စိတ်ဝိညာဉ်တစ်ရာ့ရှစ်ခု၏ တောင်းပန်တိုးလျှိုခြင်း
Vol. 152 Ch. 2101
ပထမဆုံးတံတားနှင့် ဒုတိယတံတားတို့သည် အတော်လေးနီး၏။ သို့သော် ဝမ်လင်းသည် ဒုတိယမြောက်တံတားရှေ့သို့ ရောက်ဖို့ ရက်အနည်းငယ်ကြာ ပျံသန်းခဲ့ရသည်။
ထိုတံတားက အရင်တံတားထက် ပိုကြီးမားသည်။ ဝမ်လင်းသည် တုံ့ဆိုင်းမနေဘဲ ဒုတိယမြောက်တံတားပေါ်သို့ ခြေလှမ်နင်းသည်။ သူ ခြေချလိုက်သည့်အခါ သူ့စိတ်ဝိညာဉ်သည် တုန်ယင်သွားပြီး ပျက်စီးသွားတော့မည့်အလား။ သူ၏ကျင့်ကြံမှုအဆင့်က သည်တံတားအပေါ်သို့ ခြေလှမ်းဖို့ အဆင့်မမီသကဲ့သို့ပင်။
ဝမ်လင်းသည် သူ့စိတ်ထဲ၌ တုန်ဟည်းပေါက်ကွဲမှုကို ခံစားမိကာ လောကမှာ ချာချာလည်သွားသလိုပင်။ သူ့နတ်ဘုရားအာရုံနှင့် စိတ်ဝိညာဉ်သည် ပိုင်းခြားကွဲထွက်သွားသလို မှတ်ထင်ရသည်။ သူက သည်မြူလွှာအောက်တွင် ကုန်းမြေတစ်ခု ရှိသည်ကို ခပ်ရေးရေး တွေ့မြင်၏။ ၎င်းကုန်းမြေကို သူ သိသည်။ ဘယ်ဘက်ခြမ်းတွင် ကုန်းမြေခုနစ်ဆယ့်နှစ်ခု၊ ညာဘက်ခြမ်းတွင် နိုင်ငံသုံးဆယ့်ခြောက်နိုင်ငံ ရှိကာ ယင်းတို့၏ အလယ်တွင် ပင်လယ်ပိုင်းခြားထားသည်။
ထိုပင်လယ်အတွင်းနက်ပိုင်း၌ တိုင်လုံးကြီးကိုးခု ချိတ်ဆက်ကာ တံခါးတစ်ခုအသွင် ဖြစ်ပေါ်နေတာကို သူ တွေ့မြင်သည်။ ထိုတံခါးက ပိတ်နေလျက် ပွင့်ဟခြင်း မရှိသေးပေ။
“ကောင်းကင်ဘုံနင်းခြေခြင်း…ငါဟာ ခုချိန်မှာ ကောင်းကင်ဘုံနင်းခြေခြင်း အဆင့်ကို ရောက်နေတာလား…” ဝမ်လင်းသည် အောက်ဘက်ရှိ မြေပြင်ထက်သို့ ကြည့်နေလျက် သူ့ကိုယ်ပိုင်တည်ရှိမှုကို မခံစားမိနိုင် ဖြစ်နေ၏။ သူသည် ငြိမ်သက်စွာ စဉ်းစားလျက် ကောင်းကင်ဘုံကလန် ရှိနေသော အရပ်သို့ လှမ်းကြည့်သည်။ ကုန်းမြေခုနစ်ဆယ့်နှစ်ခုသည် ရုတ်တရက် စိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ထက်သို့ ဟိန်းအော်လေ၏။
ယင်းတို့ထဲတွင် ကောင်းကင်ဘုံနွားထီး၊ အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်နှင့် တခြား ချိပ်ပိတ်ခံထားရသော သားရဲများစွာ ပါဝင်သည်။ ထိုချိပ်ပိတ်ခံသားရဲများက ဝမ်လင်း၏အကြည့်ကို သတိပြုမိပုံ ရကာ သူတို့အားလုံး ဟိန်းသံပေးကြသည်။ ဝမ်လင်းသည် သူတို့၏ ဟိန်းသံထဲရှိ အကြောက်တရားကို ခံစားမိ၏။ ထိုကြောက်ရွှံ့မှု၏အောက်ရှိ တခြားစိတ်ဆန္ဒတစ်ခုကိုလည်း သူ ခံစားမိသည်။
ဝမ်လင်းသည် လေဟာနယ်အတိဒုက္ခအဆင့်ကို ကျော်ဖြတ်ကာ ဒဏ္ဌာရီလာနယ်ပယ်သို့ ဝင်ရောက်လာသည့် တချိန်တည်းမှာ ကောင်းကင်ဘုံကလန်ရှိ ကုန်းမြေခုနစ်ဆယ့်နှစ်ခုလုံးသည် စတင် တုန်ခါလာသည်။ သည်တုန်ခါမှုက တိုးလာကာ ကျင့်ကြံသူအားလုံးက ခံစားမိကုန်သည်။ သူတို့အားလုံးသည် စိတ်ရှုပ်ထွေးကုန်လျက် မည်သို့ ဖြစ်ပျက်နေတာကို မသိကြပေ။
သို့ပေမည့် ဖိနှိပ်ခြင်းဘုံကျောင်းရှိနေသော ကုန်းမြေတိုင်းရှိ ဘုံကျောင်းသည် ထိုတုန်ခါမှု၏ ဗဟိုချက် ဖြစ်ချေသည်။
တုန်ခါမှုသည် ပိုပြင်းထန်သည်ထက် ပြင်းထန်လာကာ ကောင်းကင်ဘုံကလန်၏ အစွမ်းထက်သူများက အာရုံစိုက်လာ၏။ သူတို့အားလုံးလေထဲသို့ တုန်လှုပ်စွာ ပျံသန်းတက်၍ အောက်ဘက်သို့ ကြည့်ရှုရာ သူတို့၏ ကုန်းမြေများ၏ သက်ဆိုင်ရာ စိတ်ဝိညာဉ်များသည် မတည်မငြိမ်ဖြစ်လာသည်ကို မြင်၏။ မြေပြင်ထုသည် အပြင်းအထန် တုန်ခါနေ၏။
ကောင်းကင်ဘုံနွားထီးကုန်းမြေပေါ်တွင် ဧရာမကောင်းကင်ဘုံနွားထီး ပေါ်လာကာ သည်ကုန်းမြေတခုလုံးကို ခြုံလွှမ်း၍ ကောင်းကင်ထက်သို့ ဟိန်းအော်၏။ ၎င်း၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရှိနေသည်။ သို့သော် တောင်းပန်ခွင့်လွှတ်မှုတောင်းလိုသည့် သဘောက ပိုနေပေ၏။
၎င်းက ကောင်းကင်ထက်၌ ၎င်းကို ချိပ်ပိတ်ခံထားရာကနေ လွတ်လပ်မှုရအောင် လုပ်ပေးနိုင်သော ထူးခြားသည့်တည်ရှိမှုထံ တောင်းပန်တိုးလျှိုးနေခြင်းပင်။
ကောင်းကင်ဘုံနွားထီးနှင့်အတူ ကောင်းကင်ဘုံကလန်၌ ဖိနှိပ်ခံထားရသော စိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခုထဲမှ စိတ်ဝိညာဉ်များသည်လည်း တစ်ခုပြီးတစ်ခု ပေါ်လာ၏။ ယင်းစိတ်ဝိညာဉ်များသည်လည်း ကောင်းကင်ဘုံနွားထီးကဲ့သို့ ကောင်းကင်ထက်သို့ ဟိန်းသံပြုကာ တောင်းပန်တိုးလျှိုးနေ၏။
ကောင်းကင်ဘုံကလန်ရှိ ကျင့်ကြံသူအားလုံးနီးပါးသည် ထိုတုန်လှုပ်ချောက်ခြားဖို့ ကောင်းလှသော မြင်ကွင်းကို တွေ့မြင်ကြ၏။ သူတို့သည် မိန်းမောကြောက်ရွှံ့မိကုန်သည်။ မြေပြင်ထက ပိုတုန်ခါလာနေပြီး ပေါ်လာသော စိတ်ဝိညာဉ်များက ဆက်တိုက်ဟိန်းသံ ပေးနေသည်။ ကပ်ဘေးတစ်ခုပင် ဆင်းသက်လာတော့မည့်အလား ထင်ရလေ၏။
“ဘာတွေဖြစ်ကုန်တာလဲ…” တောက်ရီကလန်အတွင်း၌ မဟာအင်ပါယာတောက်ရီသည် ကောင်းကင်ထက်သို့ ပျံသန်းထွက်လာ၏။ သူ၏အမူအရာက သုန်မှုန်နေသည်။ သူ့မျက်နှာထက်တွင် ထိတ်လန့်နေပုံလည်း ရှိ၏။ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် ကောင်းကင်ဘုံကလန်ရှိ ကုန်းမြေခုနစ်ဆယ့်နှစ်ခု အနှံ့အပြားတွင် ဖြစ်ပွားနေသော သည်တုန်လှုပ်ဖွယ်အဖြစ်အပျက်များကို ကောင်းစွာ ခံစားမိပေသည်။
သူသည် တောင်တန်းပင်လယ်ကုန်းမြေရှိ မိုးထိမြင့်မားသော သစ်ပင်ရှိရာထံသို့ စိုက်ကြည့်လိုက်၏။ ထိုသစ်ပင်က လှုပ်ရှားနေကာ စူးရှရှအသံများ ပေးနေသည်။
တောက်ရီသည် ထိုသစ်ပင်ကြီးကို ကြည့်ကာ ပင့်သက်ရှိုက်မိသွား၏။ “သေစမ်း…ဒီပြင်ပမွန်းစတားသစ်ပင်က သေသွားခဲ့ပြီ မဟုတ်ဘူးလား။ ဘာကြောင့် အဲ့မှာ စိတ်ဝိညာဉ် ရှိနေရသေးတာလဲ၊ ဘာတွေ ဖြစ်ကုန်တာလဲ။ နန်းတော်အောက်မှာ ဒီစိတ်ဝိညာဉ်တွေကို ဖိနှိပ်နေတဲ့ လျန်တောက်ဖေနဲ့ ပတ်သတ်ပြီး ပြဿနာတစ်ခုခု ရှိလို့လား…”
တချိန်တည်းမှာ မြောက်ပိုင်းကုန်းမြေ၌ ဝူဖန်သည် ရေခဲပြင်ကို သုန်မှုန်ထိတ်လန့်ဟန်ဖြင့် ကြည့်နေမိသည်။
ခရမ်းရောင်ယင်ကလန်၌ မဟာအင်ပါယာကန်းနီသည် ပျံသန်းထွက်လာကာ မြေပြင်ထက်သို့ ကြည့်၍ မျက်မှောင်ကြုတ်၏။
ရှေးဘိုးဘေးမြို့တွင် မဟာအင်ပါယာကျိုးသဲက အင်ပါယာတောင်ပေါ်တွင် ရပ်နေ၏။ သူက မြေပြင်ထက်သို့ ကြည့်နေလျက် သူ့အမူအရာမှာလည်း တခြားမဟာအင်ပါယာများကဲ့သို့ပင်။
ကျိုးသဲနော်ကမှ ဟိုင်းဇီက မျက်လုံးဖွင့်လာ၏။ “နန်းတော်အောက်မှာ ဘာပြဿနာမှ မရှိဘူး။ လျန်တောက်ဖေကလည်း အိပ်ပျော်နေတုန်းပဲ။ သူက စိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခုကို ဆက်ပြီး ဖိနှိပ်ထားတုန်းပဲ…”
“နင် ရလဒ်ကို ရှေ့ဖြစ်ကြည့်ခဲ့သေးလား။ ဘာတေွ ဖြစ်ကုန်တာလဲ…”
ကျိုးသဲ၏အသံသည် အေးစက်နေ၏။ သူ့စိတ်ထဲ၌ ကြောက်လန့်မှု ရှိနေသည်။
ဟိုင်းဇီက ငြိမ်သက်စွာ စဉ်းစား၍ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ သူမ၏ညာလက်ဝါးပေါ်တွင် လူသေးလေးပေါ်လာကာ သူမထံသို့ စတင်ဦးညွှတ် ဂါဝရပြု၏။ သို့ပေမည့် ဟိုင်းဇီ၏ မျက်ခုံးမှာ တင်းကြပ်နေပြီး သူမသည် မည်သည့်အရာကိုမျှ မရှာတွေ့ခဲ့ပေ။
သူမသည် သူမ၏လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်လိုက်၏။ ထိုသွေးတို့က လူသေးလေးပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ ၎င်းက နာကျင်စူးဝါးစွာ အော်ဟစ်၍ ဟိုင်းဇီထံ ဆက်တိုက် ဦးညွှတ်လေသည်။
သည်တကြိမ်တွင် ဟိုင်းဇီ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူမသည် ဖြူရောသောမျက်နှာဖြင့် နောက်သို့ တရွတ်ဆွဲသွား၏။ သူမ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်သွားသည်။
သူတို့သည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေအထက်မှ သူတို့အပေါ်သို့ ငုံ့ကြည့်နေသော ကောင်းကင်ဘုံနင်းခြေမည့်အကြည့်ကို ခံစားမိလိုက်ရ၏။
“ဘာလဲ…” ကျိုးသဲ၏အမူအရာမှာ ပြောင်းလဲသွား၏။ သူက သူ့စိတ်ခံစားချက်များကို ထပ်မံ၍ မဖုံးကွယ်ထားနိုင်တော့ပေ။ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ သူ့ဆံပင်မွှေးများ ထောင်မတ်သွားသလို ခံစားမိလိုက်ရ၏။ သူသည် ကောင်းကင်ကလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ သို့သော် သူသည် ထိုအခိုက်၌ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အထက်မှ အကြည့်တစ်ခုကို ခံစားမိလိုက်ရ၏။
“ကောင်းကင်ဘုံနင်းခြေခြင်း။ ဒါ…ဒါက…” ကျိုးသဲ၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူ၏ကျင့်ကြံမှုပင် ထိန်းချုပ်မှု လွတ်မတတ် ဖြစ်သွားမိသည်။
ဝမ်လင်းသည် ကောင်းကင်ဘုံကလန်ကို ကြည့်၏။ အသားနားခံတောင်းပန်ကာ ကြောက်ရွှံ့မှုပြည့်နေသော စိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခုကို သူ မြင်သည်။ သူသည် တုန်လှုပ်နေသော တောက်ရီ၊ ထိတ်လန့်နေသော ဝူဖန်၊ စိတ်ရှုပ်ထွေးနေသော ကန်းနီနှင့် ကျိုးသဲထံမှ အကြည့်တို့ကိုလည်းမြင်သည်။
သူက သူတို့ကို မြင်၏။ သို့သော် သူတို့က သူ၏တည်ရှိမှုကို မခံစားမိနိုင်ပေ။ ဝမ်လင်းက ရှေးဘိုးဘေးမြို့သို့ အကြည့်ရောက်သွားပြီးနောက် သူ့အကြည့်က ကျိုးသဲကို ဖြတ်သန်းသွားသည်။ ထိုစဉ် ကျိုးသဲကလည်း မော့ကြည့်လိုက်ချိန် ဖြစ်နေကာ ကျိုးသဲသည် သူ့ဆံပင်မွှေးများ ထောင်မတ်သွားသလို ခံစားမိလိုက်ရ၏။
သူက ဟိုင်းဇီကို မြင်၏။ သူသည် နန်းတော်အောက်တွင် တောင်အဖြစ် ပြောင်းလဲနေသော လျန်တောက်ဖေကို မြင်သည်။
အင်ပါယာတောင်ထိပ်ပေါ်တွင် ကျိုးသဲ၏အမူအရာက ဖြူရောလာ၏။ ထို့နောက် သူသည် ကောင်းကင်ထက်သို့ ပျံသန်းတက်ကာ ဦးညွှတ်လိုက်သည်။ “ဂျူနီယာက စီနီယာ့ကို နှုတ်ဆက်ပါတယ်။ စီနီယာ တောင်းဆိုစရာ တခုခု ရှိရင် ဂျူနီယာ စီနီယာအမိန့်တွေကို နာခံလိုက်နာပါ့မယ်…”
သူသည် မဟာအင်ပါယာတစ်ယောက် ဖြစ်လာခဲ့ချိန်မှစ၍ မည်သည့်အခါမှှျ တစုံတစ်ယောက်ကို ခုလိုမျိုး ဦးညွှတ်ခြင်း မရှိတော့ပေ။ သို့ပေမည့် သည်အခိုက်တွင် သူသည် အကြောက်တရားနှင့် ပြည့်နေကာ ကောင်းကင်ထက်သို့ တလေးတစား ဦးညွှတ်လိုက်လေ၏။
သို့ပေမည့် သူသည် မည်သည့်တုန့်ပြန်မှုမျှ မရခဲ့ပေ။ စိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခုမှာလည်း မျှော်လင့်ချက်မဲ့လာကြ၏။ သူတို့၏ တောင်းပန်တိုးလျှိုမှုက ပိုအားကောင်းလာကာ နောက်ဆုံးတွင် သူတို့သည် ပျောက်ကွယ်သွားကြတော့၏။ မြေပြင်ထုသည် ဆက်၍ တုန်ခါနေခြင်း မရှိတော့ပေ။ ဟိုင်းဇီက ခပ်တိုးတိုး ရေရွတ်လိုက်၏။
“အဲ့ပုဂ္ဂိုလ်…သူ ထွက်သွားတာလား…”
ကျိုးသဲက ထိုသည်ကို ကြားသည့်အခါ သူသည် နောက်ထပ် အမွှေးတိုင်တစ်တိုင်စာလောက်ကြာသည့်အထိ ဆက်၍ ဦးညွှတ်နေခဲ့၏။ ထို့နောက် သူသည် ဖြူရောသောဟန်ပန်ဖြင့် ဆင်းသက်လာသည်။
ဝမ်လင်းက ကောင်းကင်ဘုံကလန်မှ သူ့အကြည့်ကို ပြန်ရုတ်၏။ သူသည် ကောင်းကင်ဘုံနွားထီးနှင့် လျန်တောက်ဖေတို့ကိုမြင်သည့်အခါ သူတို့ကို ကယ်တင်ပေးချင်၏။ သို့သော် သူ မလုပ်နိုင်သေးပေ။
ငြိမ်သက်စွာ စဉ်းစားနေလျက် သူက ရှေးကလန်ထံသို့ လှှမ်းကြည့်သည်။ သူသည် ထိုသို့ လှမ်းကြည့်သည့်အခါ ရှေးကလန်တွင်လည်း ကောင်းကင်ဘုံကလန်မှာကဲ့သို့ အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားကုန်သည်။
မြေပြင်ထုသည် တုန်ခါကာ နိုင်ငံသုံးဆယ့်ခြောက်ခုရှိ စိတ်ဝိညာဉ်သုံးဆယ့်ခြောက်ခုလုံး ပေါ်လာ၏။ ယင်းတို့ထဲတွင် ဝမ်လင်း၏ တစိတ်တပိုင်း ဝါးမြိုခြင်း ခံခဲ့ရသော လောဟွာသားရဲလည်း ပါဝင်သည်။
လောဟွာသည် လုံးဝ ပေါ်လာ၏။ ၎င်း၏ဦးခေါင်းက ကြီးမားသောအသားလုံးအသွင် ရှိကာ ၎င်း၏အမြှီးသည် နဂါးအမြှီးကဲ့သို့ ရှိ၏။ ထိုအမြှီးက တစ်ခုတည်း မဟုတ်၊ ကိုးခု ဖြစ်၏။ ၎င်းက ကောင်းကင်ထက်သို့ ဟိန်းအော်ကာ အကူအညီတောင်းခံသည်။
ရွှမ်လောသည် တံခါးပိတ်ကျင့်ကြံနေရာကနေ နိုးထလာ၏။ သူသည် ဖြစ်ပျက်နေတာကို တွေ့မြင်သည့်အခါ ပင့်သက်ရှိုက်မိသည်။
ရှေးရှီ၏ စုန့်ထျန်မှာလည်း နိုင်ငံသုံးဆယ့်ခြောက်ခုရှိ အပြောင်းအလဲများကို စိုက်ကြည့်ကာ မင်သက်နေသည်။
“ဒါ…ဒါက ဝမ်လင်းနဲ့ ပတ်သတ်နေနိုင်လား။ မဖြစ်နိုင်ဘူး။ ဒီလိုမျိုး တုန်လှုပ်ဖွယ်မြင်ကွင်းက အဲ့လူနဲ့ ပတ်သတ်ဖို့ မဖြစ်နိုင်ဘူး…”
ရှေးဂျီ၌ ဆန်းကြယ်လှသော မဟာအင်ပါယာက တံခါးပိတ်ကျင့်ကြ့နေ၏။ သူသည်လည်း ထိုပြောင်းလဲမှုကို ခံစားမိသည်။
ဝမ်လင်းက ထိုအရာအားလုံးကို မြင်သည်။ သူ့အကြည့်က နောက်ဆုံးတွင် ကူးတောက်တောင်ပေါ်သို့ ကျရောက်သွား၏။ သူက ထိုတောင်ပေါ်ရှိ မျှော်စင်ထိပ်မှ မြူများ ခြုံလွှမ်းထားသော ပုံရိပ်ကို လှမ်းကြည့်သည်။ ထိုပုံရိပ်ထံမှ သက်ပြင်းချသံ ထွက်ပေါ်လာ၏။ သူက မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးတို့မှာ တည်ငြိမ်နေသည်။
သူသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ချိန်တွင် ဝမ်လင်း၏အကြည့်ကို တွေ့မြင်ပုံ ပေါ်သည်။
သူတို့ အကြည့်ချင်း ဆုံသည့်အခိုက်တွင် ဝမ်လင်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ အသန်မာဆုံးသူမှာ သည်ကူးတောက်သာ ဖြစ်သည်ကို ခံစားမိ၏။ မြူများအတွင်းမှ ပုံရိပ်က ဖြည်းဖြည်းချင်း ပြောလာသည်။ “နောက်ဆုံးတော့ မင်း အဲ့အဆင့်ကို ရောက်ခဲ့ပြီပေါ့။ အခု မင်း တံတား ဘယ်နှစ်ခုကို ဖြတ်သန်းပြီးပြီလဲ…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် သူက နတ်ဘုရားအာရုံသတင်းစကားကို ပို့လွှတလိုက်သည်။ “ဒုတိယတံတား။ သင်ကရော…”
သူ၏ကျင့်ကြံမှုအဆင့်ဖြင့်ပင် ဝမ်လင်းသည် မဟာအင်ပါယာကူးတောက်၏ ပုံပန်းသွင်ပြင်ကို မမြင်နိုင်သေးပေ။
“ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ငါဟာ ငါးခုမြောက်တံတားကို ဖြတ်သန်းခဲ့ပြီး ခြောက်ခုမြောက်မှာ ရပ်တန့်နေခဲ့တာ…”
ဝမ်လင်းသည် တည်ငြိမ်စွာ မေးလိုက်၏။ “ကိုးခုမြောက်တံတားအလွန်မှာ စတုတ္ထနယ်ပယ် ရှိတာလား…”
မြူထဲမှ ပုံရိပ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ မသိဘူး။ ခေတ်ကာလတလျှောက် ဘယ်သူကမျှ ကိုးခုမြောက်တံတားကို မဖြတ်သန်းနိုင်ခဲ့ကြဘူး…”
“ဘယ်သူမှလား။ ရှေးဘိုဘေးနဲ့ ကောင်းကင်ဘုံဘိုးဘေးတို့ကရော…”
“သူတို့က ရှစ်ခုမြောက်တံတားကို ဖြတ်နိုင်ခဲ့ပြိး ကိုးခုမြောက်တံတားမှာ ရပ်တန့်ခဲ့တာ…”
“ဒါဆို ဒီကောင်းကင်ဘုံနင်းခြေခြင်းတံတားက ဘယ်လိုနေရာမျိုးလဲ…” ဝမ်လင်းသည် သူ့သံသယနှင့် ပတ်သတ်၍ မေးလိုက်၏။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဟာ ကြီးမားလွန်းတယ်။ ဒါပေမဲ့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ အပြင်ဘက်မှာ တခြားကုန်းမြေတွေ အများကြီး ရှိသေးတယ်။ ငါ နားလည်သလောက်ဆို ကောင်းကင်ဘုံနင်းခြေခြင်းတံတားဟာ သက်ရှိဖြစ်တည်မှုအားလုံးအတွက် အသုံးများတဲ့ လမ်းကြောင်းတစ်ခုပဲ…”
မဟာအင်ပါယာကူးတောက်က သက်ပြင်းချ၏။ သူ့စကားတို့တွင် စိတ်ရှုပ်ထွေးဟန် အရိပ်အမြွက် ရှိနေ၏။ ဖြစ်နိုင်သည်မှာ သူကိုယ်တိုင် ထိုစကားတို့အပေါ် မသေချာ ဖြစ်နေပုံ ရသည်။
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် သူ့အကြည့်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်သည်။