← Chapters

အော်ရာ

Vol. 152 Ch. 2097

အော်ရာ

Vol. 152 Ch. 2097

ထိုနေမင်း ပျောက်ကွယ်ကာ ကောင်းကင်သည် နက်မှောင်သွားသည့်နောက် ဝမ်လင်းက အကြွင်းမဲ့အဆုံးအနှစ်သာရကို လှမ်းယူဆောင်သည်။ ထိုအနှစ်သာရသည် နက်မှောင်သော ကောင်းကင်ထက်သို့ ပျံတက်ကာ ပျောက်ကွယ်သွားပြန်သည်။

မျက်နှာကြက်ပေါ်တွင် ပေါ်လာသော ကောင်းကင်ကို စိုက်ကြည့်ကာ ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်နေ၏။ သူက ချိပ်ဟန်များကို ဖြစ်စေကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“အချိန်စီးဆင်းခြင်း…”  သူ ကိုယ်တိုင်ဖန်တီးထားသော ထိုအချိန်စီးဆင်းခြင်းမန္တာန်က တခဏအတွင်း နှစ်ပေါင်းထောင်ချီ ပြန်ပြောင်းစီးဆင်းနိုင်ပေသည်။ ထိုမန္တာန်တွင် တိုက်ပွဲအပြင်ဘက်တွင်လည်း အသုံးဝင်မှုများ ရှိ၏။ ခုချိန်၌ ဝမ်လင်းသည် ၎င်းမန္တာန်ကို သူ့အနှစ်သာရများ၏ ခွန်အားကို တိုးမြင့်ဖို့ အသုံးပြုနေသည်။

ကျင့်ကြံသူများအတွက် ကောင်းကင်နှင့်မြေကြီး၏ လည်ပတ်လုပ်ဆောင်ချက်များကို ထိန်းချုပ်ဖို့ ခက်၏။ ဝမ်လင်းသည် သူ၏ ကိုယ်ပိုင်ကောင်းကင်ကို ဖန်တီးဖို့၊ ၎င်း ကောင်းကင်ကို နေနှင့်ညတို့ ပေးအပ်ဖို့ ကြိုးစားနေခြင်းပင်။

သည်အခိုက်တွင် တစုံတစ်ယောက်ကသာ ဤအရာကို တွေ့မြင်ပါက သူတို့သည် ကျိန်းသေပေါက် တုန်လှုပ်ကုန်လိမ့်မည်ပင်။

“တောက်ကလန်က အသုံးပြုတဲ့ မန္တာန်တွေဟာ လှိုဏ်ဂူလောကတွေကို ဖန်တီးနိုင်တယ်။ မဟာအင်ပါယာတွေဟာလည်း လေဟာနယ်ထဲကနေ အရာဝတ္ထုတွေကို ဖန်တီးနိုင်တယ်။ ငါ့အချိန်စီးဆင်းမှုမန္တာန်ကို ထည့်ပေါင်းလိုက်ရင်တော့ ငါဟာ လောကရဲ့ လှုပ်ရှားမှုတွေကို ပြန်လည်ဖန်တီးနိုင်လိမ့်မယ်…”

“ပြီးတော့ ဒီအခန်းရဲ့ နံရံတစ်ခုကိုပဲ ငါ သန့်စင်နေတာ ဖြစ်တယ်။ ဒါ့ကြောင့် ဒါက ငါ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ တစုံတစ်ခု ဖြစ်တယ်…”

ဝမ်လင်းသည် မျက်နှာကြက်ကို ကြည့်၏။ သူသည် တခဏအတွင်း အကြိမ်ဒါဇင်ချီ ပြောင်းလဲခဲ့သော နေနှင့်ညတို့ကို မြင်၏။

“ငါ့ရဲ့ အကြွင်းမဲ့အစနဲ့အဆုံးအနှစ်သာရတွေအပေါ် နားလည်သဘောပေါက်မှု ပိုနက်နက်ဖို့ ဒီနည်းလမ်းကို အသုံးပြုနိုင်ဖို့ မျှော်လင့်တယ်…”  ဝမ်လင်းက သူ့နှဖူးကို ထိရိုက်လိုက်၏။ သူ၏ မူလစိတ်ဝိညာဉ်တစိတ်တပိုင်းသည် မျက်နှာကြက်ထံ ပျံသန်းတက်ကာ နေနှင့်ည ပြောင်းလဲနေမှုကို ဆင်ခြင်မှု ပြုသည်။

ထိုမူလစိတ်ဝိညာဉ် တစိတ်တပိုင်းက မျက်နှာကြက်နှင့် ပေါင်းစည်းသွား၏။ ထို့နောက် ဝမ်လင်းသည် ၎င်းကို ထပ်မံ၍ အသေးစိတ် အာရုံစိုက်မနေတော့ပေ။ နားလည်မှုသည် အချိန်တိုအတွင်း ပြီးမြောက်နိုင်မည့်အရာ မဟုတ်ပေ။ သူက သူ့နတ်ဘုရားအာရုံ အမျှင်တန်းကို နောင်တွင် ပြန်သိမ်းနှုတ်ပါက သူသည် နှစ်ပေါင်းများစွာ နားလည်ဆင်ခြင်မှုများကို ရရှိလာမည်သာ ဖြစ်၏။

“အတားအဆီးအနှစ်သာရ…”  ဝမ်လင်းက မရေမတွက်နိုင်သော သင်္ကေတများ လင်းလက်နေသော ထူးခြားသည်မြူတိမ်ကို ကြည့်၏။ ၎င်းမှာ အတားအဆီးအနှစ်သာရ ဖြစ်ပြီး ထိုအနှစ်သာရသည် အတိတ်တုန်းက ရှေးဟောင်းနတ်ဘုရားကုန်းမြေမှာတည်းက သူနှင့်အတူ ရှိခဲ့တာ ဖြစ်၏။

အချိန်အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ၏ဆရာဖြစ်သူ ရွှမ်လောက သူ့အား ခေါ်သွားပေးခဲ့ဖူးသော နေရာများကို ပြန်ပြောင်းအမှတ်ရလိုက်၏။ သူက အတားအဆီးများစွာကို ရရှိခဲ့ကာ ဤသည်တို့က သူ၏ အတားအဆီးအနှစ်သာရကို ပိုအားကောင်းဖို့အတွက် ကြီးစွာ အသုံးတည့်သည်။

သူ သက်ပြင်းချကာ သူ့ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်ထံ လက်ညွှန်လိုက်၏။ ထိုခန္ဓာကိုယ်က ဝမ်လင်းကို ကြည့်သည်။ သူ့မျက်လုံးက အရောင်တောက်နေသည်။ ထို့နောက် ထိုခန္ဓာကိုယ်သည် အလင်တန်းငါးခုအဖြစ် ကွဲထွက်ကာ အတားအဆီးအနှစ်သာရထံ ပျံသန်းလာသည်။ ၎င်းက ဝမ်လင်း၏ အတားအဆီးအနှစ်သာရထဲသို့ အတားအဆီးမြောက်များစွာကို သမူဟ ဖြစ်ဖြစ် အစားထိုး နေရာယူနေသည်။

နောက်ဆုံးတွင် ဝမ်လင်းက သတ်ဖြတ်သူမိုးကြိုးအနှစ်သာရကို ကြည့်၏။ ထိုသတ်ဖြတ်သူအနှစ်သာရမှာ အရေးကြီးလှသလို ရရှိပိုင်ဆိုင်ခဲလှပေ၏။

“သတ်ဖြတ်သူ…ပထမဆုံးပေါ်လာခဲ့ချိန်က သူ့ကိုယ်သူ သတ်ဖြတ်သူဟု ရည်ညွှန်းခေါ်ဆိုခဲ့တယ်။ ရှေးတောက်အင်ပါယာဆရာသခင်ကလည်း ဒီကိုယ်ပွားကို သိထားတယ်…”  ဝမ်လင်း၏အမူအရာသည် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေ၏။ သူ့ထံ၌ ကိုယ်ပိုင်ထင်မြင်ချက်များ ရှိနေပေသည်။ ယင်းတို့ကို သူ၏ စိတ်နှလုံးတွင်းထဲ၌ ခပ်နက်နက် မြှုပ်နှံ့ထားပေသည်။

“သတ်ဖြတ်သူဟာ  အင်မောတယ်ခန္ဓာကိုယ်ပဲ၊ ၎င်းက ဖျက်စီးခြင်းကို ကိုယ်စားပြုတဲ့အတွက်ကြောင့် ဒါကို ဖယ်ရှားဖျက်စီးလို့ မရဘူး။ ဒီသတ်ဖြတ်သူ အနှစ်သာရဟာ ပြီးပြည့်စုံမှုသာ ရှိသေးပြီး ဒါ့ကြောင့် ခုထိ အနှစ်သာရခန္ဓာကိုယ်တစ်ခုကို မဖွဲ့စည်းနိုင်သေးဘူး။ ငါ လုပ်တော့မယ့်အရာက မှန်လား၊ မှားလားတော့ ငါလည်း မသိဘူး…”

“ငါဟာ ဒီသတ်ဖြတ်ခြင်းအနှစ်သာရကို ဖိနှိပ်ထားခဲ့တာ။ ငါက ဒီသတ်ဖြတ်ခြင်းအနှစ်သာရကို မိုးကြိုးနဲ့ ပေါင်းစည်းတဲ့အခါတုန်းက ဒီသတ်ဖြတ်သူဟာ မွေးဖွားလာခဲ့တာပဲ။ အဲ့ဒီနောက် ငါဟာ ဒီခန္ဓာကိုယ်အပေါ် ငါ့ထိန်းချုပ်မှု မလွတ်သွားအောင် မျှခြေဖြစ်အောင်လို့ အတားအဆီးအနှစ်သာရကို အသုံးပြုခဲ့တယ်။ ပြီးတော့ ငါဟာ ဒါကို အကြွင်းမဲ့အဆုံးနဲ့ ပေါင်းစည်းစေပြီး ပိုအားကောင်းစေခဲ့တယ်။ ဒါ့ကြောင့် နောက်ထပ် မျှခြေဖြစ်အောင်လို့ ငါဟာ အကြွင်းမဲ့အစကို အသုံးပြုခဲ့ရတယ်…”

“ဒါ့ကြောင့် သတ်ဖြတ်သူမိုးကြိုးခန္ဓာကိုယ်ထဲမှာ ပါဝင်တဲ့ အနှစ်သာရလေးခုဟာ အနှစ်သာရခန္ဓာကိုယ်တွေ ဖွဲ့စည်းပြီးခဲ့ရင်လည်း အရာအားလုံးဟာ မျှခြေ ဖြစ်နေသင့်တယ်။ ဒါ့အပြင် ငါ့မှာ တခြားနည်းလမ်းတွေလည်း ရှိသေးတယ်…”

ဝမ်လင်းသည် တကိုယ်တည်း ရေရွတ်နေ၏။ ထို့နောက်တွင် သူ့ထံမှ ပြတ်သားသောအကြည့် လှစ်ဟပေါ်လာသည်။ ထိုအခိုက်တွင် သူသည် တုံ့ဆိုင်းတွေဝေမနေတော့ပေ။ သူသာ သူ၏ကျင့်ကြံမှုအဆင့်ကို တိုးတက်လိုပါက ထိုသို့ လုပ်ရပေတော့မည်သာ ဖြစ်၏။

သတ်ဖြတ်ခြင်းအနှစ်သာရနှင့် မိုးကြိုးအနှစ်သာရခန္ဓာကိုယ်တို့ကို စိုက်ကြည့်နေလျက် ဝမ်လင်းက သူ့စိတ်ကိုယ်သူ ပိုင်းဖြတ်လိုက်သည်။ မိုးကြိုးအနှစ်သာရခန္ဓာကိုယ်သည် မျက်လုံးဖွင့်လာကာ သတ်ဖြတ်ခြင်းအနှစ်သာရကို ရှိုက်သွင်းလိုက်၏။ သူ့ပတ်လည်ရှိ မိုးကြိုးသည် ရုတ်တရက် အနက်ရောင်သို့ ပြောင်းသွားသည်။

သတ်ဖြတ်သူမိုးကြိုးသည် ထပ်မံ သက်ဆင်းလာသည်။

ထိုထူးခြားသော အနှစ်သာရခန္ဓာကိုယ်ကို ကြည့်ကာ ဝမ်လင်း၏ မျက်လုံးသည် တောက်ပနေလေ၏။ သူ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ၎င်းထံ လက်ညွှန်လိုက်သည်။ သတ်ဖြတ်သူမိုးကြိုးအနှစ်သာရခန္ဓာကိုယ်သည် ဝမ်လင်းထံ လျင်လျင် မြန်မြန် ပျံသန်းလာကာ သူ့အပေါ် အရိပ်တစ်ခုကဲ့သို့ ထပ်သွား၏။

ဝမ်လင်းသည် သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ကို အသုံးပြုကာ သတ်ဖြတ်သူအနှစ်သာရကို အားအင်ဖြည့်တင်းပေးမည် ဖြစ်၏။ သည်ဖြစ်စဉ်အတွင်း ထိုအရိပ်က ဝမ်လင်းပေါ်သို့ ထပ်နေလိမ့်မည် ဖြစ်ကာ ပေါင်းစည်းဖို့ ခက်ခဲလေမည် ထင်ရသည်။

သို့သော် ဝမ်လင်းက အံ့အားမသင့်သွားပေ။ သူသည် ထိုသည်ကို ကြိုမျှော်လင့်ထားပြီး ဖြစ်ပုံ ရသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဆက်တိုက် ဖြစ်နေစေပြီးနောက် သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ထံ လက်ညွှန်သည်။ သူ လက်ညွှန်လိုက်တိုင်း ထပ်နေသောအရိပ်က အနည်းငယ် ပျောက်သွားသည်။ သူ ထိုသို့ ဆက်တိုက် လုပ်ဆောင်နေ၏။ သူ့နှဖူးထက်မှ ချွေးများ ပြန်လာသည်။ သူ့အမူအရာမှာ လေးလံနေသည်။

အချိန်မည်မျှ ကြာကြာ ကုန်ဆုံးသွားပြီးမှန်း မသိရပြီးနောက် သူက နောက်ဆုံးအကြိမ် လက်ညွှန်လိုက်ရာ ထပ်နေသော အရိပ်သည် သူ့ကိုယ်ပိုင်ခန္ဓာကိုယ်နှင့် လုံးဝ ပေါင်းစည်းသွားသည်။ ထို့နောက် သူက သူ့လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်သည်။ သူက သူ့ညာလက်ကို ဝေ့ယမ်း၏။ ထိုသွေးက စာလုံးများအဖြစ်သို့ ပြောင်းကာ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသည်။

“သွေးသန့်စင်ခြင်း…”  ဝမ်လင်းသည် မာန်သွင်းလိုက်၏။ ထို့နောက် သူက မျက်လုံးမှိတ်ကာ မလှုပ်မယှက် ရှိနေတော့သည်။

သူက သူ့သတ်ဖြတ်ခြင်းအနှစ်သာရကို ပိုခွန်အားတိုးအောင် လုပ်ဆောင်နေစဉ်အတွင်း နောင်တွင် ဖြစ်လာနိုင်မည့် အတော်တဆမှုမျးကို ကာကွယ်နိုင်ဖို့ သူသည် ထိုသတ်ဖြတ်သူကို ထပ်မံ၍ သန့်စင်နေလေသည်။

ပထမဆုံးအကြိမ်အဖြစ် သူသည် ဒီသတ်ဖြတ်သူမိုးကြိုးကို သန့်စင်ခြင်းတော့ မဟုတ်ပါ။  ပထမဆုံးအချိန်မှာ သူ ဒီခန္ဓာကိုယ်ကို မတော်တဆ ဖန်တီးမိခဲ့တာသာ ဖြစ်၏။ အချိန် ကုန်လွန်လာသည်။ နှစ်များ တစ်နှစ်ပြီးတစ်နှစ် ကျော်လွန်လာ၏။

ထာဝရနတ်ဘုရားနယ်မြေ ပေါ်လာသည့်အခါ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေအနှံ့၌ ပို၍ ငြိမ်သက်တိတ်ဆိတ်လာ၏။ သို့ပေမည့် ထိုသည်က ဒီကုန်းမြေတခွင်လုံးကို ခြုံလွှမ်းသော ဖိအားတစ်ခုကို ဖန်တီးပေသည်။

အမျိုးမျိုးသော ကောင်းကင်ဘုံကလန်များကလည်း ငြိမ်သက်နေကြကာ သည်အခိုက်တွင် ငြိမ်းအေးမှု ရနေသည့်အလား။ သူတို့အားလုံးက ထာဝရနတ်ဘုရားနယ်မြေ ပွင့်လာမည့်အချိန်အတွက် သူတို့၏ စွမ်းအားများကို စုစည်းထားကြခြင်းပင်။

စွမ်းအားရှိသော မည်သည့်ကလန်မဆို ခုလိုငြိမ်းအေးနေပြီးနောက် နှစ်ရာချီကြာမည့် စစ်ပွဲသည် ကောင်းကင်ဘုံကလန်ရှေးကလန်တို့ကြားတွင် စတင်နိုင်သည်ကို ခံစားမိကြသည်။

ထိုဖြစ်လာမည့် တိုက်ပွဲ၌ မဟာအင်ပါယာများသည်ပင် ကျရှုံးသွားနိုင်ချေရှိ၏။ ကလန်အမျိုးမျိုး၏ ဩဇာအင်ပါယာများနှင့် အင်ပါယာအတုအဆင့် ကျင့်ကြံသူများကမူ တချို့သည် ပျောက်ကွယ်ကာ တချို့သည် ထွန်းလင်းကျော်ကြားလာနိုင်သည်။

ရှေးကလန်တွင်လည်း အလားတူ ငြိမ်သက်နေသည်။ တော်ဝင်မိသားစုသုံးစုက မဟာအင်ပါယာကူးတောက်၏ အမိန့်အတိုင်း စစ်ပွဲအတွက် တင်ကြိုပြင်ဆင်နေသည်။ သူတို့အားလုံးမှာလည်း ဖိအားကို ခံစားမိ၏။ သူတို့၏ သက်ဆိုင်ရာ မဟာအင်ပါယာများသည်လည်း တံခါးပိတ်ကျင့်ကြံနေကြသည်။

ရှေးတောက်ကလန်၌ လော့ချန်က အင်ပါယာအသစ် ဖြစ်လာခဲ့သည်။ သို့သော် အင်ပါယာအသစ်တစ်ယောက်အနေဖြင့် သူသည် ရှေးတောက်တစ်ခုလုံးနှင့် မရင်းနှီးလှပေ။ သူသည် အသားကျဖို့ အချိန်လို၏။ ထိုမှသာ သူသည် အရာအားလုံးကို အမှန်တကယ် ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

သည်လိုအချိန်အတွင်း တော်ဝင်အင်ပါယာယဲ့ဝေက ခုလက်ရှိအင်ပါယာ ရှေးတောက်နှင့် ကိစ္စရပ်များအပေါ် အသားကျဖို့အတွက် ယာယီနေရာယူထား၏။ ရွှမ်လောကမူ လော့ချန်ကို အင်ပါယာအသစ်အဖြစ် ထောက်ခံပေးခဲ့ပြီးနောက် သူသည် တံခါးပိတ်ကျင့်ကြံခဲ့၏။

သူသည် သူ့ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်နှင့် နီးနေပြီ ဖြစ်သလို ထာဝရနတ်ဘုရားနယ်မြေ ပွင့်လာမည့်အချိန်ကိုလည်း ရင်ဆိုင်ရအုံးမည်။ အခု သူ့အတွက် ပြန်လည်မွေးဖွားဖို့မှာ အကောင်းဆုံးအချိန် မဟုတ်ပေ။ ထို့ကြောင့် သူသည် ၎င်းကို ဖိနှိပ်ကာ အရာအားလုံး တည်ငြိမ်သွားတာကို စောင့်ပြီးမှ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ကို ဝင်ရောက်ပေမည်။

ရှေးရှီမှာလည်း ဆင်တူသော ပြဿနာတစ်ခုကို ရင်ဆိုင်နေရ၏။ အင်ပါယာဟောင်းက အသက်ကြီးလွန်းပြီ ဖြစ်၍ ရှေးတည်းက သဘောတူညီချက်အရ မဟာအင်ပါယာကူးတောက် ခွင့်ပြုခြင်းသာ မရှိပါက သူသည် သူ့မျိုးဆက်များကို နေရာဖယ်ပေးရတော့မည် ဖြစ်သည်။

သူ့နေရာကို ဆက်ခံဖို့အတွက် ရွေးချယ်ရန် နှစ်တရာ လိုသေးသည်။ သူသည် ငြိမ်သက်စွာသာ ရှိနေ၏။ သူ့ထံ၌ ရွေးချယ်ဖို့ အခွင့်အာဏာ မရှိနေပေ။ ထို့ကြောင့် မင်းသားအားလုံးက မဟာအင်ပါယာစုန့်ထန်၏ ထောက်ခံမှုရရန် လုံးပမ်းနေသည်။

ကျိတုက မဟာအင်ပါယာစုန့်ထျန်ထံသို့ အကြိမ်များစွာ သွားရောက်တွေ့ဆုံခဲ့ပေသည်။ သို့သော် သူသည် အကြိမ်တိုင်း မူလတောင်၏ အပြင်ဘက်တွင် ဟန့်တားခံခဲ့ရသည်ပင်။ မဟာအင်ပါယာစုန့်ထျန်ကသာ ရှေးရှီ၏ အင်ပါယာအသစ်ကို မည်သူ့အား ရွေးချယ်မည်ဟု ဆုံးဖြတ်ပြီးခဲ့ပါက သူ့အတွက် နောက်ကျသွားပေမည်။

အခုအချိန်၌ မင်းသားကျိတု၏ နန်းတော်ထဲတွင် လူသုံးယောက် ထိုင်နေ၏။ တစ်ယောက်မှာ မင်းသားကျိတုပင်။ သူက မျက်မှောင်ကြုတ်ကာ အလွန်စိုးရိမ်ပူပန်ဟန် ပေါက်နေသည်။

သူ့ဘေးတွင် အမျိုးသမီးငယ်တစ်ယောက် ရှိနေကာ သူမက ကျိတုကို မကြာဆိုသလို ကြည့်နေသည်။ သူမ၏မျက်လုံးထဲတွင်လည်း ပူပန်မှု ရှိနေသည်။

“အစ်ကို…စီနီယာဝမ်လင်းက တံခါးပိတ်ကျင့်ကြံနေတာ နှစ်တစ်ရာ ရှိနေပြီ။ အခု အဖေရဲ့ နန်းမွေစွန့်ပွဲကလည်း နီးသထက် နီးလာပြီ။ ထုံးတမ်းအရဆို အင်ပါယာအသစ်ဟာ နန်းစွန့်ပွဲ မတိုင်ခင် နှစ်တစ်ရာဆို ရွေးချယ်ရလိမ့်မယ်…”

“ဒီတော့ နောက်ထပ်နှစ်အနည်းငယ်ဆို အင်ပါယာအသစ်ကို ရွေးချယ်တော့မှာ။ နင် စီနီယာဝမ်လင်းကို သွားပြီး အကူအညီမတောင်းရင် နောက်ကျသွားမှာကို ညီမ စိုးမိတယ်…”

ကျိတု၏ ညီမဖြစ်သူက သက်ပြင်းချကာ ဆို၏။ သူမက ရှေးရှီ၏ ပါရမီရှင်များထဲမှ တစ်ယောက်နှင့် လက်ထပ်ခဲ့ပြီး ဖြစ်၏။ သူမလက်ထပ်ခဲ့သူက မျိုးဆက်သစ်များထဲ၌ ပါရမီအရှိဆုံးသူဟု သတ်မှတ်နိုင်ကာ ကျိတုနှင့်လည်း မဟာမိတ် ဖြစ်၏။ သူက ထိုအမျိုးသမီးငယ်၏ ဘေးတွင် ရှိနေကာ အရာရာကို အေးတိအေးစက် ကြည့်နေ၏။

“စီနီယာဟာ နောက်ဖြစ်လာမယ့် ဆယ်စင်းမြောက်နေမင်းလို့ သမုတ်ကြတယ်။ ဒါပေမဲ့ သူ ရှေးတောက်ကနေ ထွက်သွားတဲ့နောက် သူက ချက်ခြင်းပင် တံခါးပိတ်ကျင့်ကြံခဲ့တယ်။ ကြည့်ရတာ သူ ဒဏ်ရာရခဲ့တဲ့ပုံပဲ…။ သူက အရှင့်စုန့်ရဲ့ စိတ်ကို တကယ်ပဲ ပြောင်းလဲနိုင်ပါ့မလား…”

ထိုသို့ ပြောလာသည့်သူမှာ ထိုအမျိုးသမီး၏ ခင်ပွန်းဖြစ်သောလူငယ်ဖြစ်၏။

“တော်ဝင်အစ်ကို…”  ကျိတု၏ ညီမဖြစ်သူက ပို၍ စိုးရိမ်လာသည်။

မင်းသားကျိတုက အချိန်အတော်ကြာ ရုန်းကန်နေ၏။ ထို့နောက် သူက သက်ပြင်းချကာ ပြတ်ပြတ်သားသား ပြောလာသည်။ “ဒီအကြောင်းကို ထပ်ပြောနေဖို့ မလိုတော့ဘူး။ မွေးစားအဖေက သူ့ကို မနှောက်ယှက်ဖို့ ပြောထားခဲ့ပြီးပဲ…”

“ဒါက…” ထိုအမျိုးသမီးငယ်က အောက်နှုတ်ခမ်း ကိုက်လိုက်၏။ အစ်ကိုဖြစ်သူ မင်းသားကျိတု၏ ပြတ်သားသောအကြည့်ကို မြင်သည့်အခါ သူမ ပြောချင်သော စကားများကို ပြန်မြိုချလိုက်တော့၏။

သူမ၏ ခင်ပွန်းဖြစ်သော လူငယ်ကသာ လှောင်ပြောင်လိုဟန် အမူအရာ လှစ်ဟဖော်ပြသည်။ သူသည် ဝမ်လင်းသည် ကောလဟာလများက ပြောသလောက် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူက မထင်ထားပေ။

“မွေးစားအဖေ ထွက်မလာခဲ့ရင်လည်း ငါ နှစ်ပေါင်းတစ်ရာ ပြင်ဆင်ထားခဲ့ပြီးပဲ။ ငါ ကြိုးစားလို့ ရတုန်းပဲ။ ချီမန်နဲ့ တော်ဝင်အစ်ကိုတို့သာ သေသွားခဲ့ရင် အရှင်စုန့်က လူသေတစ်ယောက်ကို နောက်တက်လာမယ့် အင်ပါယာအဖြစ် ဘယ်လိုများ ရွေးချယ်လို့ ရတော့မလဲ….”  ကျိတု၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။

သူ ထိုသို့ ပြောလိုက်သည့်နောက် နန်းတော်တစ်ခုလုံးသည် အေးစက်လာကာ အမျိုးသမီးငယ်၏ စိတ်နှလုံးသည် တုန်ယင်သွား၏။ သူမသည် တခုခု ပြောချင်နေသည်။ သို့သော် သူမသည် ခါးသီးစွာသာ ပြုံးလိုက်မိ၏။ သူမ၏ တော်ဝင်အစ်ကိုသည် ပြီးခဲ့သော နှစ်တစ်ရာအတွင်း အများကြီး ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ထိုသည်က သူမကို ခပ်တန်းတန်း ဖြစ်စေသလို ခံစားရစေသည်။

သည်နန်းတော်ဆောင်မှာ လုံးဝ ငြိမ်သက်တိတ်ဆိတ်နေသည်။ အမျိုးသမီးငယ်၏ ခင်ပွန်းဖြစ်သူပင် ကျိတု၏ စကားများကို ကြားသည့်အခါ သူက စကားဆိုရန် ခေါင်းမော့လာသည်။ သို့သော် ထိုအခိုက်တွင် ပြင်းထန်သောဖိအားတစ်ခု ဆင်းသက်လာလေ၏။

ထိုဖိအား ပေါ်လာသည့်အခါ လောကသည် အရောင်များ ပြောင်းလဲကာ တုန်လှုပ်ဖွယ် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသည်။

ဖော်ပြနိုင်စွမ်းမဲ့သော အော်ရာတစ်ခုက ဝမ်လင်းရှိနေသော အခန်းထဲမှ ထွက်ပေါ်ကာ ကောင်းကင်ထံသို့ ထိုးတက်သွား၏။

မူလတုန်းက ကြည်လင်နေသော ကောင်းကင်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့မလို ထင်လိုက်ရသည်။

“ဒီအော်ရာက မွေးဖွားအဖေရဲ့ တံခါးပိတ်ကျင့်ကြံနေတဲ့ အခန်းကနေ ထွက်လာတာပဲ။ မွေးစားအဖေဟာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတော့မယ်…”  ကျိတုသည် စိတ်လှုပ်တရှား ထရပ်လိုက်မိ၏။

All Chapters