← Chapters

အဖြူ၊အနက်၊ရွှေ

Vol. 152 Ch. 2103

အဖြူ၊အနက်၊ရွှေ

Vol. 152 Ch. 2103

ဝမ်လင်းက လျှို့ဝှက်ခန်းထဲ၌ မျက်လုံးဖွင့်လာသည့်အခါ ကူးတောက်တောင်ပေါ်ရှိ မြူများ ခြုံလွှမ်းနေသော ပုံရိပ်က သက်ပြင်းချသည်။

“နှစ်ပေါင်း…လေးရာ …”

ကောင်းကင်ဘုံကလန်၌ စိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခုသည် ဟိန်းအော်သံများ ပေးပြီးနောက် ပြန်တည်ငြိမ်သွား၏။ သို့သော် မဟာအင်ပါယာကျိုးသဲတစ်ယောက်သာ မည်သို့ဖြစ်ပျက်ခဲ့သည်ကို သိခဲ့၏။ သူ့စိတ်နှလုံးမှာ နှောက်ယှက်ခြင်း ခံခဲ့ရသည်။ သူသည် ကျင့်ကြံနေ၏။ သို့သော် သူသည် ကောင်းကင်ထက်သို့ ထိတ်လန့်သော၊ တပ်မတ်သောအကြည့်ဖြင့် မကြာဆိုသလို ကြည့်နေမိလေ၏။

သူ့တဘဝလုံးတွင် သူသည် ထိုဒဏ္ဌာရီလာနယ်ပယ်ကို မျှော်မှန်းတောင့်တခဲ့၏။ သို့သော် သူသည် ထိုခြေလှမ်းကို ခုထိ မလှမ်းနိုင်ဆဲသာ။

“မဟာအင်ပါယာကူးတောက်က မဟာအင်ပါယာတွေကြားမှာ အသန်မာဆုံး ဖြစ်နေရတာဟာ သူက ဒီခြေလှမ်းကို လှမ်းနိုင်ခဲ့တာကြောင့်ပဲနေမယ်။ ငါ ဒါကို ဘယ်အချိန်မှာ ကောင်းကောင်းတွေ့မြင်နိုင်ရမလဲ မသိတော့ဘူး…”

ကျိုးသဲသည် ငြိမ်သက်စွာ ရှိနေ၏။ သူသည် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် အချိန်ကြာမြင့်စွာ ရှိနေပြီးနောက် သက်ပြင်းရှည်ချလိုက်သည်။

အင်ပါယာတောင်ပေါ်တွင် ဟိုင်းဇီသည် တောင်ထိပ်တွင် ရပ်နေ၏။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ဝတ်စုံတို့မှာ လေနှင့်အတူ ကခုန်ကာ သူမ၏မျက်လုံးထဲ၌ တွေဝေမှုနှင့် ချီတုံချတုံ ဖြစ်ခြင်းတို့ ရှိနေသည်။

ပြီးခဲ့သော ရှေ့ဖြစ်ကြည့်ခဲ့စဉ်အတွင်း သူမက ရင်းနှီးသလို အငွေ့အသက်ကို ခံစားမိခဲ့၏။ သူမက ထိုသည်ကို ကျိုးသဲအား မပြောပြခဲ့ပေ။ သူမသည်ပင် ၎င်းမှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ခံစားမိခဲ့ခြင်းပင်။

ရှေးကလန်တွင် မူလတောင်ပေါ်တွင် မဟာအင်ပါယာစုန့်ထျန်၏ မျက်နှာက ဖြူရောနေ၏။ သူသည် အကွာအဝေးတစ်ခုသို့ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသည်။ သူ မည်သို့တွေးနေသည်ကို မသိရနိုင်ပါ။

“ဆ…ဆရာ…”  မင်းသားချီမန်က ချီတုံချတုံဖြင့် သူ့နောက်က စကားဆိုလာ၏။

“ပါးစပ်ပိတ်ထားစမ်း…”  စုန့်ထန်က လှည့်မကြည့်ပေ။ သူက ချီမန်၏ စကားတို့ကို ကြားဖြတ်ကာ ပြောလိုက်၏။ ခုချိန်၌ သူသည် မည်သည့်စကားကိုမျှ နားထောင်ချင်စိတ် မရှိပေ။ သူသည် နိုင်ငံသုံးဆယ့်ခြောက်ခုတွင် ဖြစ်ပွားခဲ့သော အံ့ချီးဖွယ်ဖြစ်ရပ်က ဝမ်လင်းနှင့် ဆက်နွှယ်လိမ့်မည်လားဟု တွေးနေလေ၏။

“ထားလိုက်ပါတော့လေ….ငါ သူ့ကိုသွားတွေ့ပြီး အဖြေရှာရမယ်…”

တအောင့်အကြာတွင် စုန့်ထျန်၏မျက်လုံးက အရောင်တောက်သွား၏။ သူက လက်မြှောက်ကာ ကောင်းကင်ထက်သို့ လက်ညွှန်လိုက်ရာ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၍ စွမ်းအားသည် အဘက်ဘက်မှ စုဝေးလာ၏။ တိမ်တိုက်များ ပြန့်ကြဲသွားသည့်အခါ ကောင်းကင်ထက်တွင် ကြီးမားသောအက်ကြောင်းတစ်ခု ပေါ်လာလေသည်။

ထိုအက်ကြောင်းထဲမှ ဦးခေါင်းကြီးတစ်ခု ထွက်လာ၏။ ယင်းဦးခေါင်းသည် အစိမ်းရောင် ရှိပြီး ဦးဂျိုနှစ်ခုနှင့်ပင်။ ၎င်းသည် ရှေးဟောင်းမိစ္ဆာ ဖြစ်၏။ ရှေးဟောင်းမိစ္ဆာ၏ ပတ်လည်တွင် အနက်ရောင်အခိုးငွေ့များစွာ ဝန်းရံနေ၏။ ၎င်းက ဟိန်းသံပေးကာ အက်ကြောင်းထဲမှ ကြီးမားသောလက်သည်းနှစ်ဖက် ထွက်ရှိလာ၏။ ၎င်းသည် အက်ကြောင်းကို ပိုကျယ်သွားအောင် ဆုတ်ဖြဲလိုက်၏။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် လှမ်းထွက်လာသည်။

၎င်း၏ခန္ဓာကိုယ်က ပေတစ်သိန်းလောက် ရှည်လျား၏။ ၎င်းက လှမ်းထွက်လာပြီးနောက် စုန့်ထျန်ရှေ့တွင် ဒူးထောက်လိုက်သည်။

ထိုဧရာမရှေးဟောင်းနတ်ဘုရားကို ကြည့်ကာ စုန့်ထျန်၏မျက်လုံးက အရောင်တောက်သွား၏။ သူ့ဘယ်လက်ဖြင့် သူ့နှဖူးကို ထိသည်။ ထိုအခါ အစိမ်းရောင်အလင်းတန်းတစ်ခုသည် ရှေးဟောင်းမိစ္ဆာထံ ပျံသန်းဝင်လာပြီး ၎င်း၏မျက်ခုံးနှစ်ခုကြားတွင် ပျောက်ကွယ်သွားတော့သည်။

စု့န်ထျန်သည် မျက်လုံးမှိတ်ကာ ထိုင်ချလိုက်၏။ သို့သော် ရှေးဟောင်းမိစ္ဆာ၏ မျက်လုံးထံမှ ကြောက်မက်ဖွယ်အလင်းတစ်ခု လှစ်ဟပေါ်လာသည်။ ၎င်းသည် သုန်မှုန်စွာဖြင့် အက်ကြောင်းအတွင်း ပြန်ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

ရှေးဟောင်းမိစ္ဆာ ပျောက်ကွယ်သွားသည့်အခါတွင် ဝမ်လင်းက  အသက်ဝဝ ရှုထုတ်လိုက်၏။ သူ့မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်နေသည်။ သူက သူ့ခန္ဓာကိုယ်၏ ကျင့်ကြံမှုကို စစ်ဆေးကြည့်လိုက်ပြီးနောက် တအောင့်အကြာတွင် မျက်မှောင်ကြုတ်သွားသည်။

သူက သူ၏ကျင့်ကြံမှုမှာ ခုခါ၌ မည်သို့အဆင့်ဟု မပြောနိုင်ပေ။ သူသည် လေဟာနယ်အတိဒုက္ခအဆင့်ကို ဖြတ်ကျော်ပြီး ဖြစ်သည်။ သို့သော် သူက ခုထိ မဟာအင်ပါယာတစ်ယောက် မဟုတ်သေးပေ။ သူသည် ခုလက်ရှိအခြေအနေမှာ မဟာအင်ပါယာဟု ခေါ်သော အဆင့်သို့ ခြေလှမ်းတဝှက်လိုနေသေးသည်ဟု ခံစားမိသည်။

ထိုခြေလှမ်းတဝက်က တိုတောင်းလွန်းပုံ ရသည်။ သို့သော် အမှန်တော့ ၎င်းမှာ ဖြတ်သန်းရန် ခက်ခဲလှသော ကြီးမားသည့်အဟတစ်ခု ဖြစ်ချေသည်။

“ကောင်းကင်ဘံနင်းခြေခြင်း လမ်းတဝက်…”  ဝမ်လင်းက နှစ်ပေါင်းတစ်ရာလောက် သူ့စိတ်ဝိညာဉ်မီးဖြင့် သန့်စင်ထားသော ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကို ကြည့်၏။ ရှေးကျိန်စာမှာ ရှိနေတုန်း ဖြစ်ကာ သူ၏ ပြီးခဲ့သောကျင့်ကြံမှုအဆင့်ဖြင့် ၎င်းကို ဖယ်ရှားဖို့ ခက်ခဲလှသည်ကို တွေ့ရှိခဲ့ပေသည်။

အခုအခါ၌  သူ့မျက်လုံးက အရောင်တောက်လာ၏။ သူ့ညာလက်ကို ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ထံ ဆန့်ထုတ်လိုက်သည်။ သူက ၎င်းကို ဖမ်းယူလိုက်ချိန်၌ ၎င်းပတ်လည်ရှိ စိတ်ဝိညာဉ်မီး ပျောက်ကွယ်သွားပြီး ထိုစိတ်ဝိညာဉ်သာ ကျန်ခဲ့သည်။

ထိုစိတ်ဝိညာဉ်ကို ကြည့်ကာ ဝမ်လင်းက ထူးခြားသောခံစားချက်တစ်ခုကို ရနေသည်။ သူက ခုခါ၌ ထိုစိတ်ဝိညာဉ်ပေါ်ရှိ ရှေးကျိန်စာကို ဖယ်ရှားဖို့ အများကြီး အားစိုက်ထုတ်ရန် မလိုဟု ခံစားမိနေသည်။

ထိုသို့ဖြစ်ရသည့်အကြောင်းရင်းတစ်ခုမှာ ယင်းရှေးကျိန်စာ၏ ပမာဏသည် များများစားစား မကျန်တော့သောကြောင့်ပင်။ သို့ပေမည့် မည်သို့ပင်ဖြစ်စေ သည့်အရင်တုန်းက ဝမ်လင်းသည် ၎င်းစိတ်ဝိညာဉ်ပေါ်မှ ကျိန်စာကို ဖယ်ရှားဖို့ သူ့စိတ်ဝိညာဉ်မီးကို သုံး၍ နှစ်ပေါင်းတစ်ရာလောက် သန့်စင်ဖို့ လိုခဲ့သည်။

သူ၏မျက်လုံးထဲရှိ ထူးခြားသောအကြည့်ဖြင့် ဝမ်လင်း၏ ဘယ်လက်ညှိုးသည် သည်စိတ်ဝိညာဉ်ကို ထွင်းဖောက်သွားကာ ၎င်းအတွင်းရှိ မီးခိုးရောင်အခိုးအငွေ့ကို ထိသည်။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ပြန့်ကြဲစေ…”

သူ ထိုသို့ ဆိုသည့်အခါ လျှို့ဝှက်ခန်းတွင်း၌ တွ့န်ခေါက်ပျက်စီးမှုတစ်ခု ဖြစ်ပေါ်လာပြီး မရေမတွက်နိုင်သော အစင်းကြောင်းများသည် ဝမ်လင်း၏ ဘယ်လက်ညှိုးပတ်လည်တွင် ပေါ်လာသည်။ ထိုအစင်းကြောင်းများက ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဉ်အတွင်းရှိ မီးခိုးရောင်အခိုးအငွေ့ထဲသို့ ဝင်ရောက်သွားသည်။

ထိုမီးခိုးရောင်အခိုးအငွေ့သည် တုန်ယင်သွားကာ ထို့နောက်တွင် ၎င်းသည် လုံးတ မကျန်တော့သည့်အထိ ပျောက်ကွယ်သွားလေသည်။

ရှေးကျိန်စာ အစိတ်အပိုင်းငယ်ကို လွယ်ကူစွာ ဖယ်ရှားပေးပြီးနောက် ဝမ်လင်း၏ မျက်လုံးသည် အရောင်တောက်လာသည်။ ခုခါတွင် ရှေးကျိန်စာသည် ပျောက်ကွယ်သွားခဲ့လေပြီ။ ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်များသည် တုန်ယင်နေလျက် ရှိ၏။ သူက မျက်လုံးဖွင့်လာတော့မည့်အလား။

ဝမ်လင်းသည် မည်သို့မျှ မလုပ်ဆောင်ဘဲ ထိုစိတ်ဝိညာဉ် မျက်လုံးဖွင့်လာသည်ကို စောင့်ကြည့်နေ၏။ အနည်းငယ် စိတ်ရှုပ်ထွေးပြီးနောက် ထိုစိတ်ဝိညာဉ်၏ အကြည့်က ကြမ်းကြုတ်မှုနှင့် မုန်းတီးမှုတို့အဖြစ်သို့ ပြောင်းသည်။

“ဝမ်လင်း…”  နတ်ဘုရားအာရုံတစ်ခုသည် ဝမ်လင်းထံ တရကြမ်း တိုးဝင်လာသည်။ သို့သော် ဝမ်လင်းအတွက်မူ ထိုနတ်ဘုရားအာရုံသည် ပမွှားပင်။

ဝမ်လင်းကို သူ့နတ်ဘုရားအာရုံက သက်ရောက်ခြင်း မရှိသည်ကို မြင်သည့်အခါ ကောင်းကင်ဘုံအင်ပါယာသည် မင်သက်သွားသည်။ သူ မင်သက်မှုကို ခံစားမိလိုက်ချိန်တွင် ဝမ်လင်း၏ ညာလက်က သူ့စိတ်ဝိညာဉ်အား ညှစ်ချေလိုက်သည်။

ထိုအခါ ပြင်းထန်သောအားတစ်ခုက ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဉ်ထဲသို့ တရကြမ်း ဝင်ရောက်လာသည်။ ဘန်းခနဲ ပေါက်ကွဲမှုနှင့်အတူ ကောင်းကင်ဘုံအင်ပါယာသည် လုံးဝ သေဆုံးသွားတော့သည်။ သူ၏စိတ်ဝိညာဉ်သည် ဒြပ်ထုတစ်ခုအဖြစ်သို့ ပြောင်းကာ ပျောက်ကွယ်လေတော့မည်။ ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သူ့ဘယ်လက်ကို လေဟာနယ်ထံ ဆန့်ထုတ်လိုက်သည်။ ကြီးမားသောဦးခေါင်းတစ်ခုက သည်အခန်းထဲတွင် ရုတ်တရက် ပေါ်လာ၏။

၎င်းမှာ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းပင်။ ၎င်းပေါ်လာသည့်နောက် သိပ်သည်းသော ရွှေရောင်အလင်း ပြန့်ကြဲလေ၏။ ထိုသည်က သည်အခန်းတွင်း၌ သိပ်သည်းသော ကောင်းကင်ဘုံစွမ်းအင်နှင့် ပြည့်နှက်သွားစေသည်။

“ဒီစိတ်ဝိညာဉ်ကို လမ်းညွှန်မှုအဖြစ်…ပေါင်းစည်းစေ…”  ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်သည် အခိုးအငွေ့တန်းများအဖြစ်သို့ ပြောင်းကာ ထိုဦးခေါင်းထံ ပျံသန်းလာသည်။ ယင်းတို့က ဦးခေါင်း၏ ဒွာရပေါက်ခုနစ်ခုထံ တရကြမ်း ဦးတည်သည်။

ဝမ်လင်းသည် ရုတ်တရက် ထရပ်လာ၏။ သူသည် ကောင်းကင်ဘုံဦးခေါင်းထံ လှမ်းလာကာ ကောင်းကင်ထက်သို့ လက်ဝေ့ယမ်းလိုက်သည်။ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းနောက်တွင် နေမင်းတစင်း ပေါ်လာ၏။ ထိုနေမင်းသည် အကြမ်းထည်သာ ရှိသေး၏။

ထိုနေမင်းသည် အဖြူအနက်ပေါင်းစပ်ထားပေသည်။

“အရင်တုန်းက ငါ့ကျင့်ကြံမှုအဆင့်နဲ့ဆို ငါဟာ ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ လုပ်နိုင်လောက်ပြီ။ လျန်တောက်ကျန်းရဲ့ စိတ်ဝိညာဉ်ကို လမ်းညွှန်အဖြစ် အသုံးပြုပြီး မဟာအင်ပါယာနေမင်းနဲ့ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းကို ငါ ပေါင်းစည်းနိုင်တယ်။ အဲ့လိုဆိုရင် ငါ့မဟာအင်ပါယာနေမင်းဟာ အပြည့်အဝ ဖွဲ့စည်းနိုင်လိမ့်မယ်…”  ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ အစိမ်းရောင်အလင်းများသည် ကောင်းကင်ဘုံဘိုးဘေးဦးခေါင်း၏ ဒွာရပေါက်ခုနစ်ခုထံ တိုးဝင်သော အမျှင်တန်းများနောက်မှ ကပ်ပါလာ၏။ ဤသည်က ထိုဦးခေါင်းကို တုန်ခါသွားစေသည်။

ထိုအခိုက်တွင် ကောင်းကင်သည် မှိန်ဖျော့ကာ ပြင်းထန်သောဖိအားတစ်ခု သက်ဆင်းလာ၏။ အဝေးမှ လူများသည်ပင် ထိုဖိအားကို ခံစားမိနိုင်၏။

ဝမ်လင်းသည် ချိပ်ဟန်များကို ဆက်တိုက် ဖြစ်ပေါ်နေစေပြီး ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းသည် အပြင်းအထန် တုန်ခါလာသည်။ ၎င်းပေါ်တွင် အက်ကြောင်းများ ပေါ်လာကာ ဦးခေါင်းအနှံ့သို့ ပျံ့သည်။ သို့ပေမည့် ထိုဦးခေါင်းသည် ပျက်စီးမည့် အရိပ်အယောင် မပြသသေးပေ။

ဝမ်လင်းက သူ့ပါးစပ်ကိုဟကာ အစိမ်းရောင်မီးကို ထွေးထုတ်၏။ ထိုမီးက ယင်းဦးခေါင်းကို လောင်ကျွမ်းသည်။ ထို့နောက်တွင်တော့ ဦးခေါင်းသည် အရည်ပျော်မည့် အရိပ်အယောင် ပြလာ၏။ ထိုအခါ ဝမ်လင်း၏ အဖြူအနက်နေမင်းက ၎င်းကို ခြုံလွှမ်းကာ အနှီ အရည်ပျော်လာသော ဦးခေါင်းကို အလျင်အမြန် စုပ်ယူသည်။

သို့သော် ဦးခေါင်း၏ အရည်ပျော်နှုန်းက နှေးလာပေသည်။ အချိန်ကုန်လာသည်နှင့်အမျှ ၎င်းသည် အရည်ပျော်ခြင်း ရပ်တန့်မည့် အရိပ်လက္ခဏာများ ပြသလာသည်။

“ရှစ်ခုမြောက်ကောင်းကင်ဘုံနင်းခြေခြင်းတံတားကို ကျော်ဖြတ်ခဲ့တဲ့ ကောင်းကင်ဘုံဘိုးဘေး ပီသပါပေတယ်။ သေတာ ဒီလောက်ကြာနေတာတောင် ဦးခေါင်းလေးတစ်ခုအနေနဲ့ ရှိနေတာတောင် သန့်စင်ဖို့ ခက်ခဲနေတုန်းပဲ…”

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူက ကောင်းကင်ဘုံဘိုးဘေးကို သတ်ခဲ့သောသူနှင့် ပတ်သတ်၍ တွေးကြည့်မိသည်။ သို့သော် သူသည် မည်သည့်သဲလွန်စကိုမျှ မရှာတွေ့ခဲ့ပါ။

“ဒါပေမဲ့လည်း အဆုံးသပ်မှာတော့ ဒါက ဦးခေါင်းတစ်ခုပါပဲ…”  ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ လေဟာနယ်ထံ လက်ဆန့်ထုတ်သည်။ မှိန်ဖျော့သော ကောင်းကင်သည် အရောင်များ ပြောင်းလဲကာ မရေမတွက်နိုင်သော အစင်းကြောင်းများ ပေါ်လာ၏။ တခြားသူများက ယင်းတို့ကို မြင်နိုင်လိမ့်မည် မဟုတ်ပါ။ မဟာအင်ပါယာတစ်ယောက်ကသာ ထိုသည်တို့ကို ရေးတေးတေး မြင်နိုင်ပေလိမ့်မည်။ သို့သော် မဟာအင်ပါယာများသည်ပင် ယင်းအစင်းအကြောင်းများကို ထိန်းချုပ်နိုင်အုံးမည် မဟုတ်ပါ။

ပထမဆုံးကောင်းကင်ဘုံနင်းခြေခြင်းတံတားကို ဖြတ်သန်းပြီးသူမှသာ လောကထဲကနေ ၎င်းအစင်းအကြောင်းတို့ကို အမှန်တကယ် ထုတ်ယူကာ အသုံးပြုနိုင်မည် ဖြစ်၏။

ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မဟာအင်ပါယာကူးတောက်က တခြားမဟာအင်ပါယာတွေကို သတ်နိုင်တာဟာ အံ့အားသင့်စရာ မရှိတော့ဘူး…”

“လောကအပေါ် စီမံခန့်ခွဲနိုင်တဲ့ ဒီစွမ်းအားနဲ့ဆို မဟာအင်ပါယာတွေကို သတ်ဖို့ဟာ မခက်ခဲလောက်တော့ဘူး…”

“ကောင်းကင်ဘုံဘိုးဘေးဟာ ရှစ်ခုမြောက်တံတားကို ဖြတ်သန်းခဲ့တဲ့သူတစ်ယောက်ပဲ။ သူ့ဦးခေါင်းကို ငါ့ရဲ့ မဟာအင်ပါယာနေမင်းနဲ့ ပေါင်းစည်းပြီးရင်တော့ ဒါဟာ အစွမ်းထက်တဲ့ ရတနာတစ်ခု ဖြစ်လာနိုင်မှာပဲ…”

ထိုအခိုက်တွင် အကွာအဝေးတစ်ခုရှိ ကောင်းကင်သည် တုန်ဟည်းကာ အက်ကြောင်းကြီးတစ်ခု ပေါ်လာ၏။ အနက်ရောင်အခိုးအငွေ့များစွာသည် ပျံ့နှံ့လာကာ ကြီးမားသော ရှေးဟောင်းမိစ္ဆာက လှမ်းထွက်လာ၏။

သို့ပေမည့် ထိုရှေးဟောင်းမိစ္ဆာ လှမ်းထွက်လာသည် ဆိုရုံရှိသေး ၎င်းမှာ မင်သက်ကြောင်ရီသွားသည်။ ၎င်းအတွင်း၌ စုန့်ထန်၏ နတ်ဘုရားအာရုံ ရှိနေပေသည်။ သူသည် ဒီနေရာရှိ ထူးခြားမှုကို ခံစားမိသည့်အခါ သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ သူသည် အကွာအဝေးတစ်ခုရှိ ဝမ်လင်းကို မြင်သည်။ ဝမ်လင်းက သူ့ကို လစ်လျူရှုကာ လောက၏ မရေမတွက်နိုင်သော အစင်းအကြောင်းများကို သူ့လက်ထဲ၌ ဖမ်းဆုပ်နေဟန် ရသည်။ ထိုအစင်းကြောင်းတို့က ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းကို ဝန်းပတ်ထားကာ ထို့နောက်တွင် ဝမ်လင်းက သူ့လျှာထိပ်ကို ကိုက်၍ ၎င်းအစင်းကြောင်းများနှင့် ဦးခေါင်းပေါ်သို့ သွေးများ ထွေးထုတ်လိုက်သည်။

ထိုအခိုက်တွင် ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းသည် အလျင်အမြန် အရည်ပျော်လာကာ ဝမ်လင်း၏မဟာအင်ပါယာနေမင်း၏ စုပ်ယူခြင်းကို ခံရသည်။ မဟာအင်ပါယာနေမင်းသည် အလျင်အမြန် သိပ်သည်းလာကာ  အဖြူအနက်အပြင် တတိယမြောက်ဖြစ်သော ရွှေရောင် ပေါ်လာသည်။

“လောကရဲ့ ဥပဒေသကို ထိန်းချုပ်ခြင်း…။ ဒါ…ဒါက…”  ပေါ်လာသော ရှေးဟောင်းမိစ္ဆာသည် မယုံကြည်နိုင်စွာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်မိလေ၏။

All Chapters