← Chapters

ပြစ်ဒဏ်သတ်ဖြတ်သူ

Vol. 152 Ch. 2099

ပြစ်ဒဏ်သတ်ဖြတ်သူ

Vol. 152 Ch. 2099

ထိုအသားလုံးကြီး၏ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင် ဖြစ်နေ၏။ ၎င်းပေါ်လာသည့်နောက် အနက်ရောင်အခိုးငွေ့များဖြင့် ခြုံလွှမ်းလို့နေသည်။ ၎င်းသည် စူးဝါးဝါးအော်သံပေးကာ ဝမ်လင်း၏ ဒြပ်စင်ငါးခုခန္ဓာကိုယ်ထံ ပျံသန်းဝင်လာသည်။

၎င်းနည်းကပ်လာသည့်အခါ အော်သံက ပို၍ စူးရှလာ၏။

၎င်း နီးကပ်လာစဉ် ဝမ်လင်းသည် လျှို့ဝှက်ခန်းထဲ၌ ထိုင်နေဆဲ ဖြစ်ကာ သူ့ညာလက်ကိုလည်း ပင့်မြှောက်လို့်ထားသည်။ သူ့ညာလက်တွင် ကျင့်ကြံနေသော လူသေးလေး ထိုင်နေ၏။

ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ နှစ်ပေါင်းတစ်ရာ ကြာပြီးနောက် ဝမ်လင်းသည် အရင်တုန်းကနှင့် မတူတော့ပေ။ သူ့အမူအရာက တည်ငြိမ်နေ၏။ သူက မျက်လုံးဖွင့်လာသည့်အခိုက်တွင် သူ့ညာလက်ဝါးပေါ်မှ လူသေးလေးကလည်း မျက်လုံးဖွင့်လာသည်။ ၎င်း၏မျက်လုံးထဲတွင် ဉာဏ်ရည်အသိတို့ ပြည့်နေကာ ရှေ့ဖြစ်ဟောခြင်းအသိဉာဏ် ဖြတ်ခနဲ လင်းလက်သွားသည်။

ဝမ်လင်း၏လက်ဝါးပေါ်တွင် ထိုလူသေးလေးသည် ဒူးထောက် ဦးညွှတ်ကာ သူ့အား ဂါဝရ ပြုသည်။ ကိုးကြိမ်မြောက် ဦးညွှတ်ဂါဝရ ပြုပြီးနောက် ဝမ်လင်းက သူ့ညာလက်ဝါးကို ဖြန့်ထားရာကနေ ပြန်ဆုပ်လိုက်၏။ လူသေးလေးလည်း သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

“စိတ်ဝိညာဉ်မျက်လုံးတာအိုက တကယ်ပဲ ဆန်းကြယ်လှတာပဲ…”  ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်ရင်း အပေါ်သို့ မော့ကြည့်ကာ နှာခေါင်းရှုံ့၏။

“လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ငါ ဒီမန္တာန်ကို အသုံးပြုပြီး ငါ့ရဲ့ သတ်ဖြတ်သူမိုးကြိုးခန္ဓာကိုယ် အပြည့်အဝ ပေါင်းစည်းနိုင်မယ့် အခွင့်အရေး ဘယ်လောက်ရှိမလဲအပေါ် ရှေ့ဖြစ်ကြည့်ခဲ့တယ်။ အကြိမ်ကြိမ် ကြိုးစားပြီးတဲ့နောက် ငါဟာ ကြမ်းကြုတ်တဲ့သားရဲတစ်ကောင်ရဲ့ စိတ်ဝိညာဉ်လိုအပ်တာကို တွေ့ရှိခဲ့တယ်…”

“ဒါပေမဲ့လည်း ဒီစိတ်ဝိညာဉ်ဟာ သတ်ဖြတ်သူမိုးကြိုးခန္ဓာကိုယ် အပြည့်အဝ ပေါင်းစည်းနိုင်ဖို့ အခွင့်အရေးကို ငါ့အတွက် ပေးလိမ့်မယ်။ ငါဟာ ငါ့အနှစ်သာရခန္ဓာကိုယ်တွေကို ပေါင်းစည်းတဲ့နေ့ ရောက်လာခဲ့ရင် တစုံတစ်ယောက်က ဒီစိတ်ဝိညာဉ်ကို ကိုယ်တိုင်ကိုယ်ကျ လာပေးအပ်လိမ့်မယ်လို့ ရှေ့ဖြစ်တွေ့မြင်ခဲ့တယ်…။ အခု ဒီစိတ်ဝိညာဉ်က တကယ်ပဲ ထွက်ပေါ်လာခဲ့ပြီ…” ဝမ်လင်းက သူ့လက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ လက်ညွှန်လိုက်၏။

ထိုအခါ ကောင်းကင်တခုလုံးသည် ပြောင်းလဲသွား၏။ နေနှင့်ညပြောင်းလဲနေခြင်းက ရုတ်တရက် ရပ်သွားကာ မရေမတွက်နိုင်သော အတားအဆီးများသည်လည်း လင်းလက်နေခြင်းကနေ ရပ်တန့်သွားသည်။

ဒြပ်စင်ငါးခုန္ဓာကိုယ်သည်ပင် ရပ်တန့်သွား၏။

ဟိန်းသံပေးကော တိုးဝင်လာသော လောဟွာသားရဲသည်ပင် ရုတ်တရက် ရပ်သွား၏။ ၎င်းသည် နေရာတွင် တောင့်ခဲသွားသည့်အလား။ ၎င်း၏မျက်လုံးထဲ၌ ကြမ်းကြုတ်ရက်စက်မှု ရှိနေဆဲဖြစ်သော်လည်း အနှီကြမ်းကြုတ်မှုသည်ပင် အေးခဲတောင့်တင်းသွားသလို ထင်ရသည်။

ရပ်တန့်ခြင်းမန္တာန်။

ဝမ်လင်း၏ ခုလက်ရှိ စွမ်းအားနှင့် အသုံးပြုသောအခါ ထိုမန္တာန်၏ စွမ်းအားသည် တုန်လှုပ်ဖွယ်ရာပင်။ လောဟွာသားရဲ ရပ်တန့်သွားသည့်အခါ နေနှင့်ညပြောင်းလဲခြင်းက ပုံမှန်အတိုင်း ပြန်လည်ပတ်သည်။ အတားအဆီးအနှစ်သာရခန္ဓာကိုယ်မှာလည်း ပြန်ကောင်းမွန်လာသလို ဒြပ်စင်ငါးခုခန္ဓာကိုယ်လည်း ပြန်လှုပ်ရှားမှု ရလာ၏။

ထို့နောက်တွင် မရေမတွက်နိုင်သော အတားအဆီးများသည် လောဟွာသားရဲထံ တရကြမ်း တိုးဝင်ကာ ၎င်း၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ အဆုံးမဲ့အလင်းတို့ တဖြတ်ဖြတ် လင်းလက်၏။ အတားအဆီးအားလုံးကို စုပ်ယူပြီးနောက် ၎င်းသည် အနည်းငယ် ကြုံ့သွားလေ၏။

ကြမ်းကြုတ်မှုလည်း လွင့်ပျောက်သွားကာ ပုံရိပ်ယောင်ပုံရိပ်တစ်ခုက အစားထိုး ဝင်ရောက်သည်။ ထိုပုံရိပ်သည် ဝေဝါးနေသော်လည်း မကြာမီတွင် ဝမ်လင်းအဖြစ်သို့ သိပ်သည်းဖွဲ့စည်းသည်။

ထိုပုံရိပ်သည် ဝမ်လင်းနှင့် ချွတ်ဆွတ်တူ၏။ ၎င်းက အပြုံးတစ်ခုကို ထုတ်ဖော်ကာ သားရဲ၏မျက်လုံးထဲမှ လှမ်းထွက်လာ၏။ ၎င်းပုံရိပ်သည် နေရာတွင် ရပ်နေလျက် အားကောင်းလှသော အတားအဆီးအနှစ်သာရအော်ရာတစ်ခုကို ထုတ်လွှတ်လာသည်။

ဤသည်မှာ ဝမ်လင်း ထိုကြမ်းကြုတ်သောသားရဲ၏ စွမ်းအားကို ငှားယမ်းအသုံးချကာ ဖြစ်ပေါ်စေသော ဝမ်လင်း၏ အတားအဆီးအနှစ်သာရခန္ဓာကိုယ်ပင်။

တချိန်တည်းမှာ ပြောင်းလဲနေသော ကောင်းကင်ထံမှ နေမင်းသည် မြင့်တက်လာကာ လောဟွာ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၏။ လောဟွာ၏ ခန္ဓာကိုယ်သည် ထပ်မံ ကြုံ့သွားကာ နောက်ထပ်လူသားအသွင်အရိပ်တစ်ခု ပေါ်လာသည်။

ထိုအရိပ်သည် နေတစင်းကဲ့သို့ တောက်ပ၏။ ၎င်းက ပေါ်လာသည်နှင့် ပြုံးသည်။ ၎င်းသည် သားရဲ၏မျက်လုံးထံမှ လှမ်းထွက်ကာ အတားအဆီးအနှစ်သာရအရိပ်ဘေးတွင် ရပ်သည်။

ထိုခန္ဓာကိုယ်သည် သူ၏ အချိန်စီးဆင်းခြင်းမန္တာန်နှင့် တောက်ဝမ်ကလန်၏ ကိုယ်ပိုင်လောကကို ဖန်တီးနိုင်သော မန္တာန်အစွမ်းကို ပူးပေါင်းအသုံးပြုကာ လွန်ခဲ့သော နှစ်တစ်ရာက ဖွဲ့စည်းခဲ့သော ဝမ်လင်း၏ အကြွင်းမဲ့အစခန္ဓာကိုယ်ပင်။

မကြာမီတွင် ညအမှောင်ကို ကိုယ်စားပြုသော အကြွင်းမဲ့အဆုံးသည်လည်း မျက်လုံးထံသို့ ပျသန်းဝင်လာ၏။ လောဟွာ၏ခန္ဓာကိုယ်သည် ၎င်း၏မူလအရွယ်အစားကနေ တဝက်လောက် ကြုံ့သွားကာ တတိယမြောက်အနှစ်သာရခန္ဓာကိုယ် လှမ်းထွက်လာသည်။

ဤသည်မှာ အကြွင်းမဲ့အဆုံးအနှစ်သာရခန္ဓာကိုယ်ပင်။

လွန်ခဲ့သောနှစ်တစ်ရာကျော်က ဝမ်လင်းသည် သူ၏အချိန်စီးဆင်းခြင်းမန္တာန်၊ တောက်ဝမ်ကလန်၏ မန္တာန်တို့ကို အသုံးပြုကာ သူ့ အကြွင်းမဲ့အစနှင့်အဆုံးအနှစ်သာရများကို အနှစ်သာရခန္ဓာကိုယ် ဖွဲ့စည်းနိုင်ဖို့အတွက် အသုံးပြုခဲ့၏။ သို့ပေမည့် သူသည် ယင်းအထူးမန္တာန်များကို အပြည့်အဝ မပေါင်းစည်းနိုင်သေးပေ။ ထို့ကြောင့် သူသည် ရှေ့ဖြစ်ကြည့်ခဲ့ကာ လောဟွာ၏စွမ်းအားကို ငှားယမ်းအသုံးချပြီး ပေါင်းစည်းရန် ကြိုးစားနေတာ ဖြစ်သည်။

အနှစ်သာရခန္ဓာကိုယ်ငါးခုသည် ကြမ်းကြုတ်သော ဒီသားရဲ၏ စိတ်ဝိညာဉ်ကို စုပ်ယူကြ၏။ ယင်းသားရဲ၏ စိတ်ဝိညာဉ်ကို အသုံးပြုကာ ထိုခန္ဓာကိုယ်တို့သည် ပေါင်းစည်းဖို့ ကြိုးစားနေတာပင်။

လျှို့ဝှက်ခန်းထဲ၌ ဝမ်လင်း၏ အတားအဆီး၊ အကြွင်းမဲ့အစ၊  အကြွင်းမဲ့အဆုံး အနှစ်သာရခန္ဓာကိုယ်များ ပေါ်လာသည့်နောက် သူ့ခန္ဓာကိုယ်တလျှောက်တွင် ထူးခြားသောလျှပ်စီးတစ်ခု ပျံ့နှံ့လေ၏။ သူ၏ သတ်ဖြတ်သူမိုးကြိုးအနှစ်သာရခန္ဓာကိုယ်သည် လျှို့ဝှက်ခန်းထဲကနေ ကောင်းကင်ထက်သို့ ပျံသန်းထွက်လာစဉ် နောက်ထပ်ထပ်နေသော အရိပ်တစ်ခု ပေါ်လာသည်။

သတ်ဖြတ်သူမိုးကြိုးအနှစ်သာရခန္ဓာကိုယ်သည် ကောင်းကင်ထက်သို့ ပျံသန်းတက်လာသည့်အခါ အနက်ရောင်မိုးကြိုးတို့ ပျံ့လွင့်ကာ ကျယ်လောင်စွာတုန်ဟည်းသံတစ်ခုကို ဖန်တီးသည်။

ဝမ်လင်း၏အမူအရာက အလေးအနက် ဖြစ်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ သူ၏ အားကောင်းလှသော နတ်ဘုရားအာရုံသည် သည်လောကကို ခြုံလွှမ်းထွေးခြုံလာသည်။

သတ်ဖြတ်သူမိုးကြိုးခန္ဓာကိုယ်သည် လောဟွာသားရဲထံ အရှိန်အဟုန်နှင့် ဦးတည်ကာ ၎င်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ လောဟွာသားရဲ၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်ကာ ၎င်းသည် မြန်ဆန်စွာ ကြုံ့နေပြီး လုံးဝ ပျောက်ကွယ်ကာ ၎င်း၏ကြီးမားသော မျက်လုံးတစ်လုံသား ကျန်ခဲ့လေတော့သည်။

ထိုမျက်လုံးသည် မှိန်ဖျော့နေ၏။

အမွှေးတိုင်တစ်တိုင်စာလောက် ကြာမြင့်ပြီးနောက် ၎င်းမျက်လုံးပေါ်တွင် အက်ကြောင်းများ ပေါ်လာကာ ပေါက်ကွဲထွက်သည့်အထိပင်။ ထို့နောက်တွင် ပုံရိပ်နှစ်ခုသည် လှမ်းထွက်လာသည်။

တစ်ခုမှာ ဟိုးလွန်ခဲ့သောအချိန်တည်းက အနှစ်သာရခန္ဓာကိုယ်ကို ဖွဲ့စည်းပြီး ဖြစ်သော မိုးကြိုးအနှစ်သာရ ခန္ဓာကိုယ်ပင်။ နောက်တစ်ခုမှာ မထူးခြားနားစွာ အေးစက်လှသော သတ်ဖြတ်သူခန္ဓာကိုယ်ဖြစ်၏။ ထိုခန္ဓာကိုယ်၏ တခေါင်းလုံးရှိ ဆံပင်တို့နှာ နက်နေသည်။

ထိုအနှစ်သာရ ခန္ဓာကိုယ် ပေါ်လာသည့်နောက် ၎င်းက တည်ငြိ်မ်စွာ ကောင်းကင်ထက်သို့ ကြည့်၏။ တုန်လှုပ်ဖွယ်အော်ရာတစ်ခု ပျံ့လွင့်လာသည်။ ဤသည်မှာ ဖျက်စီးခြင်းနှင့် သတ်ဖြတ်ခြင်းကို ကိုယ်စားပြုသော အဖျက်အစီးအော်ရာတစ်ခုပင်။

“ငါဟာ သတ်ဖြတ်သူပဲ…”  ဆံပင်နက်ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။

သူက ခေါင်းငုံ့ကာ ဝေ့ခတ်ကြည့်ရှုလိုက်သည်။ မြေပြင်ရှိ အစောင့်အကြပ်များသည် ထိုအကြည့်၏ ဝေ့ခတ်ကြည့်ခြင်းကို ခံလိုက်ရချိန်၌ နာကျင်စူးဝါးစွာ အော်ဟစ်မိကုန်သည်။ သူတို့သည် နာကျင်ရမည်၊ သေရမည်အတွက်ကြောင့် ထိုသို့ အော်ခြင်း မဟုတ်၊ အကြောက်တရားကြောင့် ယင်းသို့ အော်ဟစ်မိကုန်တာပင်။

ယင်းအကြောက်တရားက သူတို့၏ စိတ်ဝိညာဉ်မှ လာခြင်းပင်။

မင်းသားကျိတုသည်ပင် အကြောက်တရားဖြင့် တုန်ယင်နေမိ၏။

“ငါဟာ သတ်ဖြတ်သူပဲ…” ဆံပင်နက်ဝမ်လင်းက မော့ကြည့်ကာ မာန်သွင်းအော်ဟစ်၏။ သို့သော် ထိုအခိုက်တွင် နန်းတော်ထံမှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာသည်။

အေးစက်စက်နှာခေါင်းရှုံ့သံက ဆံနက်ဝမ်လင်း၏ နားထဲသို့ ဝင်ရောက်လာသည့်အခါ သူ၏ဟိန်းအော်သံသည် ရုတ်တရက် ရပ်တန့်သွား၏။ သူ့မျက်နှာထက်မှ နာကျင်ရူးသွပ်မှု လှစ်ဟပေါ်သည်။ ထိုအခိုက်ကို အခွင့်ကောင်းယူကာ မိုးကြိုးအနှစ်သာရခန္ဓာကိုယ်သည် ဆံနက်ဝမ်လင်းထံ ပျံသန်းလာပြီး သူနှင့် ပေါင်းစပ်သည်။

တအောင့်အကြာတွင် အတားအဆီးအနှစ်သာရခန္ဓာကိုယ်မှာလည်း မရေမတွက်နိုင်သော အတားအဆီးများအဖြစ်သို့ ပြောင်းကာ အတားအဆီးမုန်တိုင်းတစ်ခုကို ပြောင်း၍ ဆံနက်ဝမ်လင်း၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းသည်။ တချိန်တည်းမှာ အကြွင်းမဲ့အစနှင့်အဆုံး အနှစ်သာရခန္ဓာကိုယ်များမှာလည်း အလားတူ ပေါင်းစည်းသည်။

“ငါဟာ သတ်ဖြတ်သူပဲ…” ဆံနက်ဝမ်လင်းသည် အံတင်းကြိတ်ကာ ဟစ်အော်၏။ ထိပ်နေသော အရိပ်လေးခုသည် ပေါ်လာရသည်။ သူသည် ထိုအနှစ်သာရခန္ဓာကိုယ်များကို သူ့ထံမှ အတင်းအကြပ် မောင်းထုတ်နေသကဲ့သို့ပင်။

“ဘယ်သူမှ ငါ့ကို မထိန်းချုပ်နိုင်ဘူး။ ငါဟာ သတ်ဖြတ်သူပဲ…” သူ ထိုသို့ မာန်သွင်းအော်ဟစ်စဉ် သူ့ခန္ဓာကိုယ်နှင့် ထပ်နေသောအရိပ်လေးခုသည် လက်မအနည်းငယ် တွန်းထုတ်ခံရ၏။ ဤသည်မှာ ထူးခြားဆန်းကြယ်လှသည်။

ထိုအခါတွင် ဒုတိယကြိမ်မြောက် နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။ ဆံနက်ဝမ်လင်းသည် တုန်ယင်သွား၏။ တချိန်တည်းမှာ ကောင်းကင်ထက်တွင် ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ် ပေါ်လာ၏။ ထိုခန္ဓာကိုယ်သည် ကြုံ့ကာ သူ၏လက်ကို ဝေ့ယမ်း၏။ ဒြပ်စင်ငါးခုစွမ်းအားပါဝင်သော ကြီးမားသောလက်ဝါးချက်က ဆံနက်ဝမ်လင်းအပေါ်သို့ ဖိသိပ်ကျလာသည်။

“ငါဟာ သတ်ဖြတ်သူပဲ…”  ဆံနက်ဝမ်လင်းက အပေါ်သို့ မော့ကြည့်ကာ အဖျက်အစီးအားတစ်ခုကို ထုတ်လွှတ်၏။ သူက ရုန်းကန်ရန် ဟန်ပြင်စဉ် ပြင်းထန်သောဖိအားက သူ့အား ဝန်းရံလာသည်။ ထိုဖိအားတွင် သူ့အား ဖိနှိပ်ထားသော အားကောင်းသည့် နတ်ဘုရားအာရုံတစ်ခု ပါဝင်၏။

ထိုအခိုက်တွင် ဆံနက်ဝမ်လင်း၏နောက်၌ လောဟွာ၏ အရိပ်ပေါ်လာ၏။ လောဟွာသားရဲ၏ အရိပ်မှာ အပိုင်းပိုင်းအစစ ဖြစ်နေ၏။ သို့သော် မရေမတွက်နိုင်သော အနက်ရောင်အမျှင်တန်းများ ပေါ်လာကာ ထိုအပိုင်းအစတို့သည် စတင်ပေါင်းစည်းသည်။ ဆံနက်ဝမ်လင်း ပတ်လည်ရှိ ထပ်နေသော အရိပ်များသည် ဆက်လက် ပျံ့နှံ့ခြင်း မရှိတော့ဘဲ အတူတကွ ပေါင်းစည်းသည်။

“မင်းဟာ ငါ့ရဲ့ ဒုတိယအစစ်အမှန်ခန္ဓာကိုယ်ဖြစ်တယ်။ မင်းဟာ သတ်ဖြတ်သူပဲ။ ခုချိန်ကစပြီး မင်းဟာ ငါ့ရန်သူတွေနောက် ငါ့အစား လိုက်လံသတ်ဖြတ်မယ့်သူပဲ…။ မင်းဟာ ငါ့ရဲ့ ဖျက်စီးခြင်းနဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သယ်ဆောင်ဖြန့်ကျက်ပေးမယ့်သူ ဖြစ်တယ်….”

“မင်းရဲ့ နာမည်ဟာ သတ်ဖြတ်သူ၊ မင်းရဲ့ တာအိုနာမည်ဟာ ပြစ်ဒဏ်…”

အားကောင်းသောအသံတစ်သံ လောကတွင် ပဲ့တင်ထပ်ကာ ဆံနက်ဝမ်လင်း၏နောက်ရှိ လောဟွာ၏အရိပ်သည် လုံးဝ ပေါင်းစည်းသွားသည်။ တခြားထပ်နေသော  အရိပ်လေးခုမှာလည်း အလားတူ ပေါင်းစည်းကာ ခုခါ၌ တစ်ခုတည်းအဖြစ်သို့ ရောက်၏။

ဖိအားသည် လွင့်ပြယ်သွားကာ လောကသည် ပုံမှန် ပြန်ဖြစ်သွား၏။ ဆံနက်ဝမ်လင်းသည် ဆံနက်ဝမ်လင်းအဖြစ် ရှိနေတုန်းပင်။ သူက နေရာတွင် ရပ်ကာ ဖြည်းဖြည်းချင်း ခေါင်းမော့လာ၏။

“ငါဟာ သတ်ဖြတ်သူပဲ…” ထိုအသံသည် တည်ငြိမ်ကာ အေးစက်လွန်းလှ၏။ ယင်းအသံတွင် မည်သည့်စိတ်ခံစားချက်မျှ ရှိမနေ၊ အစွန်းရောက်သော မထူးခြားနားခြင်းသာ ရှိသည်။ သူသည် ဝမ်လင်း၏ သတ်ဖြတ်ခြင်းနှင့် ဖျက်စီးခြင်းကို ကိုယ်စားပြုပေသည်။ သူသည် ဝမ်လင်း၏ ရန်သူများကို အကြောက်တရားအား သိစေမည့်သူ ဖြစ်၏။

သူ ခေါင်းမော့လာစဉ် သူ၏အေးစက်စက်အကြည့်က အကွာအဝေးတစ်ခုသို့ ရောက်သွား၏။ သူ၏အကြည့်က မူလတောင်ထိပ်ရှိ တုန်လှုပ်နေသော မဟာအင်ပါယာစုန့်ထျန်ထံထိ တိုက်ရိုက်ကျရောက်သည်။

“မကောင်းတော့ဘူး…” စုန့်ထန်၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူက ပင့်သက်ရှိုက်မိသည်။ သူသည် အလိုလို ထရပ်ကာ သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ သူသည် ချီမန်ကို လှမ်းဆွဲခေါ်ကာ လေထဲသို့ ပျံတက်လိုက်၏။ သူ ထိုင်နေသော ဘုံကျောင်းအမိုးမှာ ပျက်စီးသွားလေသည်။

All Chapters