← Chapters

ကောင်းကင်ဘုံလမ်းကြောင်းကို နင်းခြေခြင်း၊ လေဟာနယ်ပျက်သုဉ်းခြင်းတာအို

Vol. 152 Ch. 2100

ကောင်းကင်ဘုံလမ်းကြောင်းကို နင်းခြေခြင်း၊ လေဟာနယ်ပျက်သုဉ်းခြင်းတာအို

Vol. 152 Ch. 2100

လောဟွာကုန်းမြေတွင် လောဟွာ၏စိတ်ဝိညာဉ်တစိတ်ပိုင်းကို ဝမ်လင်းက ဝါးမြိုပြီးသည့်နောက် နန်းတော်အဆောင်တွင်းရှိ မင်းသားကျိတုသည် သွေးများစွာ အန်ထုတ်လိုက်ရသည်။

သူသည် သွေးများစွာ အန်ထုတ်လိုက်ရပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ မမြင်ရသေ ချိပ်ပိတ်မှုသည် ပျက်စီးကျိုးပျက်သွားသလို ခံစားမိလိုက်ရသည်။ မင်းသားကျိတု၏မျက်လုံးထံမှ ထူးခြားသောအလင်းတစ်ခု လှစ်ဟပေါ်ကာ သူ့ခန္ဓာကိုယ်၌ နိုးထလာသော စွမ်းအားကို ခံစားမိနေသည်။

ထိုစွမ်းအားက သူ့ခန္ဓာကိုယ်တွင် ပြည့်နေကာ သူ့အား မျက်လုံးမှိတ်သွားစေသည်။

နန်းတော်၏အပြင်ဘက်တွင် ဆံနက်ဝမ်လင်းသည် သူ့အကြည့်ကို မူလတောင်ထံမှ ပြန်ရုတ်၏။

သူ့ဘေးတွင် ဝမ်လင်း၏ ဒြပ်စင်ငါးခုခန္ဓာကိုယ် ရှိနေတုန်းပင်။

ထိုခန္ဓာကိုယ်နှစ်ခုသည် တူသော်လည်း တစ်ယောက်စီမှ ပေးနေသော ခံစားမှုကမူ လုံးဝကွဲပြားသည်။

ဒြပ်စင်ငါးခုန္ဓာကိုယ်က ဝမ်လင်း၏ ကျင့်ကြံမှုဘဝကို ကိုယ်စားပြု၏။ ၎င်းသည် ညင်သာမှုကို ပေးစွမ်းသော်လည်း အစွမ်းထက်အားကောင်းလှသည်။ သတ်ဖြတ်သူခန္ဓာကိုယ်ကိုမူ ဝမ်လင်း၏ သတ်ဖြတ်ခြင်းဘဝကို ကိုယ်စားပြု၏။ ၎င်းသည် လူတစ်ယောက်၏ စိတ်နှလုံးကို အေးစက်မှု ခံစားရအောင် လုပ်နိုင်ကာ အနားသို့ မလာဝံ့အောင် ဖြစ်စေနိုင်သည်။

တအောင့်အကြာတွင် လျှို့ဝှက်ခန်းထဲမှ တည်ငြိမ်သောအသံတစ်သံ ထွက်ပေါ်လာ၏။ “အစစ်အမှန်ခန္ဓာကိုယ်…ပြန်လာခဲ့…”  ဒြပ်စင်ငါးခုခန္ဓာကိုယ်သည် လျှို့ဝှက်ခန်းသို့ ငုံ့ကြည့်ကာ ငါးရောင်စုံအလင်းတန်းအဖြစ်သို့ ပြောင်း၍ မြေပြင်ထက်၌ ပျောက်ကွယ်သွားတော့သည်။

သတ်ဖြတ်သူခန္ဓာကိုယ်ကလည်း တုံ့နှေးမနေပေ။ ၎င်း၏ နက်မှောင်သော ဆံပင်နှင့် ဝတ်ရုံတို့က လေထဲတွင် တလွင့်လွင့် ဖြစ်လျက် ၎င်းသည် မြေပြင်ထက်သို့ ခပ်ဖြည်းဖြည်းလှမ်းလာသည်။ ၎င်း၏ခန္ဓာကိုယ်သည် အနက်ရောင်အမျှင်တန်းများအဖြစ်သို့ ပြောင်းကာ ပျောက်ကွယ်သွားသည်။

လျှို့ဝှက်ခန်းအတွင်း၌ ဝမ်လင်းသည် ထိုင်ချလိုက်၏။ ဒြပ်စင်ငါးခုခန္ဓာကိုယ်နှင့် သတ်ဖြတ်သူခန္ဓာကိုယ်တို့မှာ သူ့ရှေ့တွင် ရပ်နေသည်။ သူက ထိုခန္ဓာကိုယ်နှစ်ခုကို အလေးအနက် ကြည့်နေသည်။

“နှစ်ပေါင်းတစ်ရာ ကျင့်ကြံပြီးတဲ့နောက် နောက်ဆုံးမှာ ငါဟာ သတ်ဖြတ်သူအနှစ်သာရခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီ။ ငါသာ ဒီခန္ဓာကိုယ်ကို ငါ့မူလခန္ဓာကိုယ်နဲ့ ပေါင်းစည်းလိုက်ရင် ငါ့ကျင့်ကြံမှုအဆင့်ဟာ လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်ကို ခြေတလှမ်း ကျော်လွန်သွားမလား ငါ သိချင်မိတယ်…”

“ငါ့ကျင့်ကြံမှုအဆင့်သာ ထပ်ပြီး တိုးတက်လာနိုင်ရင် ငါဟာ ကောင်းကင်ဘုံအင်ပါယာရဲ့ စိတ်ဝိညာဉ်မှာ ရှိတဲ့ ရှေးကျိန်စာကို ဖယ်ရှားနိုင်ပြီး ၎င်းကို ထိန်းချုပ်နိုင်လောက်မယ်…”

ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းလိုက်ကာ သူ့အစစ်အမှန်ခန္ဓာကိုယ်တို့ထံမှ အကြည့်ပြန်ခွာသည်။ သူက သည်အခန်းအလယ်ရှိ သူ၏စိတ်ဝိညာဉ်မီးနှင့် လောင်ကျွမ်းခံထားရသော စိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။ နှစ်ပေါင်းတစ်ရာကျော် သန့်စင်ပြီးနောက် ထိုစိတ်ဝိညာဉ်၏ မီးခိုးရောင်ပျက်စီးဆွေးမြွေ့ခြင်းက လက်သီးစုပ်ခန့် သိပ်သည်းနေပြီ ဖြစ်သည်။ သို့သော် ၎င်းကို လုံးဝ ဖယ်ရှားမပစ်နိုင်သေးပေ။

“ငါ့ကျင့်ကြံမှု လမ်းကြောင်းဟာ တခြားသူတွေနဲ့ လုံးဝ ကွဲပြားတယ်။ လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့် ပြီးရင် အင်ပါယာအတုနဲ့ ဩဇာအင်ပါယာအဆင့်ဆိုပြီး ရှိတယ်။ ဒါပေမဲ့ ဒီအဆင့်တွေကို တခြားသူတွေက ထပ်ပေါင်းထည့်ထားတာ။ တကယ်တော့ ဒီအဆင့်နှစ်ခုလုံးဟာ လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်ရဲ့ အစိတ်အပိုင်းတွေသာ ဖြစ်ကြတယ်…”

ဝမ်လင်းသည် မျှော်လင့်ချက်တို့ဖြင့် ပြည့်နေသည်။ သူသည် လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်ကို ကျော်လွန်ကာ ခြေလှမ်းတလှမ်း လှမ်းပြီးပါက သူ၏ကျင့်ကြံမှုအဆင့်သည် မည်သို့ဖြစ်လာမည်ကို သိချင်မိနေသည်။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “မဟာအင်ပါယာလား…ဒါမှမဟုတ် ဖြစ်နိုင်တာက….”

“လေးခုမြောက်အဆင့်လား။ ဒါပေမဲ့ လေးခုမြောက်အဆင့်ဟာ ဒီလောကမှာ တကယ်ပဲ တည်ရှိခဲ့တယ်ဆိုရင် ရှေးဘိုးဘေးနဲ့ ကောင်းကင်ဘုံဘိုးဘေးတို့ဟာ လေးခုမြောက်အဆင့်မှာ ရှိနေတာများ ဖြစ်နိုင်လား…”

ဝမ်လင်း၏မျက်လုံးသည် တောက်ပနေ၏။ သူက သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။ ဒြပ်စင်ငါးခုခန္ဓာကိုယ်သည် ရှေ့သို့ လှမ်းလာကာ ဝမ်လင်း၏မူလခန္ဓာကိုယ်နှင့် ထပ်သွားပြီး သူနှင့် ပေါင်းစပ်သွားတော့သည်။

မူလခန္ဓာကိုယ် ပြန်ရောက်ရှိလာသည့်အခါ ဝမ်လင်း၏ ဆံပင်ဖြူတို့သည် လွင့်ဝဲလျက် သူ၏ကျင့်ကြံမှုသည် ပေါက်ကွဲထွက်လာသည်။ ချက်ခြင်းပင် သူသည် လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်သို့ ရောက်၏။ နှစ်ပေါင်းတစ်ရာ ကျင့်ကြံပြီးနောက် သူသည် စွမ်းအားအပြည့် ဖြစ်နေသည်။ ဤသည်မှာ သူ၏ အကောင်းဆုံးအခြေအနေတွင် ရှိနေ၏။

ဆံနက်ဝမ်လင်း(ဝါ) သူ၏သတ်ဖြတ်သူခန္ဓာကိုယ်ကို ကြည့်ကာ ဝမ်လင်းသည် အံတင်းတင်း ကြိတ်၍ ပြတ်သားသောအကြည့်ကို ထုတ်ဖော်သည်။ သူက ထိုခန္ဓာကိုယ်ထံ လက်ညွှန်လိုက်၏။ သတ်ဖြတ်သူခန္ဓာကိုယ်သည် သူ့ကို မထူးခြားနား မော့ကြည့်လာကာ သူ့ထံ လျှောက်လာသည်။

မျက်စိတမှိတ်အတွင်း သတ်ဖြတ်သူခန္ဓာကိုယ်သည် ဝမ်လင်းနား ရောက်လာ၏။ ၎င်းက ဝမ်လင်းနှင့် ထပ်သွားကာ တဖြည်းဖြည်း စတင်ပေါင်းစည်းလာသည်။

ထိုသို့ ပေါင်းစည်းမှု ဖြစ်နေစဉ် ဝမ်လင်း၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှု ပေါ်လာ၏။ တချိန်တည်းမှာ သူ၏ကျင့်ကြံမှသည် အံ့မခန်နှုန်းဖြင့် တိုးလာ၏။ လောကသည် အရောင်များ ပြောင်းလာသည်။ ဝမ်လင်း၏ ကျင့်ကြံမှုသည် အတားအဆီးကို ချိုးဖျက်သွားကာ ဆန်းကြယ်သောနယ်ပယ်တစ်ခုထံ အလျင်အမြန် တက်လှမ်းနေပြီဟု ထင်ရ၏။

ထိုဖြစ်စဉ်အတွင်း သူ၏ကျင့်ကြံမှုအဆင့်သည် အင်ပါယာအတုဟု အများသတ်မှတ်သော အဆင့်ကို ချက်ခြင်း ကျော်လွန်ကာ ဩဇာအင်ပါယာအဆင့်ထိ ရောက်ရှိသည်။

ဤသည်မှာ ရပ်တန့်မည့်ပုံ မရပေ။ ဝမ်လင်း၏မျက်လုံးတို့မှာလည်း ပို၍ စိတ်ရှုပ်ထွေးလာ၏။ အရာအားလုံးသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ခံစားမိလာသည်။

သူ၏ကျင့်ကြံမှုအဆင့်က ဆက်လက် မြင့်တက်လာနေရင်း ဩဇာအင်ပါယာအဆင့်ကို ကျော်လွန်၍ နောက်ထပ်နယ်ပယ်တစ်ခုထံ မြင့်တက်လာနေသည်။ ဤသည်မှာ မဟာအင်ပါယာတစ်ယောက်၏ နယ်ပယ်ဖြစ်၏။

အချိန်မည်မျှကြာသွားမှန်း မသိရပြီးနောက် သတ်ဖြတ်သူမိုးကြိုးခန္ဓာကိုယ်နှင့် ဝမ်လင်းတို့သည် အပြည့်အဝ ပေါင်းစည်းလုနီးနီး ဖြစ်လာသည်။ သူတို့နှစ်ယောက်က လုံးဝ ပေါင်းစည်းတော့မည့်ပုံ ရ၏။ ဝမ်လင်း၏မျက်လုံးထံမှ ငွေရောင်အလင်းကို ထုတ်လွှတ်လာကာ စိတ်ရှုပ်ထွေးခြင်းတို့ ပြည့်သည်။

နောက်ဆုံးတွင် သူသည် သူ့စိတ်ထဲ၌ တုန်ဟည်းမှုကို ခံစားမိ၏။ သူ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာသွားသကဲ့သို့ ခံစားမိ၏။ သူ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်၊ သည်အခန်းကနေ ထွက်ခွာကာ ကောင်းကင်ထက်တွင် ပေါ်လာသည်။

ကောင်းကင်မှာ အပြာရောင် မဟုတ်တော့၊ နေ၊လ၊ ကြယ်တို့လည်း မရှိတော့သော ကောင်းကင် ဖြစ်သွားသည်။ သည်အခိုက်တွင် ဝမ်လင်း၏ စိတ်ဝိညာဉ်သာ တည်ရှိနေ၏။ သူက မြေပြင်ထက်သို့ ငုံ့ကြည့်လိုက်ရာ အဖြူရောင်မြူလွှာ ဖုံးနေသည်ကိုသာ တွေ့မြင်သည်။ ထို့အတွက် သူသည် မြေပြင်ထုကို မမြင်ရတော့ပေ။

သူက ထိုကောင်းကင်ကို ကြည့်၏။ သည်ကောင်းကင်မှာ သူတို့၏ ကိုယ်ပိုင်ဥပဒေသများ ပါဝင်ဟန်တူသော ပါးလှပ်သည့်အစင်းကြောင်းများနှင့် ထုံးဖွဲ့ထားလေသည်။

“ဒါက ကောင်းကင်ပဲ…”  ဝမ်လင်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးခြင်းတို့ အပြည့် ဖြစ်နေသည်။ သူသည် ကောင်းကင်ကို နဂိုမူလအသွင်တိုင်း မမြင်ရတော့ သိသာသောအစင်းကြောင်းများအဖြစ်သာ မြင်ရနိုင်တော့သည်။ သူ၏ စွမ်းအားကုန် အသုံးပြုကာ ကြည့်သည့်အခါတွင်ပင် သူသည် အဆုံးမဲ့သော မရေမတွက်နိုင်သည့် အစင်းကြောင်းများကိုသာ တွေ့မြင်ရသည်။

ဝမ်လင်းသည် ပျံသန်းထွက်ချင်နေ၏။ သူသည် သူသာ ထိုအဆုံးမဲ့အစင်းကြောင်းထံမှ လှမ်းထွက်နိုင်ပါက သူသည် လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်ကို ကျော်လွန်လှမ်းနိုင်မည်ဟု ဝိုးတဝါး ခံစားမိသည်။

ထိုခံစားချက်သည် သူ၏ စိတ်ဝိညာဉ်အတွင်းနက်ပိုင်းမှ ထွက်ပေါ်လာသကဲ့သို့ အတော်လေး အားကောင်းနေသည်။ ခဏတာ ငြိမ်သက်စွာ စဉ်းစားပြီးနောက် ဝမ်လင်းက မော့ကြည့်လိုက်သည်။

သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုများ ရှိနေသော်လည်း ပြတ်သားမှုက ပိုလေသည်။ သူက အဆုံးအစမဲ့သော အစင်းကြောင်းများထံ ဦးတည်ဝင်လာသည်။

သူက မြန်ဆန်လှစွာ လှုပ်ရှားနေ၏။ သူသည် ထိုအစင်းကြောင်းများကို ရှင်းလင်းစွာ မခံစားမနိုင်သော်ငြားလည်း ၎င်းတို့ထဲ တရကြမ်း ခရီးနှင်နေသည်။ ထိုအစင်းကြောင်းများက သူ့အား ရစ်ပတ်လာတာကိုလည်း ခွင့်ပြုထား၏။ သူက ဆက်၍ သွားနေသည်။

အချိန်မည်မျှ ကြာသွားပြီးမှန်း မသိရပြီးနောက် ဝမ်လင်းက သူ့ရှေ့ ထိုအဆုံးမဲ့သော အစင်းကြောင်းများထဲ၌ တံတားတစ်ခု ပေါ်လာတာကို မြင်သည်။

ပို၍ တိတိကျကျ ဆိုရသော် ဤသည်မှာ တံတားတစ်စင်းတည်းမဟုတ်၊ ကိုးစင်း ဖြစ်၏။

ထိုတံတားပြီးနောက် သက်တန့်ကဲ့သို့အရာတစ်ခု ရှိနေ၏။ ထို့နောက်တွင်လည်း သက်တန့်တံတား နောက်တစ်ခု ရှိပြန်သည်။ ယင်းတံတားများသည် ကျယ်ပြောသော ဟင်းလင်းပြင်ထဲ ချဲ့ကားကာ လောက စတင်မွေးဖွားစဉ်တုန်းတည်းက တည်ရှိခဲ့သလိုမျိုး ရှေးကျမှုကို ပေးစွမ်းနေသည်။

ထိုတံတားကိုးစင်းနောက်တွင် တခြားလောကတစ်ခုကဲ့သို့ ပုံရိပ်ယောင်ပုံရိပ်တစ်ခု ရှိ၏။ သူသည် ထိုပုံရိပ်ယောင်ပုံရိပ်အတွင်းရှိ ပုံရိပ်အချို့ကိုပါ ခပ်ရေးရေးလှမ်းမြင်သည်။ သို့သော် သူ သေချာကြည့်သည့်အခါတွင်မူ သူသည် အရာတစ်ခုကိုပင် မမြင်ရ လုံးဝ ဝေဝါးစွာသာ ရှိနေ၏။

“ကောင်းကင်ဘုံနင်းခြေခြင်းတံတား…”  ဝမ်လင်းသည် သူ့ဟာသူ တကိုယ်တည်း ရေရွတ်လိုက်သည်။ ထို့နောက် သူက ပထမဆုံးတံတား ရှေ့မှ ကျောက်ပြားကြီးကို လှမ်းကြည့်၏။ ၎င်းပေါ်တွင် ကြီးမားသော စာလုံးသုံးလုံးကို ရေးထွင်းထားကာ ယင်းတို့မှ အလွန်ထူးခြားလေ၏။ ဝမ်လင်းသည် ၎င်းတို့ကို အရင်က လုံးဝ မမြင်ဖူးခဲ့ပေ။ သို့သော် သူက ထိုစာလုံးတို့ကို ကြည့်မိသည့်အခိုက်တွင် ထိုစကားလုံးတို့၏ ဆိုလိုရင်းအဓိပ္ပာယ်က သူ့စိတ်ထဲတွင် ပေါ်လာသည်။

ထိုကျောက်ပြားပေါ်၌ အနှီစာလုံးသုံးလုံးအပြင် အတန်းလိုက် ရှိနေသော ပိုသေးငယ်သည့်စာလုံးများလည်း ရှိနေ၏။

“ကောင်းကင်ဘုံလမ်းကြောင်းကို နင်းခြေခြင်း၊ လေဟာနယ်ပျက်သုဉ်းခြင်းတာအို၊ အင်မောတယ်စိတ်ဝိညာဉ်၊ အလုံးစုံ၏ အထူးလေးစားသမှု ပြုတာကို ခံရခြင်း…”

ဝမ်လင်းသည် မိန်းမောမိသွား၏။ သူသည် စတုတ္ထအဆင့်သာ ရှိခဲ့ပါက ၎င်းနယ်ပယ်အဆင့်၏ အမည်မှာ ကောင်းကင်ဘုံနင်းခြေခြင်း ဖြစ်လိမ့်မည်ဟု ခပ်ရေးရေး အမှတ်ရသည်။

ပထမဆုံးတံတား၏ အပြင်ဘက်တွင် အချိန်အတန်ကြာ ရပ်နေပြီးနောက် ဝမ်လင်း၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးခြင်းသည် ကွယ်ပျောက်သွားသည်။ သူ၏မျက်လုံးသည် တောက်ပလာ၏။ သူက ပထမဆုံးတံတားထံ လျှောက်လာသည်။

တလှမ်းချင်း လျှောက်လာ၏။ ပထမဆုံးတံတားက အတော်လေး နီးနေပုံ ပေါ်သည်။ သို့သော် ထိုနေရာသို့ ရောက်ဖို့ နာရီအနည်းငယ် ကြာခဲ့၏။ ဝမ်လင်းက ထိုတံတား၏ ရှေ့သို့ ရောက်လာသည့်အခါတွင် နောက်ဆုံးတော့ သူသည် ၎င်းတံတားတစ်ခုလုံးကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်လိုက်ရသည်။

ထိုတံတားသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်၏။ ၎င်းကို မြင်နိုင်၏။ သို့သော် နတ်ဘုရားအာရုံဖြင့် ခံစား၍ မရနိုင်ပါ။ ၎င်းထံမှ ထွက်ပေါ်နေသော ရှေးအော်ရာမှာ လူသားများ ဖန်တီးနိုင်သော တစုံတရာ မဟုတ်ပေ။

“ကောင်းကင်ဘုံနင်းခြေခြင်းတံတား…”  ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ပြီး ထိုတံတားကို ထိ၏။ သို့သော် သူ့လက်မှာ ၎င်းကို လွယ်ကူစွာ ဖြတ်သန်းသွား၏။ သူ ခဏ ကြောင်သွားသည်။ သူသည် သူ့ညာလက်ကို သေသေချာချာ ကြည့်မိလိုက်၏။

သူ့လက်တွင် ကြည်လင်လှသော အလင်းမှုန်လေးများ ရှိနေ၏။ အလင်းမှုတစ်ခုချင်းစီတွင် အားကောင်းလှသော အသက်ဓာတ် ပါဝင်သည်။ ယင်းတို့သည် ပထမဆုံးတံတားထံ ပြန်လည် ပျံသန်းသွားကြသည်။

ဝမ်လင်းသည် မျက်လုံးမှိတ်ကာ နေရာတွင် အမွှေးတိုင်တတိုင်ဝက်စာမျှ ရပ်နေ၏။ သူက ရုတ်တရက် မျက်လုံး ပြန်ဖွင့်လာကာ သူ့ညာခြေကို မြှောက်၍ ပထမဆုံးတံတားထံ ခြေလှမ်းသည်။

သူ တံတားပေါ် ခြေချလိုက်သည့်အခါတွင် သူသည် သူ၏စိတ်ဝိညာဉ်သည် ဆင့်ကဲပြောင်းလဲသွားသလိုမျိုး ခံစားမိ၏။ လောကရှိ ဥပဒေသမြောက်များစွာသည် သူ့အတွက် ရှင်းလင်းလာသကဲ့သို့ပင်။ သူသည် ထိုသို့ အရင်က လုံးဝ မခံစားမိခဲ့ဖူးပေ။ သူသည် တံတားပေါ်တွင် မလှုပ်မယှက် ရပ်နေ၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက အသက်ဝဝရှိုက်သွင်းကာ တံတားကို ထူးခြားသောအကြည့်ဖြင့် ကြည့်လိုက်သည်။

သူ တလှမ်းချင်း ရှေ့သို့ လှမ်းလာသည်။ ပထမဆုံးတံတား၏ အဆုံးသို့ သူ ရောက်လာသည့်အခါ လောကဥပဒေသများ၏ ပြောင်းလဲမှုများက သူ့စိတ်နှလုံးထဲတွင် ရေးထွင်းသွားကာ ဖယ်ရှား၍ မရတော့ပေ။

အကွာအဝေးတစ်ခုသို့ လှမ်းကြည့်လိုက်ရာ ကိုးခုမြောက်တံတားအဆုံးရှိ ဝိုးတဝါးပုံရိပ်ယောင်ပုံရိပ်က အနည်းငယ် ပိုထင်ရှားလာသည်။ ၎င်းသည် လှပသောနေရာတစ်ခု ဖြစ်မည့်ပုံရ၏။ သို့သော် လူသားပုံရိပ်များကမူ ဝေဝါးဝါးသာ ရှိနေဆဲပင်။ သူသည် ထိုနေရာတွင် လူမည်မျှ ရှိနေသည်ကိုပင် မပြောနိုင်ချေ။

ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ဝမ်လင်းက တံတားထံမှ လှမ်းလျှောက်လာကာ ဒုတိယမြောက် ကောင်းကင်ဘုံနင်းခြေခြင်းတံတားထံ ဆက်လှမ်းလာသည်။ သူသည် သူသာ ထိုတံတားကိုးခုလုံးကို ဖြတ်၍ အဆုံးရှိ ပုံရိပ်ယောင်မြင်ကွင်းကို တွေ့မြင်နိုင်ပါက သူသည် တတိယအဆင့်နယ်ပယ်ကို ချိုးဖျက်ကာ ဒဏ္ဌာရီလာ ကောင်းကင်ဘုံနင်းခြေခြင်းနယ်ပယ်အဆင့်သို့ ဝင်ရောက်နိုင်လိမ့်မည်ဟု သိသာစွာ ခံစားမိနေသည်။

All Chapters