှုန်းရှူကျူသည် ယန်အာကို စောင့်ရှောက်ရာတွင် စေ့စေ့စပ်စပ် ရှိရုံသာမက လေးလေးနက်နက်လဲ ရှိလှသည်။ ထို့အပြင် ချောက်ဝမ်ဘင်းသည် သူ့နေရာသို့ လာ၍ ပြဿနာ ရှာခြင်းမှာ တစ်ခါ မကတော့သည့်အတွက် ကိစ္စကြီး တစ်ခု ဖြစ်သွားလေပြီ။ အရေးကြီးဆုံးက သူသည် ချောက်ဝမ်ဘင်းကို ကြောက်နေရန် မလိုအပ်တော့ချေ။

“ဆေးလုံးသခင်မို ကျွန်တော်က သူ့ကို ပြစ်ဒဏ် စီမံရာခန်းမဆီ ခေါ်သွားစေချင်လား ... ” ယွန်ချီက အခြေအနေများကို အကြမ်းဖျင်း သုံးသပ်မိ၍ အကြံပြုလိုက်လေသည်။

မိုဝူကျီက ဆေးလုံးဆရာဖြစ်ပြီး သူနှင့် ယန်ချင်ယင် ဆက်ဆံရေးကား မဆိုးလှချေ။ ဆေးလုံးဆရာ ခန်းမ တာဝန်ခံ တစ်ယောက်အနေနှင့် မိုဝူကျီနှင့် ဆက်ဆံရေးကောင်း ရှိထားခြင်းမှာ ဆုံးရှုံးစရာ မရှိချေ။

“ကျွန်တော် သူတို့ နှစ်ယောက်ရဲ့ ဆုံးရှုံးမှု အားလုံးကို ပြန်အလျော်ပေးမယ်…” ယွန်ချီ ဝင်ပြောလာသည်ကို တွေ့သောအခါ ချောက်ဝမ်ဘင်းက မြန်မြန် ပြောလိုက်လေသည်။

မိုဝူကျီက ရှုန်းရှုကျူဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

“အစ်မကြီးရှုန်း ခင်ဗျားဆီက သူ ဘာယူသွားတာလဲ ... ”

ရှုန်းရှုကျူက စိတ်နှင့်ကိုယ်နှင့် မကပ်သေး၍ အခြေအနေများကို ပြည့်ပြည့်စုံစုံ နားမလည်သေးချေ။ မိုဝူကျီသည် တာဝန်ခံဝူနှင့် ဆက်ဆံရေး ကောင်းသည့် အစေခံတပည့် မဟုတ်လေဘူးလား ...  ဘယ်လိုလုပ် ဧည့်ဆေးလုံးဆရာ ဖြစ်လာတာလဲ ...

မိုဝူကျီက မေးခွန်း မေးလိုက်သောအခါမှ အသိပြန်ဝင် လာလေသည်။ သို့သော်လည်း သူမ မျက်လုံးထဲတွင် ကြောက်စိတ်များ ကြီးစိုးနေကာ ချောက်ဝမ်ဘင်းနှင့် ရင်မဆိုင်ရဲသေးပေ။

“ပြောလိုက် နောက်ကျ သူ ဒီကို ထပ်လာမှာ မဟုတ်တော့ဘူး ... ” မိုဝူကျီက အားပေး၍ ပြောလိုက်လေသည်။

ရှုန်းရှုကျူသည် ဖြည်းဖြည်းချင်း တည်ငြိမ်လာလေ၏။ သူမသည် ချောက်ဝမ်ဘင်းကို စိတ်အနှောင့်ယှက် ပေးပြီးပြီကို သိ၍ တိတ်ဆိတ်နေရန် အချိန် မဟုတ်တော့ပေ။

သေချာ တွေးတောလိုက်ပြီး သူမက ပြတ်ပြတ် ပြောပစ် လိုက်တော့သည်။

“ဒီလူက ကျွန်မအဖေ ထားပေးခဲ့တဲ့ သံမဏိတိုင်လုံးကို ယူသွားခဲ့တာ ... ”

“ချက်ချင်း ပြန်ပေးမှာပါ ချက်ချင်း ... ” ချောက်ဝမ်ဘင်းက အလောတကြီး ပြောလိုက်လေသည်။

“ဆေးလုံးသခင်မို အဲဆို ကျွန်တော် သွားလိုက်ပါဦးမယ် ဆေးလုံးသခင် ဓားအထွတ်အထိပ်ကို လိုတာနဲ့ ချက်ချင်း ကျွန်တော့်ကို ပြောနိုင်ပါတယ်  အင်မော်တယ် ဂူ ဆောက်ဖို့ ကူညီပေးပါ့မယ် ..” ပြဿနာ ဖြေရှင်းပြီးသွားပြီ ဖြစ်၍ ယွန်ချီက ယဉ်ကျေးစွာ နှုတ်ဆက် လိုက်လေသည်။

ဝူခိုင်း နှလုံးသားက ရေနွေးပွက် လာသကဲ့သို့ အဆက်မပြတ် တုန်ခါနေလေသည်။ သူ့တွင် မေးစရာ အများအပြား ရှိသော်လည်း မိုဝူကျီအား မမေးရဲချေ။ ထို့အပြင် မိုဝူကျီ၏ အဆင့်အတန်းက ရုတ်တရက် ဇာတ်လမ်း ဆန်ဆန် ပြောင်းလဲသွား၍ သူ့အတွက် ထိုမေးခွန်းများကို မေးရန် အရည်ချင်း မပြည့်မီတော့ပေ။

“ဆေးလုံးသခင်မို ကျွန်တော်လဲ သွားလိုက်ပါဦးမယ် တကယ်လို့ လိုတာရှိရင် ပြောလို့ရပါတယ် ... ” ဝူခိုင်းက လျင်မြန်စွာ ထွက်သွားဖို့ ပြင်လိုက်တော့သည်။

သူသည် ဝူခိုင်း၏ အကျင့်စရိုက်ကို မကြိုက်နှစ်သက် သော်လည်း သူ့ကျေးဇူးများ ကျန်ရှိနေသေး၏။

“ဝူခိုင်း ငါ မင်းကို အကြွေးတစ်ခု တင်နေတယ် တကယ်လို့ မင်း ဆေးလုံး‌ဖော်စပ်ဖို့ လိုရင် ငါ တစ်ကြိမ်တော့ ကူညီပေးမယ် ... ”

“ကျေးဇူး အများကြီး တင်ပါတယ် ဆေးလုံးသခင်မို ... ” ဝူခိုင်းက မိုဝူကျီကို စိတ်လှုပ်ရှားစွာ ကျေးဇူးစကား ဆိုလိုက်လေတော့သည်။ ဆေးလုံးဆရာ တစ်ယောက်၏ ဆေးလုံး ဖော်စပ်ပေးမည့် ကတိကဝတ်ကို ရသည့်ကိစ္စကား မရိုးရှင်းလှချေ။

***

All Chapters