အချိန်
Vol. 152 Ch. 2096
ခေါင်းတလားထဲရှိ လီမူဝမ်ကို ကြည့်ကာ ဝမ်လင်းက သူမ၏ တုန်ယင်နေသော မျက်တောင်ခွံနှင့် မျက်ရည်တို့ကို မြင်သည်။ ဝမ်လင်းသည် သူမ၏ မျက်ရည်တို့ကို ညင်ညင်သာသာ သုတ်ပေးလိုက်သည်။ မျက်ရည်စက်များသည် သူ့လက်ချောင်းပေါ်တွင် တွဲခိုနေဆဲပင်။
သူက ထိုမျက်ရည်တို့ကို သူ့ပါးစပ်သို့ တေ့ကာ ထိလိုက်၏။ ယင်းမျက်ရည်တို့မှာ ခါးသက်လွန်းသည်။ သို့သော် ချိုသာမှုအငွေ့အသက် ရှိ၏။ ဤသည်မှာ ဖော်ပြ၍ မရသော ခံစားချက်ပင်။ ဝမ်လင်းသည် လီမူဝမ်ကို အချိန်အကြာကြီး ကြည့်နေသည်။ သူသည် အချိန်ကုန်လွန်သည်ကိုလည်း အရေးမစိုက်မိတော့ပေ။
ဤသို့ဖြင့် တစ်ရက်တာ ကြာသွား၏။ ဝမ်လင်း၏စိတ်နှလုံးမှာလည်း တဖြည်းဖြည်း တည်ငြိမ်လာသည်။ သူက မျက်လုံးမှိတ်၏။ သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ သူ၏မျက်လုံးထဲတွင် ပြတ်သားမှုနှင့်ခိုင်မာမှုတို့ ပြည့်နေချေသည်။
ဝမ်လင်းက ခါးညွှတ်ကာ သူ့မျက်နှာဖြင့် လီမူဝမ်၏ ဖြူရောသော နှုတ်ခမ်းတစုံဖြင့် ထိကာ သူ တစ်ယောက်သာ ကြားနိုင်သည့် စကားတို့ကို သူမ၏နားနားကပ်၍ ခပ်တိုးတိုး ဆိုသည်။
တအောင့်အကြာတွင် ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ပြန်ရုတ်၏။ လီမူဝမ်၏ ခေါင်းတလားသည် သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။ လျှိ့ဝှက်ခန်းအတွင်း၌ ဝမ်လင်းတစ်ယောက်သာ ကျန်တော့သည်။
မလှမ်းမကမ်းတွင် ဆီမီးအိမ်တစ်ခု ရှိနေသည်။ ထိုဆီမီးအိမ်သည် တော်တော်လေးဆန်းပြားသည်။ ပြင်ပအား မရှိပါဘဲ ၎င်းက နှစ်ပေါင်းထောင်ချီ လောင်ကျွမ်းနေ၏။ ခုခါ၌ သည်မှောင်နေသော အခန်းထဲတွင် ထိုမီးအိမ်က မှိတ်တုတ်မှိတ်တုတ်အလင်းကို ပေးစွမ်းနေသည်။
ဝမ်လင်းက ဘယ်လက်ဖြင့် လေဟာနယ်ထံ ဆန့်ထုတ်၏။ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ၏လက်ထဲတွင် ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ် ပေါ်လာ၏။ ထိုစိတ်ဝိညာဉ်က မျက်လုံးမှိတ်ထားလျက် ရှိ၏။ ၎င်းသည် ရွှေရောင်အလင်းဖြင့် ဖုံးလွှမ်းနေသော်ငြားလည်း ၎င်းထံမှ ပျက်စီးဆွေးမြေ့ခြင်း၏ မီးခိုးရောင်ကို အားကောင်းစွာ ထုတ်လွှတ်နေသည်။
ထိုစိတ်ဝိညာဉ်ကို ကြည့်ကာ ဝမ်လင်းက ချီတုံချတုံ ဖြစ်နေ၏။ သို့သော် သူသည် အံတင်းတင်းကြိတ်ကာ အစိမ်းရောင်မီးတို့ကို ထွေးထုတ်လိုက်၏။ ထိုမီးတို့မှာ သူ၏ စိတ်ဝိညာဉ်မီး ဖြစ်ပြီး ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကို စတင်လောင်ကျွမ်းတော့သည်။
“ဒီစိတ်ဝိညာဉ်ဟာ ငါ့အတွက် အသုံးဝင်ချင်လည်း ဝင်နိုင်တယ်၊ ဒါမှမဟုတ် ငါ မျှော်လင့်ထားသလို ရှေးကျိန်စာကို ဖယ်ရှားဖို့အတွက် မလုပ်ဆောင်နိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီဖြစ်စဉ်က အတော်လေးတော့ နှေးကွေးလိမ့်မယ်…”
ဝမ်လင်းသည် သူ၏စိတ်ဝိညာဉ်မီး ဝန်းရံထားသော ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကို ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက သူ့အကြည့်ကို ပြန်ရုတ်ကာ မျက်လုံးမှိတ်၏။ သူ၏အသက်ရှုသံသည် တိုးညှင်းနေ၏။ သူသည် မလှုပ်မယှက် ရှိနေသည်။
အချိန် ကုန်လွန်လာသည်။ မျက်စိတမှိတ်အတွင်း သုံးနှစ်တာ ကုန်လွန်သွားခဲ့လေပြီ။
သည်သုံးနှစ်အတွင်း မည်သူကမျှ ဝမ်လင်းကို လာမနှောက်ယှက်ကြပေ။ သူသည် လျှို့ဝှက်ခန်းအတွင်း၌ တစက်မျှ မလှုပ်ရှားဘဲ ရှိနေခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲပ ရှေးစွမ်းအားနှင့် ကောင်းကင်ဘုံကျင့်ကြံမှုက ချောမွေ့စွာ စီးဆင်းနေသည်။ သို့ပေမည့် ရှေးစွမ်းအားနှင့် ကောင်းကင်ဘုံစွမ်းအားတို့ ပေါင်းစည်းမှုကို သူသည် တပါတ်ပြည့်အောင် မလည်ပတ်နိုင်သေးဘဲ ၎င်းစွမ်းအားသည် အကွာအဝေးတိုတစ်ခုသာ ရွှေ့လျားနိုင်သည်
စိတ်ဝိညာဉ်မီးဖြင့် သန့်စင်ခြင်း ခံနေရသော ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်မှာလည်း များများစားစား မပြောင်းလဲသွားပေ။ သို့ပေမည့် ထိုစိတ်ဝိညာဉ်အတွင်းရှိ ပျက်စီးယိုယွင်းမှုကတော့ အတော်လေး အရှိန်နှေးသွားသည်။
ဝမ်လင်းသ်ည အပြင်ဘက်တွင် ဖြစ်နေသည့် အရာများနှင့် ပတ်သတ်၍လည်း အတွေးရှိမနေပေ။ သူ၏လျှို့ဝှက်ခန်းကိုလည်း လူအများက စောင့်ကြပ်ထားကာ မည်သူမှှ ဝင်ခွင့်မပြုပေ။
သည်သုံးနှစ်အတွင်း မင်းသားကျိတုက ထွက်မသွားဘဲ နန်းတော်ထဲ၌သာ ကိစ္စများ စီစဉ်နေခဲ့၏။ တခါတရံ အပြင်မှ လူများ ရောက်လာကာ သူနှင့် လျှို့လျှို့ဝှက်ဝှက် စကားပြောဆိုကြ၏။ ထို့နောက် သူတို့သည် စိတ်လှုပ်တရှားမှုအပြည့်ဖြင့် ခပ်မြန်မြန် ပြန်သွားတတ်သည်။
သုံးနှစ်အတွင်း မင်းသားကျိတုက လေနှင့်မိုးကဲ့သို့ပင်။ ကိစ္စရပ်များ မည်မျှ အရေးကြီးပါစေ သူသည် ဝမ်လင်း၏ လျှို့ဝှက်ခန်းအပြင်ဘက်တွင် ကိုယ်တိုင်ကိုယ်ကျ နာရီဝက်လောက် ရပ်နေပြီးမှ တလေးတစား ပြန်ထွက်သွားတတ်၏။
သုံးနှစ်ပြည့်ပြီးနောက် ယနေ့တွင် ဝမ်လင်းသည် ပထမဆုံးအကြိမ်အဖြစ် မျက်လုံးဖွင့်လာ၏။ သူ မျက်လုံးဖွင့်လာသည့်အခိုက်တွင် သလင်းကဲ့သို့ ကြည်လင်သောအလင်းတန်းနှစ်ခု တောက်ပသည်။
သူ၏ခန္ဓာကိုယ်တွင် ထပ်နေသော အရိပ်များ ပေါ်လာ၏။ သူ့ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်သည် လှမ်းထွက်လာကာ သူ့မျက်နှာချင်းဆိုင်တွင် ထိုင်သည်။
သူ၏ဒြပ်စင်ငါးခုန္ဓာကိုယ်ရှိ ဒြပ်စင်ငါးခုလုံးသည် အနှစ်သာရခန္ဓာကိုယ်များကို ဖွဲ့စည်းပြီး တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းခဲ့ပြီး ဖြစ်၏။ ထိုပြီးပြည့်စုံသော ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်သည် သူ့အနှစ်သာရများ၏ ဖွံဖြိုးတိုးတက်မှု အများဆုံး ဖြစ်လေ၏။
သူသာ သူ့ထိုအနှစ်သာရခန္ဓာကိုယ်ကို စစ်မှန်သော စိတ်ဝိညာည်အဖြစ်သို့ ပြောင်းလဲဖို့ နောက်ထပ် ခြေတလှမ်း မလှမ်းနိုင်ပါက ၎င်းသည် အကန့်အသတ်သို့ ရောက်လုနီးနီး ဖြစ်နေလေပြီ။
ဒြပ်စင်ငါးခုခန္ဓာကိုယ်သည် ပေါ်လာပြီးနောက် မျက်လုံးမှိတ်ကာ ထိုင်၏။ သူက ဝမ်လင်း၏မူလခန္ဓာကိုယ်နှင့်အတူ အတူတကွ ကျင့်ကြံသည်။ နောက်ထပ်သုံးနှစ် ကုန်လွန်သွားခဲ့ပြန်သည်။
ဝမ်လင်း တံခါးပိတ်ကျင့်ကြံလာခဲ့တာ ခြောက်နှစ် ရှိလာခဲ့ပေပြီ။ နောက်ထပ်အရိပ်တစ်ခုက သူ၏ခန္ဓာကိုယ်တွင် ထပ်ပြီး သတ်ဖြတ်လိုစိတ် ပျံ့လာ၏။ ဝမ်လင်း၏ သတ်ဖြတ်သူမိုးကြိုးအစစ်အမှန်ခန္ဓာကိုယ်မှာ လှမ်းလျှောက်လာ၏။ သူ၏ဆံပင်နက်တို့မှာ လွင့်ဝဲနေကာ သူသည် တခြားထောင့်တစ်ခုထံ အေးစက်စက် လှမ်းသွားကာ ထိုင်ချသည်။
ထိုအခိုက်တွင် သည်လျှို့ဝှက်ခန်းထဲရှိ မြင်ကွင်းသည် အလွန်ထူးခြား၏။ ဝမ်လင်းသုံးယောက်သည် တြိဂံအနေထားအတိုင်းထိုင်ကာ ကျင့်ကြံနေသည့် မြင်ကွင်းပင်။
ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကမူ ခြောက်နှစ်ကြာပြီးနောက် အတွင်းရှိ ပျက်စီးယိုယွင်းမှုက အရှိန်လျှော့ကျသွားခဲ့ပြီ ဖြစ်၏။ တနေ့တွင် ထိုပျက်စီးယိုယွင်းမှုကို လုံးဝ ဖယ်ရှားပြီးပါက ဝမ်လင်းသည် ၎င်းကို ဖြည်းဖြည်းချင်း သန့်စင်နိုင်စွမ်း ရှိပေလိမ့်မည်။
နောက်ထပ်သုံးနှစ်တာ ကုန်လွန်သွားပြန်၏။ ဝမ်လင်း၏ တံခါးပိတ်ကျင့်ကြံနေသော ကိုးနှစ်မြောက်တွင် နောက်ထပ်အရိပ်တစ်ခု သူ့ခန္ဓာကိုယ်ပေါ်တွင် ထပ်လာ၏။ သည်အရိပ်က ပုံရိပ်တစ်ခုအဖြစ်သို့ သိပ်သည်းနိုင်စွမ်း မရှိပေ။ ၎င်းပေါ်လာသည့်နောက် အလင်းဒြပ်ထုတစ်ခုက ဝမ်လင်း၏ခန္ဓာကိုယ်ကနေ ပျံသန်းထွက်ကာ သူ့နောက် ဆယ်ပေအကွာတွင် ရပ်၏။
ဝမ်လင်းသည် မျက်လုံးဖွင့်ကာ သူ၏ အနှစ်သာရခန္ဓာကိုယ်သုံးခုကို ကြည့်၏။ သည်ကိုးနှစ်အတွင်း ဝမ်လင်းသည် သူ့ရှေးစွမ်းအားကို ၎င်း၏အထွတ်အထိပ်သို့ တွန်းတင်နိုင်ခဲ့ကာ တချိန်တည်းမှာ သူ၏ အနှစ်သာရခန္ဓာကိုယ်သုံးခုသည်လည်း သူတို့၏ သက်ဆိုင်ရာ အထွတ်အထိပ်များသို့ ရောက်လာခဲ့ပေသည်။
ခုချိန်၌ သူသည် အကောင်းဆုံးအနေထားတွင် ရှိနေသော မဟာအင်ပါယာတောက်ရီနှင့် တိုက်ခိုက်နိုင်ကာ မရှုံးနိုင်ဟု ယုံကြည်မှု ရှိနေ၏။ သူသည် တောက်ရီကို ဖိနှိပ်နိုင်မည်သကဲ့သို့ပင် ခံစားမိရသည်။
“မဟာအင်ပါယာတွေကြားမှာ ကောင်းကင်ဘုံကလန်ရဲ့ တောက်ရီက အားအနည်းဆုံးပဲ။ ခုလက်ရှိ ငါ့ခွန်အားနဲ့ဆို ငါဟာ ကျိုးသဲရဲ့ ပြိုင်ဘက် မဟုတ်နိုင်သေးပေမဲ့ ဝူဖန်နဲ့တော့ ယှဉ်နိုင်လောက်ပြီ။ ကောင်းကင်ဘုံကလန်မှာဆို ငါဟာ ငါ့ဆရာရွှမ်လောနဲ့ အစွမ်းတူလောက်တဲ့ စုန့်ထျန်ကို တိုက်ခိုက်နိုင်စွမ်း ရှိလောက်ပြီ။ ဒါပေမဲ့ အနိုင်ရသူကတော့ မသေချာနိုင်သေးဘူး…”
“ဒါက ငါ ငါ့ရဲ့အစွမ်းထက်ဆုံးကိုယ်ပွားကို အသုံးမပြုခင်သာ ဖြစ်တယ်…” ဝမ်လင်းသည် တည်ငြိမ်စွာသာ ရှိနေသည်။ တအောင့်အကြာတွင် သူက သူ့စိတ်ဝိညာဉ်မီးနှင့် သန့်စင်ထားသော ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဉ်ကို လှမ်းကြည့်သည်။
“ငါ့စိတ်ဝိညာဉ်မီးနဲ့ ဒါကို လောင်ကျွမ်းဖို့ အားစိုက်မှုအချို့ လိုမယ်။ ဒါပေမဲ့ ဒါက နှေးလွန်းတယ်။ ငါ ဒီဖြစ်စဉ်ဟာ ဘယ်အချိန်မှာ ပြီးပြည့်စုံမလဲ သိချင်မိတယ်…”
အချိန်အတန်ကြာပြီးနောက် သူက ထိုစိတ်ဝိညာဉ်ထံမှ အကြည့်ပြန်ရုတ်သိမ်း၏။
“ငါ ယာယီတော့ ငါ့ဒြပ်စင်ငါးခုခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး စိတ်ပူဖို့ မလိုတော့ဘူး။ ရှေးတောက်အင်ပါယာမြို့မှာတုန်းက ဒီခန္ဓာကိုယ်ဟာ ပြီးပြည့်စုံမှုကို ရောက်ခဲ့တဲ့အတွက် ငါ့ကျင့်ကြံမှုအဆင့်ဟာလည်း လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်ကို ရောက်လာခဲ့ပြီ။ ဒီတော့ ငါ့ထင်မြင်ချက်ဟာ မှန်ကန်တယ်လို့ ဆိုလိုတယ်…”
“ငါ့ကျင့်ကြံမှုအဆင့် ထပ်ပြီး တိုးတက်ချင်ရင် နောက်တဆင့်ဟာ ငါ့ရဲ့ သတ်ဖြတ်သူမိုးကြိုးအနှစ်သာရခန္ဓာကိုယ်ပဲ…” ဝမ်လင်းက သူ့သတ်ဖြတ်သူမိုးကြိုးခန္ဓာကိုယ်ကို ကြည့်လိုက်၏။ သူ၏မျက်လုံးထံမှ ထူးခြားသောအလင်းတစ်ခု လှစ်ဟပေါ်သည်။
“ဒီခန္ဓာကိုယ် ပြီးပြည့်စုံစေဖို့အတွက် လိုအပ်တဲ့အရာတွေကတော့ ဆရာဟာ ရှေးကလန်အနှံ့ နေရာများစွာကို ခေါ်သွားပေးခဲ့တဲ့အတွက်ကြောင့် လုံလောက်တဲ့အရာတွေကို ရခဲ့ပြီး ဖြစ်တယ်…” ဝမ်လင်းသည် သက်ပြင်းချကာ သူ့အကြည့်ကို ပြန်ရုတ်သည်။ သူ၏အကြည့်က ရှေးတောက်ရှိနေသော အရပ်သို့ ရောက်သွားသည့်အလား။ သူ့အကြည့်က သည်အခန်းကို ချိုးဖျက်ကာ ရှေးတောက်ဘုံကျောင်း၏ တောင်အနောက်ဘက်ရှိ အခန်းတစ်ခုထံ ထိုမှသည် ထိုနေရာတွင် ရှိနေသော ငယ်ရွယ်ပုံမရှိတော့သည့် အဘိုးအိုတစ်ယောက်ထံသို့ ကျရောက်သွားသည့်အလား။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်လိုက်၏။ သူက သူ့ကျင့်ကြံမှုအဆင့် မတိုးတက်မလာမချင်း တံခါးပိတ်ကျင့်ကြံနေရာကနေ မထွက်ဟု ဆုံးဖြတ်လိုက်သည်။ သူသည် သူ့ကျင့်ကြံမှုအဆင့်ကို မဟာအင်ပါယာစုန့်ထျန်ထက် ကျော်လွန်ဖို့သာမက မဟာအင်ပါယာကူးတောက်ကိုပါ ကြောက်ဖို့ မလိုတော့သည့်အထိ မြှင့်တင်ရပေမည်။
ထိုမှသာ သူသည် မဟာအင်ပါယာစုန့်ထျန်က ကျိတုကို ရွေးချယ်ဖို့ ယုံကြည်မှု ရှိပေလိမ့်မည်။
ပို၍ အရေးကြီးသည်မှာ သူသည် ထာဝရနတ်ဘုရားနယ်မြေသို့ ဝင်ရောက်ဖို့ စွမ်းအားလို၏။ သူ့လမ်းရှိ အတားအဆီးများကို ဖယ်ရှားဖို့၊ ရှေးတောက်အင်ပါယာဆရာသခင်၏ ကြိတ်ပုန်းပန်းတိုင်ကို ရှာဖို့ စွမ်းအားလိုပေသည်။
“မဟာအင်ပါယာကူးတောက်ရဲ့ ရည်ရွယ်ချက်ဟာ အတော်လေး ထူးဆန်းနေတယ်။ ရှေးတောက်ကိစ္စအတွက် သူက ငါ့ကို ရှာဖို့ ရောက်မလာခဲ့ဘူး။ ဒါပေမဲ့ ငါ့ပြဿနာတွေအားလုံးကို ဖြေရှင်းဖို့ ငါ့ကိုယ်ပိုင်ခွန်အားပေါ်ပဲ မှီတည်နေတုန်း ဖြစ်တယ်။ တခြားသူတွေက ငါ့ဘဝကို ဆုံးဖြတ်ခွင့် ငါ မပေးနိုင်ဘူး…”
ဝမ်လင်းက သူ၏သတ်ဖြတ်သူမိုးကြိုးခန္ဓာကိုယ်ကို ကြည့်လိုက်၏။ သူ့မျက်လုံးက အရောင်တောက်သွားသည်။
သူ၏ကျင့်ကြံမှုလမ်းကြောင်းသည် တခြားသူများနှင့် လုံးဝ ကွာခြားသည်။ သူက သူ့လမ်းကို ကိုယ်တိုင် တွေ့ရှိခဲ့တာ ဖြစ်၏။ သူ နောက်တဆင့်သို့ မည်သို့တက်လှမ်းမည်ကို သူ ကိုယ်တိုင်သာ လုပ်ဆောင်နိုင်သည်။ သူ့ထင်မြင်ချက်ကို ကြိုးစားကြည့်ခြင်းဖြင့်သာ သူ့လမ်းကြောင်းကို ရှေ့ဆက်နိုင်မည် ဖြစ်၏။
“ဒီသတ်ဖြတ်သူမိုးကြိုးခန္ဓာကိုယ်ဟာ အထူးအနှစ်သာရတွေနဲ့ ဖွဲ့စည်းထားတာပဲ။ မိုးကြိုးအနှစ်သာရတစ်ခုပဲ စစ်မှန်တဲ့ခန္ဓာအဖြစ် ဖွဲ့စည်းပြီးခဲ့ပြီး ကျန်တဲ့အထူးအနှစ်သာရတွေကတော့ ပြီးပြည့်စုံမှုသာ ရှိသေးပြီး စစ်မှန်တဲ့ခန္ဓာ မဖွဲ့စည်းနိုင်သေးဘူး…”
“သတ်ဖြတ်သူ.၊ အကြွင်းမဲ့အစ၊ အကြွင်းမဲ့အဆုံး၊ အတားအဆီး…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်ကာ သူ၏သတ်ဖြတ်သူမိုးကြိုးခန္ဓာကို ကြည့်လိုက်၏။ ထိုခန္ဓာကိုယ်သည် တုန်ယင်သွားကာ ဝမ်လင်းရှေ့တွင် တဖြည်းဖြည်း ခွဲထွက်လာသည်။
ထိုအစစ်အမှန်ခန္ဓာကိုယ်ကို မိုးကြိုးက ဝန်းရံထားပြီး မြူတိမ်လေးခု ပေါ်လာ၏။ ယင်းတို့ထဲမှ တစ်ခု ပေါ်လာသည့်အခါ သည်အခန်းတစ်ခုလုံး အေးစက်ကာ စိမ့်လှသော သတ်ဖြတ်ခြင်းဆန္ဒက ပြည့်နှက်သည်။
ဤသည်မှာ သတ်ဖြတ်ခြင်းအနှစ်သာရပင်။
နောက်ထပ် မြူတိမ်က ထူးခြားသောသင်္ကေတများနှင့် ပြည့်နေသည်။ ထိုမြူတိမ် လှုပ်ရှားမှု ရှိလေလေ သင်္ကေတများ ပို၍ ပေါ်လာလေပင်။ ၎င်းမှာ အတားအဆီးအနှစ်သာရပင်။
ကျန်မြူတိမ်နှစ်ခုတွင် တစ်ခုက အလင်းကို ပေး၍ တစ်ခုက အမှောင်ကိုပေး၏။ ယင်းတို့က အကြွင်းမဲ့အစနှင့် အကြွင်းမဲ့အဆုံး အနှစ်သာရတို့ကို ကိုယ်စားပြုသည်။
“ဒီအနှစ်သာရလေးခုသာ သူတို့ရဲ့ အနှစ်သာရခန္ဓာကိုယ်တွေကို ဖွဲ့စည်းနိုင်ပြီး သတ်ဖြတ်သူမိုးကြိုးခန္ဓာနဲ့ ခန္ဓာတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားနိုင်ခဲ့ရင် ငါ့ကျင့်ကြံမှုအဆင့်ဟာ လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်ကို ချိုးဖျက်နိုင်လိမ့်မယ်…”
“ဒါက အင်ပါယာအတုအဆင့် ဒါမှမဟုတ် ဩဇာအင်ပါယာအဆင့်တောင် ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ ဒါက မသိရတဲ့ နယ်ပယ်အဆင့်တစ်ခုပါ ဖြစ်နိုင်သေးတာပဲ။ ဒါ့အပြင် မဟာအင်ပါယာအဆင့်လည်း ဖြစ်နိုင်တယ်…” ဝမ်လင်း၏မျက်လုံးထဲတွင် မျှော်လင့်ချက်တို့နှင့် ပြည့်နေသည်။ သူ၏ နားလည်မှုအရ အင်ပါယာအတုနှင့် ဩဇာအင်ပါယာတို့သည် လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်များသာ ဖြစ်ကြ၏။ သို့ပေမည့် မဟာအင်ပါယာအဆင့်ကမူ ရောက်ဖို့ ခက်ခဲလွန်းလှသည်။ ထို့ကြောင့် သူတို့ကို အဆင့်များ ခွဲခြားသတ်မှတ်ထားတာ ဖြစ်မည်။
တကယ်တော့ အခြေခံအားဖြင့် ဆိုရသော် အင်ပါယာအတုနှင့်ဩဇာအင်ပါယာတို့သည် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများဟု ပြော၍ ရပေသည်။
ဝမ်လင်း၏မျက်လုံးက အရောင်တောက်နေ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူ့ညာလက်ကို မြှောက်၍ လျှို့ဝှက်ခန်းအမိုးထံ ဝေ့ယမ်း၏။ ထူးခြားသော မြင်ကွင်းတစ်ခု ပေါ်လာကာ မျက်နှာကြပ်သည် ကောင်းကင်အဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။
ဤသည်မှာ အပြာရောင်ကောင်းကင်၊ အဖြူရောင်တိမ်တိုက်တို့နှင့် ကီလိုမီတာထောင်ချီလေသော မိုးကောင်းကင် ဖြစ်လေ၏။ သို့သော် နေမင်းတော့ မရှိနေပေ။
ဝမ်လင်းသည် တုံ့နှေးမနေဘဲ အကြွင်းမဲ့အစအနှစ်သာရကို ဆွဲယူကာ ၎င်းကို မျက်နှာကြက်မိုးကောင်းကင်ထံ ပစ်ထည့်လိုက်၏။ ၎င်းသည် နေမင်းကဲ့သို့ တောက်ပလေ၏။
ဝမ်လင်းသည် ကောင်းကင်အဖြစ် ပြောင်းလဲသွားသော မျက်နှာကြက်ကို မော့ကြည့်၏။ သူ့အကြည့်အောက်တွင် ထိုကောင်းကင်သည် ပြောင်းလဲသွားပုံ ပေါ်သည်။ မကြာမီတွင် တရက်တာ ကုန်လွန်သွားသည်။ နေမင်းအဖြစ် ပြောင်းလဲသွားသော အကြွင်းမဲ့အစသည် တဖြည်းဖြည်း နေဝင်သွားလေ၏။