စိတ်ဝိညာဉ် ပြီးပြည့်စုံခြင်း
Vol. 152 Ch. 2095
ကျောက်တုံးနက်မြို့မှာ သူမ ထွက်သွားတုန်းကလိုပင် ရှိနေဆဲသာ။ သူမသည် မြို့ထဲသို့ ဝင်လာစဉ် မည်သည့်အစောင့်အကြပ်ကိုမျှ မတွေ့ခဲ့ရပေ။ မြို့အရှင်က အမိန့်တစ်ခု ရထားခဲ့သည့်အလား။
သို့သော် သူမ အိမ်သို့ ပြန်ရောက်လာသည့်အခါ၌ သူမသည် နေရာတွင် ရပ်နေသော လူနှစ်ယောက်ကို တွေ့မြင်သည်။ တစ်ယောက်မှာ ဆံပင်ဖြူများနှင့် အဘွားအိုတစ်ယောက်ဖြစ်ပြီး တစ်ယောက်ကတော့ မိန်းကလေးငယ်တစ်ယောက်ပင်။
“ဒေါ်ဒေါ်ချန်…ညီမတန်…၊ ငါ ပြန်ရောက်ပြီ…” စုန့်ကျိက အောက်နှုတ်ခမ်းကို ကိုက်၍ ပြုံးသည်။
ကျောက်တုံးမြို့၏အပြင်ဘက်တွင် ဝမ်လင်းသည် စုန့်ကျိရှိခဲ့သော နေရာတွင် ရပ်ကာ မြို့ကို ကြည့်နေ၏။ တအောင့်အကြာတွင် သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။ ထိုအမျိုးသမီး စုန့်ကျိမှာ သနားဖို့ သိပ်ကောင်း၏။ ဝမ်အာ၏ စိတ်ဝိညာဉ်နှင့် ပေါင်းစည်းခဲ့ရခြင်းက သူမအတွက် ကြီးစွာ အန္တရာယ် ဖြစ်စေခဲ့သည်။ သူမ၏ မှတ်ဉာဏ်များ ကပျောက်ကပျက် ဖြစ်ခဲ့ကာ သူမကိုယ်သူမ မည်သူဖြစ်သည်ကို မပြောနိုင် ဖြစ်ခဲ့ရသည်။
ဝမ်လင်းသည် သူမ၏ အားနည်းမှုနှင့်အသက်ကို လစ်လျူရှုကာ လီမူဝမ်၏ စိတ်ဝိညာဉ်ကို ပြန်ပိုင်းခြား ခွဲထုတ်နိုင်ပေ၏။ သို့ပေမည့် ထိုသို့လုပ်ပါက ရလဒ်သည် သူမ၏အသက်ဓာတ်ကို ငြှိမ်းသေသွားစေပေလိမ့်မည်။
ဝမ်လင်းသည် နှစ်ပေါင်းထောင်ချီ ကျင့်ကြံခဲ့၏။ လူအများက သူ့ကို ရက်စက်သွေးအေးသူဟု ထင်မြင်တွေးခဲ့ကြသည်။ သို့သော် သူသည် လူသားတစ်ယောက် ဖြစ်နေဆဲပင်။ သူသည် ထိုသို့ မလုပ်ချင်ခဲ့ပေ။ ထို့ကြောင့် သူသည် သူမကို ဒီနေရာသို့ ပြန်ခေါ်လာဖို့ နှစ်နှစ်တာနီးပါး အချိန်အသုံးပြုခဲ့သည်။ လမ်းတလျှောက်တွင် သူက သူ့ကျင့်ကြံမှုကို သူမ၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်သွင်းပေးခဲ့သည်။ ထိုမှသာ သူမ၏ခန္ဓာကိုယ်ထဲမှ လီမူဝမ်၏ စိတ်ဝိညာဉ်ကို ထုတ်ယူရာ၌ သူမကို အန္တရာယ် မဖြစ်စေမည် ဖြစ်၏။
“သူမက အပြစ်ကင်းတယ်။ သူမကြောင့် ငါဟာ ဝမ်အာရဲ့စိတ်ဝိညာဉ်ကို ရှာဖွေတွေ့နိုင်ခဲ့တာ။ ဒါ့ကြောင့် သူမကို အန္တရာယ် မဖြစ်စေသင့်ဘူး။ ငါ သူမနဲ့အတူ ချန်ထားရစ်ပေးခဲ့တဲ့ ကျောက်စိမ်းပြားထဲမှာ ငါ့နတ်ဘုရားအာရုံ ပါဝင်တယ်။ ဒါက သူမကို ဘေးကင်းစေမှာပါ…”
“ကျိတု…မင်း သူမကို ငါ့အစား ဂရုစိုက်ပေးရမယ်…” ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
ဝမ်လင်းနောက်တွင် လှိုင်းဂယက်များ ပေါ်လာပြီး မင်းသားကျိတုသည် လှမ်းထွက်လာသည်။ သူက တလေးတစား ပြောလိုက်၏။ “မွေးစားအဖေရဲ့ အမိန့်အတိုင်းပါ…”
“မြို့အရှင်ကို စုန့်ကျိကို စောင့်ရှောက်ပေးဖို့၊ ဘာအန္တရာယ်မှ မကြုံရစေဖို့ ကျနော် မှာကြားထားပြီးပါပြီ။ ကျေးဇူးပြုပြီး စိတ်ချပေးပါ။ ကျနော် သူမကို ကာကွယ်ဖို့ ဒီမှာ အစောင့်အကြပ်တွေကိုလည်း ပို့ပေးထားခဲ့ပြီးပါပြီ…”
မင်းသားကျိတုသည် သူ၏မွေးစားအဖေဖြစ်သူ ဝမ်လင်းအတွက် စုန့်ကျိသည် မည်မျှ အရေးကြီးသည်ကို သိ၏။ ထို့ကြောင့် သူသည် ထိုကိစ္စကို မပေါ့ဆဝံ့ပေ။
မင်းသားကျိတု ဒီနေရာတွင် ရှိနေရသည့် အကြောင်းရင်းမှာ သူ၏ စူးစမ်းတွေးတောချက်ကြောင့်ပင်။ ဝမ်လင်းသည် သည်နေရာသို့ လာနိုင်ချေ ရှိသည်ဟု သူ ထင်ထားခဲ့ပေ၏။ သူသည် ရှေးတောက်မှ ပြန်လည်ကတည်းက ဒီမြို့တွင် စောင့်နေခဲ့တာပင်။ အခု ဝမ်လင်းသည် နောက်ဆုံးတော့ ရောက်လာခဲ့ပေပြီ။
ဝမ်လင်းသည် မင်းသားကျိတု ဒီနေရာတွင် စောင့်နေသည့်အပေါ် မည်သည့်စိတ်ခံစားမှုမျှ မပြပေ။
“သွားကြစို့…” ဝမ်လင်းသည် ကျောက်တုံးနက်မြို့သို့ တချက် ထပ်ကြည့်လိုက်သည်။ ထို့နောက် သူသည် အကွာအဝေးတစ်ခုထံ လျှောက်လာ၏။
ကျိတုက သူ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ဝမ်လင်းနောက် လိုက်လာ၏။
ဝမ်လင်းက ရှေ့ကနေ ဦးဆောင်လျှောက်ကာ တည်ငြိမ်စွာ ဆိုသည်။ “ငါ့အတွက် နေရာတစ်ခု ပြင်ဆင်ထားပေး၊ ငါ တံခါးပိတ်ကျင့်ကြံတော့မယ်…”
“ဒီကောင်လေးရဲ့ နန်းတော်မှာ လျှို့ဝှက်ခန်းတစ်ခု ရှိပါတယ်။ မွေးစားအဖေ ဒီအခန်းကို သဘောမကျရင် ကျိတုက နောက်ထပ်တစ်ခု ချက်ခြင်း ဖန်တီးပေးပါ့မယ်…”
မင်းသားကျိတုက ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။
ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သူတို့ပတ်လည်ရှိ လောကသည် တွန့်ခေါက်ပုံပျက်ကာ သူတို့နှစ်ယောက်လုံး ပျောက်ကွယ်သွား၏။ ထို့နောက်တွင် သူတို့သည် မင်းသားကျိတု၏ နန်းတော်တွင် ပြန်ပေါ်လာသည်။
“ဒီလျှို့ဝှက်ခန်းက အဆင်ပြေတယ်။ ငါ့ခွင့်ပြုချက် မရှိဘဲ ဘယ်သူမှ လာနှောက်ယှက်ခွင့် မရှိဘူး…” ဝမ်လင်း၏အကြည့်က နန်းတော်ပေါ်သို့ ကျရောက်သွားသည်။ သူသည် လျှို့ဝှက်ခန်းထဲ ဝင်ရောက်ရန် ရွေးချယ်လိုက်သည်။
ဝမ်လင်းသည် ထိုအခန်းသို့ ဝင်တော့မည်ကို တွေ့မြင်သည့်အခါ မင်းသားကျိတုသည် ချီတုံချတုံ ဖြစ်နေ၏။ သူသည် တစ်ခုခုကို ပြောချင်နေကာ ပြောရမည်ကိုလည်း စိုးရွှံ့နေပုံ ပေါ်နေ၏။
ဝမ်လင်းသည် အခန်းထံ လမ်းတဝက် ရောက်လာသည့်အခါ ခဏ ရပ်ကာ မင်းသားကျိတုကို လှမ်းကြည့်သည်။ “မင်း ရှေးရှီအင်ပါယာ ဖြစ်လာချင်ရင် မဟာအင်ပါယာစုန့်ထျန်က အဓိကအချက်ပဲ မဟုတ်လား။ သူသာ မင်းကို အင်ပါယာအဖြစ် အသိအမှတ်ပြုရင် အရာအားလုံးကို ရိုးရှင်းသွားလိမ့်မယ်…”
မင်းသားကျိတုက အကူအညီမဲ့ဟန် ပေါ်နေ၏။ သူက ခါးသီးစွာ ပြုံး၍ ပြောသည်။
“ဒီကောင်လေးက အရှင်စုန့်ကို ဘယ်လိုများ စော်ကားမိခဲ့လဲ မသိပါဘူး။ အများအားဖြင့် ကျနော် သူ့ကို သွားတွေ့တဲ့အခါတိုင်း သူက ကျနော်နဲ့ မတွေ့ဆုံဘူး။ နန်းတော်ထဲမှာ သူ့ကို တွေ့ခဲ့ရတဲ့အချိန်မှာတောင်မှ သူက အတော့်ကို အေးစက်စက် ပြုမူပါတယ်…”
“ကျုပ်ရဲ့ညီဖြစ်တဲ့ ချီမန်ဆို အရှင်စုန့်နဲ့ အတော့်ကို နီးနီးကပ်ကပ် ရှိပါတယ်။ သူဟာ မူလတောင်မှာ နေထိုင်ပြီး အရှင်စုန့်က သူ့ကို တပည့်အဖြစ် လက်ခံလိုက်ပြီလို့တောင် ဆိုကြတယ်…”
“အဖေကလည်း ချီမန်နဲ့ ပတ်သတ်လို့ အတော်လေး အလေးထားတယ်။ ရှေးရှီတစ်ခုလုံးက သူ့ကို နောက်တက်လာမယ့် အင်ပါယာအဖြစ် သိရှိထားကြတယ်…”
မင်းသားကျိတုက ခါးသီးစွာ ပြောသည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်ပင်။ ထိုသည်ကို ကြားသည့်နောက် သူသည် ငြိမ်သက်စွာ ခဏ စဉ်းစား၏။
“ကလန်တစ်ခုစီရဲ့ မဟာအင်ပါယာက အင်ပါယာမျိုးဆက်တိုင်းကို ရည်ညွှန်းထောက်ခံပေးကြတယ်။ ဒါပေမဲ့ မင်း အနေနဲ့ ကြိုပြင်ဆင်ထားလိမ့်မယ်လို့ ငါ ထင်တယ်…”
ဝမ်လင်းသည် မင်းသားကျိတုကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် လှမ်းကြည့်သည်။
မင်းသားကျိတုက ချက်ခြင်းပင် ဝမ်လင်းက သူ့အား အလုံးစုံ ဖြတ်မြင်လိုက်သလို ခံစားမိလိုက်ရ၏။ သူ့အတွေးများပင် ဝမ်လင်းရှေ့တွင် ဖုံးကွယ်မထားနိုင် ဖြစ်ရ၏။
“မင်းသားကျိတုက ဒူးထောက်ကာ တလေးတစား ပြောလိုက်၏။ ဒီကောင်လေး ပြင်ဆင်နေတုန်းပါ။ ကျနော် မကျရှုံးချင်ဘူး။ အင်ပါယာ ဖြစ်လာချင်တယ်။ ကျနော်သာ အင်ပါယာဖြစ်လာမယ့် အခွင့်အရေးကို ဆုံးရှုံးလိုက်တာနဲ့ နောက်ထပ် ဒုတိယမြောက် အခွင့်အရေးဆိုတာ ရှိလာနိုင်တော့မှာ မဟုတ်ဘူး…”
“ဉာဏ်ရည်ဉာဏ်သွေးဖြစ်ဖြစ်၊ လှည့်ဖြားနိုင်စွမ်းမှာ ဖြစ်ဖြစ် ကျနောက် ချီမန်ထက် ပိုသာတယ်။ ကျနော် အရှုံးမပေးချင်ဘူး…”
“မွေးစားအဖေက ကျနော့်ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်။ ကျနော်သာ အင်ပါယာ ဖြစ်လာတာနဲ့ အရင်သဘောတူထားချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးမှာပါ။ ဒီသဘောတူညီကို မဖျက်ဝံ့ပါဘူး…”
ဝမ်လင်း၏အမူအရာက တည်ငြိမ်စွသာ ရှိနေ၏။ သူက ပြောလာသည်။ “မင်းရဲ့ ညီအပြင် နောက်ထပ် ရန်သူတစ်ယောက်လည်း ရှိလောက်အုံးမယ်…”
“စီနီယာအစ်ကိုလည်း ရှိပါသေးတယ်။ သူ…သူဟာ မွေးလာတဲ့အခါမှာတုန်းက လောကမှာ ပြောင်းလဲမှု တစ်ခု ဖြစ်ခဲ့တယ်။ ဒါက မဟာအင်ပါယာကူးတောက်ရဲ့ အာရုံစိုက်မှုကို ရစေခဲ့ပြီး လက်ဆောင်တစ်ခု သူ့အတွက် ပို့ပေးခံခဲ့ရတယ်…”
“သူလည်း အင်ပါယာနေရာဖို့ ရဖို့အတွက် မြင့်မားတဲ့ ဖြစ်နိုင်ချေ ရှိသူပါ…” ကျိတုက ခါးသီးစွာ ပြုံးမိနေ၏။
ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ပြောလာသည်။ “ငါ မင်းရဲ့ ကြိုပြင်ဆင်မှုတွေကို အရေးမစိုက်ဘူး။ ဒါပေမဲ့ သူ မင်းကို နောက်တက်လာမယ့် အင်ပါယာအဖြစ် ညွှန်းဆိုထောက်ခံပေးနိုင်မလားလို့ မေးရအောင် ငါ စုန့်ထျန်နဲ့ သွားတွေ့ပေးမယ်…”
မင်းသားကျိတုက ထိုသည်ကို ကြားသည့်အခါ ဝမ်းပမ်းတသာ ဖြစ်သွား၏။ သို့သော် သူ၏အမူအရာက များများစားစား မပြောင်းလဲသွားပေ။ သူက တလေးတစားသာ ခေါင်းညိတ်လိုက်၏။
“ငါတို့ ဒီကိစ္စကို ငါ တံခါးပိတ်ကျင့်ကြံပြီး ပြန်ထွက်လာရင် ပြောကြတာပေါ့။ တခြား အရေးကြီး ကိစ္စမရှိတော့ရင် ငါ့ကို လာမနှောက်ယှက်နဲ့တော့…”
ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်ကာ အခန်းထဲသို့ ပြန်လှည့်ဝင်ရောက်သွား၏။ တံခါးပိတ်သွားပြီးနောက် နန်းတော်သည် ငြိမ်သက်တိတ်ဆိတ်သွားသည်။
ကျိတုသည် နေရာတွင် နောက်ထပ်အချိန်ခဏ ဒူးထောက်နေသေး၏။ ထို့နောက်တွင် သူသည် တလေးတစား ထလိုက်ကာ သူ၏မျက်လုံးထဲရှိ ပျော်ရွှင်သည် လှစ်ဟပေါ်လာသည်။
“မွေးစားအဖေရဲ့စွမ်းအားနဲ့ဆို အရှင်စုန့်ဟာ သူ့စိတ်ကို အမှန်တကယ် ပြောင်းလဲချင် ပြောင်းလဲလိမ့်မယ်။ ဒါပေမဲ့ ငါ့အနေနဲ့ ငါ့အစီအစဉ်ကိုလည်း စဖို့ လိုပြီ။ ဒီတစ်ကြိမ် ငါ တိုက်ခိုက်ရတော့မယ်။ ငါသာ အောင်မြင်ခဲ့ရင် နှစ်နှစ်ရာအတွင်းမှာ ငါ ကျိတုဟာ ရှေးရှီရဲ့ အင်ပါယာတစ်ယောက် ဖြစ်လာလိမ့်မယ်…”
မင်းသားကျိတုသည် စိတ်လှုပ်ရှားနေ၏။ သူသည် အသက်အနည်းငယ် ခပ်ပြင်းပြင်း ရှုရှိုက်ကာ သူ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်၏။ သူသည် ချက်ခြင်းပင် သည်နေရာကို တားမြစ်ဧရိယာအဖြစ် အမိန့်ပေးလိုက်ကာ ဝင်လာဝံသူတိုင်း ချက်ခြင်း အသက်ခံရမည်ဟု အမိန့်ထုတ်သည်။
သူသည် သည်နေရာကို နေ့နေ့ညည စောင့်ကြပ်ဖို့ အစောင့်များကိုပါ ခေါ်လာခဲ့သေးသည်။
ဝမ်လင်းသည် လျှို့ဝှက်ခန်းထဲသို့ လှမ်းလာကာ ဘေးပတ်လည်သို့ ကြည့်သည်။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ အတားအဆီးများစွာသည် အခန်းအတွင်း ပြန့်ကြဲသွားကာ ဒီအခန်းတစ်ခုလုံးကို ချိပ်ပိတ်သည်။ ဝမ်လင်း၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် သူ နေရာချထားသော အတားအဆီးများက မဟာအင်ပါယာများသည်ပင် သူ မသိပါဘဲ ဒီနေရာသို့ ဝင်လာ၍ ရလိမ့်စေမည် မဟုတ်ပေ။
သူသည် အခန်းကြမ်းပြင်တွင် ထိုင်ချလိုက်၏။ သူ၏မျက်လုံးက အရောင်တောက်လာသည်။ သူသည် စုန့်ကျိကို အိမ်ပြန်ပို့ပေးပြီးနောက် ရှေးရှီသို့ လာရောက်ခြင်းက မင်းသားကျိတုကို ရှေးရှီအင်ပါယာဖြစ်လာအောင် ကူညီပေးရန်အပြင် သူ့အတွက်လည်း လေးနက်သော အဓိပ္ပာယ်တစ်ခု ရှိနေသည်။
“စိတ်ဝိညာဉ်သွေးတစ်စက်ဟာ ဝမ်အာရဲ့ စိတ်ဝိညာဉ်ကို ထာဝရနတ်ဘုရားနယ်မြေထဲ ဝင်ရောက်စေဖို့ မလုံလောက်နိုင်သေးဘူး…” ခရမ်းရောင်ယင်ကလန်မှာတုန်းက ဝမ်လင်းသည် ထာဝရနတ်ဘုရားနယ်မြေနှင့် ပတ်သတ်၍ မှတ်တမ်းများကို ကန်းနီထံမှ တွေ့မြင်ခဲ့ဖူးသည်။
ထာဝရနတ်ဘုရားနယ်မြေနှင့် ပတ်သတ်သည့် ဖော်ပြချက် အချို့ ရှိပေသည်။ ၎င်း ပေါ်လာသည့်အခါ မည်သူကမျှ ဘယ်အချိန် ပေါ်လာမည်ကို မသိကြပေ။ သို့သော် သူသည် ထိုနယ်မြေမှ စုစည်းနိုင်သည်မှာ သည်နေရာရှိ လောက၏ လည်ပတ်လုပ်ဆောင်မှုများထံမှ လူတစ်ယောက်ကို ပုန်းကွယ်ထားနိုင်သော စွမ်းအားကိုပင်။
ဤသည်မှာ ရှေးတောက်အင်ပါယာဆရာသခင် ပြောခဲ့သောအရာနှင့် အတော်လေး တူညီနေ၏။ ထို့ကြောင့်လည်း ဝမ်လင်းသည် ရှေးတောက်အင်ပါယာဆရာသခင်က အစီအရင်ကို အသက်သွင်းကာ ထာဝရနတ်ဘုရားနယ်မြေကို ဖွင့်လှစ်ခြင်းကို ခွင့်ပြုခဲ့တာ ဖြစ်သည်။
“ဝမ်အာရဲ့ ခန္ဓာကိုယ်ဟာ ထာဝရနတ်ဘုရားနယ်မြေမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ရှေးတောက်အင်ပါယာဆရာသခင်ရဲ့ အကူအညီအရ စိတ်ဝိညာဉ်သွေးဟာ ဝမ်အာကို ရှင်သန်စေနိုင်မှာ ဖြစ်ပေမယ့် သွေးတစ်စက်တည်းနဲ့ လုံလောက်မှာ မဟုတ်တာ သိသာတယ်…”
“ရှေးတောက်အင်ပါယာဟာ ထာဝရနတ်ဘုရားနယ်မြေကို ဖွင့်လှစ်ခဲ့တယ်။ သူက အမှန်တရားကို ငါ သိစေရမယ် ဆိုပြီး ဖြားယောင်းရာမှာ အသုံးပြုခဲ့တယ်။ ပြီးတော့ ငါ အဲ့နေရာကို သွားရအောင်လို့ ဝမ်အာရဲ့ ပြန်လည်မွေးဖွားခြင်းကို တည်ကြက်အဖြစ် အသုံးပြုတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရည်ရွယ်ချက်က သူ့ကို ငါ ယုံကြည်အောင် လုပ်ဖို့ပဲ။ ဒါ့ကြောင့် သူဟာ အနည်းဆုံးတော့ ဝမ်အာရဲ့ စိတ်ဝိညာဉ်နဲ့ ပတ်သတ်ပြီး အမှန်ကို ပြောခဲ့တာ ဖြစ်ဖို့များတယ်…”
“မဟုတ်ရင် ငါ အဲ့ကို သွားဖို့ လိုလိမ့်မှာ မဟုတ်ဘူး…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားန၏။ သူ ကျိတုကို ကူညီပေးရသည့် အဓိကအကြောင်းရင်းမှာ သူ့အနေဖြင့် စိတ်ဝိညာဉ်သွေး ပိုလိုအပ်သောကြောင့်ပင်။ သူ စိတ်ဝိညာဉ်သွေးကို ထပ်မံရဖို့ နောက်ဆုံးစမ်းသပ်မှုကို ဖြတ်ကျော်ဖို့ငှာ ရှေးဘုံကျောင်းကို သွားရောက်ရပေမည်။
ထိုမှသာ ရှေးဘိုးဘေး၏ အသိအမှတ်ပြုမိကို ထပ်ရကာ ပိုများသော စိတ်ဝိညာဉ်သွေးကို ရဖို့အတွက် အခွင့်အရေးတစ်ခု ရှိနိုင်ပေမည်။
“ငါ ရှေးတောက်ကို ပြန်မသွားတော့ဘူး။ ပြီးတော့ ရှေးဘုံကျောင်းကို ဖွင့်လှစ်နိုင်တဲ့ အာဏာဟာ မဟာအင်ပါယာတွေ လက်ထဲမှာ မဟုတ်ဘူး။ အဲ့အာဏာကိုတော့ ခုလက်ရှိ အင်ပါယာကသာ ပိုင်ဆိုင်တယ်…”
“လော့ချန်က ရှေးတောက်အင်ပါယာအဖြစ် အသိအမှတ် ပြုခံရပေမယ့် ငါ အဲ့ကို ပြန်မသွားချင်သေးဘူး…” ဝမ်လင်းသည် သက်ပြင်းချ၏။
“ရှေးဂျီကတော့ သူတို့နဲ့ ပတ်သတ်ပြီး ငါ ပတ်သတ်မှု သိပ်မရှိဘူး၊ ရှေးရှီက ငါ့အတွက် အများကြီး ပိုသင့်တော်တယ်။ အထူးဖြင့် မင်းသားကျိတုက ရည်ရွယ်ချက် ကြီးမားပေမယ့် သူဟာ ငါ့ ရည်ရွယ်ချက်တွေကို ဆန့်ကျင်ဝံ့လိမ်မှာ မဟုတ်တာပဲ…”
“နှစ်ပေါင်းငါးရာ…နောက်နှစ်ပေါင်းငါးရာ…” ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းကာ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ သလင်းကဲ့သို့ ကြည်လင်သော ခေါင်းတလားတစ်ခုသည် သူ၏ရှေ့တွင် ပေါ်လာသည်။
လီမူဝမ်သည် ထိုခေါင်းတလားထဲ၌ အိပ်ပျော်နေသလို ထင်ရ၏။ ဝမ်လင်းက လီမူဝမ်ကို ကြည့်သည်။ သူ၏အမူအရာက နူးညံ့လာ၏။ သူက ဘယ်လက်ကို ပင့်မြှောက်ကာ သူ့နှဖူးထံ ထိလိုက်၏။ ငွေရောင်အလင်းတန်းတစ်ခု တောက်ပသွားလေသည်။
ထိုငွေရောင်အလင်းတန်းထဲ၌ ဝိုးတဝါးအရိပ်တစ်ခု ရှိနေ၏။ ထိုအရိပ်သည် လီမူဝမ်၏ စိတ်ဝိညာဉ်အပိုင်းအစပင်။
“ဝမ်အာ…ခုချိန်ကစပြီး နင့်ရဲ့ စိတ်ဝိညာဉ်ဟာ ပြီးပြည့်စုံသွားပြီ။ ငါ နင့်ကို ပြန်အသက်ရှင်အောင် လုပ်မယ်။ ဆယ်စုနှစ် မဟုတ်ဘူး။ တသက်လုံး အသက်ရှင်အောင် လုပ်ပေးမယ်…”
ဝမ်လင်းသည် သူ့လက်ချောင်းကို ပင့်မြှောက်၏။ အလင်းတန်းတစ်ခုသည် လီမူဝမ်၏ စိတ်ဝိညာဉ်အပိုင်းအစထံ ဦးတည်သွားသည်။ သူမ၏မျက်တောင်များက ရုတ်တရက် လှုပ်ခတ်သွားသလို ထင်ရသည်။ သူမသည် နိုးထလာတော့မည့်အလား။ သို့သော် ထိုလှုပ်ခတ်မှုမှာ မကြာခင် ပြန်တည်ငြိမ်သွား၏။
သို့ပေမည့် သလင်းကဲ့သို့ ကြည်လင်သော မျက်ရည်စီးကြောင်းနှစ်ခုသည် သူမ၏မျက်လုံးထောင့်တို့မှ စီးကျလေသည်။