← Chapters

ပဒုမ္မာကြာ ဓားအထွတ်အထိပ်

Vol. 7 Ch. 92

ပဒုမ္မာကြာ ဓားအထွတ်အထိပ်

Vol. 7 Ch. 92

မိုဝူကျီက အစတွင် ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို ရရှိသောကြောင့် အလွန်အမင်း စိတ်လှုပ်ရှား နေလေသည်။ သို့သော်လည်း လှန်ကြည့်ပြီး နောက်တွင် တောက်နှင့် ကျွမ်းအဆင့် နှစ်ခုသာ ပါရှိကြောင်း သတိပြုမိ လိုက်ကာ ထိုပညာရပ်ကား မပြည့်စုံမှန်း သိရှိလိုက်ရ၏။

ထိုစကားဆင့် နှစ်ဆင့်ကား ဓားကျိုးထဲတွင် တည်ရှိနေလေ၏။ အကယ်၍ မိုဝူကျီ၏ မှန်းဆချက်သာ မှန်လျှင် ရှင်းနှင့် ယီအဆင့်သည် ဓားချောက်ကမ်းပါးတွင် ရှိပေလိမ့်မည်။ ယန်ချင်ယင် ပြောစကားအရ ထိုဓားတစ်ဝက်သည် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရှိ ဓားချောက် ကမ်းပါးတွင် တည်ရှိလိမ့်မည်။

မိုဝူကျီက လက်ထဲက စာရွက်ကို ဆုပ်ကိုင် ထားလိုက်ပြီး သူ့အကြည့်ကား ဓားချောက် ကမ်းပါးဆီ ရွေ့သွားလေသည်။ သူသည် ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို လက်ခံရရပြီးပြီ ဖြစ်၍ ပြည့်ပြည့်စုံစုံ လုပ်ရန် လိုအပ်လေ၏။ ပြဿနာများကို ဘေးဖယ်ထား၍ သူသည် ဓားချောက် ကမ်းပါးသို့ သွားကာ သံစဉ်ခြွေ ဓားမှ တစ်ဝက် ကျန်ရှိနေသော အဆင့်နှစ်ခုကို ရအောင် ယူရမည်။

ဓားမှ ပညာရပ်ကို တိတ်တဆိတ် လေ့ကျင့်နိုင်ရေး အတွက် သူသည် နေရာ ပြောင်းဖို့ လိုအပ်လေပြီ။ သွေးပဒုမ္မာ ကြာကန်သည် တိတ်ဆိတ်သော်လည်း ပြုလုပ်၍ အဆင်ပြေသော နေရာတော့ မဟုတ်ပေ။

မိုဝူကျီက အလုပ်ခန်းမ အတွင်းသို့ ဝင်လာသောအခါ လူအများက အားကျစိတ် များဖြင့် ကြည့်နေ ကြလေသည်။ တချို့သော အတွင်းစည်း တပည့်များပင် မိုဝူကျီကို အားကျနေမိကြ၏။ ထို့အပြင် အတွင်းစည်း တပည့်များသည် မိုဝူကျီကဲ့သို့ ကိုယ်ပိုင် ဓားအထွတ်အထိတ် နေရာ မရရှိနိုင်ချေ။

မိုဝူကျီသည် သာမန် အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်သော်လည်းပဲ ဆေးလုံး ဆရာများ၏ တစ်မူ ထူးခြားလှသော အဆင့်အတန်းကြောင့်သာ ဖြစ်လေသည်။

“ဆေးလုံးဆရာ မို ...” ဆေးပင် သိုလှောင်ခန်းမှ တပည့်ဖြစ်သော ဖေးပင်ကျူမှ မိုဝူကျီကို တွေ့သောအခါ အဝေးမှပင် အော်ကာ နှုတ်ဆက် လာလေသည်။ သူ့လေသံတွင် ရိုသေ လေးစားခြင်းများ ပါဝင်နေလေ၏။

မိုဝူကျီက လျှောက်လှမ်း သွားလိုက်ပြီး ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

“အစ်ကိုဖေး ကျွန်တော်က အခုထိ မိုဝူကျီပါပဲဗျာ ကျွန်တော်တို့တွေက မိတ်ဆွေတွေပဲလေ ပေါ့ပေါ့ပါးပါး ဆက်ဆံကြတာပေါ့...”

ဖေးပင်းကျူက အားရပါးရ ရယ်မောလိုက်ပြီး

“စီနီယာ အစ်ကိုမိုက တခြား သူတွေနဲ့ ကွဲပြားတယ်ဆိုတာ ကျွန်တော် သိနေတယ် ... အဲဒီလို ဆိုရင်တောင် ကျွန်တော်က စီနီယာ အစ်ကိုမိုက ကျွန်တော့်ကို ဂျူနီယာ ညီလေးအဖြစ် ခေါ်ပေးဖို့ မျှော်လင့် ပါတယ်ဗျာ ဂိုဏ်းထဲမှာ ဝါစဉ်က ကျန်ရှိရတယ်လေ...”

“အဲဒီလို ဆိုတော့လည်း ဟုတ်ပြီလေ နောင်ကျ ဂျူနီယာ‌ ညီလေးလို့ ခေါ်မယ်...” မိုဝူကျီက အမြဲတမ်း တဲ့တိုးသမား ဖြစ်သည့်အတွက် မြှောက်ပင့်ပြောသော လူများကို မနှစ်သက်ချေ။ မိတ်ဆွေ ဖွဲ့ရာတွင် သူသည် ဘယ်သော အခါကမှ အဆင့်အတန်းကို ဂရုမစိုက်ဖူးပေ။ ထိုသည်က ယန်ချင်ယင်နှင့် တူလှပေ၏။ သူမသည် သူ့လို အစေခံ တစ်ယောက်ကိုပင် ကူညီသေးသည့် အတွက် ထိုကိစ္စများကို စိတ်ထဲ ထားလိမ့်မည် မဟုတ်ချေ။

လက်တွေ့တွင် မိုဝူကျီက ဖေးပင်းကျူကို နာမည်နှင့် ခေါ်ဖို့ ပို၍ ဆန္ဒရှိလေသည်။ သို့သော်လည်း ဖေးပင်းကျူ အတွက် ထိုကဲ့သို့ မဟုတ်ချေ။ ဖေးပင်းကျူ မျက်လုံးထဲတွင် မိုဝူကျီက အဆင့်အတန်း အလွန် မြင့်မားသော နေရာသို့ ရောက်ရှိနေလေ၏။ ထို့အပြင် သူနှင့် ဖေးပင်းကျူကြားမှ ဆက်ဆံရေးမှာ တင်းဘူအာတို့ ယွန်ကျန်းရီတို့နှင့် မတူညီလှပေ။

“စီနီယာ အစ်ကိုမိုက နေဖို့ ဓားအထွတ်အထိတ် နေရာများ ရှာနေတာလား ... ”

အလုပ်ခန်းမတွင် အချိန်ကြာမြင့်စွာ အလုပ် လုပ်လာသည့် အတွက် ဖေးပင်းကျူ၏ လေ့လာနှုန်းမှာ ပို၍ လျင်လာလေ၏။ မိုဝူကျီက ဘာမှ မပြောသေးခင်တွင် သူသည် မိုဝူကျီ လာရသည့် အကြောင်းရင်းကို မှန်းဆပြီးပြီ ဖြစ်လေသည်။

မိုဝူကျီက အမှန်တကယ်ပင် နေစရာ လာရှာရန် ရောက်လာခြင်း ဖြစ်သည်။ သူက ဖေးပင်းကျူ စကားများ ကြားသောအခါ သူက မေးကြည့် လိုက်လေသည်။

“ဂျူနီယာ ညီလေးဖေး မင်းက ငါ့ထက် ဂိုဏ်းအကြောင်း နားလည်တာ ဆိုတော့ ဘယ်ဓား အထွတ်အထိပ်က အဆင်ပြေမလဲ...”

“ပုံမှန်ဆိုရင် သတ္တမမြောက် ဓားအထွပ်အထိတ် ရှိတယ်ဗျ အဲဒီနေရာက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ ကြီးမြတ်တဲ့ ဓားအထွတ်အထိပ် ဆယ်ခုထဲက တစ်ခုပဲ ဒါပေမဲ့ အရင် သခင် ဂျူချီဂျန်း ကောင်းကင်ဖွေရှာ နန်းတော်ကို ထွက်သွားခဲ့ ကတည်းက အဲဒီနေရာက အလွတ် ဖြစ်နေခဲ့တာ အဲဒီနေရာက ဝိညာဉ် စွမ်းအားတွေလည်း ပေါကြွယ်ဝတယ် ပြီးတော့ ကျင့်ကြံခြင်းနဲ့ ဆေးလုံး ဖော်စပ်ဖို့လည်း တော်တော်လေး သင့်တော်တယ်...” ဖေးပင်းကျူက တစ်ခုခုကို တွေးမိဟန်ဖြင့် ချက်ချင်း ထုတ်ပြော လိုက်လေသည်။

“ကောင်းကင် ဖွေရှာ နန်းတော်က ဘယ်လို နေရာမျိုးလဲ အဲဒီ ဂျူချီဂျန်းကရော ဂိုဏ်းရဲ့ ဓားအထွတ်အထိပ် သခင် တစ်ယောက် ဖြစ်နေရက်နဲ့ ကောင်းကင် ဖွေရှာ နန်းတော်ကို သွားပြီးတော့ ပြန်မလာတော့ ဘူးလား ... ” မိုဝူကျီက နားမလည်စွာ မေးမြန်းလိုက်သည်။

ဖေးပင်းကျူက ခေါင်းကို ခါလိုက်ပြီးတော့ ပြောလိုက်လေ၏။

“ကျွန်တော်လည်း အများကြီး မသိဘူးဗျ ကောင်းကင်ဖွေရှာ နန်းတော်ကတော့ အင်ပါယာ ငါးခုထဲမှာ အထွတ်အမြတ် အထားဆုံး နေရာပဲ ကောင်းကင် နယ်ပယ် အဆင့်ကို ရှာဖွေဖို့ ပါရမီရှင်တွေချည်း သွားကြတာ ကြားဖူးတာက အင်ပါယာ ငါးခုထဲမှာ ကောင်းကင် အဆင့် ပါရမီရှင်တွေက ကောင်းကင် ဖွေရှာ နန်းတော်ကနေ ထွက်လာကြတဲ့ သူတွေပဲတဲ့ ဂိုဏ်းတိုင်းရဲ့ အထူးချွန်ဆုံး တပည့်တွေပဲ ကောင်းကင်ဖွေရှာ နန်းတော်ကို သွားခွင့်ရှိတယ် အဲဒီနန်းတော်ကို ဝင်ခွင့်ရတဲ့ သူအားလုံးက ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်တွေပဲ ... ”

ထိုစဉ် ဖေးပင်းကျူက အသံနိမ့် ပြောလိုက်လေ၏။

“နောက်တစ်ခု ပြောပြရဦးမယ် အင်ပါယာ ငါးခုမှာ စစ်ပွဲတွေ ရပ်ပြီး ဆေးလုံး ဖော်စပ်တာပဲ ပြိုင်တော့တာက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ မေတ္တာရပ်ခံချက် အရတဲ့ ... ”

မိုဝူကျီက ထပ်၍ မမေးတော့ပေ။ သူသည် ပေကျင်း တက္ကသိုလ်နှင့် ရှင်းဟွာ တက္ကသိုလ်တို့ကို အမှတ်ရလိုက်သည့် အတွက် ထိုကောင်းကင်ဖွေရှာ နန်းတော်သည် မြင့်မားသည့် အဆင့်အတန်း ရှိသော အထက်တန်းလွှာ ကျောင်းတော်တစ်ခု ဖြစ်ရမည်။

“သတ္တမမြောက် ဓားအထွတ်အထိပ် အကြောင်း ထပ်ပြောပြပါဦး တကယ်လို့ အဲဒီနေရာက အဆင်ပြေရင် အဲဒီကိုပဲ ရွှေ့လိုက် တော့မယ်လေ…” မိုဝူကျီက ဓားအထွတ်အထိပ် နေရာကို ရှာသည့် ကိစ္စ၌ ပြန်၍ အာရုံစိုက် လိုက်လေသည်။

ဖေးပင်းကျူက ချက်ချင်း ပြောလိုက်လေ၏။

“သတ္တမမြောက် ဓားအထွတ်အထိပ် သခင် ဂျူချီဂျန်းက ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုမျိုးပဲ သူ့နာမည်အရင်းက ဂျူကျားတဲ့ သတ္တမမြောက် ဓားအထွတ်အထိပ်ကို ရွေ့ပြောင်းပြီးမှ နာမည် ပြောင်းလိုက်တာ သူက ကျွန်တော်တို့ ဂိုဏ်းရဲ့ တကယ့် ပါရမီရှင် တစ်ဦးပဲ သူက အချိန်တိုအတွင်းမှာ ဓားအထွတ်အထိတ် သခင် တစ်ယောက် ဖြစ်လာရုံတင် မကဘူး ကျွန်တော်တို့ ဂိုဏ်းရဲ့ အကြီးအကဲတွေ ဂိုဏ်းခေါင်းဆောင်နဲ့ ယှဉ်လို့ ရလောက်တဲ့အထိ ပါရမီ ပါတယ် သူက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အရင် ရွေးချယ်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တယ် အဲဒီရက်တွေ အတွင်းမှာ သူက သွေးသံရဲရဲ လမ်းကို လျှောက်ပြီး ကောင်းကင်ဖွေရှာ နန်းတော်အတွက် အရည်ချင်း ပြည့်မီဖို့ သူ့အကျင့်စရိုက်တွေကို လုံးဝ ပြောင်းလဲ ပစ်ခဲ့တယ်…”

အဆုံးသတ်တွင် မိုဝူကျီက ဖေးပင်းကျူတွင် ပြောရခက်သော အရာများ ရှိနေသကဲ့သို့ တွေဝေမှု တချို့ ရှိနေဟန်ကို သတိပြုမိ လိုက်လေ၏။

“ဂျူနီယာ ညီလေးဖေး ငါတို့က မိတ်ဆွေတွေလေ ဘာလို့ တွေဝေနေတာလဲ တစ်ခုခု ပြောချင်ရင် ထုတ်ပြောလိုက်...” မိုဝူကျီက ချက်ချင်း ပြောလိုက် လေတော့သည်။

ဖေးပင်းကျူက ပတ်ဝန်းကျင်ကို တချက် အကဲခတ်ကာ မိုဝူကျီထံ တိုးတိုးလေး ကပ်ပြော လိုက်လေ၏။

“စီနီယာ အစ်ကိုမို သတ္တမမြောက် ဓားအထွတ်အထိပ် တောင်က တကယ် ကောင်းပေမဲ့ မသွားတာ ပိုကောင်းမယ်လို့ ခံစားနေရတယ်...”

“ဘာလို့လဲ ” မိုဝူကျီက သိချင်စွာ မေးကြည့် လိုက်လေသည်။

ဖေးပင်းကျူ၏ အသံက ပို၍ပင် တိုးဝင်သွားကာ

“သခင်ဂျူက သွားပေမဲ့ သူ့နာမည်က ကျန်နေသေးတယ် ကြားတာက အကြီးအကဲ တစ်ယောက်က သတ္တမမြောက် ဓားအထွတ်အထိပ်ကို ရွေးလိုက်တော့ သခင်ဂျူက မကျေနပ်ပဲ ပြန်လာတယ်တဲ့ ပြီးတော့ ရွေးလိုက်တဲ့ အကြီးအကဲလည်း သဲလွန်စမရှိဘဲ ပျောက်သွား တယ်တဲ့လေ ... ဒါက ကောလာဟလ ဆိုပေမဲ့ ကြားထဲမှာ အမှန်တရားတော့ ရှိတတ်ကြတာ ပဲလေ ပြီးတော့ကျ ဂိုဏ်းထဲက လူတော်တော် များများက သခင်ဂျူကို လေးစားကြတဲ့ လူတွေချည်းပဲ တကယ်လို့ အစ်ကိုမိုသာ ရွေးလိုက်ရင် သခင်ဂျူ နားထဲ ပြန်ရောက်သွားမှာ အသေချာပဲ ... ”

မိုဝူကျီက အားရပါးရ ရယ်မောလိုက်ရင်း

“သူက ထွက်သွား ပြီးပြီကို အခုထိ ကြီးစိုး နေတုန်းပဲလား...”

ဖေးပင်းကျူက ခြောက်ကပ်ကပ် ရယ်မော လိုက်သော်ငြား ဘာမှတော့ ပြန်၍ မပြောခဲ့ပေ။

“ဆေးလုံး သခင်မို ရောက်နေတာလား တကယ်လို့ ဆေးလုံးသခင်မိုက ဓားအထွတ်အထိပ် နေရာကို ရွေးမယ်ဆိုရင် ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ ” ဆေးလုံးဆရာ ခန်းမ၏ တာဝန်ခံ ယွန်ချီက အဝေးမှ လှမ်းပြော လိုက်လေသည်။

“အဲဒါ ဆိုရင်တော့ တာဝန်ခံယွန်ကို ကျေးဇူးတင်ရမှာပဲ ကျွန်တော်က သတ္တမမြောက် ဓားအထွတ်အထိပ် နေရာကို ရွေးဖို့ ရည်ရွယ် ထားတာဗျ ...” မိုဝူကျီက ဝေးဝေးလံလံမှ ပြန်၍ ဖြေလိုက်သည်။

ဖေးပင်းကျူက ဆက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

“စီနီယာ အစ်ကိုမို တကယ်လို့ အစ်ကို့မှာ ဝိညာဉ်စွမ်းအား အတွက် လိုအပ်ချက် များများစားစား မရှိရင် ပဒုမ္မာကြာ ဓားအထွတ်အထိပ် နေရာကို အကြံပေးချင်တယ် အရင် သခင်က ကွမ်လီတဲ့ သူက အရင်တုန်းက သွေးပဒုမ္မာ ကြာကန်မှာ နေခဲ့တာ ပဒုမ္မာကြာ ဓားအထွတ်အထိပ် နေရာမှာ အားနည်းချက် တစ်ခုပဲ ရှိတယ် အဒီနေရာက ဓားချောက်ကမ်းပါးနဲ့ အရမ်းကို ကပ်နေတာ အဲဒါကြောင့် ဝိညာဉ် စွမ်းအားတွေက နည်းနည်း သိပ်သည်းမှု အားနည်းတယ် သာမန်လူအတွက် ဆိုရင်တော့ ကောင်းနေပါပြီ ဒါပေမဲ့ ဝိညာဉ် တည်ဆောက်ခြင်း အဆင့်နဲ့ အထက်ဆိုရင်တော့ အဆင် မပြေလောက်ဘူး ... ”

ထိုအခိုက်အတန့်တွင် ယွန်ချီက ရောက်ရှိလာသည့် အတွက် ဖေးပင်းကျူက ချက်ချင်း ပါးစပ်ပိတ် လိုက်ရလေ၏။ ဖေးပင်းကျူသည် ပဒုမ္မာကြာ ဓားအထွတ်အထိပ် အကြောင်းကို ကောင်းစွာ သဘောပေါက်ဟန် ရှိလေသည်။ ယွန်ချီသာ ရောက်မလာပါက သူသည် သေချာ မေးမြန်းလို့ ရပေလိမ့်မည်။

မိုဝူကျီက ဖေးပင်းကျူကို ပုတ်လိုက်ပြီး

“ဂျူနီယာ ညီလေးဖေး အဲဒါဆို ဓားအထွတ်အထိပ် နေရာ သွားရွေး လိုက်ပါဦးမယ် နောက်မှ ဆက်ပြော ကြတာပေါ့ ... ”

ယွန်ချီက မိုဝူကျီထံ ပြုံးလျက် လျှောက်လာပြီး

“ဆေးလုံး သခင်မိုကို သတ္တမမြောက် ဓားအထွတ်အထိပ် နေရာကို ခေါ်သွားပေး ရမလား…”

ပဒုမ္မာကြာ ဓားအထွတ်အထိပ်သည် ဓားချောက်ကမ်းပါးနှင့် နီးသည်ကို ကြားထားပြီး၍ မိုဝူကျီက အဲဒီနေရာသို့ တိမ်းညွတ် နေလေပြီ။ သူက ရယ်မောကာ ပြောလိုက်လေသည်။

“မြေပုံပေါ်ကနေ နေရာတွေကို သေချာပြပေးဖို့ တာဝန်ခံယွန်ကို အကူအညီ တောင်းရတော့မှာပဲ ... ”

“အဲဒါဆို ဆေးလုံးသခင်မို ဓားအထွတ်အထိပ် အခန်းကို လိုက်ခဲ့ပေးပါဗျ” ယွန်ချီက လက်ဟန် အမူအရာဖြင့် မိုဝူကျီကို သူနောက်လိုက်လာရန် အချက်ပြ ခေါ်လိုက်၏။

တကယ်တမ်း မိုဝူကျီ၏ ဓားအထွတ်အထိပ်‌ ရွေးသည့် ကိစ္စကား တာဝန်ခံယွန်နှင့် မသက်ဆိုင်ပေ။ ယွန်ချီက မိုဝူကျီကို သူတို့ကြားမှ ဆက်ဆံရေး တိုးတက်ရန် အလို့ငှာ စတင် အကူညီပေးခဲ့ခြင်း ဖြစ်လေ၏။

ဓားအထွတ်အထိပ် အခန်းများက အလုပ်ခန်းမ၏ ဒုတိယအလွှာတွင် တည်ရှိလေသည်။ ယွန်ချီ၏ တည်ရှိမှုကြောင့် ဓားအထွတ်အထိပ် အခန်းမှ တပည့်များသည် လိုက်လိုက်လျောလျော ကူညီကြလေ၏။ သူတို့သည် မြေပုံကို ယူလာရုံသာမက လူလစ်ဟာနေသော ဓားအထွတ်အထိပ် တစ်ခုချင်းစီ၏ အသေးစိတ် မြေပုံပါ ထုတ်ယူ လာကြလေသည်။

မိုဝူကျီက မြေပုံကို ကြည့်လိုက်သော အခါ ဖေးပင်းကျူ ပြောသည့်အတိုင်း ပဒုမ္မာကြာ ဓားအထွတ်အထိပ်သည် ဓားချောက်ကမ်းပါးနှင့် အနီးဆုံးတွင် တည်ရှိလေသည်။

“ဆေးလုံး သခင်မိုက သတ္တမမြောက် ဓားအထွတ်အထိပ် နေရာကို စိတ်ဝင်စားပုံပဲ သူ့အတွက် သတ္တမမြောက် ဓားအထွတ်အထိပ် နေရာ မြေပုံကို ထုတ်ပေးလိုက်ပါဦး ” ယွန်ချီက မိုဝူကျီကို ဦးစွာ ကူညီပေးလိုက်သည်။

***

All Chapters